ပျက်ရယ် ပြုခြင်း။
Vol. 13 Ch. 174
ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်း၏ တပည့်အသစ် လက်ခံရာ ဌာနခွဲကို တစ်နှစ် ပတ်လုံး ပိတ်ထားလေ့ ရှိပြီး၊ တပည့် လက်ခံစဉ် တစ်နှစ်လျှင် တစ်ကြိမ်သာ ဖွင့်လှစ်မည် ဖြစ်သည်။
ရှင်းယန် က လူတိုင်းကို ဘေးတံခါးဝ ဆီမှ ခေါ်ဆောင်လာခဲ့သည်။ သူတို့ ဝင်လိုက်သည်နှင့် အဆုံးမရှိ ရှည်လျားလှသော လူတန်းကြီးကို တွေမြင် လိုက်ရပေသည်။ မဟာချင်အင်ပါယာ တစ်ခွင်ရှိ ပါရမီရှင်များမှာ ဤနေရာသို့ စုရုံး ရောက်ရှိလာကြခြင်း ဖြစ်၏။
“ လူတွေ အများကြီးပဲ…”
"ကြည့်ရတာ ဓားနန်းတော်က တော်တော် နာမည်ကြီးပုံပဲ။"
"ဒီမှာ လူတစ်သောင်းကျော်လောက် အနည်းဆုံးရှိမယ်... မှတ်ပုံတင်ရတာ ရက်အတော်ကြာမယ်....."
မဟာချင်အင်ပါယာတွင် ခရိုင်ပေါင်း တစ်ရာကျော် ရှိသည်။ ထို့ကြောင့် ဤနေရာတွင် လူများစွာ ရှိနေခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
လူအုပ်ကြီးအား စာရင်းသွင်းနေမှုမှာ မည်မျှ ကြာမည်ကို မည်သူမျှ မသိကြသော်လည်း၊ လူတိုင်းက ၎င်းတို့၏ အလှည့်ကို တိတ်တဆိတ် စောင့်ဆိုင်းနေ ကြသည်။
လင်းယွန်တို့၏ အဖွဲ့ဝင်လာသည်ကို တွေ့လိုက်သော အခါတွင် မနာလိုစိတ်ဖြင့် မျက်လုံးများ နီရဲလာသည်။
" သူတို့က ဘယ်သူတွေလဲ....ငါတို့လို တန်းစီစရာ မလိုဘူးလား ”
“ သူတို့က အရွေးချယ်ခံ တွေပဲ ဖြစ်ရမယ်။ ဓားနန်းတော်က လူရွေးပွဲ မစခင်မှာ အရည် အချင်း ရှိတဲ့ သူတွေကို ရှာဖွေဖို့ သူတို့ရဲ့ တပည့်တွေကို လွှတ်ထားကြတယ်။ ”
" ဒါဆို သူတို့က ဘယ်လို အခွင့်အရေးတွေ ရလဲ ''
“ မရပါဘူး။ သူတို့မှာ တစ်ခုတည်းသော အားသာချက်က ဓားနန်းတော်ရဲ့ စီနီယာတပည့်တွေနဲ့ ကြိုတင် မိတ်ဖွဲ့ခွင့် ရတာပဲ၊ မင်းသိတဲ့အတိုင်း ဂိုဏ်းထဲ မဝင်ခင် မင်းကို ကူညီမယ့် သူ ရထားတာ အကျိုး ကျေးဇူး ရှိမယ် မဟုတ်လား"
" သူတို့ကို အပြစ်ပြုမိရင် ဘာဖြစ်မလဲ"
“ ဒါဆို မင်းကံမကောင်း နိုင်တော့ဘူး။ ဂိုဏ်းထဲကို ဝင်တဲ့အခါ ထင်းခုတ်၊ ရေခတ်တွေနဲ့ မင်းအချိန်ဖြုန်း နေရလိမ့်မယ်။ မင်းကို စိတ်ထင်တိုင်း အနှောက်အယှက်ပေးမယ့် နည်းလမ်းတွေ မျိုးစုံရှိတယ်။ "
ရှင်းယန်၏ နောက်လိုက် လူငယ်များက ထိုစကားကို ကြားသောအခါတွင် ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် သူတို့၏ အမူအယာများကို မောက်မာစွာ ပြုမူလာ ကြသည်။ ထိုအပြောင်းအလဲများကြောင့် ရှင်းယန်က ပြုံးလိုက်ပြီး၊
" မရူးမိုက်နဲ့။ အရွေးချယ်ခံတစ်ဦး ဖြစ်တာနဲ့ပဲ၊ မင်းတို့ကို ဓားနန်းတော်ဝင်ခွင့် ရလိမ့်မယ်လို့ တစ်ထစ်ချ မဆိုလိုဖူး၊ လုပ်ငန်းစဉ် အချို့ နည်းသွားတာပဲ ရှိတယ် ''
“ အဟဲ၊ စိတ်မပူပါနဲ့ စီနီယာအစ်မရှင်းယန်၊ ငါ မင်းကို အရှက်ရစေမှာ မဟုတ်ပါဘူး။ ငါက မဟာချင်အင်ပါယာရဲ့ ပထမ ဓားသမား တစ်ယောက် ဖြစ်လာမယ့် သူပါ "
လီဝူယု စကားကြောင့် ရှင်းယန်က သဘောကျစွာ ရယ်မောလိုက်သည်။ အရွေးချယ်ခံ များအတွက် အရမ်းစိုးရိမ်ပုံ မပေါ်သော်လည်း အနည်းငယ်တော့ စိတ်လှုပ်ရှားမိသည်။
" ဓားကို ခိုင်မြဲစွာ မကိုင်နိုင်ရင် မင်းဘာလို့ ဓားနန်းတော်ကို လာရတာလဲ။ မင်းရဲ့ အရည် အချင်းကို ငါ ဂရုမစိုက်ဘူး။ ငါ့ရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိပါစေ။ ဓားနန်းတော်က ဓားကို မြဲမြဲ မကိုင်ထားနိုင်တဲ့ အမှိုက်တွေကို မလိုအပ်ဘူး၊ ဒီကနေ ထွက်သွားစမ်း။ "
" နောက်တစ်ယောက်....."
" သောက်ပဲဟေ့ ဘယ်လို ကျင့်ကြံခဲ့လို့၊ မင်းရဲ့ ဝိညာဉ်စွမ်းအားတွေက ဒီလောက် ပြန့်ကျဲနေရတာလဲ။ ရိုးရိုးကျင့် မြင့်မြင့်ကြံတဲ့၊ မတည်ငြိမ်တဲ့ အခြေခံအုတ်မြစ်နဲ့ မင်းမှာ အနာဂတ်မရှိနိုင်ဘူး၊ ထွက်သွား။ "
"နောက်တစ်ယောက်....."
“ မင်းရဲ့ အရည်အချင်းက နည်းနည်းတော့ မဆိုးပါတယ်။ ဒုတိယအဆင့် စိတ်ဝိညာဉ်ခန္ဓာကိုယ်၊ ဒါပေမယ့် နောက်တစ်ယောက်.... "
“ မဆိုးဘူး၊ ဒါပေမယ့် မင်းရဲ့ သိုင်းဝိညာဉ်က ဓားသမား ဖြစ်ဖို့ မသင့်တော်ပါဘူး။ တခြားနေရာမှာ စာရင်းသွင်းသင့်တယ်။ ဓားနန်းတော်မှာ မင်းရဲ့အနာဂတ်ကို မဖြုန်းတီး ပါနဲ့။"
" မဆိုးပါဘူး။ ငါ့ ဓားရောင်ဝါအောက်မှာ မင်းရပ်နိုင်ခဲ့တယ်။ ဟား ဟား ဟား သုံးရက်လောက် အချိန်ဖြုန်းပြီး တစ်ယောက်တော့ ရလာပြီ "
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သစ်သားဓား တစ်လက်နှင့်အတူ ဓားနန်းတော်ရှေ့တွင် ရပ်နေလျက် လူတွေ့ စစ်ဆေးနေ ခဲ့သည်။ မြင့်မားလှသော တောင်းဆိုချက်များကြောင့် လင်းယွန်မှာ ထိတ်လန့်သွား၏။
ဒုတိယအဆင့် စိတ်ဝိညာဉ် ခန္ဓာကိုယ် ပိုင်ရှင်ပင် ဖယ်ရှားခြင်း ခံခဲ့ရသည်ကြောင့် လင်းယွန်ကို တွေဝေ သွားစေခဲ့သည်။ သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ အရည်အချင်းစစ် စာမေးပွဲကိုဖြေဆိုရပါက ကျရှုံးနိုင်ချေ မြင့်မားပေသည်။ ရှန်ရှင်းဘုံကို ခြေချနိုင်ခြင်းမှာ ဆုစီယာ၏ ဒွါရခွန်နှစ်ပါးသန့်စင်ခြင်း ဆေးလုံးများကြောင့် ဖြစ်သည်။
သို့သော် အကယ်၍ ဓားနန်းတော်၏ စံနှုန်းများကိုပင် မကျော်လွန်နိုင်ခဲ့ပါက၊ ထာဝရမြင့်မြတ်ခြင်း ဂိုဏ်းသို့လည်း ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ ကျန်ရှိနေသော ဂိုဏ်းကြီး သုံးဂိုဏ်းမှာ ဓားနန်းတော်ကဲ့သို့ မြင့်မားသည့် စံသတ်မှတ်ချက်များ ရှိနိုင်ပေမည်။
ထိုသို့ဆိုလျှင် ကောင်းကင်ဘုံ'ချင်'အင်စတီကျု သည်သာ သူ၏ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်လာပေ လိမ့်မည်။ ကောင်းကင်ဘုံ'ချင်'အင်စတီကျု တွင် နောက်ခံနှင့် အရည်အချင်း များအတွက် လိုအပ်ချက်များ မရှိချေ။ အင်ပါယာအပေါ် သစ္စာခံယူဖို့သာ လိုအပ်လေသည်။
“အကြီးအကဲ လျိုဖန်း၊ ဒါတွေက မြောက်ပိုင်းကန္တာရက ငါရွေးချယ်ခဲ့တဲ့ အရွေးချယ်ခံတွေပါ ကျေးဇူးပြုပြီး သူတို့ကို ကြည့်ပေးပါ။"
ရှင်းယန်က လူငယ်ခြောက်ဦး နှင့်အတူ လိုက်ပါလာကာ၊ ခရမ်းရောင်ဝတ်ရုံဖြင့် လူရွေးပွဲကို ကြီးကြပ်နေသော၊ စင်မြင့်ထက်ရှိ လူရွယ်တစ်ဦးထံသို့ ဦးညွှတ်လိုက် လေသည်။ ထိုအကြီးကဲ၏ မွှေးညှင်းပေါက်တိုင်းမှ ထက်ရှသော ဓားရောင်ဝါများ စိမ့်ထွက်နေကာ၊ နက်ရှိုင်း လေးလံစေသော ခံစားချက်များကို ပေးစွမ်းနေသည်။
သူ့ပတ်ဝန်းကျင်တွင် ဓားနန်းတော်၏ လူအိုကြီး အချို့ ဝိုင်းရံထားကာ၊ သူတို့တစ်ဦးချင်းသည် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်လွှတ်ထား ကြသည်။
လျိုဖန်းက ရှင်းယန်၏ စကားကြောင့် အရွေးချယ်ခံများကို ထက်ရှသော ဓားတစ်လက်ဖြင့် တိုးယိုပေါက် ထိုးဖောက်လိုက် သကဲ့သို့ စိုက်ကြည့် လာခဲ့သည်။
သူ့အကြည့်များက လီဝူယုပေါ်ကို ပထမဦးဆုံး ကျရောက် သွားပြီးနောက် ခေါင်းညိတ်ပြလိုက်ကာ၊
" ဒီကောင်လေးက မဆိုးပါဘူး... ဟမ် ဒါက မပြည့်စုံသော ဓားရည်ရွယ်ချက် မဟုတ်လား၊ ကြည့်ရတာ ပြီးမြောက်လုနီးနီးပဲ.... ”
လျိုဖန်းက လီဝူယု၏ ဘေးရှိ လင်းယွန်ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
“ အကြီးအကဲ လျိုဖန်း သူက လင်းယွန်ပါ.... သူက ဓားတာအိုမှာ ခရီးရောက်ရုံတင် မကဖူး၊ မိုးကြိုးလျှပ်စီးခန္ဓာကိုယ် ကိုလည်း အောင်မြင်ထားတယ်....''
ရှင်းယန်က ပြုံးကာ ဝင်ရောက် ရှင်းပြလိုက်၏။
လျိုဖန်းက သူ့ဘေးရှိ အကြီးအကဲများကို လှည့်ကြည့်ပြီး၊
“ မင်းတို့ ဘယ်လိုထင်လဲ”
-ဟု မေးလိုက်သည်။
" မဆိုးပါဘူး။ သူတို့အားလုံးက အရွေးချယ်ခံတွေ ဖြစ်ထိုက်ပါတယ် ”
" ရှင်းယန်ရဲ့ အမြင်အာရုံက နည်းနည်းတော့ ထက်ရှ လာသလိုပဲ "
ရုတ်တရက် နက်နဲသိုင်းသမား တစ်ယောက် ဦးဆောင်လာသော အဖွဲ့တစ်ဖွဲ့ ထပ်မံ ရောက်ရှိ လာသည်။ ထိုအဖွဲ့ကို ဦးဆောင်လာ သူထံမှ သိပ်သည်းသော ဓားအရှိန်အဝါများ ယိုစိမ့်ကျ နေခဲ့သည်။
'' နက်နဲနယ်ပယ်...... ''
ဤမြင်ကွင်းကြောင့် လင်းယွန်က ထိတ်လန့်သွား၏။ ရှင်းယန်က ထိုအဖွဲ့ကို မြင်သောအခါ သူမ၏မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း၊ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
'' စီနီယာအစ်ကို ဝမ်ယန် ...”
" ဟားဟားဟား ... ဒါက ငါ့ရဲ့ ဂျူနီယာညီမလေး ရှင်းယန်ရဲ့ အရွေးချယ်ခံတွေလား....၊ တကယ့်ကို ကြုံရာ ကျပန်းပါပဲ၊ သူတို့တွေရဲ့ အမြင့်ဆုံး အဆင့်က ရှန်ရှင်းသတ္ထမ အဆင့်ပဲရှိနေသေးတယ်၊ မင်းရဲ့ ခွဲတမ်းကို ဘာလို့ ဒီလိုလူတွေအတွက် ဖြုန်းတီး နေရတာလဲ"
ဝမ်ယန်က ရှင်းယန်ကို အရှက်ရစေချင် ပုံရကာ၊ လင်းယွန်တို့ အဖွဲ့ကို မောက်မာစွာ ငုံ့ကြည့် ဝေဖန်လိုက်သည်။
လင်းယွန်က ဝမ်ယန်၏ အဖွဲ့ကို အကဲခတ်လိုက်၏။ ၎င်းတို့အနက်မှ ခြောက်ဦးသည် ရှန်ရှင်းနယ်မြေ၏ သတ္ထမအဆင့်တွင် ရှိကာ၊ ကျန်တစ်ဦးမှာ နက်နဲနယ်ပယ်သို့ပင် ရောက်ရှိနေခဲ့သည်။ ရုတ်တရက် လင်းယွန်၏ အကြည့်မှာ ဝမ်ယန်ဘေးရှိ လူငယ်လေး တစ်ဦးထံသို့ အရောက်တွင် အံအားသင့်သွား၏။
'' ဝမ် နင်...... ''
ဝမ်နင်နှင့် လင်းယွန်၏ အမုန်တရားသည် မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှ စတင်ခဲ့ကာ၊ အပြာရောင်နေမင်း လျှို့ဝှက်နယ်မြေတွင်
ပိုမို နက်ရှိုင်း လာခဲ့သည်။
ဘိုင်လိရွှမ်နှင့် မတွေ့ဆုံခင် ဝမ်နင်ဖြင့် ပထမဆုံး တွေ့ဆုံရ လိမ့်မည်ဟု ထင်မထားခဲ့ချေ။ နှစ်လအတွင်း ဝမ်နင်၏ ကျင့်ကြံမှုမှာ တိုးတက်လာ ခဲ့ပုံရသည်။
ဝမ်နင်က လင်းယွန်ကို မြင်သောအခါ တစ္ဆေတစ်ကောင်ကို တွေ့မြင် လိုက်ရသလို ထိတ်လန့် အံသြသွား၏။
" ဓားကျွန်၊ မင်း.... မင်း မသေဘူးလား "
ဝမ်နင်က ရုတ်တရက် ကြေနပ်သွားဟန်ဖြင့် ရယ်မောလိုက်၏။ သူ့အမြင်အရ လင်းယွန်မှာ ဓားနန်းတော်သို့ လာရောက်ခဲ့ခြင်းသည် သေမင်းကို ကိုယ်တိုင် ဖိတ်ခေါ်ခြင်းပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဝမ်နင်၏ အသံကြောင့်လူတိုင်းက မျက်မှောင်ကြုတ်လိုက် ကြသည်။
" မင်း... တိတ်တိတ်နေလို့ မရဖူးလား "
ဝမ်ယန်က အလိုမကျဟန်ဖြင့် ဝမ်နင်ကို ဟန့်တားလိုက်၏။ ဤနေရာတွင် ဝမ်နင်အတွက် စကားပြောပိုင်ခွင့် မရှိပေ။ ထို့ကြောင့် ကမူးရှူးထိုး ပြောဆိုခြင်းသည် အမှတ်ပေးစည်းမျဉ်း သတ်မှတ်ချက်ကို ချိုးဖောက်ခြင်း ဖြစ်ပေသည်။
“ အစ်ကိုကြီး၊ သူက လင်းယွန်ပါ၊ အပြာရောင်နေမင်း လျှို့ဝှက်နယ်မြေမှာ ဦးလေးဘိုကို ဒဏ်ရာ ရစေတဲ့သူပဲ။ မိုးပြာရောင်ကောင်းကင်ဂိုဏ်းရဲ့ နိမ့်ကျတဲ့ ဓားကျွန်တစ်ယောက်က ဘယ်လိုလုပ် အရွေးချယ်ခံထဲ ပါလာရတာလဲ....''
ဝမ်နင်က အလျင်အမြန် ရှင်းပြလိုက်သည်။
" လင်းယွန် ......"
ဝမ်ယန်က ခပ်တိုးတိုး ရေရွတ်လျက်၊တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့်၊ နှုတ်ခမ်းထောင့်တွင် အပြုံးအချို့ တွဲခိုသွားကာ၊
" သူ့ရဲ့ အရည်အချင်းက နိမ့်ကျတာ သေချာလား"
“ လုံးဝ သေချာပါတယ်။ မိုးပြာရောင်ကောင်းကင် ဂိုဏ်းကတောင် သူ့ကို မလိုချင်ဘူး။ ဒါကြောင့် သူက ဓားကျွန်အဖြစ် နှစ်နှစ်ကြာအောင် နေထိုင်ခဲ့ရတယ် ”
ဝမ်နင်၏ အခိုင်အမာ ရှင်းပြလာသံကြောင့်ဝမ်ယန်က ပြုံးပြီး၊
" ဂျူနီယာညီမရှင်းယန်၊ မင်းရဲ့ အရွေးချယ်ခံတွေကို ဘာလို့ ကျပန်း ရွေးခဲ့ရတာလဲ။ ခုတော့ ငါတို့ကို ပျက်ရယ် ပြုတယ်လို့ အပြစ် မတင်ပါနဲ့...''
ဝမ်ယန်နှင့် ဝမ်နင်အသံကြောင့် လူအုပ်ကြီးမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
" ဓားကျွန်လား...... "
“ ဓားကျွန်က အရွေးချယ်ခံ တစ်ယောက်ဖြစ်လာတာလား... ငါတို့က ဓားကျွန်နဲ့တောင် မယှဉ်နိုင်ဘူးလို့ မင်းပြောနေတာလား။
" ဓားနန်းတော်က နည်းနည်းတော့ လွန်ပြီလို့၊ မထင်ဖူးလား"
" မဟာဂိုဏ်းကြီး လေးဂိုဏ်းမှာ ဒီလောက် ရယ်စရာကောင်းတဲ့ လူတစ်ယောက် ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး ... "
ဓားကျွန်တစ်ယောက်အား ဓားနန်းတော်၏ အရွေးချယ်ခံ ခွဲတမ်းကို ပေးအပ်လိုက်သည့် အတွက် မကျေမနပ် ဖြစ်လာခဲ့ ကြလေသည်။
***