အရေးမကြီးပါ။
Vol. 13 Ch. 178
တည်းခိုခန်းထဲတွင် သုံးရက်ကြာပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သော လင်းယွန်အား မြင်လိုက်သည်နှင့် လီဝူယုမှာ အံ့သြသွား၏။
လင်းယွန်၏ မျက်လုံးများမှာ မှိန်ဖျော့ သွားပြီး အသား အရည်မှာ ဝါဖျော့လျက် ပင်ပန်း နွမ်းနယ် နေပုံရသည်။ လီဝူယုက လှောင်ပြောင် ရိပ်ဖြင့်၊
“ ဝိုး.... လွန်ခဲ့တဲ့ သုံးရက်က မင်းဘာတွေ လုပ်နေတာလဲ၊ မင်းကြည့်ရတာ မရိုးသားဖူး.... "
" ငရှုပ်ကောင် ထွက်သွားစမ်း .... "
လင်းယွန်က ရယ်မောကာ အော်ဟစ်လိုက်သည်။
"ဟား ဟား ဟား ....."
လီဝူယု၏ ရယ်သံမှာ ပို၍ ကျယ်လောင်လာ၏။
လွန်ခဲ့သော သုံးရက်အတွင်း လင်းယွင်က အနားမယူခဲ့ပဲ၊ ရှန်ရှင်းဆေးလုံး ဆယ့်သုံးလုံးကို သန့်စင်ခဲ့သည်။ ဆယ့်သုံးကြိမ်တွင် သုံးကြိမ်သာ ကျရှုံးခဲ့ပြီး၊ ဤသို့သော အောင်မြင်မှုမှာ ကျေနပ် ဖွယ်ရာ ဖြစ်သည်။ ထိုဆေးလုံးများမှာ သူ့အတွက် အဖိုးတန်သော အရင်းအမြစ်များ ဖြစ်ကာ၊ မတော်တဆ အဖြစ်မျိုးသာ မရှိလာပါက၊ ရှန်ရှင်းဆဌမ အဆင့်ကို ခြေချရန်အတွက် အသုံးပြု နိုင်ပေမည်။
သို့သော်၊ ၎င်းလုပ်ငန်းစဉ်သည် သူ၏ စွမ်းအင်ကို များစွာ သုံးစွဲရပြီး၊ ထိရောက်မှုအတော်အတန် နည်းပါးစေသည်။ သုံးရက်အတွင်း အလုံးဆယ်လုံးသာ သန့်စင်နိုင် ခဲ့ခြင်းသည်၊ မှော်ရတနာများကို လွယ်ကူစွာ သန့်စင်နေနိုင်သော အဂ္ဂိရတ်ပညာရှင်နှင့် ယှဉ်ပါက၊ များစွာ နိမ့်ကျလေသည်။ ပြင်းပြင်းထန်ထန် လေ့ကျင့်မှ သာလျှင် သူ၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မည် ဖြစ်သည်။
တည်းခိုခန်းမှ ထွက်ခွာလာစဉ် လင်းယွန်က နဂါးသွေးမြင်းကို ဦးဆောင် စီးနင်းခဲ့သော်လည်း လီဝူယုက ဟန့်တားလိုက်ပြီး၊
" အကိုကြီး၊ ငါလုပ်ပါရစေ၊ မြင်းပေါ် မှာ အိပ်လိုက်လာခဲ့ပါ၊ မင်းကြည့်ရတာ စိတ်မသက်သာစရာ ကောင်းတယ်။ "
" ဒါဆို ငါမင်းကို ဒုက္ခပေးရလိမ့်မယ်"
လင်းယွန်က ငြင်းဆိုခြင်း မပြုခဲ့ပဲ၊ ဝမ်းသာအားရ လက်ခံလိုက်သည်။
လီဝူယုက နဂါးသွေးမြင်းကို မောင်းနှင်ရန် ဦးဆောင်လိုက်ပြီး တခြားဘာကိုမှ ဂရုမစိုက်တော့ချေ။
လမ်းတစ်လျှောက်တွင် လီဝူယုက တမင် အရှိန်လျှော့ မောင်းနှင်လာသည်ကြောင့်၊ ဓားနန်းတော်၏ ဌာနခွဲသို့ ရောက်သောအခါတွင် လူများဖြင့် ပြည့်ကျပ်နေပြီ ဖြစ်သည်။
“ ဝိုးများလိုက်တဲ့ လူတွေ "
လူအုပ်ကြီးကို ကြည့်ကာ၊ မအံသြပဲ မနေနိုင်တော့ပေ။
" ဒါက တကယ်အများကြီးပဲ။"
လီဝူယု၏ အာမေဋိတ်သံကြောင့် လင်းယွန်က မျက်လုံးများကို ဖွင့်ကြည့်လာကာ မြင်းပေါ်မှ ဆင်းပြီး ရေရွတ်လိုက်၏။ အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက်ခန့်ကြာသော ကာလအတွင်း လင်းယွန်၏ အသားအရေမှာ ပြန်လည် ကောင်းမွန်လာ ခဲ့သည်။
" ဂျုနီယာလင်း၊ ငါတို့ ဒီမှာ ...... "
ရှင်းယန်က ဘေးတံခါးဝမှ နေ၍ သူတို့နှစ်ယောက်ကို လှမ်းခေါ်လိုက်၏။ သူမ၏ လှပသော ရုပ်သွင်ကို ပိုမို ပေါ်လွင်စေသည့် မီးတောက်နှင်းဆီ တစ်ပွင့်ကဲ့သို့ ဖြစ်စေသော အနီရောင်၀တ်ရုံကို ဆင်မြန်းထားသည်။
" လင်းယွန်၊ ငါ့အပေါ် ရိုးသားပါ၊ လွန်ခဲ့တဲ့ သုံးရက်က မင်းဘာတွေ လုပ်နေခဲ့တာလဲ"
လင်းယွန်၏ ဖြူဖျော့နေသော အမူအရာကြောင့် ရှင်းယန်က ချက်ချင်း မေးမြန်း လိုက်သည်။
“ ငါ ဘာမှ မလုပ်ပါဘူး…”
" ဒါဆို မင်းရဲ့ မျက်ကွင်းတွေက ဘာလို့ ညိုနေရတာလဲ လင်းယွန်၊ မောင်လေးလီ မင်းငါ့ကို ပြောပြပါဦး ... ''
ရှင်းယန်က ပြုံးစစဖြင့် လီဝူယုကို မေးမြန်းလိုက်၏။
လီဝူယုက သူ့မျက်လုံးများတွင် ရယ်ရွှင်ရိပ်များဖြင့်၊
“ အကိုကြီးလင်းက သူ့အခန်းကို သုံးရက်လုံးလုံး တံခါးပိတ် ထားတာကြောင့် သူဘာတွေ လုပ်နေမှန်း ငါမသိဘူး။ ရုန်းရင်းဆန်ခတ်မှုတွေက မသေးဖူးဆိုတာတော့ ငါသိပါတယ်။ ”
လီဝူယုက စကားပြောပြီး ပြီးချင်း၊ သူ့စကားသူ တွေးမိသွားကာ၊ ပြုံးစိစိ ဖြစ်လာခဲ့သည်။
" ကျွတ်.... ကျွတ် မင်းကို ဒီလိုလူမျိုးလို့ ငါမထင်ခဲ့ဖူး၊ သုံးရက်လုံးလုံးဆိုတော့ မင်းက တော်တော် သန်မာတာပဲ ”
ရှင်းယန်က နှုတ်ခမ်းထောင့်စွန်းကို ကော့ညွှတ်ကာဖြင့် မျက်ခုံးပင့်လိုက်သည်။
'' စီနီယာအစ်မ၊ ငါလည်း ဒီလောက်တော့သန်မာပါတယ် …”
လီဝူယုက လေးနက်သော အပြုံးဖြင့် ပြောလိုက်သည်။
လီဝူယု၏ စကားကို ကြားသောအခါ ရှင်းယန်က အံ့ဩသွားပြီးနောက် တခစ်ခစ် ရယ်မောလိုက်၏။
“ငါ ဘာပြောနေတာလဲဆိုတာ မင်းသိလား...တစ်ချက် ကြည့်လိုက်ရုံနဲ့ ဂျူနီယာလင်းက သုံးရက်လုံးလုံး ကျင့်ကြံနေတယ် ဆိုတာ ငါပြောနိုင်တယ်၊ ဒါနဲ့ မင်းက ဘာပြောဖို့ ကြိုးစားနေတာလဲ"
ရှင်းယန်၏ ရယ်ဟဟ စကားကြောင့် လူငယ်အချို့က ရှက်ရွံ့သွားသော လီဝူယုကို ကြည့်ကာ ရယ်မောလိုက် ကြသည်။
“ ကောင်းပြီ.... ငါ မင်းကို လှည့်စားနေတာ ရပ်လိုက်မယ်။ ဒီနေ့က အရေးကြီးတဲ့ နေ့ပဲ၊ သွားကြရအောင်.... "
ရှင်းယန်က တက်ကြွသော အမူအယာများဖြင့် ဦးဆောင် ဝင်ရောက်သွား လေသည်။
ပင်မခန်းမထဲတွင် များပြားလှသော လူအုပ်ကြီးကြောင့် လင်းယွန်က အံ့သြသွားသည်။ ဤနေရာတွင် အနည်းဆုံး လူတစ်သောင်းရှိပေမည်။ တင်းကျပ်သော သက်မှတ်ချက်များရှိနေ ခဲ့သော်လည်း၊ ပါရမီရှင်းမှာ မရေတွက်နိုင်သည့် ပမာဏဖြင့် ဖြတ်ကျော် နိုင်ကြဆဲပင်။
" အကြီးအကဲလျိုဖန်းကို မတွေ့ပါလား... "
ခန်းမအတွင်းဝှေ့ကြည့်ကာ၊ ရှင်းယန်ကမေးခွန်းထုတ်လိုက်၏။ သူ့နေရာတွင်လည်း အခြားသော အကြီးအကဲတစ်ဦးနှင့် အစားထိုး ထားလေသည်။
“အကြီးအကဲလျိုမှာ ကိုင်တွယ် ဖြေရှင်းရမယ့် အရေးကြီးတဲ့ ကိစ္စအချို့ ရှိနေတယ်၊ သူက ဂိုဏ်းထဲကို ပြန်ရောက်သွားပါပြီ၊ အကြီးအကဲဘိုင်တင်းက အခု နောက်ဆုံး စာမေးပွဲကို တာဝန်ယူလိမ့်မယ့် ....”
ဝမ်ယန်၏ အသံက ရှင်းယန်ဘေးမှ ထွက်ပေါ်လာကာ၊ မေးခွန်းကို ပြန်ဖြေ ပေးခဲ့သည်။
" ရှင်းယန်၊ မင်းဒါနဲ့ ပတ်သက်ပြီး ဘာပြောစရာတွေရှိလဲ "
ဘိုင်တင်းက မျက်ခုံးပင့်ကာ ရှင်းယန်ကို ကြည့်လိုက်သည်။
“ ငါအဆင်ပြေပါတယ် ”
“ ကောင်းတယ်၊ မင်းမှာ သတ္တမအဆင့် စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် တစ်ယောက် ရှိတယ်ဆိုတာ ငါကြားတယ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ် လောက်က စိတ်ဝင်စားစရာ ဇာတ်လမ်းလေး မဟုတ်လား... ”
ဘိုင်တင်းက ပေါ့ပေါ့ပါးပါးပြုံးကာ၊ ရှင်းယန်ကို စိုက်ကြည့်လိုက်သည်။
သူ့အပြုံးကြောင့် ရှင်းယန်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး၊
“ အကြီးအကဲဘိုင်၊ မင်းက အလေးအနက်ထားနေတာပဲ၊ ဒါက သတ္တမအဆင့် စိတ်ဝိညာဉ် ကိုယ်ခန္ဓာသာ ဖြစ်တယ်၊ ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှုက ပဉ္စမအဆင့်လေးပါ၊ ထူးထူးခြားခြား ဘာမှ မရှိပါဘူး။ "
" ဘာမှ မထူးခြားဘူးလား... ဝိညာဥ်ကျောက်တုံးတောင် ကွဲသွားခဲ့တယ် မဟုတ်လား....”
ရုတ်တရက် လွန်ခဲ့သည့် သုံးရက်က အရွေးချယ်ခံ အဆင့်မှ ဖယ်ရှားခံခဲ့ရသော ဝမ်နင်နှင့် မတူကွဲပြားသော အရှိန်အဝါဖြင့် ဝမ်နင်က ဝင်ရောက်လာသည်ကြောင့် စကားဝိုင်းမှာ ရပ်တန့်သွားသည်။
ထုတ်ဖော်ထားသော အရှိန်အဝါအရ ဝမ်နင်၏ ရောင်ဝါမှာ နက်နဲနယ်ပယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ထင်ရှားလှ ပေသည်။
" အကြီးအကဲဘိုင် .... ဒါက ငါ့ညီပါ၊ သူက လွန်ခဲ့သော သုံးရက်က အရွေးချယ်ခံ အဖြစ်ကနေ ဖယ်ရှားခံခဲ့ရတယ်၊ ဒါပေမယ့် ဒီနေ့ပဲ နက်နဲနယ်ပယ်ထဲကို ထိုးဖောက်ဝင်ရောက် နိုင်ခဲ့တယ်။”
ဝမ်ယန်က ဝမ်နင်ဖြင့် ချက်ချင်း မိတ်ဆက် ပေးလိုက်၏။ ဘိုင်တင်းက ခေါင်းညိတ်ပြလိုက်ပြီး၊
"စည်းကမ်းတွေအရ၊ နက်နဲနယ်ပယ်ကို ရောက်တဲ့ သူတိုင်းကို အရွေးချယ်ခံအဖြစ် အလိုအလျောက် သတ်မှတ် ခံရလိမ့်မယ်၊ ဖြစ်ခဲ့တာတွေကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့။ ”
ဝမ်နင်မှာ အရွေးချယ်ခံအဆင့်သို့ ပြန်လည် ရရှိလာကြောင်း ကြားလိုက်ရသောအခါ ရှင်းယန်၏ အဖွဲ့မှာ မျက်နှာများ မည်းမှောင် သွား၏။ ဝမ်ညီအစ်ကိုသည် ယုတ္တိမတန်သော ပြဿနာကို ဖန်တီးခဲ့သော်လည်း အမှန်တကယ်ပင် နောက်တစ်ကြိမ် ပြန်လာနိုင် ခဲ့သည်။
" ကျေးဇူးတင်ပါတယ် အကြီးအကဲဘိုင် "
ဝမ်နင်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရှိန်အဟုန်ဖြင့် လက်ကို တွဲယှက် ဦးညွှတ်လိုက်၏။
" မင်းက လင်းယွန် လား.... "
ဘိုင်တင်းက ဝမ်နင်ထံမှ အကြည့်ကို လင်းယွန်ထံသို့ ပို့လိုက်၏။
" ငါ ပါ...... "
လင်းယွန်က ခေါင်းညိတ် ပြလိုက်သည်။
" အို့.... ငါ မင်းကို ပိုစိတ်ဝင်စားတယ်၊ မင်းရဲ့ သိုင်းဝိညာဉ်ကို မဖော်ထုတ်ရသေးတဲ့ အတွက် အဲဒါကို ထုတ်ပြီး ငါကို ကြည့်ခွင့်ပေးပါ။"
ဘိုင်တင်းက အလေးအနက် မထားဟန်ဖြင့်အဆိုပြု လာသည်ကြောင့် ငြင်းပယ်ရန် နည်းလမ်းမရှိချေ။
" ဘာလို့ ငါက တခြား သူတွေနဲ့ မတူရတာလဲ၊ အားလုံးက သူတို့ရဲ့ သိုင်းဝိညာဉ်ကို ထုတ်ဖော်ဖို့ မလိုအပ်သလိုပဲ ”
လင်းယွန်က တည်ငြိမ်စွာ ပြန်လည် မေးခွန်း ထုတ်လိုက်သည်။
“ ဒါက ဝိညာဉ်ကျောက်တုံးကို ဘယ်သူမှ မဖြိုခွဲနိုင်လို့ပေါ့၊ မင်းကတော့ မတူဘူး၊ မင်းရဲ့ သိုင်းဝိညာဉ်ကို ငါစိတ်ဝင်စားတယ်၊ မင်းငါ့ကို အံတုဖို့ ကြိုးစားနေတာလား ဒါမှမဟုတ် မင်း မထုတ်ဝံ့ဖူးလား၊ အမှိုက်သိုင်းဝိညာဉ်လို့ ငါကြားထားတာက မှန်နေလို့လား "
ဘိုင်တင်းက သူ့စကားတွေ အေးစက်လာတာကြောင့် မျက်လုံးတွေကို မှိတ်ထား လိုက်ရသည်။
လင်းယွန်ကို အရှက်ရစေရန် ဘိုင်တင်းက ဝမ်ယန်၏ အလိုကျ ပြုမူနေသည်ကို မည်သူမဆို သိမြင်နိုင်သည်။
" ငါက အရွေးချယ်ခံ တစ်ယောက်ဖြစ်ဖို့ ဆိုရင် သိုင်းဝိညာဉ်ကို တကယ်ထုတ်ဖို့ လိုအပ်သလား "
" ဒါ အမှန်ပဲ... ''
ဘိုင်တင်းက လင်းယွန်ကို ငြင်းပယ်ခွင့် မပေးနိုင်ချေ။
" ကောင်းပြီ၊ ဒါဆို ငါ .... စွန့်လွှတ်နိုင်တယ်။ "
လင်းယွန်က သိုင်းဝိညာဉ်ကို ထုတ်ဆောင်ရန် သူ့၌ နည်းလမ်းမရှိပေ။ သိုင်းဝိညာဉ်အစား ငွေဖြူရောင် အလင်းမျှသာ ထုတ်ပေးနိုင်သည့် အတွက် အသိအမှတ်ပြုမှု တစ်စုံတစ်ရာ ရရှိနိုင်မည် မဟုတ်ကြောင်း သူသိပေသည်။
အေးစက်သွားသော ရှင်းယန်၏ မျက်နှာကို ဝမ်ညီအစ်ကိုက ညစ်ကျယ်ကျယ်ဟန်ဖြင့် လှမ်းကြည့်လိုက် ကြ၏။
“ စီနီယာအစ်မရှင်းယန် ငါတို့နဲ့ မဆိုင်ဖူးနော်၊... ''
ယခုအချိန်၌ ဝမ်နင်၏ ကျင့်ကြှံမှုသည် နက်နဲနယ်ပယ်သို့ ရောက်ရှိသွားသောကြောင့် သူ၏ ခွန်အားမှာ များစွာ အားကောင်း လာခဲ့သည်ဖြစ်ရာ၊ သည်မိန်းမကို မကြောက်ရွံ့ နိုင်တော့ချေ။
" မင်းတို့ကောင်တွေ အရမ်းတော်တယ်၊ ငါလည်း အရွေးချယ်ခံ အဖြစ်ကနေ နှုတ်ထွက်တယ် "
လီဝူယုက ဒေါသတကြီး ဟစ်အော်လိုက်ပြီး လင်းယွန်နောက် လိုက်သွားခဲ့သည်။
" ဝမ်ယန်.... မင်း စောင့်ကြည့်ထားပါ "
ရှင်ယန်မှာ ဒေါသကြောင့် တုန်တုန်ယင်ယင်ဖြင့် သွားများကို ကြိတ်ကာ ထွက်ခွာသွားသော လင်းယွန်တို့ နှစ်ယောက်နောက်သို့ လိုက်သွားခဲ့သည်။
" မင်းတို့က နောက်က လိုက်သွားမှာ မဟုတ်ဘူးလား"
ဝမ်ယန်က လီရွှမ်ရှင်းနှင့် ကျန်လူများကို လှောင်ပြောင်သော အမူအရာဖြင့် မေးကြည့်လိုက်သည်။
"မဟုတ်ပါဘူး ငါတို့အဆင်ပြေပါတယ်။ "
လီရွှမ်ရှင်းနှင့် အခြားလူများက ကူကယ်ရာမဲ့စွာ ဟန်ဆောင်ရယ်မော လိုက်ကြသည်။
ဘိုင်တင်းက တခြားသော အကြီးအကဲ များ၏ မကျေနပ်သည့် မျက်ဝန်းများကို ဂရုမစိုက်ခဲ့ပဲ၊
“ ထုံးစံအတိုင်းပဲ၊ နောက်ဆုံး စာမေးပွဲကို ဆက်ကြရအောင်။”
စင်မြင့်ပေါ် မှ ဆင်းလာသော ရှင်းယန်က လင်းယွန်နှင့် လီဝူယုကို လူအုပ်ကြားတွင် တွေ့လိုက်ရသည်ကြောင့် စိတ်မသက်မသာ ဟန်ဖြင့် ပြုံးကာ၊
'' မင်းတို့နှစ်ယောက်က ဘာလို့ စိတ်မြန် နေကြတာလဲ”
" သူတို့က အရမ်းလွန်နေပြီ မဟုတ်လား "
လီဝူယုက ဒေါသတကြီး တုန့်ပြန်လိုက်သည်။
“ သူတို့က သူတို့ကို ကျောထောက်နောက်ခံပေးဖို့ အကြီးအကဲ ဘိုင်တင်းအပေါ်မှာပဲ မှီခိုကြတာပါ… တကယ်တမ်းတော့ အရွေးချယ်ခံတစ်ယောက်ရဲ့ အခွင့်အရေးက အရေးမကြီးပါဘူး၊ မင်းတို့ နှစ်ယောက်အတွက် အရေးကြီးတာက ဝမ်ယန်က အလွတ်ပေးမှာ မဟုတ်ဖူး ဆိုတာပဲ၊ ဒါကိုတော့ သတိထားကြပါ "
ရှင်းယန်က သက်ပြင်းချ လိုက်သည်။
" ငါတို့ သတိထားပါမယ်၊ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ အစ်မရှင်းယန် "
လင်းယွန်က တည်ငြိမ်စွာ ခေါင်းညိတ် ပြန်ဖြေလိုက်၏။ အပြာရောင်နေမင်း လျှို့ဝှက်နယ်မြေတွင် ဝမ်မိသားစုဝင် များစွာကို သတ်ခဲ့ဖူးပြီးနောက်၊ ဝမ်ညီအစ်က သူ့ကို ခွင့်မလွှတ် နိုင်ခြင်းမှာ သဘာဝကျ ပေသည်။ နောက်တဖန် ဝမ်နင်နှင့် သူ့ကြားတွင် ညှိနှိုင်းရန် စိတ်ကူး မရှိထားချေ။
အကြီးတန်းဟောင်အတွက် လက်စားချေရန် ဝမ်နင်ကို သတ်ပစ်မည်ဟု ကျိန်ဆိုထားပြီးဖြစ်သည်။
" ဒါဆို ငါအရင် ပြန်လိုက်မယ်၊ ဂရုစိုက်ရမယ့် လူနည်းနည်း ရှိသေးတယ်၊ သတိကြီးကြီး ထားဖို့ မမေ့ပါနဲ့၊ ငါက မင်းရဲ့ စီနီယာအစ်မ ဖြစ်လာနိုင်မယ်လို့၊ ငါတကယ် မျှော်လင့်မိတယ်။ "
ရှင်းယန်က လင်းယွန်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည် ။
" ငါ.... အကောင်းဆုံး လုပ်ပါ့မယ်"
ရှင်းယန်က ပြုံးပြီး လီဝူယုဘက်ကို လှည့်ကာ၊
" မင်းလည်း အတူတူပါပဲ၊ သတိထားပါ ..."
"ကျေးဇူးတင်ပါတယ် စီနီယာအစ်မ၊ ဒါပေမယ့် ငါက ချင်အင်ပါယာရဲ့ ပထမဓားသမား ဖြစ်လာတော့မယ့် သူတစ်ယောက်ပါ။ ဒါ့ကြောင့် ငါက ဘယ်လိုလုပ် လွယ်လွယ် သေရမှာလဲ"
လီဝူယုက သူ့ဟန်အမူအရာ အတိုင်း ကြွားဝါရေရွတ်ကာ ပြုံးလိုက်၏။
အခြားတစ်ဖက်တွင် လင်းယွန်မှာ ဓားနန်းတော်သို့ ဝင်ရောက်ရန် ဆန္ဒ ပြင်းပြ နေခဲ့သည်။ ဤသူများသည် ခက်ခဲသော အရာများကို ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်လိုပါက၊ သူအတွက် ကျရှုံးသွားအောင် လုပ်ဆောင်နိုင်မည့် နည်းလမ်းမရှိချေ။
သို့သော် လီဝူယုသည် အမှန်တကယ်ပင် သူနှင့် အတူရှိနေရန် အခွင့်အရေးအချို့ကို စွန့်လွှတ်ခဲ့သော လုပ်ရပ်မှာ လင်းယွန်၏ နှလုံးသားအား ထိမိ သွားစေခဲ့သည်။
ထိုအမူအရာကို သတိထားမိသွားသော လီဝူယုက တခွီးခွီး ရယ်မောလိုက်ပြီး၊
“ မင်း ဒါကို ခံစားနေဖို့ မလိုပါဘူး၊ စီနီယာအစ်မရဲ့ ဂရုစိုက်မှုကို ရအောင် ငါလုပ်ခဲ့တာပါ၊ အဟီး ဟီး.... စောစောက ထွက်မသွားခင် ငါ့ကို ပြုံးပြသွားတာကို၊ မင်း မမြင်ဘူးလား"
လီဝူယုက အရူးတစ်ယောက်လို ငြင်းဆန်လာသောကြောင့် လင်းယွင်မှာ ပြုံးလိုက်မိသည်။
အချိန်ကြာလာသည်နှင့်အမျှ ခန်းမရှေ့တွင် လူများ စုဝေးလာ ကြသည်။ ရှေ့ဆုံး စင်္ကြံတွင် ၊ နက်နဲနယ်ပယ်သို့ ရောက်ရှိ သွားကြသူများက မောက်မာဟန်ဖြင့် တည်ရှိနေ ကြသည်။
အချုပ်အားဖြင့်ဆိုရသော် မဟာချင်အင်ပါယာသည် အမှန်တကယ်ပင် ပုန်းကွယ်နေသောကျား၊ ပျံသန်းနေသော နဂါးများ ခိုအောင်းရာနေရာ ဖြစ်ပေသည်။ တမဟုတ်ချင်းမှာပင် နက်နဲနယ်ပယ်တွင် ရောက်ရှိ နေကြသော အရွေးချယ်ခံများ များပြားစွာ ထပ်မံရောက်ရှိ လာသည်။
ဤမျှ ငယ်ရွယ်သော အသက်အရွယ်များဖြင့် မြင့်မားသော အောင်မြင်မှုများကို ရရှိရန်မည်သို့ ကျင့်ကြံခဲ့ ကြသည်ကို မခန့်မှန်း နိုင်ကြချေ။
" ကဲ အားလုံးရောက်နေကြပြီ ဆိုတော့၊ ဓားနန်းတော်ရဲ့၊ နောက်ဆုံး စစ်ဆေးပွဲ အကြောင်း ပြောပါရစေ..."
ဘိုင်တင်းက စင်ပေါ်၌ ရုတ်တရက် ထရပ်လိုက်ပြီး၊ သူ၏ ကျယ်လောင်သော အသံဖြင့် ပတ်ဝန်းကျင်မှ အာရုံများကို ဆွဲခေါ်ယူလိုက်သည်။
"မင်းတို့ကို စမ်းသပ်နယ်မြေ တစ်ခုထဲကို ပို့လိုက်မယ်။ "
ခဏတာ ငြိမ်သက်ပြီးနောက် ဘိုင်တင်းကပင်ဆက်ပြောလာသည်။
'' အဲ့ဒီနယ်မြေကို ကောင်းကင်လွင်ပြင်လို့ခေါ်တယ်၊ ကောင်းကင်လွင်ပြင်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ၊ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုး အမျိုးမျိုးကို မင်းတို့ကြုံတွေ့ရလိမ်မယ်၊ မင်းတို့ရဲ့ တာဝန်က အဲ့ဒီနယ်မြေကနေ ရှင်လျက် ဖြတ်သန်းသွားလာနိုင်ဖို့ပဲ၊ ဒီနယ်မြေရဲ့ အဆုံးမှာ ဓားနန်းတော်ရဲ့တံခါးဝက စောင့်ကြို နေလိမ့်မယ်၊ ဒါပေမယ့် စစ်ဆေးမှုက ဒီလောက် မရိုးရှင်းလှဘူး….... ”
'' ဝှစ်......... ''
ဘိုင်တင်းက စကားစကိုရပ်ကာ၊ သူ့လက်ကို ဝှေ့ယမ်းပြီး၊ နားထောင်နေကြသော လူအုပ်ကြီးထံသို့ ကျောက်စိမ်းပြားများ ဖြန့်ဝေလိုက်သည်။
လင်းယွန်က ကျောက်စိမ်းဆွဲသီး တစ်ခုကို ဖမ်းယူစစ်ဆေး ကြည့်လိုက်ရာ၊ အထဲတွင် ငြိမ်သက်နေသော ငွေရောင် ကြယ်တစ်ပွင့်ကို တွေ့လိုက်ရသည်။
" ဒါက ဘာလဲ..... ''
လီဝူယုက သူ့လက်ထဲရှိ ကျောက်စိမ်းဆွဲသီးကို ကြည့်ကာ၊ စိတ်ရှုပ်ထွေးဟန်ဖြင့် မျက်မှောင်ကြုတ် လိုက်၏။
***