စမ်းသပ်မှု စတင်ခြင်း။
Vol. 13 Ch. 179
ကျောက်စိမ်းဆွဲသီးတွင် ကြယ်တစ်ပွင့်ရှိသော်လည်း ထိုကြယ်မှာ မတောက်ပခဲ့ပေ။
လီဝူယုက သူ့လက်ထဲရှိ ကျောက်စိမ်းဆွဲသီးကို ကိုင်ထားပြီး လှုပ်ယမ်းလိုက်၏။ သူက ဘာလုပ်ရမည် ဆိုသည်ကို မခန့်မှန်းနိုင်။ သူနှင့်အတူ တခြားသော လူများစွာ အတွက်လည်း ဤအတိုင်းပေပင်။
လူတိုင်း စူးစမ်းချင်စိတ်တွေ ပြင်းပြလာချိန်မှာပင် အကြီးအကဲဘိုင်တင်း၏ အသံက ဆက်လက်ထွက်ပေါ်လာပြီး၊
“ မင်းတို့ မြင်တဲ့အတိုင်း ကျောက်စိမ်းဆွဲသီးထဲမှာ ကြယ်တစ်ပွင့်ရှိတယ်၊ အရွေးချယ်ခံတွေ အတွက်ကတော့ သူတို့ရဲ့ ကျောက်စိမ်းဆွဲသီး တွေထဲမှာ ကြယ်လေးပွင့်ရှိတယ်၊ ကျောက်စိမ်းပြားထဲကို ဝိညာဉ်စွမ်းအင် အနည်းငယ် ထိုးသွင်းလိုက်ရုံနဲ့ ကြယ်ပွင့်တွေက တောက်ပလာနိုင်ပါတယ်၊ မင်းတို့ အားလုံးက ဓားနန်းတော်ရဲ့တပည့်ဖြစ်ချင်ရင် စမ်းသပ်နယ်မြေထဲက ထွက်တာနဲ့ အနည်းဆုံး ကြယ်လေးပွင့် တောက်ပနေဖို့ လိုလိမ့်မယ်။ ''
သူ၏ ရှင်းလင်းချက်ကြောင့် လူအုပ်ကြီးမှာ ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ အရွေးချယ်ခံတစ်ဦး၏ အခွင့်အရေးသည် မည်မျှ တန်ဖိုးရှိသည်ကို ယခုမှပင် လူတိုင်းသိရှိ သွားခဲ့ကြ၏။
သူတို့က ကျောက်စိမ်းဆွဲသီးကို ကိုင်ကာ၊ စမ်းသပ်နယ်မြေ အတွင်းမှ ထွက်လိုက်သည်နှင့် ဓားနန်းတော်၏ တပည့်ဖြစ်လာနိုင်မည် ဖြစ်သည်။
" မင်းတို့ အတွက်ကတော့.... "
ဘိုင်တင်းက ခဏလောက် ရပ်တန့်လိုက်ပြီး၊ လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ကာ၊
" မင်းတို့တွေက ကောင်းကင်လွင်ပြင်မှာ နတ်ဆိုးတွေကို လိုက်ရှာပြီး သူတို့ရဲ့သားရဲအမြုတေတွေ ဆီကနေ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူဖို့ ဆွဲသီးကိုသုံးရမယ်။ ဒါမှ မင်းတို့ရဲ့ ကြယ်အရေအတွက်က တဖြည်းဖြည်း တိုးလာလိမ့်မယ်၊ ကြယ်တွေကို အလုံအလောက်စုဆောင်းပြီး၊ ကောင်းကင်လွင်ပြင်ကနေ ထွက်တာနဲ့၊ မင်းကို အံ့သြစရာ တစ်ခုက စောင့်ကြိုနေလိမ့်မယ်။ ''
'' ဆိုလိုတာက မင်းမှာ ကြယ်လေးလုံး မရှိရင် မင်းကို ဖယ်ထုတ်ပစ် ရလိမ့်မယ်၊ နောက်တစ်ခုက 'ကြင်နာ'သူ တစ်ယောက်က မင်းအတွက် ကြယ်တွေကို လှူရင်တော့ ရလာဒ်က မတူတော့ဘူး။ ''
အကြီးအကဲ၏ စကားများအတွင်း ဖုံးကွယ်ထားသော အဓိပ္ပါယ်ရှိကြောင်း သူတို့ သိထားကြသည်။
ဤနေရာရှိ လူအများစုမှာ တစ်ယောက်နှင့် တစ်ယောက် သိရှိထားခြင်း မရှိကြချေ။ တစ်စုံတစ်ယောက်သည် သဒ္ဒါတရားထက်သန်စွာဖြင့် ကြယ်ပွင့်တွေကို လှူဒါန်းဖို့ရန် မဖြစ်နိုင်။ ကြယ်အရေအတွက်မှာ ခွန်အားကို ကိုယ်စားပြုပြီး မည်သူမဆို လုယက်ယူငင်ခြင်းဖြင့် ရက်စက်သော စမ်းသပ်ပွဲ တစ်ခုကို စတင်တော့မည် ဖြစ်သည်။
လူတိုင်းက ဤနေရာတွင် ရပ်တည်နိုင်ရန် စစ်ဆေးမှု အကြိမ်ကြိမ်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်လာကြသည် ဖြစ်ရာ၊ အကြီးအကဲဘိုင်တင်း၏ စကားလုံးများ နောက်ကွယ်ရှိ ဖုံးကွယ်ထားသော အဓိပ္ပါယ်ကို ချက်ချင်း နားလည်လိုက် ကြသည်။
လူများစွာ၏ မျက်နှာများ ပြောင်းလဲသွားကာ၊ သူတို့ထဲမှ တချို့သော လူများက စိတ်လှုပ်ရှားနေ ခဲ့ကြပြီး၊ ကျန်သူအများစုမှာရက်စက် ကြမ်းကြုတ်တော့မည့် အမူအရာများ အနည်းငယ် ထွက်ပေါ် လာလေသည်။
“ ကျင့်ကြံချင်း လောကမှာ ဓားသမားတွေက ကြောက်စရာ အကောင်းဆုံး ပြိုင်ဘက်တွေပဲ၊ မင်းမှာ သတ္တိမရှိရင် မင်းက လက်တွေ့မှာ ပျော့ညံ့လာလိမ့်မယ်၊ မင်းရဲ့ လက်တွေက ဓားတစ်လက်ကို မြဲမြဲဆုပ်ကိုင် ထားနိုင်ဖို့ ဆိုရင် ရက်စက်သင့် ရက်စက်ရမှာပဲ....၊ ငါတို့ရဲ့ဓားနန်းတော်က ရဲရင့်တဲ့ သူရဲကောင်းတွေ အတွက် သန့်ရှင်းသောမြေ ဖြစ်သလို၊ ညံ့ဖျင်းကြောက်ရွံ့တဲ့ သူတွေအတွက် ငရဲဘုံတစ်ခုပဲ၊ ''
'' အခုချိန်ကစလို့ တစ်ယောက်ယောက်က နောက်ဆုတ် ချင်တယ်ဆိုရင် လှည့်ပြန် သွားပါ၊ ရဲရင့်တဲ့ သူတွေ အတွက်ကတော့ကောင်းကင်လွင်ပြင်ကို ဖြတ်သန်းပြီး ဓားနန်းတော်ကို ဝင်ဖို့ အချိန်ကောင်းပဲ.... ''
ဘိုင်တင်း၏ ရှင်းပြသံကြောင့် လူအုပ်ကြီးမှာ တဖြည်းဖြည်း ငြိမ်ကျသွားပြီး၊ တိုက်ပွဲဝင်လိုစိတ်များ ပေါက်ကွဲ ထွက်လာလေသည်။ ဤနေရာအထိ ရောက်အောင် လျှောက်လှမ်း လာပြီးနောက်၊ လက်လျှော့ လှည့်ပြန်ရန် မည်သူမျှ ဆန္ဒ မရှိကြချေ။
ဘိုင်တင်းက လူအုပ်ကြီး၏ တုန့်ပြန်မှုကို တစ်ချက် ကြည့်လိုက်ပြီး၊
“ အရမ်း ကောင်းတယ်.... ကောင်းကင်လွင်ပြင်ကို အခုဖွင့်......"
ဟု အမိန့်ပေး လိုက်သည်။ သူ့နောက်ကွယ်ရှိ အကြီးအကဲ အနည်းငယ်တို့က ရုတ်တရက် ထ၍၊ ထက်ရှသော ဓားတစ်လက် သဏ္ဍာန် တံဆိပ်တစ်ခုကို လေထဲတွင် ထုဆစ်လိုက်ကာ၊ မိုးကုတ်စက်ဝိုင်း ဆီသို့ ဦးတည် ပြစ်လွှတ် လိုက်လေသည်။
နာရီဝက်အကြာတွင် ဟင်းလင်းပြင် တွန့်ခေါက် လာသည်နှင့်အမျှ ကောင်းကင်ယံ၌ မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ် လာလေသည်။ ၎င်းအသံနှင့် ထိုမြင်ကွင်းသည် လွင်ပြင်တစ်လျှောက် မြင်းကောင်ရေ ထောင်ပေါင်းများစွာ ပြေးလွှားနေသကဲ့သို့ ရုန့်ရင်း ကြမ်းတမ်းသော အငွေ့အသက်များကို ခံစားမိစေသည်။ လူအုပ်ကြီးမှာ ဤအငွေ့အသက်ကြောင့် ဖိအားများဖြင့် ရင်ဆိုင်လိုက်ရသည်။
'' ဘုန်း...... ''
ဟင်းလင်းပြင်မှာ စက္ကူတစ်စကဲ့သို့ စုတ်ပြဲသွားကာ မိုးကြိုးတိမ်များဖြင့် ပြည့်လျှံလျက်၊ အရှိန်အဝါကြီးမားသော နယ်မြေတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ လေသည်။
“ သွား........ ”
ဘိုင်တင်းက အားမာန်အပြည့် အော်ဟစ်လိုက်၏။ သူ့အသံ ထွက်ပေါ်လာသည်နှင့် လူအုပ်ကြီးမှာ ကောင်းကင်လွင်ပြင် ဆီသို့ ပြေးဝင်သွား ကြလေသည်။ လွင်ပြင်အတွင်း ခြေချမိသော အခါတွင် သူတို့၏ အမြင်အာရုံများမှာ ရုတ်ချည်း မှောင်မိုက် သွားသော်လည်း မကြာမီမှာပင်၊ သူတို့ရှေ့၌ အဆုံးအစမဲ့ ကျယ်ပြောလှသော တောအုပ်တစ်အုပ် ထွက်ပေါ်လာလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး သစ်ပင်များဖြင့် ပြည့်နှက်နေပြီး၊ တစ်ချိန်တည်းမှာပင် ပြင်းထန်သော နတ်ဆိုးအရှိန်အဝါများ သစ်တောထဲမှ စိမ့်ထွက်လာ တော့သည်။
“ ဒီတောအုပ်ကို ဖြတ်လျှောက်ပြီးရင် ထွက်ပေါက်ကို ရောက်လိမ့်မယ်။ မင်းတို့အတွက် အချိန် တစ်လပဲ ရှိတယ်၊ အခုကစ တစ်လအတွင်း၊ ကြယ်လေးပွင့် မစုဆောင်းနိုင်ရတဲ့သူ မည်သူမဆို အတင်းအကျပ် ထုတ်ပယ်ခံ ရလိမ့်မယ် ”
ဓားနန်းတော်၏ အကြီးအကဲတစ်စုမှာ ဓားငှက်များကို စီးနင်းလျက်၊ ကောင်းကင်၌ ထွက်ပေါ်လာလေသည်။
" မင်းတို့က ကောင်းကင်ရတနာတွေကို အသုံးပြုခွင့် မရှိတာက လွဲလို့ စည်းမျဉ်း မရှိပါဘူး၊ တောအုပ်ထဲမှာ ဂရုတစိုက် ရှာဖွေရင် အခွင့်အလမ်း ကောင်းတွေတောင် ရလာနိုင်ပါတယ်၊..... ကောင်းပြီ၊ စမ်းသပ်ပွဲက အခုကနေ စပြီ..... အားလုံးပဲ ကံကောင်းကြပါစေ။ "
ဝှစ် ဝှစ် ။
ဓားငှက်ပေါင်း တစ်ဒါဇင်ကျော်သည် ထိုအကြီးအကဲများ နှင့်အတူ တောထဲသို့ ပျောက်ကွယ်သွားသည်။
လူအုပ်ကြီးမှာ တောအုပ် အဝင်ဝ၌ ရပ်တန့်နေခဲ့ပြီး၊ မကြောက်မရွံ့ ပြေးဝင်ဖို့ရန် မဝံ့ရဲကြချေ၊ ခဏချင်းမှာပင် အဖွဲ့ငယ် အသီးသီးကို ဖွဲ့စည်းလာ ကြသည်။
" လီ ရွှမ် ရှင်း "
လီဝူယုက မလှမ်းမကမ်းတွင် ရပ်နေခဲ့သော လီရွှမ်ရှင်းကို မြင်လိုက်ရသည်ကြောင့်၊ ထုံးစံအတိုင်း အော်ဟစ် နှုတ်ဆက်လိုက်သည်။
လီရွှမ်ရှင်းက သူ့ပတ်ဝန်းကျင်ရှိ လူအနည်းငယ်ကို စုရုံးနေခဲ့သည်။ ၎င်းတို့အားလုံးမှာ အတူတကွ ခရီးထွက်ရန် စီစဉ်ထားသော အရွေးချယ်ခံများပင် ဖြစ်သည်။ လီရွှမ်ရှင်းက လီဝူယု၏ ခေါ်သံကို ကြားသောအခါတွင် လှည့်ကြည့်လာကာ၊
"တောင်းပန်ပါတယ် ဒါပေမယ့် ငါတို့အားလုံးက အရွေးချယ်ခံတွေနဲ့ အဖွဲ့က ပြည့်နေပြီ၊ ငါတို့နဲ့ ပူးပေါင်းဖို့က မင်းအတွက် မကောင်းနိုင်ဘူးလေ။”
လီဝူယုက ထိုစကားများကြောင့် ခေတ္တမျှ အံ့အားသင့်သွားကာ၊
" ငါမမေးခင် မင်းတို့က ပြန်ဖြေပေး နေတယ်ပေါ့ "
လီရွှမ်ရှင်း၏ အမူအရာမှာ စိတ်ပျက်သွားသည့် အမူအရာဖြင့် လျစ်လျူရှု လိုက်သည်။ အကယ်၍ သူသည် ရှင်းယန်၏ လက်အောက်ရှိ အရွေးချယ်ခံတစ်ဦး မဟုတ်ပါက လီဝူယုကို ဂရုစိုက်မည် ဟုတ်ပေ။
" ဒီကောင်...... "
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လီဝူယုက ဒေါသတကြီး ဆဲရေးလိုက်၏။
“ စီနီယာအစ်မရှင်းယန်က ကောင်းကင်လွင်ပြင်မှာ ငါတို့ကို စောင့်ရှောက်ဖို့ သူ့ကိုပြောခဲ့တယ် ထင်တယ်၊ ဒါပေမယ့် သူ့ကို ငါတို့က ဆွဲချသွားမှာကို သူကြောက်နေတယ်။ သူ့လိုလူက ဝမ်ညီအစ်ကိုတွေကို စော်ကားဝံ့မှာ မဟုတ်ဘူး၊ ဒါကြောင့် သူက ငါတို့နဲ့ ပါတ်သတ်ချင်ပုံ မရဘူး... ”
လင်းယွင် ပြုံးလိုက်သည်။
" ငါသိတယ်။ ဒါပေမယ့် ငါက နှုတ်ဆက်ရုံပါ၊ .... ''
" သူ့အတွက် စိတ်မပူပါနဲ့၊ အခုပဲ ငါတို့ လမ်းခွဲသွားရအောင်၊ ကောင်းကင်လွင်ပြင်ကနေ ထွက်သွားတဲ့အခါ ပြန်ဆုံကြရအောင် "
" ဝမ်ယန်ကြောင့်ပဲ မဟုတ်လား၊ ငါက မဟာချင်အင်ပါယာရဲ့ အကြီးကျယ်ဆုံး ဓားသမားဖြစ်လာမယ့် သူပဲ၊ ဒါဆို ငါဘာလို့ သူ့ကိုကြောက်ရမှာလဲ"
လီဝူယု၏ မျက်လုံးများမှာ ဆုံးဖြတ်ချက် တစ်ခုဖြင့် တောက်ပလာပြီး၊ သူ့အကြည့်များတွင် လင်းယွန်ကို ချန်ထားဖို့ရန် ရည်ရွယ်ချက် မရှိပေ။
လင်းယွန်က ပြုံးပြီး လီဝူယု နောက်သို့ လိုက်သွားခဲ့သည်။
တစ်ချိန်တည်းတွင် နက်နဲနယ်ပယ် သိုင်းသမားများ အပြင်၊ ရှန်ရှင်း သိုင်းသမားများသည်လည်း အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် စုစည်းလာ ခဲ့ကြသည်။ အသေးငယ်ဆုံး အုပ်စုတွင်ပင် (၃) ယောက်မှ (၅)ယောက်အထိ ရှိပြီး အကြီးမားဆုံး အဖွဲ့မှာ တစ်ဒါဇင်ခန့် ရှိသည်။ ခွန်အား နည်းပါး သူများအတွက် အသင်းအဖွဲ့ ဖွဲ့ခြင်းဖြင့် ကြီးစွာသော အန္တရာယ်များကို ကာကွယ်နိုင်ပေမည်။
လင်းယွန်၏ လက်ရှိ အခြေခံအုတ်မြစ်ဖြင့်၊ မျိုးနွယ်စုများရှိ ပါရမီရှင်များထက် သာ၍ အားကောင်းမည် ဖြစ်သည်။ အပြာရောင်နေမင်း လျှို့ဝှက်နယ်မြေတွင် နက်နဲတပိုင်းသိုင်းသမားများကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့သည်။ ကျင့်ကြံမှုအဆင့်မှာ ရှန်ရှင်း ပဉ္စမအဆင့် တွင်သာ ရှိနိုင်သော်လည်း သူ့တွင် မိုးကြိုးလျှပ်စီးခန္ဓာကိုယ်နှင့် မပြည့်စုံသော ဓားရည်ရွယ်ချက် ရှိသည်ဖြစ်ရာ၊ ရှန်ရှင်းသတ္တမအဆင့်ရှိ တစ်စုံတစ်ဦးထက် အားနည်းနေမည် မဟုတ်ပေ။
သူ၏ တစ်ခုတည်းသော စိုးရိမ်မှုမှာ နက်နဲနယ်ပယ်ရှိ တစ်စုံတစ်ဦးနှင့် တစ်ကြိမ်မျှ မတိုက်ခိုက်ဖူးသောကြောင့်၊ ၎င်းတို့၏ ခွန်အား အပေါ် စိတ်ကူးနိုင်ခြင်း မရှိသောကြောင့် ဖြစ်ပေသည်။ တောအုပ် အတွင်းထဲသို့ ရောက်ပြီး၊ သိပ်မကြာခင်မှာပင် ဆဋ္ဌမအဆင့် နတ်ဆိုးသားရဲ တစ်ကောင်နှင့် တွေ့ဆုံကာ၊ နှစ်ယောက်သား အလွယ်တကူ သတ်ပစ်လိုက် ကြပြီးနောက်၊ ၎င်းတို့၏ ကျောက်စိမ်းဆွဲသီးများအတွက် ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်သော်လည်း အနည်းငယ်သာ တုန်ခါသွားပြီး၊ ပြောင်းလဲမှု မရှိခဲ့ချေ။
“ ဆဋ္ဌမအဆင့် နတ်ဆိုးသားရဲတွေက မလုံလောက်ဘူး၊ ဒါပေမယ့် သတ္တမအဆင့်နတ်ဆိုးသားရဲတွေကလည်း အများကြီး မရှိတော့ အမဲလိုက်ခြင်းကနေ ကြယ်လေးပွင့်စုဆောင်းဖို့က အဆင်မပြေနိုင်ဖူး ထင်တယ်... ''
လီဝူယုက ကျောက်စိမ်းဆွဲသီးကို ကြည့်ကာ၊ သက်ပြင်းချ လိုက်၏။
“ လောလောဆယ် အနားယူရအောင်၊ ငါတို့က တောအုပ်အစပ်မှာပဲ ရှိသေးတော့ အဲဒါကို စိတ်မပူပါနဲ့”
လီဝူယုက လင်းယွန်စကားကို ခေါင်းညိတ်သဘောတူလိုက်၏။ ခဏအကြာတွင် လီဝူယုထံမှ ဓားသွားအော်သံများ နှင့်အတူ ကြယ်အလင်းရောင် ဖျော့ဖျော့လေးများက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားလေသည်။
လင်းယွန်က လီဝူယုထံမှ သူ့အကြည့်ကို ကောင်းကင်သို့ ပို့လွှတ်လိုက်ပြီး၊ လေးလေးနက်နက် တွေးတောလိုက်၏။ လီဝူယု၏ ကျင့်ကြံခြင်း နည်းစနစ်သည် ကောင်းကင်ရှိ ကြယ်များနှင့် သက်ဆိုင်ပုံရကာ၊ သူ၏ နောက်ခံမှာ မရိုးရှင်းကြောင်း ခန့်မှန်းလိုက်မိသည်။
လင်းယွန်က အိပ်မပျော်ခဲ့သည်ကြောင့် လီဝူယုကို စောင့်ကြပ်ရန် နဂါးသွေးမြင်းကို ထားခဲ့ကာ အမှောင်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွား၏။
လီဝူယုက မျက်လုံးဖွင့်လိုက်သည့် အချိန်တွင် လင်းယွန်မှာ သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး၊ အသီးအနှံများကို ချလိုက်သည်ကို မြင်လိုက်ရသည်။ သူ့သိုလှောင်အိတ် အတွင်းမှ အသားတစ်ခြမ်းကို ထုတ်ယူခဲ့ပြီး လီဝူယုကိုကမ်းပေးလာခဲ့သည်။
" ဒါကို မင်းဘယ်က ရခဲ့တာလဲ "
လီဝူယု ၏ မျက်လုံးများ တောက်ပလာသည်။ သစ်သီးတစ်လုံးကို ကောက်ကိုင် ကိုက်ဝါးလိုက်ပြီး အရသာခံလိုက်မိ၏၊ ထိုသစ်သီး၏ နွေးထွေးသော စီးကြောင်းများ နှင့်အတူ လန်းဆန်းလာကာ၊ ချွေးပေါက်များကို ပွင့်ထွက်လာစေသည်။ တစ်ချိန်တည်းမှာပင် သူ၏ ကျင့်ကြံမှုမှာ တိုးတက်လာသည်ကို ခံစားလိုက်ရသည်။
“ မနေ့ညက အကြီးအကဲစကားကို မင်း နားမထောင်ဖူးလား၊ ငါတို့ရဲ့ ပတ်ဝန်းကျင်မှာ လှဲလျောင်းနေတဲ့ အခွင့်အလမ်းတွေကို ရှာတွေ့နိုင်ပါတယ်။ ”
လင်းယွန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေကာ၊ အထုပ်ကိုဖွင့်ပြီး မနက်စာချက်ပြုတ် စားသောက်လိုက်ကြ၏။ နတ်ဆိုးသားရဲများ၏ အသားများကို စားသုံးခြင်းဖြင့်၊ သန်မာသော စွမ်းအင်များကို ပေးစွမ်းပေသည်။ ၎င်းသည် အတွေ့အကြုံ မှတဆင့် သင်ယူခဲ့သော အရာတစ်ခု ဖြစ်သည်။
" ဝိုး.... မင်းက အကြီးအကဲတွေရဲ့ စကားတွေကို တကယ်ပဲ အလေးအနက်ထားတာပဲ "
လီဝူယုက အသားကို ဝမ်းသာအားရ ကိုက်လိုက်သည်။
လင်းယွန်က ပြုံးလိုက်၏။ ဤအရာများသည် မနေ့က တစ်ညလုံး သူလုပ်ခဲ့သည့် တစ်ခုတည်းသော အရာ မဟုတ်ကြောင်းကို ထုတ်မပြော ပြခဲ့ပေ။ နက်နဲနယ်ပယ်ရှိ နတ်ဆိုးသားရဲ တစ်ကောင်ကိုပင် ရှာဖွေတွေ့ ရှိခဲ့ပြီး၊ သူ၏ လက်ရှိခွန်အားကို ရှင်းရှင်းလင်းလင်း နားလည်နိုင်ရန်အတွက် လေ့ကျင့်ဖော်အဖြစ် အသုံးပြုခဲ့သည်။
မနက်စာ စားသုံးနေစဉ်မှာပင် သူတို့နှစ်ယောက်၏ မျက်နှာများမှာ ရုတ်တရက် တချိန်တည်း ပြောင်းလဲသွားကြသည်။ အသားကို လွှင့်ပြစ်လိုက်ပြီး လင်းယွန်က သူ့ပါးစပ်ကို သုတ်ကာ၊
" မင်း.... ကြောက်နေတာလား "
" သူတို့ကို ငါက ဘာလို့ ကြောက်ရမှာလဲ၊ နည်းနည်းလောက် ကစားကြရအောင်၊ အိမ်ကထွက်လာထဲက တိုက်ပွဲမဝင်ရတာ တစ်နှစ်ခွဲရှိနေပြီ။ ”
လီဝူယုက ရယ်ပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။
" ဒါဆို သွားကြရအောင် "
လီဝူယုနှင့် လင်းယွန်တို့သည် တစ်ချိန်တည်း ခုန်ထွက်သွားကြပြီး သစ်တောအတွင်းသို့ တိုးဝင် ပျောက်ကွယ်သွား ကြလေသည်။
မကြာခင်မှာပင် လူရိပ်အနည်းငယ်သည် သူတို့ စခန်းချထားသည့် နေရာ၌ ထွက်ပေါ်လာသည်။ အဖွဲ့ကို ဦးဆောင်သူမှာ ဝမ်နင် ဖြစ်ပြီး ကျန်သူများမှာ၊ ဝမ်ယန်၏ လက်အောက်ရှိ အရွေးချယ်ခံများ ဖြစ်သည်။ သူတို့အားလုံးမှာ ရှန်ရှင်းသတ္တမအဆင့်တွင် ရှိနေကြ၏။
" အဲဒီနှစ်ယောက်က သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အခါ စားချင်စိတ်တွေ ရှိနေသေးတာလား"
ဝမ်နင်က လင်းယွန် ပစ်ချထားခဲ့သော အသားပိုင်းကို ကန်ထုတ်လိုက်လေသည်။
“ သူတို့က အဝေးကြီးကို မရောက်နိုင်သေးဘူး။ ငါတို့ သူတို့ကို မှီလောက်တယ် ”
လင်းယွန်နှင့် လီဝူယုတို့ ထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်လိုက်ကာ၊ လန်းမိုက ပြောလိုက်သည်။
'' ငါတို့ လူစုခွဲပြီး သူတို့နောက်ကို လိုက်ကြမယ် ”
ဝမ်နင်၏ ဦးဆောင်မှုအောက်တွင် လင်းယွန်နှင့် လီဝူယုတို့ နောက်သို့ လိုက်ရန်၊ အဖွဲ့ငယ် နှစ်ဖွဲ့ ချက်ချင်း ခွဲလိုက်လေသည်။
***