မမေ့နိုင်သော အမုန်းတရား။
Vol. 13 Ch. 182
ဝမ်နင်က လင်းယွန်၏ အသက်ကို နှုတ်ယူရန် အကြီးအကဲအား စည်းရုံးကြိုးပမ်းနေသည် ။
“ အကြီးအကဲ၊ သူလို အရှက်မဲ့တဲ့ လူကို ဓားနန်းတော်ထဲကို ဝင်ခွင့် မပြုသင့်ဘူး၊ ဂိုဏ်းအတွက် ရှက်စရာ ဖြစ်လာနိုင်ပါမယ် ”
" ဒီမှာ ဘယ်သူက အရှက်မဲ့နေတာလဲ၊ မင်း တက်နိုင်စွမ်းရင် ငါတို့ကို သတ်လိုက်ပါ၊ ဒါပေမယ့် အမှန်တရားကို လိမ်ညာဖို့ မကြိုးစား ပါနဲ့ "
လီဝူယုက သူတို့၏ စကားများကို ကြားသောအခါ ဒေါသတကြီး အော်ဟစ်လိုက်၏။
" လင်းယွန်၊ မင်း ဘာပြောစရာ ရှိလဲ "
အကြီးအကဲ၏ အမူအရာမှာ အပြောင်းအလဲ မရှိသောကြောင့် မည်သို့ တွေးတော နေမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
လင်းယွန်က မျက်နှာပေါ်တွင် သရော်လှောင်ပြောင်မှုဖြင့်၊
“ ဘာပြောရမလဲ၊ ငါတကယ် သူ့ကို သတ်ချင်နေတာ၊ မင်း သိနေတာပဲ မဟုတ်လား"
" ရိုင်းပျလိုက်တာ....."
အကြီးအကဲက ဓားငှက်ပေါ်မှ အော်ဟစ်လိုက်ကာ၊ သူ့အရှိန်အဝါကို လွှတ်လိုက်သည်။
'' ငါက ဘာကို ရိုင်းပျတာလဲ၊ တစ်ယောက်ယောက်က ငါ့ကို သတ်ဖို့ ကြိုးစားတဲ့အခါ မတ်တပ်ရပ်ပြီး ခံယူရမှာလား၊ လက်တုံ့ပြန်ခွင့် မရှိဖူးလား၊ မင်းက အချိန်မှီ ရောက်လာတဲ့အတွက် ......၊ မဟုတ်ရင် ငါ သူ့ကို သတ်ပစ်လိုက်ပြီးပြီ "
လင်းယွန်က အကြီးအကဲကို မျက်နှာမူပြီး၊ အေးစက်စွာ ချေပပြောဆို လိုက်သည်။ နှိမ့်ချ လိုဟန် မပြခဲ့ချေ။
သူ့အမြင်အရ နှိမ့်ချသည်ဖြစ်စေ မချသည်ဖြစ်စေ အရေးမကြီးနိုင်၊ အကြီးအကဲမှာ အမှန်တကယ် ကျိုးကြောင်းဆီလျော်သူ ဖြစ်ပါလျှင် ဝမ်နင်နှင့် အခြားသူများ အပေါ် မျှတသော ဆုံးဖြတ်များ ချက်ချမှတ် လာနိုင်သည်။ အကြီးအကဲသည် ကျိုးကြောင်းဆီလျော်မည့်သူ မဟုတ်ပါက သူပြောသမျှမှာ အချည်းနှီး ဖြစ်ပေမည်။ အချုပ်အားဖြင့် ဆိုရသော် သူက တစ်စုံတစ်ရာကို လိုချင်လျှင် ခွန်အားဖြင့်သာ ရနိုင်ပေလိမ့်မည်။
ဤနေရာတွင် အကြီးအကဲ၏ ခွန်အားမှာ အမြင့်ဆုံး ဖြစ်ကာ၊ သူတို့အားလုံး စုပေါင်းတိုက်ခိုက်လျှင်ပင် အနိုင်မယူနိုင်ချေ။ ထိုအခြေအနေမျိုးတွင် လင်းယွန်က အကြီးအကဲ၏ အမြင်ကို ပြောင်းလဲရန် ဒူးထောက် တောင်းပန် ရမည်လော။
( ဒါက ဘယ်လို ဟာသမျိုးလဲ။)
" ကျွတ်.... ကျွတ် မင်းငါ့ကို သတ်ချင်တဲ့ စိတ်က အရမ်းပြင်းထန် နေပါလား၊ ဒါပေမယ့် သနားစရာ ကောင်းလိုက်တာ၊ ငါဒီမှာ ရပ်နေနိုင်တုန်းပဲ၊ မင်းမှာ သတ္တိရှိရင် အကြီးအကဲရှေ့တင် ငါ့ကို လာသတ်ပါ”
ဝမ်နင်က လင်းယွန်မှာ မည်မျှစိတ်တို ဒေါသထွက်နေသည်ကို မြင်သောအခါတွင် လှောင်ပြောင် လိုက်သည် ။
" သောက်ပဲဟေ့..... ''
လီဝူယုက နောက်ဆုံးတွင် သည်းခံနိုင်စွမ်း မရှိတော့ပဲ ဝမ်နင်ကို ဓားဖြင့် ပိုင်းချလိုက်သည်။
“ ထွက်သွားစမ်း .... ''
ဝမ်နင်ထံသို့ လီဝူယု၏ ဓားသွား မချဉ်းကပ်နိုင်မီ၊ လန်းမိုက လက်သီးဖြင့် ကြားဖြတ် ဟန့်တား လိုက်သည်။ လန်းမို၏ ခွန်အားအရ လီဝူယုကိုအလွယ်တကူ ထိုးနှက်နိုင်ခဲ့ပြီး၊ ဒဏ်များ ရရှိထားခဲ့သော လီဝူယုမှာ သွေးတစ်လုပ် အန်ချလိုက်ရကာ၊ မြေပြင်ပေါ်လွင့်စင် လဲကျသွား၏။
အခြားသော သိုင်းသမားများမှာ ၎င်းတို့၏ ဓားများကို တစ်ပြိုင်နက်တည်း ဆွဲထုတ်ပြီး ဝမ်နင်၏ ရှေ့တွင် လူသား တံတိုင်းတစ်ခုသဖွယ် ဖွဲ့တည်လာခဲ့သည်။
“ တစ်ချက်လောက် ဘေးကို ”
ဝမ်နင်က လူအုပ်ကို ဘေးသို့ တွန်းထုတ်လိုက်ပြီး မြေပြင်ပေါ်တွင် နာကျင်စွာ ရုန်းကန်နေသော လီဝူယုကို ကြည့်ကာ၊
" ခွေးကောင်လေး၊ မင်း အရင်က သန်မာတယ် မဟုတ်လား၊ လာပြီးတော့ ငါ့ကို ရိုက်နှက်စမ်းပါ ”
" မင်း အမေ....."
လီဝူယု၏ မျက်လုံးများတွင် သွေးများစွန်းထင်းလာပြီး၊ အံကြိတ် ဆဲရေးလိုက်သည်။
"အမှိုက်....... "
ဝမ်နင်က ရယ်မောလိုက်ပြီး အကြီးအကဲထံသို့ ဦးတည် ခါးညွှတ်ပြကာ၊
“ အကြီးအကဲ၊ အခု အရာအားလုံးကို သက်သေပြပြီး ပါပြီ၊ ဒါကြောင့် ဒီကိစ္စကို ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာ အများကြီး မပြောလိုပါဘူး။ ”
“ လင်းယွန်နှင့် လီဝူယု၊ မင်းတို့က တပည့်အချင်းချင်း သတ်ပစ်ပြီးတာတောင်၊ နောင်တရပုံမရဖူး၊ မင်းတို့နှစ်ယောက် သတိထားပါ၊ နောက်တစ်ကြိမ် ထပ်ကြူးလွန်ရင် စမ်းသပ်ပွဲကနေ ထုတ်ပယ်ရ လိမ့်မယ်”
အကြီးအကဲက မထူးခြားသော လေသံဖြင့် အေးစက်စွာ သတိပေးလာသည်။
“ ကျေးဇူးတင်ပါတယ် အကြီးအကဲ ”
လင်းယွန်က ပန်းသင်္ချိုင်းဓားကို ကောက်ကိုင်လိုက်ပြီး၊ ဝမ်နင်ကို လျစ်လျူရှုကာ လီဝူယုကို ငုံ့ကြည့်လိုက်၏။
“မင်း ဘယ်သူလဲ ဆိုတာ သတိရပါ၊ မင်းက နိမ့်ကျတဲ့ ဓားကျွန်ပဲ၊ မြို့တော်ကို ရောက်လာတာနဲ့ပဲ မင်းကိုယ်မင်း မမေ့ပါနဲ့ ”
သို့သော်ဝမ်နင်က အလွတ်မပေး လိုဟန်ဖြင့်၊ လင်းယွန် နားကပ်လာကာ ကြိမ်းမောင်း လိုက်သည်။
" ဒါပေါ့ ငါ့ဓားအောက်မှာ မြို့တော်ရဲ့ ခွေးလေခွေးလွင့် တစ်ကောင် ဟောင်သံ ကြားနေရတယ် ''
လင်းယွန်က သူ့နားကပ်လာသော ဝမ်နင်၏ လည်ပင်းပေါ်သို့ ဓားဖျားဖြင့် လှမ်းထောက်လိုက်သည်။ လည်ပင်းပေါ်ရှိ အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရသည်နှင့် ဝမ်နင်၏ မျက်နှာမှာ ချက်ချင်း ဖြူရော်သွားကာ၊
“ လင်းယွန် ..... စိတ်မရှိပါနဲ့ ငါ....''
" လင်းယွန်၊ မင်းက မင်းကိုယ်တိုင် သေမင်းကိုဖိတ်ခေါ်နေတာပဲ "
လန်းမိုနှင့် အခြားသူများက လင်းယွန်ကို ထိတ်လန့်တကြား လှမ်းကြည့် လိုက်ကြသည်။ လန်းမိုက ထိုမြင်ကွင်းကြောင့် မိုက်မဲသော ဝမ်နင်ကို နှလုံးသားထဲ၌ ကျိန်ဆဲနေခဲ့ မိသည်။ ဝမ်နင်က လင်းယွန်ကို အနိုင်မယူနိုင်သော်လည်း၊ လှောင်ပြောင်ရန် အတွက် လင်းယွန်ထံသို့ တိုးကပ် သွားခဲ့သည်။ ဝမ်နင်သာ အသတ်ခံရပါက ဝမ်ယန် က လန်းမိုကို လွှတ်ထားမည် မဟုတ်ပေ။
ဝမ်နင်၏ မျက်နှာကို စိုက်ကြည့်ပြီး၊ လင်းယွန်က ပြုံးလိုက်၏။
" မင်းက တစ်ချိန်လုံး ခွေးတစ်ကောင်လို ရှင်သန်ချင် နေပုံရတယ်လို့ မထင်ဖူးလား၊ မိုးပြာရောင်ကောင်းကင်ဂိုဏ်း မှာတုန်းက ဆုစီယာနောက် တစ်ကောက်ကောက် လိုက်ခဲ့တယ်၊ အခု ဓားနန်းတော်တောင် မဝင်ရသေးဖူး ဝမ်ယန်နောက်ကို လိုက်ဖို့ ကြိုးစားနေတယ်၊ ကဲ ဘယ်သူက နိမ့်ကျတဲ့ ကျွန်လဲ... ဟမ်"
"မင်း........"
ဝမ်နင်ဘဝတွင် တစ်ကြိမ်တစ်ခါမျှ ဤသို့ အရှက်ရ ခဲ့ဖူးသည် မဟုတ်။ သူ့မျက်နှာမှာ ဒေါသကြောင့် ချက်ချင်း အစိမ်းရောင်သမ်း သွားသော်လည်း၊ လည်ပင်းပေါ်ရှိ ဓားဖျားက သူ့ကိုယ်သူ ထိန်းချုပ်ထားရန် တွန်းအားပေးခဲ့သည်။
"ထွက်သွားစမ်း ...... "
လင်းယွန်က ဓားကို ဖယ်လိုက်ပြီး သူ့လမ်းကို ပိတ်ဆို့နေသော သူများကို လှည့်ကြည့်လိုက်သည်။ လင်းယွန်ထံမှ သတ်ဖြတ်လိုသော ဆန္ဒများကို တွေ့လိုက်ရသောအခါ အားလုံးက ချက်ချင်း လမ်းကြောင်း ဖွင့်ပေးလိုက် ကြသည်။ လင်းယွန် က လီဝူယုကို ချီမပြီး နဂါးသွေးမြင်းပေါ် တင်လိုက်ပြီးနောက် တဟုန်ထိုး ပြေးထွက် သွားတော့သည်။
ဝမ်နင်က သူ့လည်ပင်းရှိ ဓားဖျား ဖိနှိပ်ခံလိုက်ရသော နေရာကို တို့ထိလိုက်သည်။ သူ့မျက်နှာက မှုန်ကုပ်ကုပ်ဖြင့် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ၊ ဓားနန်းတော် အကြီးအကဲကို လှည့်ကြည့်လိုက်ပြီး၊
“ မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ၊ ငါမေ့မှာ မဟုတ်ပါဘူး။ "
အကြီးအကဲက ပြုံးပြပြီး၊ ဝမ်နင်ကို သနားစရာ သတ္တဝါ တစ်ကောင်လို ငုံ့ကြည့်လိုက်၏။
“ ဘယ်ဟာ အကောင်းဆုံးလဲဆိုတာ မင်း ပိုသိသင့်တယ်၊ ဝမ်မျိုးနွယ်က အစွမ်းထက်ပေမယ့် ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်းမှာတော့ မင်းလုပ်ချင်တာ မှန်သမျှ လုပ်လို့ မရနိုင်ဘူး၊ မင်းအခု မင်းကိုယ်မင်း ဂရုစိုက်ပါ "
“ကျေးဇူးတင်ပါတယ်”
ဟု ဝမ်နင်က ပြန်ဖြေလိုက်သည်။
ဖရူး..... ဖရူး ။
ဓားငှက်က ပြင်းထန်သော အဟုန်ဖြင့် ကောင်းကင်သို့ ပျံတက်သွားကာ၊ လျင်မြန်စွာ ပျောက်ကွယ်သွား ခဲ့သည်။ လန်းမိုက ဝမ်နင်ကို လှည့်ကြည့်လိုက်၏။ ဝမ်နင်၏ ဒဏ်ရာမှာ အပေါ်ယံ မဟုတ်သည်ကို သိမြင် လိုက်ရသည်ကြောင့်၊ "အဆင်ပြေရဲ့လား" ဟု မေးမြန်း လိုက်သည်။ ဝမ်နင်က ခေါင်းညိတ်ပြလိုက်ပြီး၊
“ ငါ သေတော့မှာ မဟုတ်ပါဘူး”
ဟု ပြန်ဖြေလိုက်သည်။ လင်းယွန်၏ မျက်လုံးများရှိ သတ်ဖြတ်လိုသော ဆန္ဒများကို တွေးကြည့် လိုက်မိသော အခါတွင် ကျောရိုးများ အေးစက် သွားသလို ခံစားလိုက်ရသည်။ ထိုအကြည့်ကို မေ့ထားနိုင်မည့် နည်းလမ်း မရှိပေ။
( စီနီယာဟောင်ကို ငါသတ်ခဲ့တာ ဒီကောင် သိခဲ့တာများလား၊ မဟုတ်ရင် သူ့အမုန်းတွေက အဓိပ္ပါယ် မရှိဘူး...)
" စီနီယာလန်းမို၊ အရွေးချယ်ခံတွေထဲမှာ နက်နဲသိုင်းသမား ပါရမီရှင် ဘယ်နှစ်ယောက်ရှိလဲ။"
လန်းမိုက အနည်းငယ် အံသြသွား သော်လည်း၊
" တစ်ဒါဇင်လောက်ရှိတယ် "
ဟု ပြန်ဖြေ လိုက်သည်။
'' ဒါဆို လုံလောက်ပြီ ''
လန်းမို၏ အနားသို့ကပ်ကာ ခပ်တိုးတိုးပြောဆို လိုက်သည်နှင့်၊ မျက်နှာ အမူအရာများ ပြောင်းလဲသွားပြီး၊
" တကယ်ပြောတာလား၊ ငါတို့က အပေးအယူ လုပ်ဖို့ မလိုဘူး ထင်တယ်..."
“ ငါပြောတဲ့ အတိုင်းသာ လုပ်ပါ၊ လင်းယွန်ကို သေစေချင်တယ်၊ ဘယ်လို မတော်တဆ မှုမျိုးမှ မဖြစ်စေချင်ဘူး။”
ဝမ်နင်က သံသယကင်းသော လေသံဖြင့် ပြောလိုက်သည်။
" နားလည်ပြီ..... "
လန်းမိုက စဉ်းစားပြီးနောက် နှုတ်ဆိတ်နေခဲ့သည်။
" သေစမ်း.... ငါ့ရဲ့ သွေးမျက်ဝန်း ဝက်ဝံဖြူ ”
မိုချင်းယွန်က ရုတ်တရက် ကျိန်ဆဲလိုက်သည်။ သွေးမျက်ဝန်းဝက်ဝံဖြူမှာ နဂါးသွေးမြင်း၏ ကန်ချက်ကြောင့် သေဆုံးသွားခဲ့ လေသည်။
***
" အဲဒီခွေးမသားကို ငါတို့ သတ်သင့်တယ်.... "
လီဝူယု မြင်းစီးနေစဉ် ငြီးတွား ကျိန်ဆဲ လိုက်သည်။ ဝမ်နင်ကို ထွက်သွားခွင့် ပေးလိုက်သည့် အတွက် လင်းယွန်ကို ကြေနပ်ခြင်း မရှိခဲ့ပေ။
" မင်း နာနေလို့လား....."
လင်းယွန်က အကြောင်းအရာ ပြောင်းကာ မေးသည်။
" ဘယ်လိုထင်လဲ နက်နဲသိုင်းသမားရဲ့ ရိုက်နှက်ခြင်းကို မင်းခံယူကြည့်မလား၊ အဲဒီလူယုတ်မာက အနည်းဆုံးတော့ နက်နဲနယ်ပယ်ရဲ့ ပထမဆုံးသွေးကြောကို ပြုပြင်ပြီး လောက်ပြီ ”
လန်းမို၏ လက်သီးဖြင့် ထိုးခံလိုက်ရပြီးနောက်၊ လီဝူယုက အတွင်းအင်္ဂါများ ဒဏ်ရာရခဲ့ကာ၊ မကြာမီ ပြန်ကောင်းလာနိုင်မည် မဟုတ်ပေ။
“ ဒါဆို ထားလိုက်ရအောင်၊ အကြီးအကဲရှေ့မှာ သူ့လည်ပင်းကို ဓားနဲ့ ထိုးနိုင်ခဲ့ရင်တောင် ဝမ်နင်ကို မသတ်နိုင်ဘူး၊ နောက်ပြီး သူ့ကိုသတ်ပြီး ငါထွက်ပြေး သွားခဲ့ရင်၊ ဒီပြဿနာတွေကို မင်းဘယ်လို ဖြေရှင်းမလဲ... အရိုက်ခံမှာလား”
ဤတစ်ကြိမ်တွင် လင်းယွန်ရှင်းပြမှုကို လီဝူယုက ကျေနပ် သွားပုံရသည်။ ဝမ်နင်ကို သတ်ဖို့ရန် ပျက်ကွက်ခဲ့ရုံတင် မက၊ အကြီးအကဲ၏ ပြစ်တင် သတိပေးခြင်းကိုပင် ခံခဲ့ရသည်။
လင်းယွန်တွင် ဒဏ်ရာ ကြီးကြီးမားမား မရှိခဲ့ပဲ၊ ဝိညာဉ်စွမ်းအင် များစွာကို သုံးစွဲထားသောကြောင့် အနည်းငယ် နှုန်းချိနေသော်လည်း၊ လီဝူယုမှာမူ သူနှင့် မတူပေ။ ဝမ်နင်ကို ရင်ဆိုင်ပြီး၊ လန်းမို၏ လက်သီးချက်ကို ထိမှန် ခံထားခဲ့ရသည်။
" အိုဟုတ်ပြီ၊ အခု ငါစဉ်းစားကြည့်တော့ အကြီးအကဲက ငါတို့ကို မျက်နှာသာပေး လိုက်ပုံပဲ၊ သူ ငါတို့ကို ပြစ်ဒဏ်မပေးဘဲ လွှတ်လိုက်တယ်…”
"ငါတို့ကို မျက်နှာသာ ပေးတယ်လား၊ သူသာ ငါတို့ကို တကယ် ပေးချင်ခဲ့ရင် ဝမ်နင်ကို သတ်မယ့် ကိစ္စမှာ ငါ့ကို တားမှာ မဟုတ်ဘူး၊ စီနီယာအစ်မ ရှင်းယန်ကြောင့်သာ မဟုတ်ရင်....မင်းအဝေးကြီးကို မတွေးနဲ့၊ ငါတို့မှာ ကျောထောက် နောက်ခံ မရှိရင် သူက ငါတို့ကို လွယ်လွယ်နဲ့ လွှတ်မှာ မဟုတ်ဘူး။”
လင်းယွန်က နဂါးသွေးမြင်းကို ရပ်တန့်ကာ လီဝူယုအား သစ်ပင်တစ်ပင်သို့ မှီပေးနေစဉ်၊ အနီး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် နဂါးသွေးမြင်း၏ လည်ပင်းကို ပွတ်သပ်ကာ နားရွက်ကို တိုးတိုးကပ် ပြောလိုက်သဖြင့် နဂါးသွေးမြင်းက ပြုံးပြီး ပြေးထွက်သွားတော့သည်။
" ဘာလို့ မင်းက အရင် အနားမယူရတာလဲ "
“ကောင်းပြီ။ ”
လီဝူယုက ခေါင်းညိတ်လိုက်ပြီး၊ မောပန်းနွမ်းနယ် နေခဲ့သဖြင့် မျက်လုံးများကို မှိတ်ထားလိုက်ရာ၊ လျှင်မြန်စွာ အိပ်မောကျ သွားတော့သည် ။
'' ဖျစ်၊ ဖျစ် ဖျစ် ''
သစ်ကိုင်းခြောက်များ တောက်လောင်နေသော အသံကြောင့် လီဝူယုက အိပ်ရာမှ နိုးလာခဲ့သည်။ မျက်လုံးဖွင့် ကြည့်လိုက်သော အခါတွင် လင်းယွန်က ဟင်းခတ်အမွှေးအကြိုင်များ ရံဖန်ရံခါ ဖြန်းလျက် မီးဖိုပေါ်တွင် အသားကင် နေသည်ကို တွေ့လိုက်ရသည်။
နတ်ဆိုးသားရဲများမှာ ဝိညာဉ်စွမ်းအင်များကို စုပ်ယူ စားသုံး ကြသောကြောင့် ၎င်းတို့၏ အသားများသည် နူးညံ့လတ်ဆတ် လှသည်။ ထို့အပြင် ခန္ဓာကိုယ်အတွက် ကောင်းမွန်သော အာဟာရကို ပေးစွမ်းပေ၏။
ထိခိုက် ဒဏ်ရာရသူ တစ်ဦးအတွက်၊ အဆင့်မြင့် နတ်ဆိုးသားရဲ တစ်ကောင်ကို စားသုံးခြင်းဖြင့် ၎င်းတို့၏ ပြန်လည် ကောင်းမွန်နိုင်စွမ်းကို များစွာ အထောက်အကူ ရစေနိုင်သည်။ တံစို့ထိုး ကင်ခံထားရသော မီးလျှံခြင်္သေ့မှာ၊ လင်းယွန်၏ ပြောဆိုခဲ့ခြင်းကြောင့် နဂါသွေးမြင်းက အမဲလိုက်ထားခြင်း ဖြစ်သည်။
ဝိညာဉ်စွမ်းအင်ကို ကုန်ဆုံးစေသော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲ့ရသောကြောင့် ဤတာဝန်ကို နဂါးလေးသို့သာ ပေးအပ် နိုင်ခဲ့သည်။ သို့သော် နဂါးသွေးမြင်းသည် ၎င်း၏ တာဝန်ကို ပြီးပြည့်စုံ စေခဲ့ကြောင်း ဝန်ခံရမည် ဖြစ်သည်။
" ဟီး အစ်ကိုလင်း၊ မင်းက အသားကင်တဲ့နေရာမှာ ကျွမ်းကျင်တယ် ဆိုတာ ငါမသိ ပါလား၊ ဒါက မိန်းမတွေမှာ ရှိသင့်တဲ့အရည်အချင်းပဲ…”
လီဝူယုက နှာခေါင်းတရှုံ့ရှုံ့ဖြင့် လေထဲရှိ အမွှေးရနံ့များကို အနံ့ခံ နေဆဲမှ ကျီဆယ်လိုက်သည်။
" မင်း မစားချင်ဘူးလား.... ဒါဆိုလည်း ငါ့အတွက် အကုန်သိမ်း ယူလိုက်မယ်။"
လင်းယွန်က ပြုံးပြီး လီဝူယုကို အသားပေးနေသော သူ့လက်ကို ပြန်ဆုတ်လိုက်၏။ သို့သော် ရုတ်တရက် နဂါးသွေးမြင်းက လီဝူယုအတွက် ရည်ရွယ် ရုတ်သိမ်းလိုက်သော အသားပိုင်းကို ကိုက်ယူသွားလေသည်။
" .... အဲဒါ ငါ့အတွက်ကွ၊ မင်း ယုတ်မာတဲ့ကောင် "
လီဝူယုက နှမျော တွန့်တိုစွာဖြင့် အော်ဟစ်လိုက်၏။
" နဂါးလေးကို မဆူပါနဲ့ ၊ သူက ငါတို့အတွက် အမဲလိုက် ပေးခဲ့တဲ့ သူပါ ''
'' ဂွီ.... ဂွီ ''
လီဝူယု၏ ဝမ်းဗိုက်ထံမှ တဟုန်ထိုး မြည်လာသံကြောင့် ရှက်ရွံ့စွာဖြင့် သူ့နှုတ်ခမ်းများကို သပ်လိုက်ပြီး၊ လင်းယွန်ဘက်သို့ လှည့်ကာ၊
" အစ်ကိုလင်း၊ ငါ့ကို စိတ်မဆိုးပါနဲ့ .... ''
“ ဒီမှာ......... ”
လင်းယွန်က ရယ်မောလိုက်ကာ၊ သူ့လက်ထဲရှိ အသားပိုင်းကို လီဝူယုအား ကမ်းပေးလိုက်သည်။
" ဒါဆို... ငါ အားနာ မနေ တော့ဘူး "
လီဝူယုက အသားပိုင်းကိုယူကာ အငမ်းမရဝါးယူလိုက်ပြီး၊ နဂါးသွေးမြင်းကို ရယ်ပြ လိုက်လေသည်။
လင်းယွန်က နောက်ထပ် အသားပိုင်း တစ်ပိုင်းကို ဆုတ်ဖြဲလိုက်ပြီး ထပ်မံ ကင်လိုက်၏။
မီးရောင်အောက်တွင် သူ့အသွင်အပြင်မှာ ရင့်ကျက်သော အမူအယာများ ထင်ဟပ်နေခဲ့သည်။ မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှ ထွက်ခွာ လာပြီးနောက် သေလုမျောပါး အတွေ့အကြုံ များစွာကို ကြုံတွေ့ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် အတိတ်၌ စိတ်လိုက်မာန်ပါ၊ လုပ်ဆောင်တက်သော လူငယ်လေး တစ်ယောက်၏ သွင်ပြင်မှာ ပျောက်ကွယ် သွားခဲ့လေပြီ။
သို့သော် သူ့မျက်နှာပေါ်တွင် ဂိုဏ်းမှ ထွက်လာစဉ် ကတည်းက မပြောင်းလဲခဲ့သော လေးကန်သောဝန်၏ အရိပ်အယောင်များ ရှိနေခဲ့သည်။ သူ့နှလုံးသားထဲရှိ ပိတ်လှောင် ခံထားရသော အမုန်းတရားများကို၊ အနှေးနှင့် အမြန်ဆိုသလို လက်စားချေခြင်းဖြင့် ဖြေဖျောက် ရပေမည်။
***