← Chapters

ကံကြမ္မာကြယ်တာရာ။

Vol. 14 Ch. 183

ကံကြမ္မာကြယ်တာရာ။

Vol. 14 Ch. 183

နှစ်ယောက်သား စားပြီးနောက် အနားယူလိုက်ကြပြီး မိုးလင်းခါနီးမှ နိုးလာကြ၏။

'' ... အဲဒါ အရမ်း ဇိမ်ကျ ခဲ့တာပဲ ''

လီဝူယုက သူ့ခါးကို ဆန့်ကာ သမ်းဝေလိုက်သည်။ မနေ့က ပင်ပန်း နွမ်းနယ်မှု များမှာ ပျောက်ကင်းသွားပြီး ဒဏ်ရာများက ပြန်လည် သက်သာ လာခဲ့သည်။

“ဒီမှာ၊ ဒါက မင်းအတွက်ပဲ။”

လင်းယွန်က နိုးလာသောအခါတွင် ကျောက်စိမ်းဆွဲသီး နှစ်လုံးကို လီဝူယုအား ပေးလိုက်သည်။ ကျောက်စိမ်းဆွဲသီးများတွင် ကြယ်လေးပွင့်မှာ တဖျပ်ဖျပ်ခတ်နေသည်။ ၎င်းတို့မှာ အရွေးချယ်ခံများ၏ ဆွဲသီးများဖြစ်ပေသည်။

" ကြင်နာတတ်တဲ့သူက ချန်ထား ပေးခဲ့တာလား"

လီဝူယုက အကြီးအကဲဘိုင်တင်း၏ စကားကို သတိရသွားဟန်ဖြင့် ရယ်မောလိုက်သည်။

" ဒါပေါ့....... "

လင်းယွန်က ပြုံးလိုက်၏၊ လီဝူယုမှာ အကြီးအကဲ ဘိုင်တင်း၏ ဟာသကို အသုံးပြုနေမှန်း သူသိသည်။

"ဒါတွေကို ငါဘယ်လို သုံးရမလဲ"

“ ကျောက်စိမ်းဆွဲသီးကို ကြိတ်ချေပြီး အနားကို ကပ်ထားလိုက်၊ ဒါဆို မင်းဆွဲသီးက စုပ်ယူလိမ့်မယ်၊ ငါ့ကျောက်စိမ်းဆွဲသီးဆို ကြယ်ကိုးပွင့် ရောက်နေပြီ။ ''

လီဝူယု၏ မျက်လုံးများ တောက်ပလာပြီး လင်းယွန်၏ ဆွဲသီးထဲရှိ ကြယ်များကို လှမ်းကြည့်လိုက်သည်။

“အခြားသူတွေဆီက ခိုးယူခြင်းက နတ်ဆိုးသားရဲတွေကို အမဲလိုက်ခြင်းထက် ပိုမြန်ပုံရတယ်။”

ဟု လီဝူယုက ရယ်လျက် ရေရွတ်လိုက်သည်။

ထို့နောက် လင်းယွန်က အဖြူရောင်ဆေးလုံးကို ထုတ်လိုက်ပြီး လီဝူယုကို ကြည့်ကာ၊

" ဒါကို မင်းလိုအပ်သလား "

" အဲဒါက ဘာလဲ"

လီဝူယုက နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။

" ရှန်ရှင်းဆေးလုံးရဲ့ အဆင့်မြင့်ပုံစံပဲ.... ''

သူ့လက်များကို ဖြန့်ကာ ပခုံးတွန့်လျက် လီဝူယုက ပြုံးပြီး၊

“ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါရဲ့ ကျင့်ကြံမှု စတင်ကတည်းက ဆေးလုံးတွေကို တစ်ခါမှ မသုံးဖူးပါဘူး၊ နက်နဲနယ်ပယ် မရောက်မီ အသုံးမပြုဖို့ တားမြစ်ထားတယ်... ''

ထိုစကားကို ကြားသောအခါတွင် လင်းယွန်က အံ့အားသင့်သွား၏။ ဆေးလုံးများမှာ ကျင့်ကြံခြင်းအတွက် အခြေခံ အရင်းအမြစ်များဖြစ်ပြီး မည်သူမည်ဝါ မဆို အသုံးပြုရန် လိုအပ်ကြပေသည်။ သို့သော် လီဝူယုသည် ဆေးလုံးများ အကူအညီမပါပဲ ရှန်ရှင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိ နိုင်ခဲ့သည်ဟု ဆိုနေခဲ့လေပြီ။

“ မင်း အံ့သြဖို့ မလိုပါဘူး၊ ဒါက ငါလေ့ကျင့်နေတဲ့ ကံကြမ္မာကြယ်တာရာ နည်းစနစ်ရဲ့ လိုအပ်ချက်ပဲ၊ ငါရဲ့ ခန္ဓာကိုယ်ကို ဆေးလုံးတွေရဲ့ အညစ်အကြေးတွေနဲ့ ညစ်ညမ်းခွင့် မပြုနိုင်ဘူး၊ ဒါပေမယ့် နက်နဲနယ်ပယ်ကို ရောက်ပြီးရင်တော့ အဆင်ပြေသွားမှာပါ၊ အဲ့ဒီအချိန်ကျရင် ငါ့ရဲ့ကျင့်ကြံမှုက ဆေးလုံးတွေအကူအညီနဲ့ ခုန်ပျံကျော်လွှား နိုင်လိမ့်မယ် ”

လီဝူယုက လင်းယွန်၏ သံသယများကို မအံ့သြခြင်းမရှိပဲ ရှင်းပြလိုက်သည်။

"ဒါပေမယ့် မင်းရဲ့ ကျင့်ကြံမှုက နှေးကွေးသွားမှာ မဟုတ်ဘူးလား"

“ မှန်တယ် အဲဒီ အားနည်းချက် တွေတော့ ရှိတာပေါ့၊ ဒါပေမယ့် ငါ့ရဲ့ အရည်အချင်းက လုံလောက်အောင် စွမ်းဆောင်နိုင်မယ် ဆိုရင် အရေးမကြီးပါဘူး၊ ဓားနန်းတော်လို ဂိုဏ်းကြီးမျိုးက ကျင့်ကြံမှုအဆင့်ကို အလေးမထားတာ မင်းမြင်နေတာပဲ၊ မင်းကိုယ်တိုင်တောင် ပဉ္စမအဆင့်နဲ့ ဂိုဏ်းသားတစ်ဦး ဖြစ်လာနိုင်တယ် မဟုတ်လား၊ ''

“ ဒါက နည်းနည်းတော့ ထူးဆန်းနေတုန်းပဲ ”

“ ကျင့်ကြံခြင်းက အရင်းအမြစ်များကို လောင်ကျွမ်းစေတဲ့ ဖြုန်းတီးမှုပဲ၊ နောက်ခံကောင်းနေ သရွေ့ မင်းက စတင် ကျင့်ကြံနိုင်တယ်၊ အစ်ကိုကြီးလင်း၊ မင်းကျင့်ကြံတာ ဘယ်လောက်ကြာပြီလဲ"

“နှစ်နှစ်.......''

သို့သော် ဓားကျွန်ဖြစ်ချိန်ကို ဖယ်ရှားလိုက်ပါလျှင် အချိန်ပို၍ တိုတောင်းနိုင် လိမ့်မည်။

'' အို နှစ်နှစ်ထဲလား .... အခု မင်းအတွက် အရာအားလုံးက အဓိပ္ပါယ် ရှိတယ် မဟုတ်လား၊ ဝမ်နင်လိုလူက အသက်ခြောက်နှစ်ကတည်းက ကျင့်ကြံခဲ့ပြီး၊ ရှန်ရှင်းသတ္တမအဆင့်ကို ရောက်ဖို့ ဆယ်စုနှစ် တစ်ခုကျော် အချိန်ယူခဲ့ရတယ်၊ ဒါပေမယ့် နက်နဲနယ်ပယ်ကို ရောက်ရှိဖို့ကတော့ နားလည်မှုနှင့် သိမြင်နိုင်မှု လိုအပ်မယ်၊ အရင်းအမြစ် တွေအပေါ် အမြဲ အားကိုးပြီး အောင်မြင်မှုတွေ မဖန်တီး ယူနိုင်ပါဘူး။”

လီဝူယုက ခေတ္တရပ်လိုက်ပြီး၊

“ ဒါပေမယ့် ဒါက ချွင်းချက်ရှိတယ်၊ နက်နဲချိုးဖြတ်ဆေးကတော့ မင်းကို နက်နဲနယ်ပယ်ထဲပို့ဆောင် ပေးလိမ့်မယ်၊ ဝမ်နင်က နက်နဲ့ချိုးဖြတ်ဆေးကို အသုံးပြု လိုက်ပြီထင်တယ်၊ ဒါဆို ဓားနန်းတော်က သူ့ကို ဘာကြောင့် အလေးအမြတ် ထားရတာလဲ ''

"တကယ်ပဲ ဒီလို မှော်ဆန်တဲ့ ဆေးလုံးတွေ ရှိလား"

လင်းယွန်က အံသြသွားကာ မေးလိုက်သည်။

'' အဲဒီမျိုးနွယ်စုတွေရဲ့ အခြေခံ အုတ်မြစ်ကို လျှော့မတွက်နဲ့၊ သူတို့အားလုံးက နက်နဲချိုးဖြတ်ဆေးကို အသုံးပြုမယ်လို့တော့ အတိအကျ မပြောနိုင်ပါဘူး၊ နက်နဲနယ်ပယ်ကို ခြေချလိုက်ခြင်းက မင်းခန္ဓာကိုယ်ကို အသွင်ပြောင်း လိုက်ခြင်းပဲ၊ လုပ်ငန်းစဉ်တစ်ခုလုံးက ပိုးအိမ်ထဲကနေ လိပ်ပြာတစ်ကောင်လို ရုန်းထွက် လာနိုင်ဖို့ပါ၊ ပြင်ပ အကူအညီကို အသုံးပြုရင် အကျိုးသက်ရောက်မှုက လျော့နည်း သွားလိမ့်မယ် "

လီဝူယု၏ နောက်ခံမှာ ကြည့်ရသလောက် ရိုးရှင်းပုံမရချေ။ သူ၏ အသိအမြင်မှာ လင်းယွန်ထက် များစွာ ကျယ်ပြောပေသည်။

" ခဏလေး..... ကံကြမ္မာကြယ်တာရာကို ကျင့်ကြံတဲ့အခါမှာ၊ မင်းရဲ့ ခန္ဓာကိုယ်ကို မညစ်နွမ်း စေလိုတာကြောင့်၊ ဆေးလုံးတွေကို မစားဖို့ ဆုံးဖြတ် ထားတာလား...''

" ဟုတ်တယ်၊ ဒါပေမယ့် ရှန်ရှင်းနယ်မြေ ထဲမှာတင်ပါ "

ဟု လီဝူယုက ပြန်ဖြေလိုက်သည်။

" ဒါဆို ဒီဆေးလုံးကိုတော့ မင်းသုံးလို့ရမယ် ထင်တယ် "

လင်းယွန်က သူ့လက်ဖဝါးပေါ်ရှိ အဖြူရောင်ဆေးလုံးကို ကြည့်ပြီး ပြောလိုက်သည်။

ရှန်ရှင်းဆေးလုံးတွင် အညစ်အကြေးတစ်စုံတစ်ရာ မရှိခဲ့ပဲ ပြန်လည် သန့်စင်ထားနိုင်ခဲ့သည်။ ထို့ကြောင့် လီဝူယု စိုးရိမ် သကဲ့သို့ ဆေးလုံး၏ အညစ်အကြေးများ ထွက်ပေါ်လာမည် မဟုတ်ပဲ၊ ကျင့်ကြံခြင်း နည်းစနစ်ကို ထုတ်ဖော်ရုံဖြင့် တိုက်ရိုက် စုပ်ယူ နိုင်ပေမည်။

" မင်း တကယ်ပြောနေတာလား..."

လီဝူယု၏ မျက်လုံးများတွင် သံသယစိတ်များ ရှိနေသော်လည်း တောက်ပလာသည်။

" မင်းကြည့်လိုက်ပါ ..... "

ဆေးလုံးကို လီဝူယုထံ လွှဲပေးလိုက်ပြီး၊ဆက်လက် မတိုက်တွန်းတော့ပေ။ ဤအဖြူရောင် ဆေးလုံး တစ်လုံးကို သန့်စင်ရန်အတွက်၊ ဝိညာဉ်စွမ်းအင်ကို များစွာ သုံးစွဲ ခဲ့ရသောကြောင့် သူ့အတွက် အဖိုးတန်ပေသည်။

လွန်ခဲ့သည့် သုံးရက်အတွင်း အနားယူခြင်း မရှိပဲ ဆယ်လုံးတိတိ ပြန်လည် သန့်စင်နိုင် ခဲ့၏။ ထို့ကြောင့် လီဝူယုသည်သာ ၎င်းကို မယူလိုပါလျှင် သူ့အတွက် ပိုကောင်း ပေလိမ့်မည်။

အဖြူရောင် ရှန်ရှင်းဆေးလုံးကို မျိုချပြီး၊ လင်းယွန်က ထိုင်လျက် မျက်လုံးကို မှိတ်လိုက်သည်။ ယခုအချိန်၌ သူ၏ ကျင့်ကြံမှုကိုအနည်းငယ် တိုးတက် စေရန်အတွက် ဤအချိန်ကို အသုံးချလိုပေသည်။ ဝမ်နင်ကို အသက်ရှင်လျက် လွှတ်ပေး ခဲ့ရပြီးနောက်၊ နက်နဲနယ်ပယ်နှင့် သူ၏ ကွာဟချက်ကို ချုံ့နိုင်စေရန် ဆဋ္ဌမအဆင့်သို့ အမြန်ဆုံး ရောက်လို မိသည်။

နှစ်နာရီအတွင်း အဖြူရောင် ရှန်ရှင်းဆေးလုံး သုံးလုံးကို စုပ်ယူ ခဲ့ပြီးနောက်၊ သူ၏ အရှိန်အဝါမှာ ပိုမို အားကောင်းလာကာ၊ ဆဋ္ဌမအဆင့် တံခါးပေါက်နှင့်ပင် ထိတွေ့လာခဲ့၏။

“ ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ဆေးလုံးမျိုးလဲ ”

လင်းယွန်၏ ကျင့်ကြံမှုမှာ သိသိသာသာ တိုးတက်လာသည်ကို မြင်လိုက်ရသော အခါတွင် လီဝူယုက ထိတ်လန့်သွားသည်။ လွန်ခဲ့သည့် အခိုက်အတန့်က ပဉ္စမအဆင့် တွင်သာ ရှိနေခဲ့သော လင်းယွန်သည် ဆေးလုံး သုံးလုံးတည်းဖြင့် နှစ်နာရီအတွင်း၊ ဆဋ္ဌမတံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအရှိန်အဟုန်မှာ လီဝူယုကို အံ့အားသင့်ဖို့ရန် လုံလောက်ပေသည်။

သူ့လက်ထဲတွင် အဖြူရောင် ဆေးလုံးကို လှည့်ပတ်ကြည့်ကာ ကစားနေစဉ်တွင် ဆေးလုံးတစ်နေရာရှိ အမှတ်အသား တစ်ခုကို သတိပြုမိလိုက်သည်။

" ဒါက အိုင်းရစ်ပန်းလား... နေဦး၊ … ဒါက ပန်းမဟုတ်ဘူး… ထင်တယ်…”

လီဝူယုက ရုတ်တရက် ဆုံးဖြတ်ချက် မချနိုင်ခဲ့ပဲ၊ ခရမ်းရောင်ပန်း၏ ကောက်ကြောင်းကို တွေးတော လိုက်မိသည်။

“ အစ်ကိုလင်း မင်းငါ့ကို မလိမ်ဖူး မဟုတ်လား၊ ဒီလိုမှ မဟုတ်ရင် ငါ့ရဲ့ ကံကြမ္မာကြယ်တာရာ ကျင့်ကြံခြင်းက အဆုံးသတ်သွားလိမ့်မယ်…”

လီဝူယု၏ မျက်နှာတွင် ဝေခွဲမရသောအရိပ်အယောင်များ ပြသ လာပြီးနောက်၊ မျက်လုံးမှိတ်ကာ ဆေးလုံးအား မျိုချလိုက်သည်။ ဆေးလုံးမှာ လည်ချောင်း မှတဆင့် ဝမ်းဗိုက်ထဲသို့ ရောက်သွားသော အခါတွင် ၊ မျက်နှာပေါ်၌ စိတ်လှုပ်ရှားဟန်များ ထွက်ပေါ်လာသည်။

ဒါန်တမ်အတွင်းရှိ ကြယ်တာရာ မြေပုံပေါ်တွင် တောက်ပသော ကြယ်သုံးလုံး ရှိနေခဲ့သည်။ ကြယ်တစ်ပွင့်စီတိုင်းတွင် သေးငယ်သော ကြယ်ပွင့်လေးများစွာ ဝိုင်းရံနေကြပြီး ၎င်းတို့မှာ နဂါးငွေ့တန်း တစ်ခုအဖြစ် ပေါင်းစပ် ဖွဲ့စည်း ထားကြလေသည်။

နဂါးငွေ့တန်း သုံးသွယ်သည် ကြီးမားသော ကြယ်တာရာ မြေပုံထဲတွင် မီးလျှံများ သဖွယ် လွင့်မျောနေသည်။ အဖြူရောင် ဆေးလုံးထံမှ ဆေးစွမ်းအင်များမှာ ဒါန်တမ် အတွင်းသို့ရောက်ရှိသော အခါ၊ ကံကြမ္မာကြယ်တာရာ နည်းစနစ်ကို ဖြန့်ကျက် လိုက်သည်နှင့် ဆေးစွမ်းအင်ကြောင့် ကြယ်ပွင့်ပေါင်း များစွာတောက်ပ လာလေသည်။

" ဒီလိုဆေးလုံးမျိုး အဝါရောင် ကုန်းမြေကြီးမှာ တကယ်ရှိတာလား။"

လီဝူယုက ဝမ်းသာအားရဖြင့်၊ တုံ့ဆိုင်း မနေဝံ့ပဲ ကံကြမ္မာကြယ်တာရာကို အရူးအမူး ဖြန့်ဝေနေတော့သည်။

တစ်ဖက်တွင်၊ လင်းယွန်က ခြောက်လုံးမြောက်ကို သန့်စင်ပြီး သွားပြီးနောက်၊ မျက်လုံးများ ပြန်ဖွင့်လိုက်သော အခါတွင် သူ့စွမ်းအင်များ တုန်ယင်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။ ပဉ္စမအဆင့် အတားအဆီးတွင် နှစ်လကြာ ပိတ်မိခဲ့ပြီး၊ နောက်ဆုံးတွင် အောင်မြင်မှုတစ်ခု ရယူနိုင်ခဲ့သည်။

ယခုအခါ မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်၊ လက်နှင့် ခြေဖဝါးများကို သန့်စင်ထားနိုင်ပြီ ဖြစ်သည်။ နှလုံးကို သန့်စင်ရန်သာ ကျန်ရစ်တော့၏။ ရှည်လျားသော အသက်ရှုသံကို လွှတ်လိုက်ပြီး၊ သူ့ခန္ဓာကိုယ်အနှံ့ ဖြတ်သန်း စီးဆင်းနေသည့် ပြင်းထန်သော ဝိညာဉ်စွမ်းအင်ကို အာရုံခံ လိုက်သည်။

“ ငါ့ရဲ့ ဝိညာဉ်စွမ်းအားက ငါးဆ ပိုမို သန့်စင်လာတယ်… ဒါပေမယ့် နက်နဲ သိုင်းသမားတွေကို တိုက်ခိုက်ဖို့က မလုံလောက် သေးဖူးလို့ ထင်တယ်။”

လင်းယွန် သက်ပြင်းချကာ တိုးဖွဖွ ရေရွတ်လိုက်၏။ သူ့မျက်နှာတွင် ပျော်ရွှင်မှုများ ရှိမလာတော့ချေ။

လက်ရှိခွန်အားအရ နက်နဲချိုးဖြတ်ဆေးကို အားကိုးခြင်းဖြင့် နက်နဲနယ်ပယ်သို့ ရောက်ရှိခဲ့သော ဝမ်နင်ကဲ့သို့ တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ဖို့ရန် အခက်အခဲ မရှိသော်လည်း၊ အခြားသော နက်နဲသိုင်းသမား ပါရမီရှင်များနှင့် ယှဉ်ပြိုင်ရာတွင် အနိုင်ရချေ မြင့်မားမည်မဟုတ်နိုင်။

" နောက်ဆုံးတော့ မင်း မငြင်းဆန် နိုင်ဖူးမဟုတ်လား ''

ကျင့်ကြံနေသော လီဝူယုကို ကြည့်ကာ၊ ပြုံးပြီး ရေရွတ် လိုက်သည်။ လီဝူယု၏ ခန္ဓာကိုယ်မှ မှိန်ဖျော့သော ကြယ်ရောင်များ ဖြာထွက်နေသည်။ ခန္ဓာကိုယ် တစ်ခုလုံးသည် ကျောက်စိမ်းတုံး တစ်တုံးကဲ့သို့ ကြည်လင်တောက်ပနေခဲ့ကာ ရင်သပ် ရှုမောဖွယ် ကောင်းလှပေသည်။

ယင်းသည် ခန္ဓာကိုယ်၌ အညစ်အကြေးများလုံးဝ ကင်းစင်နေသော လက္ခဏာပေပင်၊ မျက်လုံးများ မှတဆင့် ဒါန်တမ် အတွင်းရှိ လှည့်ပတ်နေသော ကြယ်တာရာ မြေပုံကို မြင်တွေ့နိုင်သည်။

" ကံကြမ္မာကြယ်တာရာ ကျင့်ကြံခြင်း နည်းစနစ်က သူ့ရဲ့ သိုင်းဝိညာဉ်နဲ့ ဆက်စပ်နေရမယ်။"

ဝှစ် ။

လင်းယွန်က တိုးဖွဖွ ရေရွတ်နေချိန်မှာပင်၊ ရုတ်တရက် ဖြာထွက်နေသော ကြယ်အလင်းများ ခန္ဓာကိုယ်ဆီသို့ ပြန်လည် ဝင်ရောက် သွားပြီးနောက်၊ လီဝူယု၏ မျက်လုံးများ ပွင့်လာခဲ့ လေသည်။

“ အို ဘုရားသခင်၊ နှလုံးသားကို သန့်စင်နိုင်လု နီးပါး ပါလား၊ ကမ္ဘာပေါ်မှာ ဒီလိုမျိုး ဆေးလုံးတွေ ရှိနေတာလား။”

ဟု စိတ်လှုပ်ရှားစွာ ရေရွတ် လိုက်လေသည်။ လင်းယွန်မှ ပြုံးရွှင်စွာဖြင့် ကြည့်နေ ခဲ့သည်ကိုမြင်လိုက်သည်နှင့် မရှက်နိုင်တော့ပဲ၊ လီဝူယုက သူ့လက်များကို ဖြန့်လိုက်ကာ၊

"အစ်ကိုလင်း၊ ငါ့အတွက် နောက်ထပ် နည်းနည်းရှိသေးလား "

-ဟု မေးလိုက်လေသည်။

'' နောက်ထပ်လား..... ''

လင်းယွန်က မျက်လုံးပြူးပြီး မတ်တပ် ထရပ်လိုက်ကာ၊

“ မင်းအိပ်မက် မက်နေတာကို ရပ်လိုက်ပါ၊ ငါ့မှာ နောက်ထပ် သုံးလုံးရှိပေမယ့်၊ တစ်လုံးမှ မပေးနိုင်ဘူး ..... "

“ မ လုပ် နဲ့ ...... ”

ရုတ်တရက် အော်ဟစ် ဟန့်တားသံ နှင့်အတူ လီဝူယုက လင်းယွန်ကို ရွှပ်ခနဲ နမ်းလိုက်လေသည်။

***

All Chapters