← Chapters

ခပ်သိမ်းသော တာအိုတို့၏ နတ်အရှင်

Vol. 60 Ch. 800

ခပ်သိမ်းသော တာအိုတို့၏ နတ်အရှင်

Vol. 60 Ch. 800

တန်ခိုးရှင်သစ်ခုတ်သမားက ခရီးပန်းနေသော်လည်း အပြုံးပန်းများ ဝေဆာနေသော အမူအရာဖြင့် လျှောက်လာသည်။ ကျောတွင်လည်း ထုံးစံအတိုင်း ပုဆိန်တစ်လက် လွယ်ထား၏။ နားရွက်ရှည်ရှည် ကျားနက်ကြီးက နားရွက်ကုပ်လိုက်၊ ထောင်လိုက် လုပ်ရင်း သူ့အနောက်မှ လိုက်လာသည်။ နျိုစန်းသွောကို မြင်လျှင် သူ့နားရွက်များ ထောင်မတ်သွားလေသည်။

နောက်တခဏတွင် ကျားနက်ကြီးသည် ကျားနက်သေးသေးလေး အသွင်ပြောင်းပြီး ပြေးလာ၏။ သူက ဝမ်းသာပျော်ရွှင်နေသည့် အသံဖြင့် လှမ်းအော်သည်။ “ညီလေးသုံး၊ မတွေ့ရတာ ကြာပြီ”

လယ်သမားအိုကြီးနှင့် သစ်ခုတ်သမားမှာ မတည့်သော်လည်း ကျားနတ်မင်းနှင့် နွားအိုကြီးကတော့ အတိုက်အဖောက်ညီသည်။ ကျားနတ်မင်းက နွားအိုကြီးနှင့်အတူ ဆော့ကစားလေ့ရှိပြီး သူ့ကို ညီလေးသုံးဟု ခေါ်၏။

လယ်သမားအိုကြီးက သစ်ခုတ်သမားကို တစ်ချက်ကြည့်ကာ ပြောသည်။ “မြို့တော်နဲ့ ငါ မရင်းနှီးလို့ မင်း ကံကောင်းတယ်မှတ်... မဟုတ်လို့ကတော့ မင်း မြောင်းထဲ အိပ်ရနေပြီ”

သစ်ခုတ်သမား ကျယ်လောင်စွာ အော်ရယ်လိုက်သော်လည်း အနားမကပ်ရဲပေ။ “ဒီလိုမလုပ်ပါနဲ့ကွာ... ငါတို့ မိတ်ဆွေဖြစ်လာတာဖြင့် နှစ်ထောင်နဲ့ချီနေပြီ... တွေ့တိုင်း မြောင်းထဲ ပို့နေတော့ ဘယ်နှယ့်လုပ်မတုံး... ဒီတစ်ခေါက် ငါ့တပည့်လေးက ငါ့ကို ရေးကြီးသုတ်ပျာ လှမ်းခေါ်ပြီး ဒုတိယတပည့် အမိကမ္ဘာမြေဆီက ရထားတဲ့ ကောင်းချီးက အင်မတန် ထူးဆန်းတဲ့အကြောင်း ပြောတယ်.... အဲဒီကိစ္စကြောင့် ငါ ဒီရောက်လာတာပဲ... မင်း သူနဲ့ တွေ့ပြီးပြီလား”

လယ်သမားအိုကြီး၏မျက်နှာထား ပျော့ပျောင်းသွားသည်။ “တွေ့ပြီးပြီ.... အမိကမ္ဘာမြေရဲ့ ကောင်းချီးက အမှန်တကယ် ထူးဆန်းတယ်... ငါ အကြိမ်ပေါင်းများစွာ ရိုက်ခွဲတာတောင် ဘာမှဖြစ်မသွားဘူး”

“မင်းတောင်မှ အမိကမ္ဘာမြေရဲ့ ကောင်းချီးကို မဖျက်စီးနိုင်ဘူးလား”

သစ်ခုတ်သမား၏အမူအရာ လေးနက်လာသည်။ “ကြည့်ရတာ ပေါ့ပေါ့သေးသေး မဟုတ်တဲ့ပုံပဲ”

ရုတ်တရက် အသံတစ်သံ ထွက်လာ၏။ “အစ်ကိုကြီးတို့ ၊ မင်းတို့နှစ်ယောက်လုံး ရောက်နေကြပြီပေါ့”

သူတို့နှစ်ယောက်သား အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ငါးမျှားတံတစ်လက်နှင့်အတူ ခြင်းတစ်လုံး သယ်လာသော တံငါသည်တစ်ယောက်ကို မြင်လိုက်ရသည်။ သူသည်လည်း ခရီးပန်းနေပုံရ၏။

တန်ခိုးရှင်သစ်ခုတ်သမားက ပြောလိုက်သည်။ “ညီလေး ဒီကို ရောက်လာတာ ကွက်တိပဲ... ညီသုံးက ငါ့ကို မြောင်းထဲ ပို့မယ်လို့ အခုပဲ ပြောနေတာ”

တံငါသည်က အရိပ်အခြည်ကြည့်၍ ပြောသည်။ “အစ်ကိုသုံးက အစ်ကိုကြီးကို မြောင်းထဲပို့မယ်ဆိုလည်း အစ်ကိုကြီး မြောင်းထဲသာ အိပ်လိုက်တော့... ငါလည်း သူ့ကို မနိုင်ဘူး... မင်း ငါ့ဆီက စစ်ကူတောင်းနေလည်း အပိုပဲ”

သူ့ခြင်းထဲရှိ ငါးနှစ်ကောင်က ခေါင်းပြူထွက်ကာ နွားအိုကြီးနှင့် ကျားနက်လေးဆီသို့ လှမ်းကြည့်ကြသည်။ သူတို့က အလျင်အမြန် ခုန်ထွက်လိုက်ကြပြီး မြေကြီးပေါ် ကျသွားကြ၏။

ကျားနတ်မင်းက ငါးနှစ်ကောင်ကို မြင်လျှင် ချက်ချင်း ပြေးလာသည်။ သူ့လက်ဝါးများသည် ငါးနှစ်ယောက်အပေါ် ဖိရန် လှမ်းလိုက်၏။

ငါးနီလေးနှစ်ကောင်မှာ အလွန်ဝမ်းသာသွားပြီး ငါးထီးက ခေါင်းကို လှုပ်ယမ်းကာ ဧရာမကြီးမားလာစေသည်။ သူက ကျားနတ်မင်းကို မြိုလိုက်၍ အနက်ရောင်အမြီးလေးသာ အပြင်၌ ယမ်းလျက် ကျန်ခဲ့လေသည်။

နွားအိုကြီးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ကဲ ကဲ ဆော့မနေနဲ့တော့... ကြောင်နက်လေးကို မြန်မြန်ထွေးထုတ်လိုက်”

အနီရောင်ငါးထီးက မထွေးချင်ထွေးချင်ဖြင့် ကျားနတ်မင်းကို ထွေးထုတ်ပေးလိုက်သည်။ ကျားနတ်မင်းက နှာခေါင်းရှုံ့၍ ငါးကန်တစ်ကန်ကို မည်သည့်နေရာကမှန်းမသိ ထုတ်လိုက်၏။ ငါးနီလေးနှစ်ကောင်၏မျက်လုံးများ တမုဟုတ်ချင်း အရောင်လက်သွားပြီး အလျင်အမြန် ခုန်ဝင်လိုက်ကြသည်။

ကျားနတ်မင်းမှာ ငါးကန်ထဲရှိ ငါးနှစ်ကောင်ကို ကြည့်ရင်း သွားရည်ကျနေ၏။ သို့သော်လည်း သူတို့ကို ရန်မစရဲပေ။

ဤငါးနီလေးနှစ်ကောင်သည် သာမန်ငါးများမဟုတ်။ နတ်ဘုရားတစ်ပိုင်း ခွန်နီကြီးများ ဖြစ်ကြသည်။ ကောင်းကင်ဆရာသခင် တံငါသည်နှင့်အတူ ကျင့်ကြံအားထုတ်ခဲ့သဖြင့် အံ့အားသင့်ဖွယ်ရာ အစွမ်းအစများ ပိုင်ဆိုင်ထား၏။ သူတို့၏မှော်စွမ်းအင်ကလည်း ကြောက်စရာကောင်းသည်။

ခွန်အားသက်သက်အရ သူတို့အနေဖြင့် နွားအိုကြီးကို တစ်ယောက်-တစ်ယောက်ချင်း မယှဉ်နိုင်သော်လည်း လင်မယားနှစ်ယောက်အတူတူ ပူးပေါင်းလျှင် နိုစန်းသွောအတွက် ပြိုင်ဘက်ဖြစ်သွားလိမ့်မည်။

“ငါတို့လေးယောက် မစုံတာ ကြာပြီ... ဟိုမြည်း မရှိတာ ကံကောင်းတယ်” ငါးနီမလေးက ငါးကန်ထဲမှ ခေါင်းထွက်လာကာ ပြောသည်။

နျိုစန်းသွောက အတန်ငယ် ဘဝမကျဖြစ်သွားဟန်ဖြင့် ပြောသည်။ “သူက စာပေသမားနဲ့ ရွှင်ပျော်ပျော်ကျေးရွာဆီ လိုက်သွားပြီး ပျော်ပျော်ရွှင်ရွှင် နေ,နေပြီ... အဲဒီမြည်းရဲ့ စိတ်က ထူးဆန်းတယ်.... အပြုအမူတွေကလည်း တစ်စက်မှ သဘောကျစရာမ‌ကောင်းဘူး... ရွှင်ပျော်ပျော်ကျေးရွာကနေ ထွက်မလာဘဲ သေသွားတာပဲ ကောင်းတယ်”

ကျားနတ်မင်းမှာ ငါးလေးနှစ်ယောက်ဆီမှာ အကြည့်မလွှဲချင်၊ လွှဲချင်ဖြင့် လွှဲကာ ပြောလိုက်၏။ “အဲဒီခေါင်းမာတဲ့ မြည်းရဲ့ အပြုအမူတွေက သဘောကျစရာမကောင်းတာ တကယ် အမှန်ပဲ... သူက အားနေ သူ့ခွာကို မြှောက်နေတတ်တာလေ...”

သူ ဤသို့ပြောနေစဉ်မှာပဲ မြည်းအော်သံ ထွက်လာ၏။ သစ်ခုတ်သမားနှင့် ကျန်ရှိသူများ ဝမ်းသာသွားကြသည့်အချိန် နျိုစန်းသွော၊ ကျားနတ်မင်းနှင့် ငါးနီလေးနှစ်ကောင်မှာ မျက်နှာပျက်သွားကြသည်။ ငါးထီးလေးက ဒေါသတကြီး ဆူတော့သည်။ “သောက်မိန်းမ၊ ပါးစပ်တယ်စီးတာပဲ”

“ငါ နောက်ကျသွားတယ်”

စာပေသမားတစ်ယောက် မြည်းတစ်ကောင်အပေါ်တွင် ထိုင်နေပြီး မြည်းသည် ကဂျိုးက‌ကြောင် ခြေလှမ်းများဖြင့် ချင်မူ၏စံအိမ်ဆီသို့ ပြေးလာနေ၏။ စာပေသမားက မြည်း၏ကျောပေါ်မှ ခုန်ဆင်းပြီး ယပ်တောင်ခတ်လျက် လမ်းလျှောက်လာသည်။ “အစ်ကိုကြီး၊ ညီလေးတို့”

“အစ်ကိုနှစ် ဘယ်တုန်းက ရွှင်ပျော်ပျော်ကျေးရွာကနေ ထွက်လာတာလဲ”

လယ်သမားအိုကြီးက တည်ကြည်လေးနက်သော အမူအရာဖြင့် မေးသည်။ “ခိုင်ဧကရာဇ် ကျန်းကျန်းမာမာ ရှိလား... သူ ဘာလို့ ထွက်မလာသေးတာလဲ”

“ကျန်းကျန်းမာမာ ရှိတယ်” စာပေသမားက ပြုံးရယ်လျက် အားလုံးကို နှုတ်ဆက်လိုက်သော်လည်း နောက်မေးခွန်းကို ဆက်မဖြေပေ။

အားလုံး အလျင်အမြန် ပြန်နှုတ်ဆက်လိုက်ကြသည်။

မြည်းက အမြီးတယမ်းယမ်းဖြင့် နျိုစန်းသွောတို့ဆီ လျှောက်လာသည်။ နျိုစန်းသွော၏ ခန္ဓာကိုယ် ‌တောင့်တင်းသွားပြီး ကျားနတ်မင်းက တိတ်တိတ်ကလေး နောက်ဆုတ်နေသည်။ ငါးကန်ထဲရှိ ခွန်နီလေးနှစ်ကောင်မှာတော့ ကူးခတ်ရန် မေ့နေကြ၏။

မြည်းက ငါးကန်ရှေ့သို့ လျှောက်လာပြီး ကန်ထဲ ခေါင်းနှစ်ကာ ရေသောက်သည်။ မကြာမီ တစ်ကန်လုံး ကုန်အောင် သောက်ပြီးသွား၍ ခေါင်းပြန်ထုတ်လိုက်၏။ သူ့နှာခေါင်းဝတွင် အမြီးတခါခါဖြင့် ရုန်းနေသော ငါးနီလေးနှစ်ကောင် ရှိနေသည်။

“ဒီငါးတွေက ဘယ်က ရောက်လာတာတုန်း”

မြည်းက နှာချေလိုက်ပြီး ခွန်နီလေးနှစ်ကောင်ကို လွင့်ထွက်သွားစေလိုက်သည်။ သူက တဟီးဟီး ရယ်မောရင်း လူစကားဖြင့် ပြော၏။ “အိုး မင်းတို့ လင်မယားပါလား... မင်းတို့ကို စားမိတော့မလို့ တော်သေးတယ်... ရေထဲမှာ ဘာလို့ပုန်းနေကြတာတုန်း... ငါက သားသတ်လွတ်သမားကွ၊ မင်းတို့ကို စားလိုက်ရင် ငါ့သီလ မကျိုးပေါက်သွားဘူးလား.... အန်း အန်း အန်း... ညီလေးနျိုလား၊ ညီလေးနျိုဟ”

မြည်းက နျိုစန်းသွော၏ပခုံးကို တိုက်ရင်း တဟီးဟီး ရယ်သည်။ “သန်မာလိုက်တဲ့ ကြွက်သား.... ငါ့ပခုံးတောင် နာသွားတယ်... ‌စကားမစပ် နွားသားရေ ကောင်းကောင်း နွှာတတ်တဲ့ လူတစ်ယောက်ကို ငါ သိတယ်... မင်း အရေပြား တောက်ပြောင်သွားစေရမယ်လို့ ငါ အာမခံတယ်ကွာ... သူက အမဲသား၊ အမဲအရွတ်တွေလည်း ရောင်းတယ်... အရသာကလည်း တော်တော်ကောင်းကောင်း... အဲဒီအမဲသားတွေ မြင်တုန်းကဆို ငါ မင်းကို တန်းသတိရတာပဲ ဟွီး ဟွီး... ဘာလို့ မရယ်တာတုန်း...  ရုပ်တည်ကြီးနဲ့ပဲ နေ,နေလို့ ဘယ်ဖြစ်မတုန်း... တော်ပြီး မင်းနဲ့ စကားပြောရတာ မကောင်းဘူး...‌ ဟေ့ ‌အောင်နက်လေး”

မြည်းက လူလို ထရပ်ပြီး အကျယ်ကြီး အော်ဟစ်ရယ်မောရင်း သူ့ခွာကို ကျားနက်လေး၏ ခေါင်းပေါ် တင်လိုက်သည်။

ကျားနတ်မင်းက ခေါင်းငုံ့၍ မြေကြီးကို ငုံ့ကြည့်နေသည်။ သူက ပုဆိန်နှစ်လက် တိတ်တိတ်လေး ထုတ်လိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ခါလိုက်၏။ သို့သော် လှမ်းမခုတ်ရဲသေးပေ။

“အောင်နက်လေး၊ ငါတို့ ပထမဆုံး တွေ့တဲ့အချိန်ကို မှတ်မိသေးလား... မင်းက ငါ့ကို စားဖို့ လုပ်ခဲ့လို့ ငါ့ခွာတစ်ချက်နဲ့ မှောက်ခဲ့ရတာလေ... အိပ်ရာထဲ လနဲ့ချီ လဲနေခဲ့ရတယ်မလား....”

နွားအိုကြီး၏ အကြည့် လှုပ်ခါသွားပြီး ကြားဖြတ်ပြောလိုက်သည်။ “လွီကျန်း၊ တော်တော့... ငါ မင်းကို မိတ်ဆွေနှစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်... လုံပိ၊ အားရွှေ လာဦး”

နဂါးချီလင်နှင့် ရေချီလင်က ကမန်းကတန်း ရောက်လာကာ မြည်းကို မြင်လျှင် တုန်လှုပ်သွားကြ၏။

မြည်းက သူတို့နှစ်ယောက်အကြားးသို့ ဝင်၍ ခွာတစ်ဖက်စီကို သူတို့၏ပခုံးအပေါ် ဖိတင်ကာ တဟီးဟီး ရယ်သည်။ “ငါ့ညီတို့  မတွေ့တာ ကြာပြီ”

နဂါးချီလင်နှင့် ရေချီလင်၏မျက်နှာ ဖြူလျော်သွားပြီး တခဏကြာသော် နဂါးချီလင်က တုန်ရီနေသောအသံဖြင့် မေးလေသည်။ “အစ်ကိုကြီးလွီ၊ စွမ်းအင်ဆေးလုံး စားလား”

ကုန်းစွန်းယန်၏ မူလသစ်ပင်အောက်တွင် သစ်ခုတ်သမား၊ စာပေသမား၊ လယ်သမားနှင့် တံငါသည်တို့သည် ချင်မူ့ကို ဝိုင်း၍ လမ်းလျှောက်နေကြ၏။ တခဏကြာသော် လယ်သမားက ခြေလှမ်းများကို ရပ်လိုက်သည်။ တံငါသည်လည်း ရပ်လိုက်သည်။ စာပေသမားက သူမခေါင်းသူမ ယပ်တောင်ဖြင့် ခေါက်ကာ အတွေးထဲ နစ်မျောနေသည်။

သစ်ခုတ်သမားက ချင်မူ့ခေါင်းအနောက်ရှိ ရောင်ခြည်စက်ဝန်းကို စူးစမ်းနေပြီး တခဏကြာသော် ပြောသည်။ “အမိကမ္ဘာမြေရဲ့ ကောင်းချီးကတော့ နည်းနည်း ခက်လောက်ပေမယ့် ကမ္ဘာမြေမှုန်သစ်သီးကို သပ်သပ်ခွဲယူလို့ရတယ်”

စာပေသမား အလျင်အမြန် မေးလိုက်သည်။ “ဘယ်လို ခွဲယူမလဲ”

သစ်ခုတ်သမားက ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားဆီသို့ လက်ဆန့်တန်းကာ ထိလိုက်သည်။ ချင်မူမှာ သူ၏မူလဝိညာဉ် တမုဟုတ်ချင်း တိတ်ဆိတ်သွားပြီး ယိုတုထဲ ကျသွားသကဲ့သို့ တစ်ကမ္ဘာလုံး မှောင်မည်းသွားသလို ခံစားလိုက်ရသည်။

သစ်ခုတ်သမားက တခဏ စောင့်ပြီးနောက် ကမ္ဘာမြေမှုန်တာအိုသစ်သီးကို သူ၏ရောင်ခြည်စက်ဝန်းထဲမှ ဆွဲထုတ်ကာ ဘေးရှိ ကုန်းစွန်းယန်ဆီ ပစ်ပေးလိုက်၏။ “မိတ်ဆွေလေး၊ ဒီသစ်သီးကို မင်းရဲ့ မူလသစ်ပင်အောက်မှာ မြှုပ်ပြီး အမြစ်တွေနဲ့ ထွေးပိုက်ထားလိုက်ပါ... ဒီကမ္ဘာမြေမှုန်တာအိုသစ်သီးက မင်းရဲ့ မူလဝိညာဉ် နန်းစိုက်မြို့တော်တစ်မြို့လုံးကို လပိုင်းလေးအတွင်း လွှမ်းမိုးနိုင်သွားတဲ့ အဆင့်အထိ ရောက်သွားစေလိမ့်မယ်”

ကုန်းစွန်းယန် တိတ်ဆိတ်သွားကာ ပြောလိုက်သည်။ “ဒါက အမိကမ္ဘာမြေ သူ့ရဲ့ကျင့်စဉ်စွမ်းအင်ကို မြှင့်တင်ဖို့ ပေးထားတဲ့ ကောင်းချီးရှင့်”

သစ်ခုတ်သမားက နွေးထွေးစွာ ပြုံးလိုက်၏။ “အမိကမ္ဘာမြေက သူ့ကို အန္တရာယ်ပေးနေတာ... ကမ္ဘာမြေမှုန်တာအိုသစ်သီးက သူ့အတွက် သိပ်အကျိုးမရှိဘူး... ကျင့်စဉ်စွမ်းအင် အတင်းအကြပ် မြှင့်တင်ခံလိုက်ရရင် သူ့သိုင်းအခြေခံက မတည်ငြိမ် ဖြစ်ပြီး တာအို ထိခိုက်သွားလိမ့်မယ်... အမိကမ္ဘာမြေသာ ဒီသစ်သီးကို ဖောက်ခွဲပစ်လိုက်ရင် မင်းရဲ့ချစ်သူလေးလည်း သေသွားမှာ”

ကုန်းစွန်းယန် အလန့်တကြား ထခုန်ပြီး သစ်သီးကို သူမ၏မူလဝိညာဉ်အောက်၌ အလျင်အမြန် မြှုပ်ကာ အမြစ်များဖြင့် ထွေးထားလိုက်သည်။

တံငါသည်က မျက်မှောင်ကြုတ်၍ မေးလေသည်။ “အစ်ကိုကြီး၊ မင်း သစ်သီးကို ဘယ်လိုခွဲယူလိုက်တာလဲ”

“ရိုးရိုးလေးရယ်... ကမ္ဘာမြေမှုန်တာအိုသစ်သီးက သူ အသက်ရှူနေမှ သူ့နောက် လိုက်နိုင်တာ”

သစ်ခုတ်သမား ရှင်းပြလိုက်သည်။ “ငါ သူ့ရဲ့ မူလဝိညာဉ်ကို ယိုတုထဲ ပို့ပေးလိုက်တော့ သူ့အခြေအနေက ခဏ သေသွားသလို ဖြစ်သွားတယ်... အဲဒီနည်းလမ်းနဲ့ သစ်သီးကို အလွယ်တကူ ခွဲယူနိုင်တာပဲ... ငါ သစ်သီးကို ယူလိုက်တဲ့အချိန်မှာ သင်္ကေတအမှတ်အသားအချို့ကို သစ်သီးထဲ တိတ်တဆိတ် ထည့်ပြီး သင်္ကေတအမှတ်အသား တည်ဆောက်ပုံတွေ ပြောင်းလဲလိုက်တယ်... ဒါကြောင့် သစ်သီးက သူ့နောက် လိုက်မှာ မဟုတ်တော့ဘူး”

သူက လက်ညှိုးနှင့် လက်ခလယ်ကို ပူး၍ ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဖိလိုက်သည်။ ချင်မူ့မူလဝိညာဉ်က ယိုတုမှ သူ၏ရုပ်ခန္ဓာထဲသို့ ပြန်ဝင်လာသဖြင့် ချင်မူ ပြန်နိုးလာသည်။

သစ်ခုတ်သမားက အမိကမ္ဘာမြေ၏ ကောင်းချီးကို ဆက်ကြည့်ရင်း ဆက်ပြော၏။ “မင်းတို့တွေက ဖျက်စီးဖို့ တွေးနေကြပေမယ့် ငါက ဖျက်စီးဖို့ တွေးနေတာမဟုတ်ဘူး... ထပ်ဖြည့်ပေးဖို့ တွေးနေတာ... တစ်စိတ်တစ်ပိုင်းလောက် ထပ်ဖြည့်ပေးလိုက်ရင် ဒီအထဲမှာ ငုပ်လျှိုးနေတဲ့ ကောင်းကင်နတ်သိုင်းဖွဲ့စည်းပုံကို ချိုးဖျက်ပစ်နိုင်တယ်”

လယ်သမားက နှာခေါင်းရှုံ့၍ ရွဲ့တဲ့တဲ့ ပြောသည်။ “ကျင့်ကြံတာမှာ အခုလို ဦးနှောက်သုံးရင် မင်းက နံပါတ်တစ် ကောင်းကင်ဆရာသခင်ဆိုတာ မယုံတဲ့သူ ရှိပါတော့မလား”

သစ်ခုတ်သမား ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါ့အထုံပါရမီကမှ မကောင်းတာ.. အချိန်ကုန်ခံနေလည်း အလကားပဲလေ... ဘာပြောပြော မင်းတို့ရဲ့ သိုင်းအဆင့်တွေက ငါ့ထက် အဆတစ်ရာ မြင့်မားတာပဲ ငါ့ကို ကာကွယ်ပေးပေါ့... ဒါပေမဲ့ ဒီအမိကမ္ဘာမြေ ကောင်းချီးက နည်းနည်းလေး လက်ဝင်တယ်... ဒီလိုကောင်းချီးမျိုးက တာအိုရဲ့ ကောင်းချီး... မွေးဖွားလာတာလည်း မဟုတ်၊ ဖျက်စီးလို့လည်း မရ၊ မညစ်ပတ် မသန့်ရှင်း၊ မတိုးပွား၊ မယုတ်လျော့ဘူး... ဒါကြောင့် ငါ ဘယ်ကစရမလဲ မသိတာ”

ချင်မူ မေးလိုက်မိသည်။ “ဆရာ အမိကမ္ဘာမြေက ဒီကောင်းချီးကို သုံးပြီး ကျွန်တော့်လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်လား”

သစ်ခုတ်သမားက အပြုံးတစ်ခုဖြင့် ပြောသည်။ “မင်းကို ကောင်းချီးပေးလိုက်တဲ့ သဘောက မင်းက သူ့လူဖြစ်သွားပြီလို့ ဆိုလိုတယ်လေ... သူ မင်းရဲ့ လှုပ်ရှားမှုတွေကို မစောင့်ကြည့်နိုင်ဘဲ နေမလား”

ချင်မူ့မျက်နှာ ဖြူ‌လျော့သွားသည်။

သစ်ခုတ်သမားက ပြောသည်။ “ငါက ယိုတုရဲ့ သင်္ကေတအမှတ်အသားတွေကို အပြည့်အဝ မကျွမ်းကျင်သေးဘူး... ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်ကို လိုသေးတယ်... ဉာဏ်ကြီးရှင်တွေကို စုစည်းပြီး ငါတို့ ဖြည်းဖြည်းချင်း လေ့လာရလိမ့်မယ်... မပူနဲ့... စစ်ယိုယိုက သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းတွေမှာ ကျွမ်းကျင်တယ်... သူ ဒီရောက်လာရင် အမိကမ္ဘာမြေရဲ့ ကောင်းချီးကို ဖျက်စီးဖို့ ငါ ယုံကြည်ချက် ငါးဆယ်ရာခိုင်နှုန်း ရှိပြီ”

ချင်မူ တခဏ တိတ်ဆိတ်သွားပြီး ရုတ်တရက် မေးလိုက်သည်။ “ရှေးဟောင်းနတ်ဘုရားအားလုံးရဲ့ ကောင်းချီးတွေကိုရော ဘယ်လိုလုပ်ရမလဲ... ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၊ မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်းနဲ့ အမိကမ္ဘာမြေတို့ ပါနေတာမျိုးပေါ့... ဆရာ အဲဒါတွေကိုလည်း ဖျက်စီးနိုင်လား”

တန်ခိုးရှင်သစ်ခုတ်သမားက တဟားဟား ရယ်သည်။ “ဘယ်နေရာမှာ အဲဒီလိုလူမျိုး ရှိမှာတုန်းကွ... ရှေးဟောင်းနတ်ဘုရားအားလုံး ကောင်းချီးပေးရတဲ့အထိ ဘယ်လိုလူမျိုးက ကောင်းမှုဆောက်တည်နိုင်မှာတုန်း”

“ရှိတယ်”

ချင်မူ လယ်သမားအိုကြီးဆီသို့ ကြည့်ကာ ပြောလိုက်၏။ “ဆရာဦးလေး၊ ကျွန်တော် ထည့်ပေးလိုက်တဲ့ ဖက်တီးလေးလေ... ဧကရာဇ်အတိုင်ပင်ခံရဲ့ အိမ်မှာပဲလား”

“ဟိုဖက်တီးလေးလား” လယ်သမား၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ခပ်သုတ်သုတ် ထွက်သွား၏။

တခဏကြာသော် ကောင်းကင်နတ်အရှင်ယွီမှာ အားလုံးအရှေ့သို့ ဆွဲခေါ်ခံလာရသည်။ သူက လူတိုင်းကို တိတ်ဆိတ်စွာ အကဲခတ်နေရင်း ခပ်တိုးတိုး မေးသည်။ “အစ်ကိုကြီး၊ တစ်ခုခုဖြစ်လို့လား”

ပြီးခဲ့သည့် ရက်များအတွင်း လယ်သမားအိုကြီး၏ အသေအကြေ လေ့ကျင့်ရေးများကြောင့် ကောင်းကင်နတ်အရှင်ယွီမှာ များစွာပိန်ကျသွားပြီး လန်းလန်းဆန်းဆန်း ရှိနေ၏။ သူက စွမ်းအင်ဆေးလုံးများဆီမှ ဆေးစွမ်းအင်များကို မချေဖျက်ခဲ့ရ ဝလာခဲ့ခြင်း ဖြစ်သည်။ လယ်သမားအိုကြီးသည် သိုင်းတာအို၏ မဟာဧကရာဇ်ဖြစ်သည့်အလျောက် လေ့ကျင့်ရေးက အလွန်ကြမ်းတမ်းခဲ့၏။

ဆယ်ရက်ကျော်လေးအတွင်း လယ်သမားအိုကြီးက သူ့ကိုယ်ထဲရှိ ဆေးစွမ်းအင်များကို‌‌ ချေဖျက်ပေးနိုင်ခဲ့သည်။

သို့သော် ကောင်းကင်နတ်အရှင်ယွီမှာ အတော်လေး ဆင်းရဲဒုက္ခခံခဲ့ရပုံပေါ်သည်။ ခန္ဓာကိုယ်အနေအထားကလည်း တောင့်တောင့်တင်းတင်း ရှိလာ၏။ အတိတ်မှတ်ဉာဏ်များ ပျောက်ဆုံးနေတုန်းက သူ့အသွင်မှာ ရှက်သလို၊ ကြောက်သလိုပုံစံ ရှိခဲ့သော်လည်း ယခုတွင် လူကြားထဲ ထင်းနေသော သူရဲကောင်းဆန်ဆန် အဟန့်အထည် ရှိနေချေပြီ။

သူက ရပ်နေပြီး အားလုံးက သူ့ကို ဝိုင်းလျက် သူ့ခေါင်းနောက်ရှိ ဆန်းပြားသော ရောင်ခြည်စက်ဝန်းများဆီသို့ ကြည့်နေကြသည်။

ကောင်းကင်နတ်အရှင်လေးယောက်စလုံး လေးနက်နေသည့် အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ “ရှေးဟောင်းနတ်ဘုရားတွေဆီက ကောင်းချီးတွေ ဟုတ်နေတာပဲ... ဒါ့အပြင် အပြည့်အစုံလည်း ရှိနေကြတယ်”

စာပေသမား တခဏ စဉ်းစားကာ မေးလိုက်သည်။ “မူအာ၊ ဘယ်လိုလူက ရှေးဟောင်းနတ်ဘုရားအားလုံးဆီက ကောင်းချီးတွေ လက်ခံရတာလဲ... သူ ဘယ်လိုကောင်းမှုကုသိုလ်မျိုး ဆောက်တည်နိုင်ခဲ့တာလဲ”

ချင်မူ သက်ပြင်းချလိုက်ပြီး မျက်နှာတည်သွားသည်။ သူက ကောင်းကင်နတ်အရှင်ယွီဆီသို့ ခြေလှမ်းကြဲကြဲများဖြင့် လျှောက်သွားကာ အလေးအနက် ပြောလိုက်သည်။ “ကျွန်တော် သူ့ကို ဆရာနဲ့ ဆရာဦးလေးတို့နဲ့ မိတ်ဆက်မပေးရသေးဘူး... ဒီလူက ပကတိတရား တထတ္ထအားလုံးရဲ့ ဘိုးဘေး... တာအိုအားလုံးရဲ့ နတ်အရှင်.... ကောင်းကင်ရတနာကျင့်စဉ်စနစ်ကို ပထမဆုံး တည်ထောင်ခဲ့တဲ့ ကောင်းကင်နတ်သိုင်းပညာရှင်... ကောင်းကင်းနန်းဆောင်ကျင့်စဉ်စနစ်ကို ဖန်တီးပေးခဲ့တဲ့ ပထမဆုံး နတ်ဘုရား... လန်ယွီထျန်း၊ ကောင်းကင်နတ်အရှင်ယွီပါ”

ကောင်းကင်ဆရာသခင်လေးယောက်စလုံး အကြီးအကျယ် တုန်လှုပ်ပြီး ကြက်သေသေကုန်ကြသည်။ လယ်သမားအိုကြီးက အထစ်ထစ်အငေါ့ငေါ့ ပြော၏။ “မင်း ဘာ...ဘာ...ဘာ.... ဘာပြောလိုက်တာ... သူ...သူက ဘယ်သူ”

ချင်မူ ကောင်းကင်နတ်အရှင်ယွီဆီသို့ ပြောလိုက်သည်။ “ညီလေး၊ ဒီလေးယောက်က ငါ့ဆရာနဲ့ ငါ့ဆရာဦးလေးတွေပဲ”

ကောင်းကင်နတ်အရှင်ယွီက ငေးငေးကြောင်ကြောင်ဖြင့် သူတို့လေးယောက်ကို နှုတ်ဆက်၏။ “ဆရာနဲ့ ဆရာဦးလေးတို့ကို ဂါဝရပြုပါတယ်...”

‌ကောင်းကင်ဆရာသခင်‌လေးယောက်သား မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲသွားပြီး သူ၏ဂါဝရပြုမှုကို ကမန်းကတမ်း ဖယ်ရှောင်လိုက်ကြသည်။

သစ်ခုတ်သမားက အဝတ်အစားကို သပ်သပ်ရပ်ရပ် လုပ်ကာ ဦးညွှတ်အရိုအသေပေးသည်။ “ကျုပ်က အမြဲမာနကြီးပြီး ဘယ်သူမှ ကျုပ် ဦးညွှတ်အရိုအသေပေးတာ ခံယူဖို့ မထိုက်တန်ဖူးလို့ တွေးခဲ့တယ်... ခိုင်ဧကရာဇ်ကိုတောင် တာအိုမိတ်ဆွေလို့ ခေါ်ခဲ့ပေမယ့် ခင်ဗျားကတော့ ကျုပ်ရဲ့ ဦးညွှတ်အရိုအသေပေးမှု ခံယူဖို့ ထိုက်တန်ပါတယ်”

စာပေသမားလည်း ဦးညွှတ်အရိုအသေပေး၏။ “စာပေသမား ကျုပ် ကျစ်ရှီလည်း ကောင်းကင်နဲ့ မြေပြင်ကို တစ်ခါမှ ဦးမညွှတ်ခဲ့ပေမယ့် ခင်ဗျားက ကျုပ်ရဲ့ လေးစားမှုနဲ့ ထိုက်တန်ပါတယ်”

တံငါသည်နှင့် လယ်သမားလည်း ဦးညွှတ်အရိုအသေပေးကာ အလေးအနက် ပြောသည်။ “ပကတိတရား တထတ္ထအားလုံးရဲ့ ဘိုးဘေး... တာအိုအားလုံးရဲ့ နတ်အရှင်... ကျုပ်တို့ အရိုအသေပေးပါတယ်... ကျုပ်တို့ အရိုအသေပေးနေတာက ခင်ဗျားကို မဟုတ်ဘဲ ခင်ဗျားရဲ့ ပြိုင်ဘက်ကင်းတဲ့ ကောင်းမှုကုသိုလ်တွေကိုပါ”

ကောင်းကင်နတ်အရှင်ယွီမှာ အူတူတူ ရပ်နေပြီး မည်သို့လုပ်၍ မည်သို့ကိုင်ရမည်မှန်း မသိဖြစ်နေတော့သည်။ “ကျွန်တော်...”

ချင်မူက ပြုံးလိုက်ပြီး ပြောလိုက်သည်။ “မင်းကို သတ်ချင်တဲ့လူတွေ များပေမယ့် ကျေးဇူးတင်နေတဲ့ လူတွေလည်း ရှိပါသေးတယ်... ကောင်းကင်နတ်အရှင်ယွီ၊ မင်းက ဒါနဲ့ ထိုက်တန်တဲ့သူပါ”

All Chapters