← Chapters

နက်နဲ နယ်ပယ်၏ စွမ်းအား။

Vol. 14 Ch. 186

နက်နဲ နယ်ပယ်၏ စွမ်းအား။

Vol. 14 Ch. 186

တိတ်ဆိတ်သော ည ဖြစ်သည်။ လူငယ် နှစ်ဦးနှင့် မြင်းတစ်ကောင်သည် မီးပုံဘေးတွင် ထိုင်ကာ ဝံပုလွေအသားကို ကင်နေသည်။ ဝံပုလွေ သားရဲ၏ အသားမှာ မာကျော လှသော်လည်း အရသာရှိ ပေ၏။

၎င်းသားရဲကို ကင်ဖို့ရန် ပြင်းပြင်း ထန်ထန် အားထုတ်ခဲ့ရပြီး အဆုံး၌ ခရမ်းရောင် ရေခဲ မီးတောက်ကို အသုံးပြု ခဲ့ရသည် အထိပင်။

ဤကဲ့သို့သော ကောင်းကင် တန်းဝင် မီးတောက်ကို အသားကင်ရန် အတွက် အသုံးပြု ခြင်းမှာ သမိုင်းတစ်လျှောက် ပထမဆုံးသော ပုဂ္ဂိုလ် ဖြစ်နိုင်သည် ။

ကောင်းကင်တန်းဝင် မီးတောက်၏ အကျိုးသက်ရောက်မှုမှာ ထူးခြားလှ၏။ လင်းယွန်က မြင့်မြတ်သော ခရမ်းရောင်ရေခဲ မီးတောက်ကို အလိုကျ ထိန်းချုပ် နိုင်ခဲ့သည်ဖြစ်ရာ၊ ယင်းမီးတောက်ကို အသုံးပြုခြင်းဖြင့်၊ အသားလောင်ကျွမ်း မည်ကို စိုးရိမ်စရာ မရှိချေ။

ဟင်းခတ် အမွှေးအကြိုင်များမှာ သူ၏ တိကျသော ထိန်းချုပ်မှုအောက်တွင် အသားထဲသို့ တဖြည်းဖြည်း ရောနှောသွားပြီး အသား၏ အနံအရသာကို ထုတ်ပေးလာသည်။

ထို့အပြင်၊ ရွှေရောင်အဆီများသည် ဟင်းခတ်အမွှေး အကြိုင်များနှင့် ရောနှောပြီး အသားတစ်ဝိုက်တွင် လှပသော ရွှေအလွှာကို ဖြစ်ပေါ် လာစေသည်။

အသားကင်ထံမှ မွှေးကြိုင်သော ရနံ့များကြောင့် လီဝူယုနှင့် နဂါးသွေးမြင်း တို့သည် အသားကို လှီးဖြတ်ပေးလာမည့် အချိန်ကို စောင့်မျှော် နေဆဲတွင် စိတ်လှုပ်ရှား စွာဖြင့် တစ်ယောက်ကို တစ်ယောက် ပြုံးပြ လိုက်သည်။

အသားကို ကင်ပေးပြီးနောက် လင်းယွန်က ဝံပုလွေသားရဲ၏ သားရဲအမြုတေကို စတင် သန့်စင်တော့သည်။

နက်နဲနယ်ပယ် နတ်ဆိုးသားရဲ အနေဖြင့် သံမိစ္ဆာဝံပုလွေ၏ သားရဲအမြုတေတွင် ပါရှိသော ဝိညာဉ်စွမ်းအင်မှာ အလွန်သိပ်သည်း လှပေသည်။

၎င်းသည်ဝံပုလွေ ခေါင်းဆောင်လည်း ဖြစ်သည် ဖြစ်ရာ၊ သားရဲအမြုတေမှာ သာမန်ထက် ပို၍ပင် အားကောင်းသည်ဟု ဆိုလိုသည်။

လင်းယွန်နှင့် လီဝူယုတို့၏ ကျောက်စိမ်း ဆွဲသီးများမှာ ကြယ်ကိုးပွင့်အထိ ရောက်ရှိနေပြီဖြစ်သည်။

ကြယ်တွေကို စုဆောင်းဖို့ရန် အချိန် ဖြုန်းစရာ မလိုတော့ချေ။ ထိုအစား ကျင့်ကြံမှု အပေါ် အာရုံစိုက် နိုင်သည်။

ထို့ကြောင့် ပြီးခဲ့သည့် လဝက်တွင် ရရှိခဲ့သော သားရဲအမြုတေများကို လင်းယွန်နှင့် နဂါးသွေး မြင်းတို့ ကသာ ခွဲဝေယူ ခဲ့သည်။ ထုံးစံအတိုင်း လီဝူယုက တစ်ခုမျှပင် မယူချေ။

ထို့ကြောင့် ကျင့်ကြံမှုမှာ လျင်မြန်စွာ တိုးတက်ခဲ့ပြီး ရှန်ရှင်း သတ္တမအဆင့်နှင့် စတင် ထိတွေ့လာခဲ့သည်။

လီဝူယုက လင်းယွန်ဘေး၌ ထိုင်ပြီး သားရဲအမြုတေ သန့်စင်နေသည်ကို ကြည့်နေ လိုက်သည်။ လင်းယွန်၏ ကျင့်ကြံမှုမှာ သူ့အား ဖြတ်ကျော်ကာ ရှန်ရှင်းသတ္တမ အဆင့်သို့ ဝင်သွားသည့် အတွက် စိတ်ပူခြင်း မရှိချေ။

ရှန်ရှင်းနယ်ပယ်တွင် လူတစ်ဦး၏ ကျင့်ကြံမှု နည်းစနစ်နှင့် ကျွမ်းကျင်မှု မညံ့သရွေ့ အဆင့်ချိုးဖြတ်ရန် ကြိုးစားခြင်းသည် ပြဿနာ ရှိမည် မဟုတ်ပေ။

လင်းယွန်တွင် လုံလောက်သော အရင်းအမြစ်ရှိရန် လိုအပ်သည်။ သူ၏ အစွမ်းထက်သော အဖြူရောင် ဆေးလုံးများမှာ သာမာန် ရှန်ရှင်းဆေးလုံးများနှင့် နှိုင်းယှဉ်ပါက အဆင့်သစ် တစ်ခုတွင် ရှိလေသည်။ ခြားနားချက်အရ ၎င်းအရည်အသွေးမှာ နှိုင်းယှဉ် မရနိုင်ဟု မှတ်ယူနိုင်သည်။

လင်းယွန်၏ အရှိန်အဝါမှာ တဟုန်းဟုန်းတောက်လောင်လာပြီး၊ ခန္ဓာကိုယ်မှ ဓားရောင်ဝါများ ယိုစိမ့်လာကာ လီဝူယုကိုပင် ဖိအားများစွာ ပေးလာခဲ့သည်။

“ သူ့ရဲ့ စွမ်းအင်ကျင့်ကြံမှု နည်းစနစ်ကို နောက်တစ်ဆင့် တက်လှမ်း နိုင်ခဲ့ပုံပဲ …”

လင်းယွန်သည် ကျင့်ကြံမှု နည်းစနစ်ပေါ်တွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း လီဝူယုမှ သိရှိခဲ့ပြီး၊ ဆိုလိုသည်မှာ လင်းယွန်က သူ၏ နှလုံးသားကို သန့်စင်နိုင်ရန် မဝေးလှတော့ပေ။

လင်းယွန်၏ အရှိန်အဝါသည် တိုးမြင့် လာပြီး ပတ်ဝန်းကျင် သစ်ပင်များကို ယိမ်းထိုး လာစေသော လေပြင်းများကို ဆွဲဆောင် ထားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွန်၏ အခြေခံ အုတ်မြစ်ကြောင့် သူ ထိတ်လန့် သွားသည်။

လင်းယွန်သည် ရှန်ရှင်း နယ်မြေတွင်သာ ရှိသော်လည်း အဆင့်ချိုးဖြတ်ရာတွင် ထိုသို့သော မငြိမ်သက်မှုကို ဖန်တီးနိုင်ခဲ့သည်။

ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာ နှစ်ထောင်ပေါင်း များစွာ ကြာအောင် တည်ရှိ နေခဲ့ကြသည် ဖြစ်ရာ၊ သတ္တုထက် ပိုမိုမာကျောပေသည်။ လေထုထဲ ယိမ်းထိုးသွားအောင် လုပ်ရသည်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ။

ရုတ်တရက် ပြင်းထန်သော လေပြင်းတိုက်မှု ရပ်သွားသည်။ ထို့နောက် လင်းယွန်၏ အနီးတစ်ဝိုက်တွင် လေဝဲတစ်ခု ဖြစ်ပေါ်လာပြီး ပတ်၀န်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်သည်။

သိပ်မကြာခင်မှာပင် လင်းယွန်၏ အရှိန်အဝါများ လျော့ပါးလာပြီး နောက်ဆုံး၌ ပျောက်ကွယ် သွားကာ၊ မျက်လုံးများ ပြန်လည် ပွင့်လာ၏။

" ဂုဏ်ယူပါတယ် "

လီဝူယုက အသားကင်ကို ကိုက်ဝါးလျက် ဂုဏ်ပြု စကားဆိုလာသည်ကြောင့် သူ့ကိုကြည့်ပြီး မပြုံးပဲ မနေနိုင်ပေ။

" ဖြည်းဖြည်းစားပါ၊ ငါ့ရဲ့ လက်ရှိ အင်အားကို ငါစမ်းသပ် လိုက်ဦးမယ်။"

ယခုအချိန်တွင် ရှင်ရှင်းဘုံ၏ သတ္တမအဆင့်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်ရာ ခရမ်းရောင် ပန်းပွင့်၏ ပွင့်ချပ်များသည် သုံးဆယ့်လေးချပ် အထိ တိုးလာသဖြင့် လက်ရှိ အင်အားကို စမ်းသပ်ရန် စိတ်အား ထက်သန် နေခဲ့သည်။ သူ့လက်ညှိုးကို တောက်ထုတ် လိုက်သည်နှင့် ခရမ်းရောင်ဓားတစ်လက် ထွက်ပေါ်လာတော့၏။

ခရမ်းရောင်ဓားအလင်းမှာ ကျယ်လောင်သော ဆူညံသံတစ်သံ ထွက်လာပြီး သစ်ပင်ပေါ်သို့ ထိုးကျသွားသည်။ သို့သော်လည်း သစ်ပင်၏ ပင်စည်ကို ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိခဲ့ချေ။ သစ်ပင်များ၏ အကိုင်းအခက်များကို ခုတ်ထစ်ရန်ပင် ခက်ခဲလှသည်ဖြစ်ရာ ပင်စည်များ အတွက်မူ ဆိုဖွယ်ရာ မရှိနိုင်။

သို့သော် ဓားအလင်းက ကြွေကျလာသော သစ်ရွက်များကို ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ နတ်ဘုရားပုံရိပ်ယောင်ဓားတွင် မည်သည့် တိုးတက်မှုမျှ မရှိသော်လည်း၊ တစ်ဆင့်မြင့်လာသော ကျင့်ကြံမှု နည်းစနစ်ဖြင့် ၎င်းသည် ပို၍ အားကောင်းလာသည်။ ဓားအလင်းတွင် ပါရှိသော ဓားရည်ရွယ်ချက်မှာ လေထဲတွင် တဝဲလည်လည် ကျန်နေခဲ့ပြီး ဆူညံသံများကို ဖန်တီးထားလေသည်။

"ငါ အဲဒါကို မဖောက်နိုင်သေးဘူးလား"

သစ်ပင်၏ ပင်စည်ပေါ်ရှိ အက်ကွဲကြောင်းများကို တွေ့လိုက်ရ သောအခါ လင်းယွန်က အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။

"မင်း ဘာလုပ် နေတာလဲ "

လီဝူယုက လင်းယွန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ လင်းယွန်တစ်ယောက်မည်သည့်အရာများလုပ်ဆောင်ရန် ကြိုးစားနေမှန်း သူ မသိနိုင်ချေ။

'' .............. ''

လင်းယွန်၏ သွေးများမှာ နှလုံးခုန်သံ နှင့်အတူ ရစ်သမ်မိမိ ပွက်ပွက်ဆူလာကာ၊ တောခွေး တစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်အတွင်း စွမ်းအားများ ခုန်ပေါက် လာတော့သည်။

သူ့နှလုံးသားကို သန့်စင်ခြင်း၏ အကျိုးကျေးဇူး များပင်။ နှလုံးသည် ခန္ဓာကိုယ်၏ ခွန်အား အရင်းအမြစ် ဖြစ်သောကြောင့် ကျင့်ကြံသူ များအတွက် အရေးကြီးလှ၏။ နှလုံးခုန် ရပ်သွားပါက သေဆုံးခြင်း မပြုမီ ခန္ဓာကိုယ်၏ အသက်ဓာတ်များ လျင်မြန်စွာ ကျဆင်းသွားမည် ဖြစ်သည်။

နှလုံးကို သန့်စင်ခြင်းဖြင့် နှစ်ဆ အားကောင်းလာစေပြီး ခန္ဓာကိုယ်ထဲရှိ သွေးလွှတ်ကြောများကို ကျယ်ပြန်မာကျော လာစေကာ၊ သွေးအတွင်း ဖွဲ့စည်းမှုကို များစွာသိပ်သည်း လာစေသည်။ ဤသို့ဖြင့် သွေးအတွင်းရှိ ဝိညာဉ်စွမ်းအင်များကို ပို၍ ထုတ်ယူ သုံးပြုနိုင်မည် ဖြစ်သည်။

ရုတ်တရက် သူ့လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီး လက်သီးဖြင့် သစ်ပင်ကို ထိုချလိုက်သည်။ ထိုလက်သီးချက်ကြောင့် သစ်ပင်ပင်စည်တွင် ကြီးမားသော အပေါက်ရာကြီး ဖြစ်ပေါ်လာပြီး၊ အနည်းငယ် ယိမ်းနွဲ့သွားကာ အရွက်များ ကြွေကျလာသည်။ ဖြစ်ပေါ်လာသော ရုန်းရင်းဆန်ခတ်မှုမှာ ခရမ်းရောင်ဓားအလင်းထက် ပြင်းထန်လှပေ၏။

လီဝူယုက ချက်ချင်း လျှောက်လှမ်းလာခဲ့ပြီး၊ ပင်စည်မှ အပေါက်ကြီးကို အကဲခတ်လိုက်ကာ၊

“ဒါကို မင်းဘယ်လို လုပ်လိုက်တာလဲ”

ဟု အံသြစွာ မေးမြန်း လိုက်လေသည်။

နက်နဲနယ်ပယ်မှ တစ်စုံတစ်ယောက်ပင်လျှင် သစ်ပင် ပင်စည်တွင် အပေါက် ဖြစ်ပေါ် လာရန် လုပ်ဆောင်ရာ၌ ခက်ခဲနေ ပေလိမ့်မည်။

“ လက်သီးနဲ့ ဓားကို ပေါင်းစပ်လိုက်ရုံပါ၊ ဒါက အမာနဲ့ အပျော့ကို ဖွဲ့စည်းခဲ့တဲ့ သဘောပဲ ”

ရှန်ရှင်း နယ်မြေ၏ သတ္တမအဆင့်သို့ ရောက်ရှိလာခြင်းသည် လင်းယွန်၏ ခွန်အားကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။ သို့သော် ဝိညာဉ်စွမ်းအင် သက်သက်ဖြင့်မူ သစ်ပင်ပင်စည်ကို မဖောက်နိုင်ချေ။

ပင်စည်၏ အပေါ်ယံအလွှာသည် ကြမ်းတမ်းမာကြောလှပြီး၊ အတွင်းပိုင်း ဖွဲ့စည်းပုံမှာပျော့ပျောင်းသော အလွှာများဖြင့် လိုက်လျော ညီထွေ ရှိအောင် ဖွဲ့တည် ထားလေသည်။ ဤသည်မှာ နက်နဲ သိုင်းသမား တစ်ယောက်ပင်လျှင် ၎င်းကို မထိုဖောက် နိုင်သည့် အကြောင်းရင်း ဖြစ်သည်။

နတ်ဘုရားပုံရိပ်ယောင်ဓားသည် နက်နဲသိုင်းသမား တစ်ယောက်၏ ခွန်အားနှင့် ယှဉ်နိုင်သော်လည်း၊ သစ်ပင်၏ ပင်စည်ကို ထိုးဖောက်ခြင်းမှာ မဖြစ်နိုင်မှာ သဘာဝကျ ပေသည်။

သို့သော် လက်သီးသည် ပြင်းထန်သော စွမ်းအင်ကို ကိုယ်စားပြုပြီး ဓားသည် နူးညံ့သော စွမ်းအင်ကို ကိုယ်စားပြု၏။ ထို့ကြောင့် မတူညီသော ချဉ်းကပ်နည်းကို ရွေးချယ် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

" အစ်ကိုလင်း၊ မင်းမှာ လျှို့ဝှက်ချက်တွေ ရှိနေခဲ့ပုံပဲ "

လီဝူယုက ပြုံးကာ ရေရွတ် လိုက်ပြီးနောက် ထိုကိစ္စများကို မကြာခင် မေ့ပျောက် သွားတော့သည်။

နောက်တစ်နေ့ နံနက်စောစောတွင် နေရောင်ခြည်သည် သစ်ရွက်များကို ဖြတ်၍ လင်းယွန်နှင့် လီဝူယု၏ မျက်နှာပေါ်သို့ ဖြာကျလာသည်။ လင်းယွန်က မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်၏။ ရာသီဥတုက သာယာလှပြီး၊ ကျေးငှက်သံများပင် မကြားရလောက်အောင် တိတ်ဆိတ်နေ၏။ ဤသည်မှာ သစ်တောအတွင်း ကောင်းသော လက္ခဏာ မဟုတ်ပေ။

" တစ်ခုခု မှားနေပြီ "

လီဝူယုသည်လည်း ယင်းအခြေအနေကို သဘောမကျဟန်ဖြင့် ထုတ်ပြောလာသည်။

"ဟိုမှာ ကြည့်စမ်း "

ကျီးနက်သားရဲတစ်ကောင်သည် မီတာ ရာဂဏန်း အကွာရှိ သစ်ကိုင်း တစ်ကိုင်းပေါ်တွင် ရပ်နားလျက် အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

" အဲဒါ သူပဲ "

လီဝူယုက လင်းယွန်ညွှန်ပြလာသော ကျီးနက်သားရဲကို မြင်လိုက်ရသည်နှင့် မိုချင်းယွင်အား ချက်ချင်း ပြန်သတိရလိုက်သည်။

ဝမ်နင်မှာ သူ့ကို ထပ်ပြီး ပစ်မှတ်ထားနေကြောင်း လင်းယွန်က သိလိုက်သည် ။ မနေ့က လီရွှမ်ရှင်း၏ သတိပေးချက်ကို ရုတ်တရက်ပြန်အမှတ်ရလာပြီး ငြိမ်သက်သွား၏။

'' ဒါဆို ဒီကောင်က နက်နဲနယ်ပယ်မှာရှိတဲ့ ကျင့်ကြံသူ အားလုံးကို ဆက်သွယ်ဖို့ ကြိုးပမ်းနေတယ်ဆို ဖြစ်နိုင်ချေရှိမယ် ထင်တယ် ''

" သွားကြရအောင် "

လင်းယွန်က နဂါးသွေးမြင်းပေါ်ကို ခုန်တက်လိုက်ပြီး လီဝူယုအား ဆွဲတင်လိုက်ဓ။ တောအုပ်အတွင်း တိတ်ဆိတ် ငြိမ်သက်မှုများအား နဂါးသွေးမြင်းမှ စတင်ဖျက်ဆီးလိုက်တော့သည်။ သို့သော် ရုတ်တရက် တောအုပ်အတွင်းမှ လူနှစ်ယောက် ထွက်ပေါ်လာပြီး လမ်းကို ပိတ်ဆို့လာသည်။

"ဟန် မို.... "

" ဟန် ဖန်း.... "

လီဝူယုက တအံ့တသြ ရေရွတ် လိုက်သည်။

" ကျေးဇူးပြုပြီး ငါတို့ကို အလင်းပြပါဦး "

ဟန်ညီ အစ်ကိုက ပြုံးရယ်လျက် ရေရွတ်လိုက်ပြီး သူတို့နှစ်ယောက်၏ သိုင်းဝိညာဉ်များကို ချက်ချင်း ခေါ်ယူလိုက်သည်။

သူတို့၏ နက်နဲ နယ်ပယ်တွင်ရှိသော ခွန်အားကြောင့် အရှိန်အဝါမှာ တုန်လှုပ်ဖွယ် အဆင့်သို့ ချက်ချင်း တက်လာခဲ့သည်။ သူတို့ရဲ့ ဓားရှည်များကို ခုတ်ပိုင်းလိုက်သည်နှင့်၊ ဓားရှည်များ နောက်ကွယ်မှ ကြီးမားသော စွမ်းအားသည် ဒီရေလှိုင်းများ ကဲ့သို့ နဂါးသွေးမြင်းဆီ ပြေးဝင် ပေါက်ကွဲသွားသည်။

လျင်မြန်စွာ နီးကပ်လာနေသော ဓားအလင်းရောင် နှစ်စထံမှ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

လင်းယွန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ နက်နဲနယ်ပယ် သိုင်းသမား နှစ်ယောက်ကို ရင်ဆိုင်ရလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှပင် မျှော်လင့်ထားခြင်း မရှိသော်လည်း မဆိုင်းမတွ လက်တုံ့ ပြန်မိသည်။

" မြင်းပေါ်က မြန်မြန်ဆင်း "

လင်းယွန်နှင့် လီဝူယုတို့မှာ ဒဏ်ရာ အနည်းငယ်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ နက်နဲ သိုင်းသမား နှစ်ယောက်ထံမှ အကြွင်းမဲ့ တိုက်ခိုက်မှုကို ၎င်းတို့ မရှောင်ရှားနိုင်ခဲ့ပေ။

ဟန်ညီအစ်ကိုက ဖုန်မှုန့်များ အတွင်းမှ ဖြည်းညှင်းစွာ ထွက်လာကြသည်။ သို့သော် သူတို့ မလှုပ်မရှားနိုင်မီ ခရမ်းရောင် ဓားအလင်းများဖြင့် ပစ်ခတ်ခံလိုက်ရရာ၊ နှစ်ယောက်သား ခုခံကာကွယ်ရန် ဓားရှည်များကို ချက်ချင်း ဝှေ့ယမ်း လိုက်သည်နှင့် ပေါက်ကွဲမှုများ ဖြစ်ပွားလာပြီး၊ နှစ်ဦးစလုံး လွင့်စင် သွားခဲ့သည်။

"သွားကြရအောင် "

လင်းယွန်က လီဝူယုကို ဆွဲယူပြီး၊ လမ်းကြောင်းပြောင်းကာ၊ အခြားတစ်ဘက်သို့ တဟုန်ထိုး ပြေးထွက် သွားလိုက်သည်။

" ငါ့နာမည်က ဖိန်းဟူယုပါ၊ ကျေးဇူးပြုပြီး ငါ့ကို အလင်းပေးပါဦး "

သို့သော် ရုတ်တရက် ကောင်းကင်မှ လူရိပ်တစ်ရိပ် ဆင်းသက်လာကာ၊ ပြေးလမ်းကို ပိတ်ဆို့ တိုက်ခိုက်လာသည်ကြောင့် ပြေးလွှားနေသော လင်းယွန်နှင့် လီဝူယုတို့ကို အံ့အားသင့် သွားစေသည်။ ဖိန်းဟူယုထံမှ လက်ဖဝါး တစ်ချက်ကို လက်ခံရရှိပြီး လီဝူယုမှာ သွေးများ အန်ကျ လာခဲ့သည်။ သူ့ကိုယ်တွင်း အင်္ဂါများကို ဖိအားတစ်ခုဖြင့် အစိတ်စိတ် အမြွှာမြွှာ ခွဲနေခဲ့သလို ခံစားလိုက် ရသည်။ နာကျင်မှုကို တုံ့ပြန်လိုမှုဖြင့် အေးစက်သော လေအား ရှူသွင်းလိုက်ပြီး မတ်တပ်ရပ်ရန် ကြိုးစားလိုက်သည်။

“ အရမ်း အားနည်းတယ် ”

ဖိန်းဟူယုက လှောင်ပြောင် ရေရွတ်လိုက်ပြီး၊ လီဝူယုကို ထပ်မံ တိုက်ခိုက်ရန် ရှေ့တိုး လာသဖြင့်၊ လင်းယွန်က ကြားဖြတ် ဟန့်တား တိုက်ခိုက်လိုက်သည်။

ဖိန်းဟူယု က၊

" မင်းက သေမင်းကို ဖိတ်ခေါ် ချင်နေတာပဲ "

ဟု ကြိမ်းဝါးကာ တုန့်ပြန် လိုက်သော်လည်း၊

"ထွက်သွားစမ်း "

လင်းယွန်၏ လက်သီးချက်ကြောင့် ဖိန်းဟူယုမှာ လွင့်စင်သွားသည်။ ယင်းနောက် သစ်ပင်များနှင့် တိုက်မိကာ ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်ပြီး သွေးအန်ခြင်းဖြင့် ရပ်တန့် သွားလေသည်။

ပတ်ဝန်းကျင်တွင် ရန်သူမည်မျှ ရှိနေသည်ကို မခန့်မှန်းနိုင် သောကြောင့် လီဝူယုကို သူ့နောက်ကျော၌ ထမ်းကာ ဆက်လက်ပြေး လွှား သွားခဲ့သည်။

" ဘာတွေ ရှုပ်နေကြတာလဲ မနက် အစောကြီး ”

တိုက်ပွဲများဆီမှ ပေါက်ပွဲသံများကြောင့် တောအုပ် အတွင်းထဲရှိ လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။ နက်နဲနယ်ပယ် သိုင်းသမားများကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုများသည် မည်သူ တစ်ဦး တစ်ယောက်၏ အာရုံခံ ထောက်လှမ်းမှုများမှ မလွတ်ကင်း နိုင်ပေ။

လင်းယွန်၏ နောက်ကျောဆီမှ ဒုန်ဆိုင်း စီးလာနေသော မြင်းခွာသံများ ကြားနေရသည်။

ဝမ်နင်က လင်းယွန်ကို မြင်သည်နှင့် ရယ်မောလိုက်၏။ ထို့နောက် အပြေးအလွှား လိုက်ပါ စူးစမ်း နေခဲ့ကြသော လူအုပ်ကြီး ထံသို့ ကြည့်လိုက်ကာ၊ အော်ဟစ်မောင်းထုတ် လိုက်လေသည်။

" ငါက ဝမ်နင်၊ ဒီကိစ္စနဲ့ မသက်ဆိုင်တဲ့ ဘယ်သူမဆို အခု ချက်ချင်း ထွက်ခွာကြပါ၊ မဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရင်ဆိုင်ရလိမ့်မယ်။ ''

***

All Chapters