ကောင်းကင်ရတနာများ၏ ပေါင်းစည်းမှု
Vol. 60 Ch. 802
ချင်မူက အတွေးများကို တည်ငြိမ်အောင် လုပ်လိုက်ပြီး ချီစွမ်းအင်ဖြင့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို စုစည်းကာ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်လိုက်သည်။
ဤသည်မှာ ကောင်းကင်နတ်အရှင်ယွီဆီမှ သူ နားလည်ခဲ့သော သဘောတရားဖြစ်သည်။ ကောင်းကင်နတ်မြစ်ဖွင့်ရာ၌ အခက်ခဲဆုံးအပိုင်းသည် ကောင်းကင်နန်းဆောင်နှင့် မည်သို့ဆက်သွယ်ရမည်နည်း ဆိုသည့်မေးခွန်းပင် ဖြစ်၏။
သူ့ခွန်အားတစ်ခုတည်းဖြင့် မည်သို့မျှ မဖြစ်နိုင်ပေ။ ချင်မူကဲ့သို့ သန်မာအားကောင်းပြီး ချီစွမ်းအင် သိပ်သည်းသည့် လူတစ်ယောက်ပင် မလုပ်နိုင်လျှင် သေခြင်းရှင်ခြင်းအဆင့် အခြားသိုင်းပညာရှင်များအနေဖြင့် မေ့သာထားရလိမ့်မည်။
ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားဖြင့်သာ ဟင်းလင်းပြင်ဗလာနတ္ထိမှ တစ်စုံတစ်ခု ဖန်တီးနိုင်မည်။ ကောင်းကင်နန်းဆောင်များနှင့် ကောင်းကင်ရတနာများတစ်လျှောက် ဖြတ်စီးနေသော ကောင်းကင်နတ်မြစ်ကို ဖွဲ့တည်နိုင်မည်။
လူတစ်ယောက်၏ စွမ်းအားသည် အကန့်အသတ်တစ်ခု ရှိပါသော်လည်း ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားက အတိုင်းအဆမဲ့သည်။ ဥပမာ ကောင်းကင်နတ်အရှင်ယွီ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ဖွင့်ခဲ့စဉ်အခါက သူ့တွင် သိုင်းအခြေခံမရှိခဲ့ပေ။ ချီစွမ်းအင်ကလည်း အားနည်းပြီး သာမန်သိုင်းသမားတစ်ယောက်အဖြစ်သာ သတ်မှတ်နိုင်ခဲ့သည်။
သို့တိုင်အောင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ငှားယူပြီးနောက်တွင် သူသည် သူ၏ခန္ဓာကိုယ်ထဲရှိ ဗလာနတ္ထိဟင်းလင်းပြင်ထဲတွင် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ ဖွင့်လှစ်နိုင်ခဲ့ကာ ဝိညာဉ်စင်မြင့် တည်ဆောက်၍ ဝိညာဉ်သန္ဓေသားကို ဖော်ဆောင်နိုင်ခဲ့၏။
သူသာ သိုင်းအခြေခံတစ်ခုတည်းကိုသာ အားကိုးလျှင် ကောင်းကင်နတ်အသွင်အဆင့်နှင့် ညီမျှသော စွမ်းအား အနည်းဆုံး ရှိနေရလိမ့်မည်။ ထို့အပြင် ဖန်ဆင်းပညာကလည်း ထိပ်ဆုံးအဆင့်သို့ ရောက်နေရမည်။ သို့တိုင်အောင် အောင်မြင်နိုင်ခြေ မမြင့်မားပေ။
ချင်မူက ကောင်းကင်နှင့်မြေပြင်ဆီမှ စွမ်းအားများစွာ ငှားယူနေသဖြင့် လေထုမှာ ကြောက်မက်ဖွယ်ရာ ကောင်းလာသည်။ စံအိမ်၏အပေါ်၌ လေဝဲဂယက်တစ်လုံး သောင်းကျန်းတိုက်ခတ်နေပြီး အားလုံး၏ခြေထောက်အောက်တွင်လည်း ပြန့်ကားလာနေသော အမှောင်ဝဲဂယက်နောက်တစ်ခု ရှိနေသည်။
ကောင်းကင်နတ်အရှင်ယွီ၏ ခေါင်းအနောက်ရှိ ကောင်းချီးများကို လေ့လာနေကြသူများမှာ ချင်မူ့ခန္ဓာကိုယ်၏ မူမမှန်သော သဘာဝများနှင့် အသားကျနေပြီဖြစ်သော်လည်း ဤဖြစ်ရပ်တွင် တစ်ခုခုထူးခြားနေကြောင်း သတိထားမိသွားကြ၏။
ယခင်က ချင်မူသည် ကောင်းကင်ရတနာမျိုးစုံ ဖွင့်လှစ်ရန် ကောင်းကင်နှင့် မြေပြင်ဆီမှ စွမ်းအားကို မကြာခဏ ငှားယူခဲ့ဖူး၏။ ပထမဆုံးအကြိမ်တုန်းက သူတို့အားလုံး အံ့အားသင့်ခဲ့ကြသော်လည်း တဖြည်းဖြည်း နေသားကျလာခဲ့သည်။ အလွန်ဆုံး သူ့ကို ဆူကြရုံသာ ရှိခဲ့ကြ၏။
သို့သော် ဤတစ်ကြိမ်တွင် လေဝဲယက်သည် ယခင်အခေါက်များထက် လျင်မြန်စွာ ပြန့်ကားလာနေ၏။ ၎င်းက စံအိမ်ဝင်းထက် လျင်မြန်စွာ ကျော်သွားပြီး လမ်းများကိုပင် လွှမ်းမိုးထားချေပြီ။
နန်းစိုက်မြို့တော်၏ အစောင့်တပ်ဖွဲ့မှာ အလန့်တကြား ဖြစ်သွား၍ နန်းစိုက်မြို့တော်ထဲတွင် မိစ္ဆာအိုကြီးတစ်ကောင် သောင်းကျန်းနေသည် ထင်ကာ စစ်သည်များ စေလွှတ်စုံစမ်းစေသည်။
ဧကရာဇ်ယန်ဖုန်းက သူတို့ကို ပြန်လွှတ်လိုက်သည်။ “ဒါ ဝန်မင်းချင်ကြောင့် ဖြစ်နေတာ”
အစောင့်များ နားလည်သွားပြီး မိစ္ဆာနှိမ်နင်းတပ်သားများကို နောက်ပြန်ဆုတ်စေရင်း ပြောလိုက်၏။ “အဲဒါ ဝန်မင်းချင်၊ ဟိုမိစ္ဆာအိုကြီးပဲ”
မြေပြင်ပေါ်ရှိ အမှောင်ဝဲဂယက်သည်လည်း ပြန့်ကားနေဆဲ ဖြစ်ကာ နန်းတွင်းကောလိပ်ဆီသို့ ရောက်ရှိသွားသည်။ မြို့တော်၏ တစ်ဝက်အထိပင် ကူးစက်ပျံ့နှံ့နေသဖြင့် ပြည်သူပြည်သားများ စိုးရိမ်ထိတ်လန့်လာကြတော့သည်။
သူတို့မှာ အမှောင်ထဲ လျှောက်သွားလျှင် ပြုတ်ကျသွားမှာ ကြောက်နေကြသော်လည်း မပြုတ်ကျကြောင်း မြင်သည့်အခါမှ အနည်းငယ် စိတ်သက်သာသွားကြ၏။
လမ်းမပေါ်တွင် ကစားနေသော ကလေးများမှာ သူတို့ခြေထောက်အောက်၌ ပြန့်ကားနေသော အမှောင်ထုကို မြင်လျှင် ကြောက်လန့်တကြား အော်ဟစ်ကြသည်။ မိခင်များက အလျင်အမြန် ပြေးလာကြပြီး ကလေးများကို ချီ၍ အိမ်ထဲ ဝင်ကာ တံခါးများစေ့နေအောင် ပိတ်ထားကြလေသည်။
နန်းစိုက်မြို့တော်ထဲရှိ အိမ်အတော်များများဆီမှ ကလေးငိုသံများနှင့် မိဘတို့၏ ဆူနေသံများ ကြားရသည်။ “ဆက်ငိုနေရင် အစွယ်ကြီးတွေနဲ့ အစိမ်းရောင်မျက်နှာမိစ္ဆာတွေ ခုန်ထွက်လာပြီး ခေါ်သွားလိမ့်မယ်”
ကောင်းကင်ထက်ရှိ လေဝဲဂယက်မှာ အလင်းတန်းများဖြင့် ဖွဲ့စည်းနေခြင်း ဖြစ်၍ ထိုမျှကြောက်စရာမကောင်းပေ။ ၎င်းလည်း တရှိန်ထိုး ပြန့်ကားလာနေပြီး လေဝဲဂယက်၏အောက်၌ မိုးကြိုးလျှပ်စီးများ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်လျက် ဝင်းဝင်းလက်နေကြသည်။
နောက်ဆုံးတော့ ဤဝဲဂယက်ကြီးနှစ်ခုသည် နန်းစိုက်မြို့တော်ကို အလယ်၌ ညှပ်ထားလိုက်ချေပြီ။ လေပြင်းများက တဝေါဝေါ တိုက်ခတ်လျက် မိုးကြိုးတန်းများနှင့်အတူ ချင်မူ၏အိမ်ဆီသို့ ပစ်ချနေသည်။
ဤအချိန်တွင် ဝဲဂယက်ကြီးနှစ်ခုက ရုတ်တရက် လှုပ်ခါသွားပြီး မြေကြီးဆီမှ အနက်ရောင်အလင်းတိုင်လုံးကြီးတစ်လုံး ထိုးထွက်လာသည်။ ကောင်းကင်ဆီမှ အလွန်တောက်ပနေသော အလင်းတိုင်လုံးကြီးတစ်လုံးလည်း ဆင်းသက်လာကာ အတူထိတိုက်သွား၏။
လေဝဲဂယက်ကြီးနှစ်ခု လျင်မြန်စွာ လည်ပတ်နေသည်နှင့်အမျှ အလင်းတိုင်လုံးကြီးနှစ်လုံးလည်း တောက်ပသည်ထက် တောက်ပလာပြီး မှောင်သည်ထက် မှောင်လာသည်။
အလင်းတိုင်လုံးကြီးနှစ်လုံး ဝင်တိုက်သွားသော နေရာ၏အလယ်တွင် ချင်မူက ကောင်းကင်နှင့်မြေကြီးဆီမှ စွမ်းအားများကို သူ၏ကိုယ်ထဲ၌ စုဝေးနေသည်။ စွမ်းအားတို့သည် သူ၏မျက်ခုံးနှစ်ဖက်ကြား၌ စုစည်းလာပြီး သူ့လက်များက မုဒြာလက်ကွက်မျိုးစုံ ပြောင်းလဲနေ၏။ ရုတ်တရက် သူ၏ကျောနောက်မှ လက်များစွာ ထပ်ထွက်လာကာ မုဒြာလက်ဟန်များနှင့်အတူ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွင့်လှစ်နေကြသည်။
ထိုစည် ချင်မူ မှင်သက်သွားသည်။ အဝေးမှ လာနေသော ဆန်းကြယ်စွမ်းအားတစ်ရပ်ကို သူ ခံစားလိုက်ရလေသည်။
ဤစွမ်းအားမျိုးသည် ကောင်းကင်နတ်မြစ်အစစ်ဆီမှ ဖြစ်ဟန်တူပြီး မာန်ဟုန်ပြင်းပြင်း စီးဆင်းလျက် နက်ရှိုင်းကျယ်ပြန်သည့်အလား ထင်ရသည်။
ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားသည်။ စွမ်းအားက တောင်ဘက်မှ လာနေကာ ထိုနေရာသည် မာန်ဟုန်မြစ်ရှိသည့်ဘက် ဖြစ်၏။
‘မာန်ဟုန်မြစ်က ကောင်းကင်နတ်မြစ်လား”
ချင်မူက မုဒြာလက်ဟန်များ ဖော်ဆောင်ရင်း စွမ်းအား၏ အရင်းအမြစ်ကို လိုက်ရှာနေသည်။ သူ၏အသိစိတ်အလျဉ်က စွမ်းအားလာနေရာဘက်သို့ တရှိန်ထိုး လိုက်သွားလေသည်။
ချိဧကရာဇ်ဆီမှ အမွေရရှိခဲ့သည့်အတွက် ချင်မူ၏အသိစိတ်အလျဉ်က တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် သန်မာအားကောင်းသည်။ ထာဝရနတ်ဘုရားအသိစိတ်အလျဉ် ဆိုသည့်အတိုင်း အလွန်အကြမ်းခံသည်။ ဝေးလံသော နေရာများဆီသို့ သွားနိုင်၏။
ချိဧကရာဇ် ချိမင်ရွှမ်ခုံးကမ္ဘာတွင် သေဆုံးခဲ့စဉ်အခါက သူ၏အသိစိတ်အလျဉ်မှာ မသေခဲ့ပေ။ တစ်စိတ်တစ်ပိုင်းက စကြဝဠာထဲတွင် လွင့်မျောနေခဲ့ကာ မင်ဧကရာဇ်၏ ရှာတွေ့ခြင်း ခံခဲ့ရသည်။ ထိုမှတစ်ဆင့် ချိမင်ရွှမ်ခုံးကမ္ဘာ ဖြစ်တည်လာခဲ့သည်။
ဤအခြင်းအရာအရ ထာဝရနတ်ဘုရားအသိစိတ်အလျဉ် မည်မျှသန်မာကြောင်း မြင်နိုင်ပေသည်။
မကြာမီ ချင်မူ၏အသိစိတ်အလျဉ်သည် မိုင်ထောင်ချီ ခရီးနှင်လျက် အရှိန်ပြင်းပြင်း စီးဆင်းနေသော မြစ်ကြီးတစ်စင်းကို မြင်တွေ့လိုက်ရ၏။ ရေမြေအနေအထားနှင့် ပတ်ဝန်းကျင်အရ မာန်ဟုန်မြစ် ဖြစ်ချေသည်။
‘မာန်ဟုန်မြစ်က ကောင်းကင်နတ်မြစ်ပဲ... ငါ့ရဲ့နောက်ကနေ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ ဖန်တီးမယ့်သူတွေအတွက် အများကြီး လွယ်ကူသွားလိမ့်မယ်’
ချင်မူ ဝမ်းသာသွားသည်။ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာက အကောင်းဆုံး သတ္တမမြောက် ကောင်းကင်ရတနာဖြစ်သည်ဟု သူ ခံစားရ၏။ သို့ပါသော်လည်း ကောင်းကင်နှင့်မြေကြီးဆီမှ စွမ်းအားကိုသာ ငှားယူလျက် ကောင်းကင်ရတနာဖွင့်လျှင် ကောင်းကင်နတ်သိုင်းပညာရှင်အများစု သေဆုံးရလိမ့်မည်။ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ ဖွင့်နိုင်သူ များစွာရှိမည်မဟုတ်ပေ။
‘ကံကောင်းလို့ မာန်ဟုန်မြစ်က ကောင်းကင်နတ်မြစ် ဖြစ်နေတယ်... သူတို့ မာန်ဟုန်မြစ်ဆီ တန်းသွားပြီး မာန်ဟုန်မြစ်ရဲ့စွမ်းအား ငှားယူလိုက်တာနဲ့ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွင့်နိုင်လိမ့်မယ်... ငါ့လောက် မခက်တော့ဘူး’
ချင်မူ အသိစိတ်အလျဉ်ကို ပြန်ရုတ်သိမ်းရန် ပြင်လိုက်စဉ် ကြက်သေသေသွား၏။ သူ၏ထာဝရနတ်ဘုရားအသိစိတ်အလျဉ်က မြစ်ပေါ်၌ လွင့်မျောနေသော မြူခိုးများကို ‘မြင်’လိုက်ရလေသည်။
ချင်မူက အသိစိတ်အလျဉ်ကို ကပျာကယာ ရပ်၍ မြူထဲ၌ ရပ်နေသော အမျိုးသမီးတစ်ယောက်ဆီသို့ ‘လှမ်းကြည့်’ လိုက်သည်။
ထိုအမျိုးသမီးသည် အလွန်ရှေးကျသော ရိုးရိုးရှင်းရှင်း အဝတ်အစားများကို ဝတ်ဆင်ထား၏။ ကျားသစ်ကွက် စကပ်၊ အင်္ကျီအတိုနှင့် မြက်ဖိနပ်များ ဝတ်ထားသည်။ သူမခေါင်းတွင်မူ မက်မွန်သစ်သားဆံထိုးတစ်လက် ရှိနေသည်။
“ကောင်းကင်နတ်အရှင်လင်...”
ချင်မူ မှင်သက်သွားပြီး ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို လှုပ်ရှားစေလိုက်ကာ မြစ်ပေါ်ရှိ အမျိုးသမီးနောက်သို့ လိုက်သွားစေသည်။
သူ၏အသိစိတ်အလျဉ်သည် မြူခိုးများအတွင်း ဝင်ရောက်ပြီး လျင်မြန်စွာ ဖြတ်သန်းသွား၏။ မြူခိုးထဲရှိ အမျိုးသမီးက သူ့ဆီမှ ဝေးကွားနေသည့်အလား ထင်ရသည်။ သူ့အသိစိတ်အလျဉ် မည်မျှပျံသန်းစေကာမူ လိုက်မမှီပေ။
မာန်ဟုန်မြစ်၏ ဘေးနှစ်ဖက်ရှိ တောင်တန်းများ ပြောင်းလဲနေပြီး သစ်ပင်များ ညှိုးနွမ်းခြောက်သွေ့နေသည်ကို ချင်မူ ‘မြင်’လိုက်ရသည့်အခါ သဘောပေါက်သွား၏။
တောင်တန်းများ ပြောင်းလဲပြီး သစ်ပင်များ ညှိုးနွမ်းနေသည်မှာ အမှန်တွင် သမိုင်းပုံရိပ် ဖြစ်သည်။ မာန်ဟုန်မြစ်က မပြောင်းလဲသွားဘဲ ပတ်ဝန်းကျင်သည် ပင်လယ်ပြာကြီးမှ ပိုးစာခင်းဖြစ်သွားသကဲ့သို့ ပြောင်းလဲသွား၏။ မြေကြီးထဲ နစ်ဝင်သွားသော တောင်တန်းများ၊ မြေပြင်ထက် မြောက်တက်လာသည့် တောင်တန်းများလည်း ရှိနေသည်။
သစ်ပင်များသည် ငယ်ရာမှ အိုမင်းလာကြပြီးနောက် အပင်ပေါက်များ အဖြစ်သို့ ပြန်လည်ရောက်ရှိ၍ မျိုးစေ့များ ပြန်ဖြစ်ကုန်ကြ၏။
သူ၏အသိစိတ်အလျဉ်က ပျံသန်းနေခြင်းမဟုတ်ပေ။ အမှန်တွင် ဘယ်သောအခါမှ မရွေ့လျားခဲ့ခြင်း ဖြစ်သည်။
ဤဆန်းကြယ်သော ကောင်းကင်နတ်သိုင်းသည် ကောင်းကင်နတ်အရှင်လင် တွေးခေါ်ခဲ့သော ‘ဒြပ်ဝတ္ထုတို့သည် ပြောင်းလဲခြင်းမရှိ’ ဟူသည့် ကောင်းကင်နတ်သိုင်းမျိုးကို အမှတ်ရစေ၏။
မာန်ဟုန်မြစ်၏ ဘေးနှစ်ဖက်ရှိ ရှုခင်းများက ထူးဆန်းသည်ထက် ထူးဆန်းလာသည်။ နတ်ဘုရားတို့၏ ပုံရိပ်သဏ္ဍာန်များ အရိုးစုများမှ အလောင်းမျာ ဖြစ်လာကြသည်။ မြေပြင်တွင် လဲနေရာမှ မတ်တပ်ထရပ်ပြီး တိုက်ခိုက်နေကြချေပြီ။
အတိတ်ခေတ်၏ ပုံရိပ်များ ဖြတ်ပြေးနေသကဲ့သို့ သမိုင်းများကို မာန်ဟုန်မြစ်၏ ဘေးနှစ်ဖက်တွင် ချင်မူ ‘မြင်’နေရသည်။ သူ၏အသိစိတ်အလျဉ်မှာ နောက်မှ လိုက်ရန် ခက်ခဲသည်ထက် ခက်ခဲလာကြောင်း သတိထားမိပြီး ဘေးနှစ်ဖက်ရှိ ရှုခင်းများသည်လည်း ရှေးကျသည်ထက် ရှေးကျလာ၏။
“ကောင်းကင်နတ်အရှင်လင်”
သူ့အသိစိတ်အလျဉ်က တရှိန်ထိုး သွားနေရင်း မြူထဲရှိ မိန်းကလေးကို လှမ်းခေါ်နေသည်။
သို့သော် မိန်းကလေးက သူ့အသံကို မကြားနိုင်ပေ။
ရှုခင်းများသည် ရှေးကျသထက် ရှေးကျလာပြီးနောက် ရုတ်တရက် မြင့်မားထည်ဝါသော မုခ်ဝကြီးတစ်ခုက အပျက်အစီးများထဲမှ ထွက်ကာ ထောင်မတ်နေသည်။
ယင်းကား တောင်ကောင်းကင်မုခ်ဝပင်။
ထို့နောက် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် ခံ့ညားတင့်တယ်သော ကောင်းကင်နန်းဆောင်တစ်ခုလည်း ထွက်ပေါ်လာနေကြောင်း သူ မြင်လိုက်ရသည်။ မာန်ဟုန်မြစ်က ဤကောင်းကင်နန်းဆောင်နှင့်အတူ မြောက်တက်လာပြီး အထက်ကောင်းကင်ဘုံကိုးဆင့်ဆီသို့ ပျံတက်သွား၏။
ချင်မူ၏အသိစိတ်အလျဉ်မှာ တတ်နိုင်သည့် နောက်ဆုံးအတိုင်းအတာသို့ ရောက်သွားသဖြင့် အားကုန်အော်ဟစ်လိုက်သည်။ “ကောင်းကင်နတ်အရှင်လင်”
ရုတ်တရက် မြူများ ကျဲပါးလွင့်ပျယ်သွားကာ အရာအားလုံး ပြတ်သားလာသည်။ ချင်မူ၏အသိစိတ်အလျဉ်မှာလည်း ပင်ပန်းနွမ်းနယ်သွား၍ တစတစ မှေးမှိန်လာသည်။
သူ့အသိစိတ်အလျဉ် အားအင်ကုန်ခမ်းသွားသည့်အခိုက်အတန့်မှာပင် ကောင်းကင်နတ်မြစ်အပေါ်၌ ရပ်နေသော ထိုမိန်းကလေးသည် တစ်စုံတစ်ခု ကြားလိုက်ရဟန်တူ၏။ သူမက သူ့အသိစိတ်အလျဉ် ရှိသော နေရာဆီ လှမ်းကြည့်ကာ အံ့အားသင့်သွားသည်။ “ကောင်းကင်နတ်အရှင်မူ ရှင်လား... ကောင်းကင်နတ်အရှင်မူ”
ချင်မူ၏အသိစိတ်အလျဉ် ပြိုကွဲသွားသည်။
“ရှင် ချုံဧကရာဇ်ခေတ်မှာ မဟုတ်ဘူးပေါ့... ကျွန်မ လာရှာတာကို စောင့်နေပါ....” ကောင်းကင်နတ်အရှင်လင်၏ အသံ ထွက်ပေါ်လာသည်။
ဘုန်း
ချင်မူ့နားဘေးတွင် ပေါက်ကွဲသံကြီးများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ သူ မျက်လုံးဖွင့်လိုက်သည့်အခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ စံအိမ်ထဲတွင်သာ ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက တဝေါဝေါ စီးဆင်းနေပြီး ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များတစ်လျှောက် ဖြတ်စီးနေသော ကောင်းကင်နတ်မြစ်ကို ဖွဲ့တည်နေသည်။
ကောင်းကင်နတ်မြစ်သည် ရုပ်လုံးပေါ်လာပြီးနောက် ပုံရိပ်အသွင်မှ အကောင်အထည် ရှိလာ၏။
ဤကောင်းကင်ရတနာသည် ကောင်းကင်နန်းဆောင်ဆီမှ အစပြု၍ ကောင်းကင်ထက်မှ စီးဆင်းလာခြင်း ဖြစ်၏။ ၎င်းက နေ၊ လနှင့် ဓာတ်ကြီးငါးပါးကြယ်တာရာများကို ဖြတ်သန်းရင်း သစ်ပင်သန္ဓေကောင်းကင်တံတားဆီသို့ စီးကျလာသည်။ မြစ်ကြီးသည် အရှိန်ပြင်းပြင်း စီးနေသော ရေများကို သယ်ဆောင်လျက် သစ်ပင်သန္ဓေကို လှည့်ပတ်ပြီးနောက် ချင်မူ့မူလဝိညာဉ်၏ ခေါင်းအနောက်သို့ သွားကာ စက်ဝန်းသဏ္ဍာန် လှည့်ပတ်ဖွဲ့တည်၏။ ထို့နောက် အရပ်ခြောက်မျက်နှာမြေပြင်ထဲ စီးဆင်းသွားပြီး သေခြင်းရှင်ခြင်းကောင်းကင်ရတနာမှတစ်ဆင့် ယိုတု၏အမှောင်ထဲသို့ ဝင်ရောက်သွားလေသည်။
ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို သူ စုပ်ယူလိုက်သဖြင့် အမှောင်ဝဲဂယက်နှင့် အလင်းဝဲဂယက်မှာ တစတစ သေးငယ်လာသည်။
တခဏကြာသော် ဝဲဂယက်နှစ်ခုလုံး ပျောက်ကွယ်သွားသည်နှင့် လှိုင်းပုတ်သံများ ထွက်ပေါ်လာ၏။ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာက သူ့ကိုယ်ထဲတွင် သံသရာလည်နေသော စနစ်တစ်ခုကို ဖော်ဆောင်ထားကြောင်း ချင်မူ တမုဟုတ်ချင်း ခံစားလိုက်ရသည်။
ယိုတုထဲသို့ စီးဆင်းပျောက်ကွယ်သွားသော ကောင်းကင်နတ်မြစ်က ကောင်းကင်နန်းဆောင်တွင် ပြန်ပေါ်လာပြီး အောက်သို့ ပြန်လည်စီးကျသည်။ ဤသို့ သံသရာလည်နေ၏။
‘မာန်ဟုန်မြစ်ပေါ်မှာ ကောင်းကင်နတ်အရှင်လင်ကို တွေ့လိုက်ရတယ်’
ချင်မူ အနည်းငယ် ငေးငိုင်နေပြီး သူ့စိတ်သူ တည်ငြိမ်အောင် မထိန်းနိုင်ပေ။ ‘ချုံဧကရာဇ်ကောင်းကင်နတ်ဘုံကိုလည်း မြင်လိုက်ရတယ်... ကောင်းကင်နတ်အရှင်လင်က ချုံဧကရာဇ်ကောင်းကင်နတ်ဘုံမှာ ဘာလုပ်နေတာလဲ’
ဖြောင်း
ချင်မူမှာ ခေါင်းကို အရိုက်ခံလိုက်ရသဖြင့် ခေါင်းတွင် ဘုသီးထသွားသည်။ တန်ခိုးရှင်သစ်ခုတ်သမားက အလိုမကျသော လေသံဖြင့် ဆူသည်။ “ခွေးကောင်လေး၊ မင်းကြောင့် မြို့ထဲက ကလေးတွေ ကြောက်လန့်ပြီး ငိုယိုနေရတာတောင် မင်းက ငေးကြောင်နေသေးတယ်လား... ငါ့တပည့်မလို့သာပေါ့... မင့်အကြောင်းသာ ငါ မသိရင် မင်းကို မိစ္ဆာအဖြစ် နှိမ်နင်းပြီးတာ ကြာနေပြီ”
ချင်မူ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး အဝိုင်းခံရထားကြောင်း မြင်လိုက်ရသည်။ ကောင်းကင်ဆရာသခင်များ၊ လူသားဧကရာဇ်ဟောင်းများ၊ အဘွားစစ်၊ ရသေ့အိုများ၊ ရသေ့ပျိုများ၊ ဘုန်းကြီးများအားလုံး ဤနေရာတွင် ရှိနေကြ၏။ သိကြားဗုဒ္ဓလည်း ဖူးယောင်နေသော မျက်နှာဖြင့် ရောက်နေသည်။ တိရီယွဲ့နှင့် ကောင်းကင်နတ်မင်းတျန်းရှုလည်း ရှိသည်။
အမှောင်ခြုံထည်ကို လွှားခြုံထားသော လူတစ်ယောက်ကိုလည်း တွေ့မြင်ရ၏။ ထိုလူက ဖုန်းတု၏ ယမမင်းပင်။
ချင်မူမှာ စိတ်ထဲတွင် အတော်လေး လှုပ်ခတ်သွားကာ သက်ပြင်းချလိုက်မိသည်။ သူက ပြုံးလိုက်ပြီး ပြောသည်။ “တော်သေးတာပေါ့ ကျွန်တော် အားလုံးရဲ့ မျှော်လင့်ချက်တွေကို စိတ်မပျက်စေမိလို့... နှစ်ဆယ့်ခြောက်မျိုးမြောက် ကောင်းကင်ရတနာကို ကျွန်တော် ဖွင့်လှစ်ပြီးပြီ”
“ငါ ဖျက်စီးပေးမယ်” လယ်သမားအိုကြီးက လက်သီးဆုပ်ကြီးနှင့်အတူ လျှောက်လာသည်။
ချင်မူ ကမန်းကတန်း ပြောလိုက်၏။ “နေပါဦး”
ဝှစ် ဝှစ် ဝှစ်
လက်များက လယ်သမားအိုကြီး၏ပခုံးကို ဖိလိုက်ကြသည်။ ဧကရာဇ်ယန်ဖုန်း၊ ဧကရာဇ်အတိုင်ပင်ခံ၊ အဘွားစစ်နှင့် သားသတ်သမားတို့က သူ့ကို အရင်ချုပ်လိုက်ကြသော်လည်း သူတို့သာ လွင့်ထွက်ကုန်လေသည်။
ထို့နောက် သစ်ခုတ်သမားနှင့် တံငါသည်က လှုပ်ရှားလိုက်သော်လည်း လွင့်ထွက်သွားကြသည်။ သိကြားဗုဒ္ဓ လက်လှမ်းလိုက်သည့်အခါ မြင့်းမိုရ်တောင်၏ ပုံရိပ်အသွင်နှင့် ကောင်းကင်ဘုံအဆင့်နှစ်ဆယ်က လယ်သမားအိုကြီး၏ ခေါင်းအပေါ်သို့ ဖိချလိုက်၏။
တျန်းရှုက ဓားမကို ဆွဲထုတ်ကာ လယ်သမားအိုကြီး၏ လည်မျို၌ ရွယ်ထားသည်။ တိရိယွဲ့ကလည်း မင်တုကောင်းကင်မုခ်ဝဖြင့် သူ့ကျောနောက်မှ ဖိထားသည်။
လယ်သမားက သရော်တော်တော် ပြောသည်။ “ကောင်းကင်နတ်မင်းလေးပါးစလုံး မစုံသေးတာတော့ မပြောလိုပေမယ့် မင်းတို့အားလုံး ပူးပေါင်းရင်တောင် ငါ့ကို မနိုင်ပါဘူး... ငါတို့ ကောင်းကင်ဆရာသခင်လေးယောက်က မင်းတို့ ကောင်းကင်နတ်မင်းလေးပါးကို ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး”
စာပေသမားက ယပ်တောင်ကို ညင်ညင်သာသာ ခတ်ကာ အပြုံးတစ်ခုဖြင့် ပြောသည်။ “ကွမ်းချာ၊ မူအာက နေပါဦးလို့ ပြောတယ်လေ... မင်း ဘာတွေ အလျင်လိုနေတာလဲ”
“ဟုတ်ကဲ့ အစ်ကိုသုံးစကား နားထောင်ပါ့မယ်... သူ ပြီးမှပဲ သူ့ကောင်းကင်ရတနာကို ဖျက်စီးပေးမယ်”
ချင်မူမှာ စိတ်သက်သာရာရသွားကာ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ဒီကောင်းကင်နတ်မြစ်ကောင်းကင်ရတနာက ကျွန်တော် ရှာတွေ့တဲ့အထဲမှာ အကောင်းဆုံးကောင်းကင်ရတနာပဲ... ဒါက ကောင်းကင်ရတနာတွေကို ပေါင်းစည်းပေးနိုင်တာမလို့ ကောင်းကင်တံတားကောင်းကင်ရတနာထက်တောင် ပိုကောင်းသေးတယ်...”