အရင်းအမြစ် ပေးအပ်ခြင်း။
Vol. 14 Ch. 192
"အစ်ကိုလင်း၊ သူ ဘယ်လောက် သန်မာတယ် ထင်လဲ"
လီဝူယုက ပြုံးပြကာ တုန်လှုပ် သွားဟန် တူသည်။
"ဘာဖြစ်လို့ မေးတာလဲ "
လင်းယွန်က လီဝူယု၏ အမူ အရာကြောင့် မျက်မှောင် ကြုတ်ပြီး ပြန်မေး လိုက်သည်။
" ဘာမှ မဟုတ်ပါဘူး၊ ငါသိချင်ရုံပါ "
ကူကယ်ရာမဲ့ ဟန်ဖြင့် လီဝူယုက ပြန်ဖြေ လာသည်။
လင်းယွန်က လေးနက်သော လေသံဖြင့် ပြန်မဖြေမီ အနည်းငယ် စဉ်းစားလိုက်ပြီး၊
"သူက ငါတို့ကို လက်တစ်ချောင်းတည်းနဲ့ အလွယ်တကူ သတ်ပစ် နိုင်တယ်"
အဘိုးအို၏ ဖုံးကွယ်ထားသော အရိပ်အယောင်ကြောင့် အကဲမခတ် နိုင်ခဲ့ပေ။ ဓားနန်းတော်၏ အကြီးအကဲ များမှာ ကြောက်မက်ဖွယ် ကောင်းသော်လည်း ဤအဘိုးအိုသည် ၎င်းတို့ထက် ပို၍ သန်မာသည်ဟု သူခံစား နိုင်သည်။
ယင်းအဘိုးအိုသည် ဘိုင်တင်းနှင့် လျိုဖန်း တို့ကဲ့သို့ တူညီသော အဆင့် မျိုးမဟုတ်ပဲ၊ အဆင့်သစ် တစ်ခုသို့ ရောက်ရှိနေပေသည်။
သူတို့ နှစ်ယောက်၏ ကျင့်ကြံမှုနိမ့်ပါး ကွာဟချက်ကြောင့် အဘိုးအို မည်မျှ သန်မာသည်ကို နားမလည်နိုင်ပေ။
ကျောက်စင်္ကြံပေါ်တွင် ထိုင်ချလိုက်ပြီး လီဝူယုက သဘာဝ မကျသော အပြုံးကို ထုတ်ဖော်ထား ခဲ့သည်။
ဝါးအိမ် အတွင်းတွင် သေတ္တာများ၊ အသုံးအဆောင်များနှင့် အရာဝတ္ထုများ မြေပြင်ပေါ်တွင် ပြန့်ကျဲနေ၏။ ၎င်းမှာ ဤနေရာသို့ တစ်စုံတစ်ယောက် ၀င်ရောက် စီးနင်း သွားခြင်း ဖြစ်သည်။
သို့သော် ထိုမြင်ကွင်းကြောင့် ထိုအဘိုးအို၏ မျက်နှာတွင် ပြောင်းလဲခြင်း မရှိပေ။ သူက သာမန် ကြေးမှန်တစ်ချပ် ဆီသို့ လျှောက်သွားလိုက်၏။ မှန်ကို အနည်းငယ် ပွတ်သပ်လိုက်ရာ၊ မြင်ကွင်းများ ထွက်ပေါ် လာတော့သည်။
ဓားဆန္ဒကို နားလည်မှု ရယူနေပုံနှင့် လီဝူယုမှ ဝါးအိမ်ထဲ တိုးဝင် မွှေနှောက် နေပုံကို အဘိုးအိုက မြင်လိုက်ရသည်။
လင်းယွန်၏ ဓားရည်ရွယ်ချက် အပြည့်အစုံကို မြင်သော အခါတွင် အဘိုးအိုက နက်ရှိုင်းစွာ တွေးတော မိသွားကာ၊
“ ဓားသင်္ချိုင်း တောအုပ်ကနေ အသိအမှတ် ပြု ခံရဖို့ဆိုတာက အရမ်း ရှားပါး လွန်းတယ် ”
ဟု သူ့ကိုယ်သူ ပြောဟန်ဖြင့် ရေရွတ် လိုက်သည်။
ခဏအကြာတွင် အဘိုးအိုက လင်းယွန်နှင့် လီဝူယူတို့ ရှေ့တွင် ဖြစ်ပျက် ခဲ့သည်ကို သိရှိပြီးနောက် ပြန်ပေါ်လာသည်။ အဘိုးအိုက လီဝူယုကို လှည့်မကြည့်မီ လင်းယွန်ကို ခေါင်းညိတ်ပြ၏။ သူက ရုတ်တရက် လီဝူယုကို စူးရှစွာစိုက်ကြည့် လိုက်ကာ၊
“ ငါက ဒီဝါးပင်တွေကို စိုက်တဲ့သူပဲ .... ”
ဟု မိတ်ဆက်လိုက်သည်။
လီဝူယု၏ နှလုံးသားထဲတွင် အပြစ်ပြုမိသူ တစ်ယောက် ကဲ့သို့ နစ်မွန်း သွား၏။ အဘိုးအိုမှာ သူပြောခဲ့သော စကားများကို သိရှိသွားကြောင်း သေချာလှ ပေသည်။
အဘိုးအိုက ဆက်ပြောလာ၏။
“ ဒီခြံဝန်းနဲ့ ဝါးအိမ်မှာ ငါနေထိုင်တယ်၊ မင်းက ငါ့ကို အီးပေါလောကြီးလို့ ခေါ်နေတာလား "
လက်ပူးလက်ကျ ဖမ်းမိသွားသဖြင့် လီဝူယုက ရယ်မောလိုက်ပြီး၊ သူ့ကိုယ်သူ ရှင်းပြရန် အဆင်မပြေသော အနေအထားဖြင့်၊
“ စီနီယာခင်ဗျာ၊ တစ်နေရာရာမှာ နားလည်မှု လွဲနေတာ ဖြစ်ပါမယ်…”
“ တိတ်စမ်း.... ''
အဘိုးအိုက မတ်တပ်ရပ်ရန် ကြိုးစားနေသော လီဝူယုကို ညင်သာစွာ ပုတ်လိုက်သည်။ လင်းယွန်က ထိုမြင်ကွင်းကို မြင်သော အခါတွင် မျက်ခုံးပင့် လိုက်၏။ လီဝူယု ခန္ဓာကိုယ်ထဲသို့ ဓားဆန္ဒအချို့ ဝင်ရောက်သွားသော အရိပ်အယောင်ကို သူ ခံစား သိရှိနိုင်သည် ။
လီဝူယု၏ မျက်နှာမှာ ရုတ်တရက် အေးခဲသွားပြီး၊ လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ပဲ မျက်ရည်များ ဝဲလာကာ၊
“ အစ်ကိုလင်း… အစ်ကိုကြီး၊ ငါ့ကို ကယ်ပါဦး.. "
" ငါ မေးလို့ ရမလား စီနီယာ ''
လင်းယွန်က လက်နှစ်ဖက်ကို ယှက်လျက် အဘိုးအိုကို အရိုအသေ ပေးလိုက်သည်။
“ ငါ့ကို သခင်(၁၃) လို့ ခေါ်ပါ”
ဟု အဘိုးအိုက ပြန်ဖြေသည်။
" သခင်(၁၃)၊ လီဝူယုက ငါ့ကို ကယ်တင်ဖို့ စိတ်အား ထက်သန် နေတာကြောင့် မတွေးတောပဲ ပြောခဲ့တာပါ၊ မင်းကို စော်ကားဖို့ မရည်ရွယ်ဘူးဆိုတာ ငါ အာမခံနိုင် ပါတယ်"
“ သူ့လိုလူမျိုး ဘယ်နှစ်ယောက်လောက် ငါသတ်ပစ်ခဲ့လဲ ဆိုတာကို မိုးနတ်မင်းသာ သိနိုင်လိမ့်မယ်၊ သူမှာ ရဲဘော်ရဲဘက် စိတ်လေး ရှိနေတုန်းမလို့ပဲ၊ မဟုတ်ရင် သူဒီမှာ ဆက်ရှိနေမယ်လို့ မင်းထင်လား။"
သခင်ဆယ့်သုံးက အေးစက်စွာ ပြန်ဖြေ လိုက်သည်။
ဤအခိုက်အတန့်တွင်၊ သခင်(၁၃)သည် လီဝူယုကို သင်ခန်းစာ တစ်ခုသာ ပေးလိုကြောင်း သိရှိ လိုက်ရသည်။ မည်သို့ပင် ဆိုစေကာမူ လီဝူယု၏ စိတ်နေ စိတ်ထားကြောင့် ယခုကဲ့သို့ ခံစား နေရခြင်း သည်လည်း အနည်းငယ် အထောက်အကူ ဖြစ်နိုင်ပေမည်။
" မင်းက မှော်အစီအရင်တွေကို လေ့လာ ထားတာလား "
အဘိုးအိုက ရုတ်တရက် မေးခွန်း ထုတ်လာသည်။
မှော်အစီအရင်...။ အဘိုးအိုက မည်သည်ကို မေးမြန်း နေမှန်း သူမသိပေ။
၎င်းကို အကဲခတ် မိလိုက်သော အဖိုးအိုက လင်းယွန်ကို လျစ်လျူရှု လိုက်၏။ ထို့နောက် ရဲတင်း တစ်လက်ကို ထုတ်ယူပြီး တောအုပ်အတွင်းသို့ ထွက်ခွာ သွားတော့သည်။ ခဏအကြာတွင် ဝါးပင်တစ်ပွေ့ တပိုက်ဖြင့် ပြန်ရောက်လာကာ၊ သူ့ခြင်းတောင်းထဲရှိ ငါးအနည်းငယ်ကို ကင်ရန်အတွက် မီးဖိုတစ်ခု ပြင်ဆင် နေတော့သည်။
ထိုမြင်ကွင်းကြောင့် လင်းယွန်က အကူအညီ ပေးဖို့ရန် ချက်ချင်း အနားကပ်သွား၏။ အဘိုးအိုက လင်းယွန်ကို တစ်ချက်မျှသာ ကြည့်လိုက်သော်လည်း တားမြစ်ခြင်း မရှိခဲ့ပေ။ ထို့နောက် အဖိုးအိုက သူလုပ်လက်စ အလုပ်များကို ရပ်လိုက်ပြီး လင်းယွန် ငါးကင်နေသည်ကို ကြည့်နေ လိုက်သည်။
" စိတ်ဝင်စားစရာပဲ၊ ငါးကင်ဖို့ မြင့်မြတ်တဲ့ခရမ်းရောင်ရေခဲမီးတောက်ကို သုံးနေတယ် "
သခင်(၁၃)က သူ၏ မုတ်ဆိတ်မွေးကို တို့ထိကာ ပထမဆုံး အကြိမ် အဖြစ် ပြုံးလိုက်သည်။
လင်းယွန်က သခင်(၁၃)၏ မှတ်ချက်ကို အပြုံးဖြင့်သာ တုံ့ပြန်လိုက်၏။ သူ့အတွက် ၎င်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ခဏအကြာတွင် ငါးကင်ရနံ့ လေထုထဲ ပျံ့ထွက်လာသည်။
“ သခင်(၁၃) ... ရပါပြီ ”
လင်းယွန်က အဖိုးအိုကို ငါးကင် တစ်ကောင်လှမ်း ပေးလိုက်သည်။
အဖိုးအိုက ပြုံးပြီး လက်ခံလိုက်၏။ နောက်ထပ် ငါးကင်တစ်ကောင်ကို ယူပြီး နဂါးသွေးမြင်းဆီ ပစ်ပေး လိုက်သည်။ တောင့်တင်း နေဆဲဖြစ်သော လီဝူယုက ထိုမြင်ကွင်းကို ခွေးပေါက်စ တစ်ကောင် ကဲ့သို့သော မျက်လုံးများဖြင့်သာ စိုက်ကြည့် နိုင်ခဲ့သည်။ အဘိုးအိုမှာ ငါးကင်ကို အေးဆေးစွာ စားနေသည်ကို မြင်သော အခါတွင်၊ လင်းယွန်က ပြုံးလိုက်ကာ၊
“ စီနီယာ၊ အဆင်ပြေ ရဲ့လား ''
" မဆိုးပါဘူး၊ မင်းရဲ့အရည်အချင်းက ငါ့ထက် သာလွန်တယ်”
ဟု သခင်(၁၃)က ပြန်ဖြေ လိုက်၏။
“ဒါဆို ငါ့သူငယ်ချင်း…”
လင်းယွန်က လမ်းကြောင်း စလိုက်သည်။
သခင်(၁၃)က သူ့လက်ကို ဝှေ့ယမ်းပြီး လီဝူယုကို လွှတ်ပေးလိုက်၏။ မြေပြင်ပေါ်သို့ လဲကျသွားပြီး၊ ဖုန်မှုန့်များ ဖုံးလွှမ်း သွားသည်ကို လျစ်လျူရှုကာ၊ လီဝူယုက လင်းယွန်ထံမှ ငါးကင် တစ်ကောင်ကို လှမ်းယူ လိုက်သည်။ ငါးကင်မှာ သုံးကောင်သာ ပြင်ဆင်ထားသည်မို့ ငါးပလိုင်းထဲရှိ နောက်ထပ် ငါးတစ်ကောင်ကို လှမ်းယူ လိုက်သော်လည်း ပလိုင်းထဲတွင် လွတ်နေသည်ကို လင်းယွန်က သတိထား မိ သွား၏။
“ နှင်းနဂါးငါးကြင်းကို ဆောင်းရာသီမှာ ရေခဲလွှာ ဖောက်ပြီးမှသာ ဖမ်းနိုင်လိမ့်မယ်၊ ဖမ်းမိဖို့ ဆိုတာကလည်း ကံတရား ပေါ်မှာ လုံး၀ မူတည်တယ်။ ''
ဟု ဆိုကာ၊ အဘိုးအိုက လင်းယွန်ကို ကြည့်ပြီး၊ ပြုံးလိုက်၏။ သူက လင်းယွန်ကို တချိန်လုံး တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး၊ နောက်ဆုံးတွင် ကျေနပ် သွားခဲ့သည်။
လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ် အတွင်း၊ ဓားသင်္ချိုင်းတောအုပ်ရှိ ဓားရည်ရွယ်ချက် အပြည့်အစုံကို မည်သူမျှ နားမလည် နိုင်ခဲ့ပေ။ ရောက်ရှိ လာသူတိုင်းသည် အဘိုးအိုအတွက် စိတ်ဝင်စားစရာ မရှိခဲ့ချေ၊ အခွင့်အလမ်းများ ရရှိရန်သာ တွေးနေခဲ့ ကြ၏။
ထို့အပြင် သူတို့၏ စကားများတွင် စီနီယာများ အပေါ် လေးစားမှု မရှိခဲ့ပေ။ ထိုလူများ အတွက် အဘိုးအိုက ၎င်းတို့ကို သတ်ပြီး ငါးများအား အစာကျွေး ရန်အတွက် ရေကန်ထဲသို့ ပစ်ချခဲ့သည်။
လင်းယွန် အတွက်မူ ငါးကင် နေသည်မှစ တစ်ချိန်လုံး စိတ်ကြေနပ်ဖွယ် အပြုအမူများ ရှိနေခဲ့သည်။ သူ့ကို ပထမငါး၊ ဒုတိယငါးကို မြင်းတစ်ကောင်နှင့် တတိယငါးအတွက် သူ့သူငယ်ချင်းကို ပေးခဲ့သည်။ သူ့ကိုယ်သူ နောက်ဆုံး ဦးစားပေး အဆင့်၌သာ ထားရှိလေ၏။ ယင်းအပြုအမူများမှာ ဟန်ဆောင်မှုမရှိပဲ သဘာဝအတိုင်း ပြုမူခဲ့ခြင်း ဖြစ်သည်။
ကြံ့ခိုင်သန်မာသော နဂါးသွေးမြင်း၏ အသွင်အပြင် အရ၊ ၎င်းသားရဲမှာ ကောင်းမွန်စွာ ဆက်ဆံ ခံထားရမည် ဖြစ်ကြောင်း သိသာနေသည်။ ထို့အပြင် လီဝူယုသည် မိုက်မဲစွာ ပြုမူ ခဲ့သော်လည်း၊ လင်းယွန်ကို ကယ်တင်ရန်အတွက်၊ ဓားသင်္ချိုင်း တောအုပ်ထဲသို့ တုံ့နှေးချင်း မရှိ၊ အသက်စွန့်ကာ ဝင်ရောက်တိုက်ခိုက် ခဲ့သည်။
" နှင်းနဂါး ငါးကြင်း "
လီဝူယု၏ မျက်လုံးများ တောက်ပလာသည်။
“ ဒါက ရေခဲ ငါးဘုရင်ပဲ... အရသာရှိပြီး၊ အရိုးမပါ ရုံသာမက၊ သဘာဝ ဆေးဖက်ဝင် အာနိသင်တွေလည်း ပါရှိတယ်၊ နှင်းနဂါးငါးကြင်း တစ်ကောင်က ခရမ်းရောင်နယ်ပယ်က ကျင့်ကြံသူတွေကို ရူးသွပ်သွား စေဖို့ လုံလောက်တယ် "
“ မင်းက တော်တော် သိထားတာပဲ၊ ဒါပေမယ့် အခု နောက်ဆုံး တစ်ကောင်ကို မင်းစားနေတယ်”
ဟု သခင်ဆယ့်သုံးက ဆိုသည်။
သူ့ပါးစပ်ကို သုတ်ပြီး လီဝူယုက ပြုံးကာ၊
" အဲဒါအတွက် တောင်းပန်ပါတယ် အစ်ကိုလင်း၊ ငါ နောက်ဆုံး ငါးကို စားမိသွားပြီ "
လင်းယွန်က ငါးကင်ကို စိတ်ဝင်စားပုံ မရပေ။ သူ့အတွက် အရာများစွာကို မျှဝေ ခံစားပေးပြီးနောက်၊ လီဝူယု၏ ပျော်ရွှင်နေပုံကို အမှန်တကယ်ကြေနပ် နေခဲ့သည်။
“ ဒါဆို ငါအရင် သွား ကျင့်ကြံတော့မယ်၊ ငါ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေကို ငါမဖိနှိပ် နိုင်တော့ဘူး။"
လီဝူယု၏ ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအင် များဖြင့် တောက်လောင်လာပြီး၊ သူ့မျက်နှာသည် ဖြူရာမှ နီလာခဲ့၏။ နှင်းနဂါးငါးကြင်း၏ အံ့ဖွယ်ကောင်းသော အကျိုး သက်ရောက်မှုကို ချက်ချင်း ခံစားလိုက်ရပြီး ကံကြမ္မာကြယ်တာရာ နည်းစနစ်ကို ချက်ချင်းဖြန့်ဝေ လိုက်တော့သည်။
ကံကြမ္မာကြယ်တာရာကို ကျင့်ကြံရာတွင် မည်သည့် ဆေးလုံးများကိုမျှ သောက်သုံးခြင်း မရှိသောကြောင့် သူ၏ ကျင့်ကြံမှုမှာ နှေးကွေးခဲ့သည်။ ထို့ကြောင့် နှင်းနဂါးငါးကြင်း တစ်ကောင်ကို တွေ့မြင်ရသော အခါတွင် အလွန်ပျော်ရွှင် သွားသည်မှာ သဘာဝပင် ဖြစ်သည်။
ညက ပိုနက်လာသည် နှင့်အမျှ လီဝူယုနှင့် နဂါးသွေးမြင်းမှာ အိပ်စက်ခြင်း မရှိပဲ၊ နှင်းနဂါးငါး၏ စွမ်းအင်များကို ချေဖျက်နေ ကြသည်။ လီဝူယု၏ အရှိန်အဝါမှာ ပြင်းထန်စွာ မြှင့်တက်လာပြီး သူ၏ ကြီးထွားနှုန်းမှာ တုန်လှုပ် ချောက်ချားဖွယ် အရှိန်ဖြင့် တိုးလာသည်။ နှင်းနဂါးငါးကြင်း တစ်ကောင်က သူ့ကို သတ္တမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။
သခင်(၁၃)က သူ့လက်များကို မီးပေါ်မှ ပြန်ရုတ် သိမ်းလိုက်ကာ၊ မတ်တပ် ထရပ်လိုက်ပြီး၊ ရေကန်ဆီသို့ လျှောက်မသွားမီ လင်းယွန်ကို ရုတ်တရက် လှည့်ကြည့်လာသည်။
“ ဒါက…”
လင်းယွန်က အဘိုးကြီးနောက်ကို ချက်ချင်းထလိုက် သွားမိသည်။
ရေကန်ဆီသို့ ရောက်သောအခါတွင် အဘိုးအိုက၊
“ ဓားသင်္ချိုင်းတောအုပ်ကို ဘယ်လိုထင်လဲ”
ဟု မေးမြန်း လိုက်သည်။
“ အစပိုင်းမှာတော့ စီနီယာတစ်ယောက်ရဲ့ ကျန်ရစ်ခဲ့တဲ့ အမွေခံနယ်မြေလို့ ယူဆထားခဲ့တာ၊ ဓားသင်္ချိုင်းတောအုပ်ရဲ့ အသိအမှတ်ပြုမှုကို လက်ခံရရှိခြင်းက ရတနာအချို့ ရလိမ့်မယ်ပေါ့၊ ဒါပေမယ့် အခုတော့ ဒါက သခင်(၁၃)ရဲ့ ကျင့်ကြံတဲ့ နေရာပဲ ဆိုတာ ရှင်းပါတယ်”
အနည်းငယ် စဉ်းစားပြီးနောက် လင်းယွန်က ပြန်ဖြေ လိုက်သည်။
" အမွေအနှစ် ....ဒါက လုံးဝ မှားယွင်းတယ်လို့တော့ မဆိုသာပါဘူး၊ ဒါပေမယ့် ငါ့အမွေကို ရဖို့ဆိုတာ လွယ်မယ်ထင်လား၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း လူပေါင်း (၉၆)ဦး ဒီနေရာကို ရောက်ရှိ လာခဲ့ ဖူးတယ်၊ မင်းတို့ သုံးယောက်က လွဲရင် ကျန်တဲ့သူ အားလုံးကို ငါးစာကျွေးဖို့ ဒီရေကန်ထဲ ငါပစ်ချ လိုက်တာ ”
အဘိုးအို၏ ရှင်းပြသံကြောင့် လင်းယွန်က အံ့သြသွား၏၊ ထို့ကြောင့် ဝမ်နင်နှင့် အဖွဲ့မှာ ဓားသင်္ချိုင်းတောအုပ် ထဲသို့ မဝင်ဝံ့ကြခြင်း ဖြစ်မည်။
" မင်း အမဲလိုက် ခံရလို့၊ ဒီကို ပြေးဝင် လာခဲ့တာ မဟုတ်လား၊ ငါ့ကို ပြောပြပါဦး ”
ဟု သခင်(၁၃)က တောင်းဆို လာ၏။
လင်းယွန်က တောထဲတွင် တွေ့ကြုံ ခဲ့ရသော အရာများ၊ ဝမ်ညီအစ်ကို နှစ်ယောက်နှင့် သူ၏ ပဋိပက္ခကို အတိုချုံး ရှင်းပြခဲ့သည်။ စကားပြော နေစဉ်တွင် ဝမ်ယန်၊ ဝမ်နင်၊ ဟွမ်ဖူဂျင်းရှန်နှင့် အခြားသူများ၏ မျက်နှာများပေါ်တွင် ရှုတ်ချမှုများ၊ တပည့်သစ် ကိုးထောင်ကျော် ကြည့်ရှုနေသည့် အချိန်၌ မရဏနယ်မြေ ထဲသို့ တွန်းပို့ ခံရပုံကို ပြန်ပြောင်း သတိရမိသည်။
သူ့ခံစားချက်များကို မည်သူမျှ နားမလည်နိုင်ချေ။ အမြင်၌ သူ့အား အေးဆေး တည်ငြိမ်နေသည်ဟု ထင်သော်လည်း သခင်(၁၃)နှင့် မျှဝေပြီးနောက် သူ့နှလုံးသား အတွင်း၌ သတ်ပစ်လိုသော ဆန္ဒများ ပြည့်လျှံလာတော့သည်။
" မင်းက ဓားကျွန်တစ်ယောက် ဖြစ်တာနဲ့ပဲ၊ မင်းရဲ့အရည်အသွေးကို စမ်းသပ် ရမယ်တဲ့လား၊ ပြီးတော့ အရွေးချယ်ခံ ခွဲတမ်းကိုတောင် စွန့်လွှတ်ဖို့ အထိ ဖိအားပေး ခံရလောက်အောင်၊ ဓားနန်းတော်က နိမ့်ကျ သွားပုံပဲ ”
အဘိုးအိုက မည်သည့် ထူးခြားဟန်မျှ မပြခဲ့ပဲ၊ ရေရွတ် နေခဲ့သော်လည်း သူ့အသံမှာ အေးစက် တည်ငြိမ် နေပေသည်။ သူပြောနေသည့် အချိန်တွင် သူ့အသံမှာ လူသတ်ရန် ရည်ရွယ်ချက်ပင် ရှိနေခဲ့၏။
" မင်း သူတို့ကို မုန်းလား"
အဘိုးအိုက ရုတ်တရက် မေးလိုက်၏။
“ သေချာတယ်၊ ဒါပေမယ့် ဒီအမုန်းတရားနဲ့ ပတ်သက်ပြီး၊ ဘာမှ လုပ်စရာ မရှိ လောက်အောင်ကို ငါက အားနည်းနေတယ်"
ဟု လင်းယွန်က ပြန်ဖြေ လိုက်သည်။
“ ကောင်းပြီ၊ မင်းမှာ ကောင်းမွန်တဲ့ သိုင်းနည်းစနစ်တွေနဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ် ရှိတယ်၊ ပြီးပြည့်စုံတဲ့ ဓားရည်ရွယ်ချက်ကိုတောင် ဆုပ်ကိုင် ထားနိုင်တယ်ဆိုတာ ပြောစရာ မလိုပါဘူး၊ ဒါနဲ့တောင် မင်းက ဘယ်နေရာမှာ အားနည်း နေရတာလဲ"
“ ကျင့်ကြံခြင်း...... ”
-ဟု လင်းယွန်က တောက်ပသော မျက်လုံးများဖြင့် ပြန်ဖြေသည်။
“ ကျင့်ကြံခြင်းလား .... ဒါဆို ငါ မင်းကို ကျင့်ကြံခွင့် ပေးမယ်။”
သခင်ဆယ့်သုံးက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ အေးစက်သော လေသည် ရေကန်မြူခိုးများ အတွင်းဆီမှ စတင် တိုက်ခတ် လာသည်။ များပြား သိပ်သည်းလှသော ယင်စွမ်းအင်များမှာ လေဆင်နှာမောင်း တစ်ခုအသွင် ထွက်ပေါ် လာလေသည်။ ဤနေရာရှိ ယင်စွမ်းအင်သည် ယင်လေစီးကြောင်းထက် ပိုမို သိပ်သည်းလှကြောင်း သိရှိ လိုက်သည်နှင့် လင်းယွန် အံ့အားသင့် သွားသည်။
သူ့မျက်နှာတွင် ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိခဲ့ပဲ၊ သခင်(၁၃)က ဆက်လက်၍၊
“ အလျင်လူတွေက ယင်စွမ်းအင်ကို အသွင်ပြောင်းပြီး၊ ဒီနေရာမှာ မှော်အစီအရင် တစ်ခု ခင်းကျင်း ထားခဲ့တယ်၊ ဘယ်လောက် စုပ်ယူနိုင်သလဲ ဆိုတာကတော့ မင်းရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်လိမ့်မယ်။”
" သခင်(၁၃).....၊ မင်းငါ့ကို ဘာလို့ ကူညီပေးတာလဲ၊ ငါ့ရဲ့ အရည်အချင်းလေး နဲ့တော့ မင်းရဲ့ အာရုံကို မဆွဲဆောင်နိုင်ပါဘူး…”
လင်းယွန်က သူ့ရင်ထဲရှိ စိတ်လှုပ်ရှားမှု များကို ထိန်းကာ မေးလိုက်သည်။
သခင်(၁၃)က လှည့်ကြည့်ကာ သူ၏ နဖူးစည်း ပုဝါကို ဖယ်ပြ လိုက်သည်။ နဖူးပေါ်ရှိ ရွမ်းဗက်ပုံ အမှတ်အသား တစ်ခုကြောင့် လင်းယွန်က အံ့အားသင့် သွားလေသည်။
“သခင်ဆယ့်သုံး၊ မင်း ….....”
လင်းယွန်က ထိတ်လန့်သွားကာ၊ စကားထစ်အ သွား၏။
" ငါမင်းကို ဘာလို့ ကူညီနေတာလဲဆိုတာ၊ အခု သိပြီလား"
သူ့နဖူးတွင် ပုဝါကို ပြန်တပ်လိုက်ပြီး၊ သခင်ဆယ့်သုံးက နှုတ်ခမ်း တွန့်ရုံပြုံးကာ၊
'' အရည်အချင်းတဲ့လား.... လောကကြီးမှာ ပါရမီရှင်တွေ ကင်းမဲ့နေပါပြီ၊ သူတို့ထဲက လူအချို့ကို ငါကိုယ်တိုင် မြင်ဖူးပါတယ်၊ ဒါပေမယ့် ငါ့အာရုံကို ဖမ်းစားနိုင်တဲ့ သူတွေကိုသာ ပါရမီရှင် အဖြစ် ငါသတ်မှတ် နိုင်မယ်၊ ကျန်တာကတော့ အမှိုက်တွေ ချည်းပါပဲ၊ အမုန်းတရားတွေ နှလုံးသားထဲမှာ ပေါက်ဖွားလာတဲ့အတွက် လက်စားချေ လိုက်ပါ၊ ''
'' မဟုတ်ရင် ဓားကိုင်တဲ့ ရည်ရွယ်ချက်က ဘာလုပ်ဖို့လဲ၊ လက်စားချေမှုကို မလုပ်နိုင်ရင် မင်းလည်း အမှိုက်တွေနဲ့ ဘယ်ကွာခြားတော့ မလဲ၊ နှလုံးသားကို ဆန့်ကျင်တဲ့ တစ်နေ့၊ ငါ့ရဲ့ ဓားသင်္ချိုင်းတောအုပ်က မင်းကို ကြိုဆိုမှာ မဟုတ်ဘူး။”
လင်းယွန်က သူ့သွေးများ ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရသည်။ သူက၊
“ စီနီယာ.... ငါ မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့၊ ငါ ကတိပြုပါတယ်”
-ဟု ပြန်ဖြေ လိုက်မိလေသည်။
***