နှင်း။
Vol. 14 Ch. 195
လူသစ်များ အတွက် နောက်ဆုံး စမ်းသပ်မှု အပြီးတွင် နှစ်စဉ် နှစ်တိုင်း၊ ဓားနန်းတော်သည် ကြယ်ကိုးပွင့် ပြိုင်ပွဲဟု ခေါ်သော အခမ်း အနား တစ်ခု ကျင်းပမည် ဖြစ်သည်။
အမည်တွင် ဖော်ပြ ထားသည့် အတိုင်း၊ ၎င်းသည် ကြယ်ကိုးပွင့် ရှိသော တပည့် အသစ်များ အတွက် ရည်ရွယ်သော ပြိုင်ပွဲ တစ်ပွဲ ဖြစ်ပေသည်။
ကြယ် (၉)ပွင့် ရရှိ သူများ သည်သာ ယှဉ်ပြိုင်ရန် အရည် အချင်း ပြည့်မီသည်။ လူပေါင်း များစွာ၏ စောင့်ကြည့်မှုများ အောက်တွင် စင်ပေါ်ရှိ ကြယ်ကိုးလုံး ပိုင်ရှင် များမှာ၊ တောက်ပစွာ ထွန်းလင်း လာမည် ဖြစ်သည်။
၎င်းသည် ထင်ပေါ်စရာ အခွင့်အရေး ဖြစ်ပြီး အလားအလာ ရှိသော သူများအတွက် အရင်းအမြစ် ခွဲတမ်းများ အပေါ် သက်ရောက်မှု ရှိလာနိုင်သည်။ တောင်ပြောင်သော အရည်အချင်းရှိ သူများမှာ ဓားနန်းတော်ရှိ အကြီးအကဲ များ၏ အာရုံကိုပင် ဆွဲဆောင် နိုင်ပေမည်။
ဓားထမ်း အကြီးအကဲ တစ်ဦး၏ အာရုံကို ဆွဲယူ နိုင်ကာ၊ တပည့် အဖြစ် ရွေးချယ် ခံရပါက ကောင်းကင်သို့ မြင့်မြင့် ပျံနိုင်မည် ဖြစ်သည်။
အသစ် ဝင်ရောက် လာသူ ကြယ်ကိုးပွင့် ပိုင်ရှင် အယောက် နှစ်ရာ ကျော်သည် မျှော်လင့် ချက်များ အပြည့်ဖြင့်၊ စင်မြင့် ပေါ်သို့ စိတ်လှုပ် ရှားစွာ ကြည့်နေ ကြ၏။
ကျန်ရှိ နေသော လူသစ်များမှာ စိတ်ပျက် သွားကြသည်။ အပြာရောင် ကန့်သတ်စည်း တစ်ခုက စင်မြင့်ကို ဖုံးအုပ်ထားပြီး ကြယ်ကိုးပွင့် ပါရှိသော တပည့်အသစ် များသာ စင်မြင့်ပေါ်သို့ တက်ရောက် ခွင့်ပြုမည် ဖြစ်သည်။
ကြယ်ကိုးပွင့် ပြိုင်ပွဲကို စင်မြင့်ပေါ်တွင် ရုပ်သေးရုပ်ပေါင်း ရာနှင့်ချီ၍ ထွက်ပေါ်လာသည့် အချိန်၌ စတင်မည် ဖြစ်သည်။ ရုပ်သေး တစ်ရုပ်ချင်းသည် နက်နဲနယ်ပယ် သိုင်းသမားဖြင့် ညီမျှသော ခွန်အားကို ပိုင်ဆိုင် ထားပေမည်။
တပည့်အသစ်များ အနေဖြင့် ၎င်းတို့ အနိုင်ယူခဲ့သော ရုပ်သေး တစ်ရုပ်စီ အတွက် ဝိညာဉ်ကျောက်စိမ်းတုံး တစ်တုံးစီ ချီးမြှင့် ခံရမည် ဖြစ်သည်။ ပြိုင်ပွဲ ပြီးဆုံးချိန်တွင် တပည့်သစ်များကို ၎င်းတို့၏ ဝိညာဉ်ကျောက်စိမ်း များအလိုက် အဆင့်သတ်မှတ် ခံရမည် ဖြစ်သည်။
ကောင်းကင်ရတနာများကို အသုံးမပြု နိုင်သော်လည်း၊ ဤပြိုင်ပွဲတွင် တင်းကျပ်သော စည်းမျဉ်းများ မရှိပေ။ ဆိုလိုသည်မှာ အခြားသော သူများထံမှ ဝိညာဉ်ကျောက်စိမ်းတုံးများကို လုယူနိုင်မည်ဟု ဆိုလိုသည်။
ထိုပြိုင်ပွဲကို ဦးစီးမည့်သူမှာ၊ ဘိုင်တင်းဖြစ်ပြီး၊ လက်ကို ဝှေ့ယမ်းကာ စင်အနှံ့တွင် အမွှေးတိုင်များ ထွန်းထားရန် အချက်ပြလိုက်၏။ အမွှေးတိုင်များ စတင် လောင်ကျွမ်းလာသည်နှင့် စင်မြင့်ထက်သို့ ရုပ်သေးရုပ်များ ကောင်းကင်မှ ဆင်းသက် လာတော့သည်။
"စင်ပေါ်တက် ...."
တပည့်အသစ်များက စင်မြင့်ပေါ် သို့ စိတ်လှုပ်ရှားစွာ ပြေးတက် သွားကြပြီး၊ ၎င်းတို့ထဲမှ တစ်စုံတစ်ယောက်သည် ချက်ချင်းပင် ရုပ်သေးရုပ်ကို တိုက်ခိုက် အနိုင်ယူ လိုက်လေသည်။ ရုပ်သေးရုပ်များတွင် အသိညာဏ်များ ပိုင်ဆိုင်ထားခြင်း မရှိပေ။ ဆိုလိုသည်မှာ၊ ရုပ်သေးများနှင့် ကျင့်ကြံမှု တူညီသော သူများမှာ ကြီးမားသော အကျိုးကျေးဇူးကို ရရှိမည် ဖြစ်သည်။
အရှင်းလင်းဆုံး ဆိုရသော် နက်နဲ သိုင်းသမားများ အတွက် သာလွန်သော အခွင့်အရေး ဖြစ်ကာ၊ ဤပြိုင်ပွဲတွင် တောက်ပနေမည် ဖြစ်သည်။
နက်နဲနယ်ပယ်ရောက် တပည့် အသစ်များမှာ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင် ခဲ့သည်။
ပြိုင်ပွဲစင်မြင့်ပေါ်တွင် ဝမ်နင်က သူ၏ ဓားကို လွှဲလိုက်ပြီး ဓားလှိုင်းတိုင်းတွင် လျှပ်စီးကြောင်းများ ထွက်ပေါ်လာ စေခဲ့သည်။ ပြိုင်ပွဲဝင်များ ကြားတွင် သူသည် အမှန်တကယ်ပင် တောက်ပ နေလေသည်။
နက်နဲသိုင်းသမား တစ်ယောက်ဖြစ်ကာ၊ ဝမ်မျိုးနွယ်ကို ကျောထောက် နောက်ခံ ပြုထားပြီးနောက်၊ နက်နဲချိုးဖြတ်ဆေးဖြင့် အဆင့်ချိုးဖြတ် ထားခဲ့သော်လည်း၊ အခြားသော လူသစ်များထက် သန်မာဆဲ ဖြစ်သည်။
ဝမ်နင်က ရုပ်သေးရုပ်ကို အနိုင်ယူဖို့ရန် အချိန် သိပ်မကြာ လိုက်ချေ။ အနိုင်ယူပြီးနောက်၊ ပြုတ်ကျလာသော ဝိညာဉ်ကျောက်စိမ်းတုံးကို လှမ်းကိုင် လိုက်၏။
"ထွက်သွားစမ်း..... "
ရယ်မောလိုက်ပြီး တပည့်သစ် နှစ်ယောက်ကို သူ့လမ်းမှ မောင်းထုတ် လိုက်သည်။
ထိုမြင်ကွင်းကို ရပ်ကြည့်နေသော ဘိုင်တင်းက၊
“မဆိုးပါဘူး၊ ဝမ်နင်က သူ့ဓား နည်းစနစ်ကို နက်နက်ရှိုင်းရှိုင်း နားလည် နေပုံပဲ၊ ဝမ်မျိုးနွယ်က အဓိက မျိုးနွယ်စု လေးစုအနက်မှ တစ်စုဖြစ်ရန် အမှန်တကယ် ထိုက်တန် ပါပေတယ်၊ ဒီအတိုင်းသာ ဆက်သွား နေမယ်ဆိုရင် သူက ထိပ်တန်း ဆယ်ယောက်ထဲကို သေချာပေါက် ဝင်ရောက် နိုင်လိမ့်မယ် "
ဝမ်ယန်က သူ၏ ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်တော့ပဲ ပြုံးလိုက်ကာ၊
"ဒီခွေးလေးက ငါ့ကို စိတ်မပျက် စေဖူးပဲ၊ ကြည့်စမ်း လန်းမိုလည်း မဆိုးပါဘူး၊ ရုပ်သေး သုံးရုပ်ကို အနိုင်ယူ လိုက်နိုင်ပြီ ”
ဘိုင်တင်းက ဝမ်ယန်စကားကို ခေါင်းငြိမ့်ပြပြီးနောက်၊
“ မင်းမှာ လူတွေကို အကဲဖြတ်ဖို့ စူးရှတဲ့ အမြင်ရှိတယ်၊ သူတို့သာ ထိပ်တန်းဆယ်ယောက်ထဲ ဝင်ရောက်နိုင်ရင် ဂုဏ်ယူစရာပါပဲ ”
ဝမ်ယန်က ယုံကြည်မှု အပြည့်ဖြင့် ပြုံးလိုက်ပြီး၊ လှောင်ပြောင်သော အမူအရာနှင့် ရှင်းယန်ကို လှမ်းကြည့် လိုက်သည်။
ရှင်းယန်ကဲ့သို့ပင်၊ အကြီးအကဲ လျိုဖန်း၏ မျက်နှာမှာလည်း ဆိုးရွားသော အသွင်အပြင်ကို ပြသလာသည်။ သူသည် ဘိုင်တင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိသဖြင့် ၎င်းတို့ကို ပြိုင်ဘက်အဖြစ် သတ်မှတ် နိုင်သည်။ ယခုနှစ် ပြိုင်ပွဲတွင် လျိုဖန်း၏ လုပ်ဆောင်နိုင်စွမ်းမှာ ဘိုင်တင်းကို လုံးဝ ရှုံးနိမ့် သွားခဲ့သည်။
ရှင်းယန်၏ မျက်နှာပေါ်ရှိ အမူအရာများတွင် ဖုံးကွယ်၍ မရသော အမုန်းတရားများဖြင့် ပြည့်နှက်နေပြီး၊ သတ်ဖြတ်လိုသော ရည်ရွယ်ချက် အရိပ်အယောင်များ မျက်လုံးများ၌ ထွက်ပေါ်လာသည်။ လင်းယွန်သာ ယနေ့ ရှိနေပါလျှင် ဝမ်နင်သည် ဤသို့ မာနကြီးရန် အခွင့်အရေး မရှိနိုင်ပေ။ ထို့ပြင် လင်းယွန်သည် မပြည့်စုံသော ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင်ထား သောကြောင့် ကြယ်ကိုးပွင့် ပြိုင်ပွဲတွင် လင်းလက် လာမည်မှာ သေချာ လှလေသည်။
ခွန်အားအရာ၌ ဟွမ်ဖူဂျင်းရှန်နှင့် မယှဉ်နိုင်သော်လည်း သူ့စွမ်းဆောင်ရည်မှာ ဝမ်နင်ထက် ပိုသန်မာမည်မှာ သေချာလေသည်၊ ထိုအချိန်တွင် ပြိုင်ပွဲစင်မြင့်ပေါ်သို့ အဖြူရောင်အရိပ်တစ်ရိပ် ခုန်တက်သွားသည်ကြောင့်၊ ရှင်းယန်၏ အတွေးစများ ပြတ်တောက် သွားလေသည်။
" ဒီကောင်က ဘာလုပ်ဖို့ ကြိုးစား နေတာလဲ"
" ကြယ်ကိုးလုံးရှိတဲ့ သူတွေသာ စင်ပေါ်ကို ဝင်နိုင်တယ် ဆိုတာ သူမသိဘူးလား။"
ပြိုင်ပွဲကို စတင် ကျင်းပနေပြီ ဖြစ်ပြီး၊ ကြယ်အရည်အတွက် ပြည့်မီသော ပြိုင်ပွဲဝင်များ အားလုံး စင်မြင့်ပေါ်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။ ပြိုင်စင်မြင့်ကို ဖုံးအုပ် ထားသော အတားအဆီးသည် ၎င်း၏ ကန့်သတ်စည်း အတွင်းတွင် ကြယ်ကိုးပွင့် ပါရှိသော တပည့် အသစ်များမှ လွဲ၍ အခြားသော မည်သူမဆို ငြင်းပယ်မည် ဖြစ်သည်။
ပြိုင်ပွဲစင်မြင့် ပေါ်သို့ တက်ရောက်ရန် လိုအပ်ချက် နှစ်ချက်ရှိသည်။ ဤလူရိပ်သည် ထိုလိုအပ်ချက် နှစ်ချက်ကြောင့် သူ့ကိုယ်သူ အရှက်ခွဲ မိပေမည်ဟု တွေးတော မိသွားကြကာ၊ လူအုပ်ကြီးက အပြုံးဖြင့် စောင့်ကြည့် နေလေသည်။ အစောပိုင်း ကာလများတွင် အချို့သော လူသစ်များက ၎င်းတို့၏ လောဘဇောကြောင့် အလားတူ ကြိုးစားခဲ့ ကြဖူးသည်။
သို့သော် လူတိုင်း၏ မျှော်လင့်ချက်ကို ဆန့်ကျင်ပြီး၊ ထိုလူရိပ်သည် အတားအဆီး မရှိ စင်ပေါ်သို့ ကျရောက် သွားခဲ့၏။
ပြောင်ရှင်းနေသော မျက်နှာဖုံးကို တပ်ဆင်ထားပြီး၊ အပြာရောင် ဝတ်ရုံကို ဆင်မြန်းထားသော ထိုလူရိပ်သည် စင်မြင့်ပေါ်၌ ရပ်လျက် ဖြင့်၊ ဝမ်နင်ပေါ် ကျရောက်နေသော အာရုံစူးစိုက်မှု အားလုံးကို လွှဲပြောင်း ရယူသွားသည်။
အပြာရောင်လူရိပ်က ဆင်းသက်လာပြီးနောက်၊ သူ့ဓားကို ဆွဲထုတ်လိုက်၏။ ဝမ်နင်ဖြင့် တိုက်ခိုက်နေသော ရုပ်သေးရုပ်သည် အပြာရောင် လူရိပ်ဆီမှ ဓားချက်ကြောင့် ရုတ်တရက် ပေါက်ကွဲသွားသည်။ ထိုအပြာရောင် လူရိပ်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဝမ်နင်ထံသို့ ကျဆင်းလာသော ဝိညာဉ်ကျောက်စိမ်းတုံးကို ဖမ်းယူလိုက်၏။
အပြာရောင်လူရိပ်၏ မျက်နှာဖုံးအောက်မှ တစ်ဆင့် စူးရှသော သူ့မျက်ဝန်းများကို အေးစိမ့်စွာ တွေ့မြင် လိုက်ရသည်။ ရုတ်တရက် ပြိုင်ပွဲရင်ပြင် တောင်ခြေ တစ်ခုလုံး တိတ်ဆိတ် သွားသည်။ ဟွမ်ဖူဂျင်းရှန်၊ ဟန်မို၊ ဟန်ဖန်း၊ ဖိန်းဟူယု၊ မိုချင်းယွင်နှင့် အခြားသော နက်နဲသိုင်းသမားများသည် အသစ် ရောက်ရှိလာသော ထိုလူရိပ်အား အံ့အားသင့်စွာ ကြည့်မိ လိုက်ကြ၏။
ဝမ်ယန်၏ ခွန်အားကြောင့် ဝမ်နင်ထက်ပင်သန်မာလှသူများမှာ ဤသို့ လုယက်ရန် မည်သူမျှ သတ္တိမရှိပေ။ ဝမ်နင်သာလျှင် အခြားသူများကို လုယက်ရန် ရဲဝံ့ပေသည်။
ထိုလူရိပ်ထံသို့ လှမ်းကြည့်လိုက်ပြီး၊ မိုချင်းယွင်က လှောင်ရယ်လိုက်ကာ၊
" ဒီကောင် ဘယ်က တောသားလဲ၊ သူက ဝမ်နင်ရဲ့ ကျောက်စိမ်းကို တကယ် လုယူသွားတာလား၊ သူက မျက်မမြင်လား။ ''
အခြားသော နက်နဲသိုင်းသမားများသည်လည်း၊ အံ့အားသင့်ခဲ့ကြပြီး တူညီသော အတွေးအမြင်များကို မျှဝေခဲ့ကြသည်။
စင်မြင့်အပြင်ဘက်တွင် ဘိုင်တင်းက ဝမ်ယန်ကိုကြည့်ကာ '' သူက ဘယ်သူလဲ" ဟု မေးလိုက်သည်။
ဝမ်ယန်က မျက်ခုံးနှစ်ဖက်ကို စုကျုံ့လိုက်ပြီး၊ ခေါင်းခါယမ်း လိုက်၏။
" ငါမသိပါဘူး၊ ဒါပေမယ့် သူက စင်ပေါ်ကို တက်နိုင်တဲ့ အတွက် လူသစ်ထဲက ဖြစ်ရမယ်"
ကျောက်စိမ်းဆွဲသီးများကို ဘိုင်တင်းက ကိုယ်တိုင်ကိုယ်ကျ ဝေငှထားပြီး တစ်ခုစီတွင် ပိုင်ရှင်၏ အချက်အလက်များအား အတိအကျ ထည့်သွင်းထားသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်၏ ကျောက်စိမ်းဆွဲသီးကို ယူပြီး စင်ပေါ်သို့ တက်ရောက်ရန်မှာ မဖြစ်နိုင်ပေ။
တစ်ဖက်တွင်၊ ထပ်တူထပ်မျှ ပဟေဋ္ဌိဖြစ်နေသော အကြီးအကဲလျိုဖန်းက ရှင်းယန်ကို လှမ်းကြည့် လိုက်သည်။ ဤမြင်ကွင်းကို ငေးကြည့်နေမိသော ရှင်းယန်၏ မျက်နှာတွင် ဝမ်းသာမှု အရိပ်အမြွက်များ ထွက်ပေါ်လာသည်။ သူမက၊
“ဒီလူက ဘယ်သူလဲဆိုတာ အရေးမကြီးဘူး၊ တစ်စုံတစ်ယောက်က ဝမ်နင်ကို သင်ခန်းစာတစ်ခု သင်ပေးနိုင်ဖို့ပဲ လိုတယ်။”
ဝမ်နင်၏ မျက်နှာမှာ ဒေါသကြောင့် ပြာဝေသွား၏။ ဝမ်ယန်၏ အံကြိတ်လိုက်သော အမူအယာကို တွေ့မြင် လိုက်ရသည်နှင့် အစောပိုင်း အချိန်က ရရှိထားသော အကောင်းမြင်စိတ်များ ပျောက်ကွယ် သွားလေသည်။ သူက ကြယ်ကိုးပွင့်ပြိုင်တွင် ထင်ပေါ်အောင် ပြသရန် စောင့်မျှော် နေခဲ့သော်လည်း၊ တစ်စုံတစ်ယောက်သည် သူ၏ ဝိညာဉ်ကျောက်စိမ်းကို လုယူသွားကာ၊ သူ့မျက်နှာကို ဖြတ်ရိုက်လာ ခဲ့သည်။
အပြာရောင်ဝတ် လူရိပ်သည် ကျောက်စိမ်းတုံးကို မြှောက်ကစား ပြီးနောက် ၎င်းကို စွန့်ပစ် လိုက်သည်။
“ မင်းဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ ဒီကိစ္စမှာ လက်ရှောင်ထားပါ၊ ဒီလိုမှ မဟုတ်ရင် ......... ”
'' ဖြောင်း........ ''
သို့သော် ဝမ်နင်၏ စကားမဆုံးခင် သူ့မျက်နှာကို ဖြတ်ရိုက်ခံ လိုက်ရ၏။ ပါးရိုက်သံမှာ ရှင်းလင်း ပြတ်သားလှပြီး လူတိုင်းကို စွံ့အ သွားစေသည်။ ဝမ်နင်က သူ့အရှိန်အဝါကို မထုတ်နိုင်မီ အံ့အားသင့် နေခဲ့၏။
ထိုအချိန်တွင် အပြာရောင်ဝတ် ဓားသမားက နက်နဲနယ်ပယ် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ၏ အရှိန်အဝါဖြင့် နှစ်ယောက်သား ထိပ်တိုက် တွေ့ဆုံပြီးနောက် ဝမ်နင်၏ အရှိန်အဝါကို ချက်ချင်း ဖြိုဖျက် ပစ်လိုက်လေသည်။
အပြာရောင်ဝတ် ဓားသမားက ဝမ်နင်ကို ထပ်မံ၍ ပါးရိုက်ရန်အတွက် ပျံသန်း သွားလိုက်သည်။ ပါးရိုက်သံများ တဖြောင်းဖြောင်း ထွက်ပေါ်လာပြီး၊ ဝမ်နင်၏ မျက်နှာမှာ ဖူးရောင် လာသည်ကြောင့် လူအုပ်ကြီးက ထိတ်လန့်သွားသည်။ ဟွမ်ဖူဂျင်းရှန် ပင် မယုံကြည်နိုင် ဟန်ဖြင့် မျက်လုံးပြူး လာသည်။
'' ဖြောင်း..... ဖြောင်း ဖြောင်း ''
" ဒုတိယ သခင်လေး "
လန်းမိုက ကူညီရန် ချက်ချင်း အပြေးအလွှား တိုက်ခိုက်လာသည်။
" သေ ...စမ်း ''
အပြာဝတ်ဓားသမားရှေ့သို့ ရောက်လာသော အခါတွင် လန်းမို၏ အရှိန်အဝါမှာ မယုံနိုင်စရာ အဆင့်အထိ တိုးလာခဲ့၏။ သူက ဝမ်နင်ထက် နှစ်ဆနီးပါး သန်မာပေသည်။ ဤအခိုက်အတန့်တွင် လန်းမိုသည် သူ၏ ခွန်အားကို စင်ပေါ်၌ ဖုံးကွယ်ထားကြောင်း လူတိုင်းက သဘောပေါက်သွား၏။
သို့သော်လည်း အပြာဝတ် ဓားသမားမှာမူ ထိတ်လန့်ခြင်း မရှိခဲ့ပဲ၊ သူ့လက်ထဲရှိ ဓားကို ရုတ်တရတ် မြှောက်လိုက်ပြီး လန်းမို၏ ဝင်ရောက်၊ နှောက်ယှက် လာမှုကို ဆီးကြိုတိုက်ခိုက် လိုက်သည်။
လန်းမိုက မတုံ့ပြန်နိုင်မီတွင် အပြာဝတ် ဓားသမား၏ ဓားမှာ မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် ရွေ့လျားသွားသည်။ လန်းမို၏ ခုခံကာကွယ်မှုနှင့် ထိပ်တိုက် တွေ့ဆုံချိန်တွင် အပြာဝတ် ဓားသမား၏ တိုက်ခိုက်မှုများမှာ ပို၍ ပို၍ မြန်ဆန် လာခဲ့သည်။
ရှစ်ကြိမ်မျှ ထိပ်တိုက် ရင်ဆိုင်ရုံဖြင့် လန်းမို၏ အရှိန်အဝါမှာ ပြိုပျက်သွားကာ၊ ထိတ်လန့် တုန်လှုပ်ခြင်းများ သူ့နှလုံးသား ထဲတွင် ပြည့်နှက် လာသည်။ ရုတ်တရက် အပြာဝတ်ဓားသမားက တိုက်ခိုက်မှုကို ရပ်လိုက်ပြီး သူ့ဓားကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။
၎င်းကို မြင်လိုက်ရသည်နှင့် လန်းမိုက အံ့သြသွားပြီး၊ စိတ်သက်သာရာ ရသွားကာ နောက်ဆုတ် သွားသည်။ သို့သော် အနက်ရောင်လှံရှည် တစ်စင်းသည် အပြာဝတ်ဓားသမား၏ လက်ထဲ၌ ရုတ်တရက် ပေါ်လာပြီးနောက်၊ လန်းမိုထံ တိုးဝင် လာလေသည်။ လှံဖျားမှာ လန်းမို၏ ရင်ဘတ်ထဲသို့ တအိအိ တိုးဝင် သွားကာ၊ သွေးများ စီးကျလာလျက် အဝေးသို့ လွင့်ထွက်သွား လေသည်။
လန်းမိုက ဒဏ်ရာပေါ်ရှိ လှံကို ဆုပ်ကိုင်ထားပြီး မတ်တပ်ပြန် ရပ်ရန် ရုန်းကန် လိုက်သည်။ အပြာဝတ် ဓားသမားက လန်းမိုထံတွင် စိုက်ဝင်နေသော လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် လိုက်ပြီး၊ မူလစွမ်းအင်များကို ၎င်းလှံအတွင်းသို့ စတင် စီးဝင်စေ လိုက်သည်။ လန်းမိုက သူ့ခြေထောက်ပေါ် ပြန်ရပ် နိုင်လိုက်သည့် အချိန်၌ လှံဖျားမှာ ရင်ဘတ်ကို ထိုးဖောက်လာပြီး မြေပြင်ပေါ်သို့ စိုက်ကျ သွားလေသည်။
"အား........ "
လန်းမို၏ နာကျင်စွာ အော်ဟစ် လိုက်သံသည် ပြိုင်ပွဲစင်မြင့် တစ်ခုလုံး ဖုံးလွှမ်း သွားတော့၏။ အပြာဝတ် ဓားသမားက သူ့ဓားကို ပြန်ကောက်ယူကာ၊ ဝမ်နင်ဆီသို့ လျှောက်လှမ်းသွား ခဲ့သည်။
အပြာဝတ်ဓားသမားထံမှ အေးစက်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာရာ၊ ကြည့်ရှူ နေသူများ၏ ကျောရိုး တစ်လျှောက်သို့ အေးစိမ့်သော ခံစားချက်များ ပေးစွမ်း လာလေသည်။ ဟွမ်ဖူဂျင်းရှန်နှင့် အခြားသူများ ပင်လျှင်၊ အမူအရာများ ပြောင်းလဲသွား ကြ၏။
စင်မြင့် အပြင်ဘက်ရှိ တပည့်အသစ်များနှင့် စီနီယာ တပည့်များက အော်ဟစ် အားပေးလိုက်ကြသည်။
ဝမ်ယန်၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားပြီး သူ့နှုတ်ခမ်းများမှာ ဒေါသကြောင့် ခရမ်းရောင်ပြောင်းသွား၏။ အပြာဝတ် ဓားသမားက ဝမ်နင်ထံသို့ ဓားဆွဲကာ လျှောက်သွားသည်ကို တွေ့လိုက် ရသည်နှင့်၊ သူ၏ မျက်နှာမှာ ပြောင်းလဲသွား၏။
" ငါ့ညီကို သတ်ဖို့ သူသွားနေပြီ ..... "
ဟု ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး၊ ဝမ်ယန်က ပြေးဝင် ဟန့်တား ချင်ခဲ့သော်လည်း၊ ကြယ်ကိုးပွင့် ပြိုင်ပွဲ မပြီးခင်တွင်၊ မည်သူမျှ အဆိုပါ အတားအဆီးကို၊ မဖြတ်ကျော် နိုင်သည်ကို ရုတ်တရတ် သတိရသွားကာ၊ အံကြိတ် လိုက်မိ၏။
စင်ပေါ်ရှိ ဝမ်နင်မှာ ကြောက်လန့်တကြားဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ပါးနှစ်ဘက်စလုံး နီရဲနေကာ၊ အပြာဝတ် ဓားသမားက သူ့ထံ လျှောက်လှမ်း လာသည်ကို မြင်လိုက်သည်နှင့် တုန်လှုပ်စ ပြုလာပြီး၊
" မင်း ...ငါ့ရဲ့ ဝိညာဉ်ကျောက်စိမ်းတွေ လိုချင်နေတာလား၊ အားလုံးကို ငါပေး နိုင်ပါတယ်၊ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့....... ငါက ဝမ်မျိုးနွယ်ရဲ့ တိုက်ရိုက် အမွေခံပါ၊ စီနီယာဝမ်ယန်က ငါ့အစ်ကိုပဲ၊ မင်းရဲ့ တောင်းဆိုချက် တွေကို ငါဖြည့်ဆည်း ပေးနိုင်ပါတယ်။"
ဝမ်နင်၏ တောင်းပန်သံမှာ တုန်ယင်စွာ ထွက်ပေါ် လာသော်လည်း၊ အပြာဝတ် ဓားသမားက တစ်ချက်မျှ တုံ့နှေးသွားချင်း မရှိပဲ၊ ဆက်လက် လျှောက်လှမ်း လာခဲ့သည်။
စိတ်ထဲတွင် တိုးဝင်လာသော အကြောက်တရား များကြောင့် ဝမ်နင်က ရူးသွပ်လုနီးပါး ဖြင့်၊ “မင်းက ဘယ်သူလဲဟင်” ဟု မေးမြန်း လိုက်လေသည်။
" ငါကို ဘယ်သူလို့ ထင်လဲ"
အပြာဝတ်ဓားသမားက ဝမ်နင်၏ မေးခွန်းကို မေးခွန်းဖြင့် ပြန်ဖြေလိုက်၏။
အပြာဝတ် ဓားသမား၏ အမေးကို ကြားလိုက်သော အခါတွင် ခေါင်းထဲ၌ အသံတစ်သံ မြည်ဟိန်း လာလေသည်။ မယုံကြည် နိုင်မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်ပြီး၊
“ မင်း ... မဖြစ်နိုင်ဘူး ”
-ဟု အော်ဟစ်လျက် နှုန်းချိ သွားလေသည်။
***