သတ် ။
Vol. 14 Ch. 196
အပြာဝတ် ဓားသမားက မျက်နှာဖုံးကို ဖယ်ရှား လိုက်သော အခါတွင် မည်သူမျှ မမျှော်လင့် ထားသော မျက်နှာ တစ်ခု ထွက်ပေါ် လာလေသည်။
ဟန်မိုနှင့် ဟန်ဖန်း တို့မှာ မျက်လုံး များကို ပွတ်သပ် နေကြ၏။
ထပ်ခါ တလဲလဲ ပွတ်သပ် အတည်ပြု ပြီးနောက်တွင် ထိတ်လန့် သွားကြသည်။
'' လင်းယွန်...... ''
“ ငါတို့ သူ့ကို ဓားသင်္ချိုင်း တောအုပ်ထဲကို တွန်းပို့ လိုက်တာ မဟုတ်လား၊ သူ ဘယ်လို ရောက်လာ တာလဲ…”
မိုချင်းယွင်သည်လည်း ထပ်တူထပ်မျှ ထိတ်လန့် သွား၏။ ဟွမ်ဖူဂျင်းရှန် အပါအဝင် နက်နဲ သိုင်းသမား ဆယ်ယောက်၏ မျက်နှာများ ပြောင်းလဲ သွားသည်။
လင်းယွန်၏ အေးစက်သော အကြည့်နှင့် ကြမ်းပြင်ပေါ်တွင် လှံဖြင့် ထိုးစိုက် ခံထားရသည့် လန်းမိုကို တွဲလျက် သတိပြုမိသော အခါတွင် အားလုံး တုန်လှုပ်မိကြ၏။
လီဝူယုကို သတ်လုနီးပါး ဖြစ်ခဲ့သော ဖိန်းဟူယုက ဆိုးရွားသော အမူအရာဖြင့်၊
" ဒီကောင် ဘယ်လိုလုပ် ထွက်လာ နိုင်တာလဲ"
လင်းယွန် ထွက်ပေါ် လာပြီးနောက် အချို့သော သူတို့၏ မျက်နှာများမှာ ပျက်ယွင်း နေကြ သော်လည်း၊ ရွှင်မြူး သူများလည်း ရှိကြလေပြီ။ ရှန်ယန်၏ ပျက်ယွင်းနေသော မျက်နှာတွင် တောက်ပသော အပြုံးများ ထွက်ပေါ်လာပြီး၊
" သူတကယ် လုပ်နိုင်ခဲ့တာပဲ၊ ... ဒါပေမယ့် သူ့ရဲ့ လက်တုံ့ပြန်မှုက တကယ်ကို ရက်စက်လွန်းတယ် မဟုတ်လား ''
လင်းယွန်နှင့် သိကျွမ်းပြီး ကတည်းက တည်ငြိမ် အေးချမ်းမှုကို သူမ ခံစားနိုင်ခဲ့ ရသည်။ မြို့တော်၌ နာကျည်းမှုများ ရှိခဲ့သော်လည်း လင်းယွန်မှာ ခံနိုင်ရည် ရှိနေဆဲပင်။
သို့သော် သူ့ကို ဖိနှိမ့် နိုင်လိမ့်မည်ဟု ယူဆ ထားကြသော မည်သူမဆို ကြီးမားသော အမှားတစ်ခုကို ပြုလုပ်မိခြင်းမည် ပေမည်။
သူ၏ လက်စားချေသော နည်းဖြင့် ၎င်း၏ နှလုံးသားကို မြင်နိုင်ပေသည်။ နဂါးသွေးမြင်းကို လှံဖြင့် ထိုးခဲ့သော လန်းမိုကို လှံတစ်စင်းဖြင့် ထုတ်ချင်းခတ် ထိုးစိုက် ထားခဲ့သည်။
နောက်တစ်ယောက်မှာ ဝမ်နင် ဖြစ်၏။ မိုးနတ်မင်းကြီးမှ ဟန့်တား လာလျှင်ပင် ဝမ်နင်ကိုသတ်ဖို့ နောက်တွန့် နေမည် မဟုတ်ပေ။
လင်းယွန်က သူ့မျက်နှာဖုံးကို ဖြုတ်လိုက်သောအခါတွင် ဝမ်နင်မှာ လုံးဝ ထိတ်လန့် သွား၏။
ဓားသင်္ချိုင်း တောအုပ်သည် အတွင်းမှ မည်သို့ မည်ပုံ ထွက်လာ နိုင်သည်ကို တွေးမရ နိုင်ခဲ့သည့် အပြင်၊ သည်ခွေးကောင်၏ ကျင့်ကြံမှုမှာ နက်နဲနယ်ပယ်သို့ပင် ရောက်ရှိ နေခဲ့လေပြီ။
သို့သော် ဝမ်နင်သည် ဝမ်မျိုးနွယ်၏ အမွေခံသခင်လေး ဖြစ်ပြီး၊ အထက်တန်းစား တစ်ယောက်ဖြစ်နေဆဲ ဖြစ်သောကြောင့် လင်းယွန်လက်၌ သူမသေနိုင်ဟု ယုံကြည် ထားမိသည်။
" ရပ် စမ်း...... "
ဝမ်နင်မှ သနားကြင်နာမှုကို တောင်းခံ၍ မရသည်ကို မြင်သော အခါတွင် ပြိုင်ပွဲစင်မြင့် အပြင်ဘက်ရှိ ဝမ်ယန်က အော်ဟစ် ဟန့်တား လိုက်၏။ သို့သော် လင်းယွန်က ဝမ်ယန်၏ ဟန့်တားသံကို လျစ်လျူရှူလိုက်ကာ၊ ဝမ်နင်၏ ရင်ဘတ်ကို ဓားဖြင့် ထိုးချလိုက်၏။
ဓားကို မြှောက်လိုက် ချိန်မှာပင် ရုတ်တရက် ပြေးဝင်လာသော လူရိပ်နှစ်ရိပ်ကြောင့် လင်းယွန်က ပြန်လှည့် ကြည့်လိုက်သည်။
ဟန်မိုနှင့် ဟန်ဖန်း။
တောအုပ်ထဲတွင် ၎င်းတို့နှစ်ယောက်သည် သူ့ကို ပစ်မှတ်ထားခဲ့သော ပထမဆုံး သူတွေပင်။ သူတို့ နှစ်ယောက် လှုပ်ရှား လိုက်သည်နှင့် အခြားသော နက်နဲသိုင်းသမား များသည်လည်း ပြေးဝင်လာ ကြသည်။
အစောပိုင်းအချိန်တွင် အပြာဝတ် ဓားသမား၏ မူလကို မသိခဲ့သည့် အတွက် ရူးသွပ်စွာ ပြုမူချင်သူ မရှိပေ။ ယခုအချိန်၌ လင်းယွန်ဟု သိလိုက်ရာတွင် သဘာဝအတိုင်း ရှင်သန်ခွင့် မပေးလို။ သူတို့က လင်းယွန်ကို အဆုံးစွန်ထိ တွန်းပို့ ခဲ့ကြသူများ ဖြစ်သောကြောင့် ဤကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် နည်းလမ်း မရှိသည်ကို သိထားကြသည်။
ထို့ကြောင့် ထိုင်စောင့် နေမည့်အစား စတင် လိုက်ကြခြင်း ဖြစ်၏။ ငယ်ရွယ်စဉ်တွင် နက်နဲနယ်ပယ်သို့ ရောက်ရှိ နိုင်သူများမှာ ပြတ်သားသော ဆုံးဖြတ်ချများကို ချနိုင်သူများ ဖြစ်ရာ မဆိုင်းမတွ ရွေးချယ်ခဲ့ကြသည်။
အာရုံပျံ့လွင့်မှုကို အခွင့်ကောင်းယူပြီး ဝမ်နင်က ကြမ်းပြင်ပေါ်မှ လှိမ့်ထွက်လိုက်ကာ၊
" ဒီဓားကျွန်ကို မြန်မြန် သတ်ပစ် ကြစမ်း "
ဟု အော်ဟစ်လိုက်၏။
'' သူ မသေရင် ငါတို့ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး၊ ဆန္ဒရှိလျှင် ...…”
လင်းယွန်က ဝမ်နင်ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီးနောက်၊ ခရမ်းရောင် ဓားမီးတောက်ကို သူ့လက်ဖျားဆီမှ တောက်ထုတ်လိုက်ရာ၊ မျက်စိတစ်မှိတ်အတွင်း လျင်မြန်သော အဟုန်ဖြင့် ပြေးထွက်သွား၏။ ဓားမီးတောက်ကို မြင်လိုက်ရသည်နှင့် ဝမ်နင်က ချက်ချင်း ပါးစပ်ပိတ်ပြီး ဓားမီးတောက်ကို ရှောင်လိုက်ရသည်။
ဓားမီးတောက်မှာ သူ့နှလုံးသားကို ထိုးဖောက်လုနီးပါး ရင်ဘတ်အတွင်း တိုးဝင်လာခဲ့သည်ကြောင့် ပြင်းထန်စွာ နာကျင်သွား ခဲ့သည်။
" မင်း မသေဘူးလား"
လင်းယွန်၏ မျက်လုံးများက အေးစက်စွာ တောက်ပလာကာ အခြားသော တိုက်ခိုက်မှုများကို ထပ်မံ ဖော်ဆောင်ရန် ဆန္ဒရှိသော်လည်း ဟန်ညီအစ်ကို၏ တိုက်ခိုက်လာ မှုများကို ခုခံကာကွယ် လိုက်ရကာ၊ ခြေသုံးလှမ်းခန့် နောက်ပြန် ဆုတ်လိုက်ရသည်။
ဟန်ညီအစ်ကိုမှာ ဝမ်နင်၏ ခွေးငယ်လေး များ သဖွယ် လိုလိုလားလား ဦးညွှတ်လိုက်ကြပြီး၊ လင်းယွန်ကို တစ်လျှောက်လုံး အခက်အခဲများစွာ ပေးခဲ့ ဖူးပေသည်။
“ မင်းကို ပိုသန်မာ လာလိမ့်မယ်လို့ ငါတို့က ထင်ထားခဲ့တာ၊ ဒီတော့ မင်းက ဘာမှ ဖြစ်မြောက်လာပုံ မရပါလား ”
ဟန်မိုနှင့် ဟန်ဖန်းတို့က ပုခုံးချင်း ယှဉ်ရပ်လိုက်ကြပြီး၊ ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် နောက်ပြန် ဆုတ်သွားသော လင်းယွန်ကို အထင်သေးစွာ လှောင်ပြောင် လိုက်လေသည်။
သူတို့နှစ်ယောက်က လင်းယွန်ကို ခဏမျှ ထိန်းထား လိုက်ရုံဖြင့် နောက်တစ်ကြိမ် ဝိုင်းရံ ထားနိုင်တော့ ပေမည်။
" ဓားသင်္ချိုင်းတောအုပ်ထဲက လွတ်မြောက်လာ ကတည်းက မင်းအသက်ကို မင်းတန်ဖိုးထား သင့်တယ် ''
တမဟုတ်ချင်းမှာပင် ဖိန်းဟူယု၊ မိုချင်းယွင်နှင့် အခြားသော နက်နဲ သိုင်းသမားများလည်း ရောက်ရှိလာ ကြ၏။
" အုပ်စုဖွဲ့ တိုက်ခိုက် ခဲ့တာလား "
ဓားနန်းတော် အကြီးအကဲများနှင့် စီနီယာတပည့်များက ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။ ဝမ်နင်သည် ရှန်ရှင်း ပဉ္စမအဆင့် သိုင်းသမား တစ်ယောက်ကို ဖိနှိပ်ရန် နက်နဲသိုင်းသမား (၁၀)နှင့် လက်တွဲခဲ့သည်ကို ကြားသိရသော အခါတွင် ၎င်းတို့က မယုံခဲ့ကြပေ။
ယခုမူကား၊ ၎င်းသူတို့သည် လင်းယွန်ကို သတ်ရန် ပူးပေါင်း ဆောင်ရွက် ခဲ့ကြမည်ကို သက်သေခံ နေကြလေပြီ။ အကယ်၍သာ ယခုအကြိမ်သည် ပထမဦးဆုံး လက်တွဲတိုက်ခိုက်ခြင်း ဆိုပါက၊ ဤသို့သော ဆက်ဆံရေးမျိုး ရှိဖို့ရန် မဖြစ်နိုင်ချေ။
" အရှက်မဲ့လိုက်တာ... "
ရှင်းယန်၏ မျက်နှာမှာ မည်းမှောင်သွား၏။ သူမ မျက်လုံးထဲတွင် သည်မျှလောက် အရှက်ကင်းမဲ့သော မြင်ကွင်းတစ်ခု တွေ့မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ဘိုင်တင်းဘေး၌ ရပ်နေသော ဝမ်ယန်၏ ထိတ်လန့်နေသော အမူအရာမှာ၊ တဖြည်းဖြည်း လျော့ပါး လာ၏။ သူက၊
“လူပြက်တစ်ယောက်က လူပြက် ဖြစ်နေတုန်းပဲ၊ အခု မင်းဘယ်လို ရှင်သန်မလဲ ဆိုတာ ငါကြည့်မယ် "
လင်းယွန်က ဟန်မိုနှင့် ဟန်ဖန်းတို့၏ လှောင်ပြောင်မှုကို လျစ်လျူရှူကာ ပန်းသင်္ချိုင်းဓားကို ဆုပ်ကိုင် လိုက်သည်။ လက်ကို ဝှေ့ယမ်းရုံမျှဖြင့် မိုးကြိုးလက်ခုပ်သံငါးပါးကို ထုတ်ဖော်လိုက်၏။ စင်ပေါ်တွင် လျှပ်စီးသုံးစင်း ဝင်းလက်သွားကာ နောက်ဆက်တွဲ ပုံရိပ်များ ထူထပ်စွာ ပြည့်ကျပ် လာတော့သည်။
လက်ကောက်ဝတ်ကို သုံးကြိမ်တိုင်တိုင် လှန်လိုက်သည်နှင့် ဓားလှိုင်းများ ထွက်ပေါ်လာပြီး၊ လှိုင်းတစ်လှိုင်း စီတွင် ဓားရိပ် ရှစ်ဆယ့်တစ်ရိပ် အဖြစ် ဖွဲ့တည်လာကာ၊ နောက်ဆက်တွဲ ပုံရိပ်ပေါင်း နှစ်ရာကျော် ဖန်တီးခဲ့သည်။
ဟန်မိုနှင့် ဟန်ဖန်းတို့၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားကြပြီး ဓားရိပ်များကို အံ့အားသင့်စွာ ကြည့်နေ မိ၏။
လင်းယွန်၏ ဒါန်တမ် အတွင်းရှိ ခရမ်းရောင်ပန်းမှာ ပွင့်လာပြီး၊ နောက်ထပ် လွှဲယမ်းမှု ခြောက်ကြိမ်တိတိ ထုတ်ဖော်လိုက်သည်ကြောင့်၊ ပန်းသင်္ချိုင်းဓားမှာ ရက်စက်သော နဂါးတစ်ကောင် ကဲ့သို့၊ ဟန်မိုနှင့် ဟန်ဖန်းတို့ကို ဖိနှိပ်လာခဲ့သည်။
ဟန်မိုနှင့် ဟန်ဖန်း၏ မျက်နှာများ ပြောင်းလဲသွားကာ၊ ပြန်လည် တိုက်ခိုက်ဖို့ရန် စိတ်ကူးနိုင်ခြင်း မရှိခဲ့ကြချေ။
နှစ်ယောက်သား အရိုက်ခံရကာ၊ ပါးစပ်မှ သွေးများ အန်ကျသွား၏။
သူတို့က အံကြိတ်လိုက်ပြီ၊ ဓားရှည်များကို တင်းတင်းဆုပ်ကိုင်ကာ ဘဝနှင့် သေခြင်းကြားတွင် ရုန်းကန်ရန် ကြိုးစားလာ ကြသည်။ လက်ချင်း ချိတ်လိုက်သည်နှင့် ၎င်းတို့၏ ဆက်ဆံရေးမှာ အဆင့်သစ် တစ်ခုသို့ ရောက်ရှိ သွား၏။
သို့သော် ပန်းသင်္ချိုင်းဓားမှာ တဖြည်းဖြည်း လျင်မြန်လာပြီး၊ ဒုတိယသိုင်းကွက်ကို ဆက်လက် ထုတ်ဖော် လိုက်သည်။
ဟန်ညီအစ်ကိုသည် မိုးကြိုးလက်ခုပ်သံငါးပါး၏ ပထမဓားကွက်ကို ကိုင်တွယ်ရာတွင် ခက်ခဲနေပြီ ဖြစ်သောကြောင့် ဒုတိယဓားချက် ဖြစ်သော ချယ်ရီပန်းစီးချင်း၏ အဟုန်အောက်တွင် ဖိအားနှစ်ဆ ခံစား လိုက်ရလေသည်။
ဓားရိပ်များမှာ ဟန်ညီအစ်ကိုအား လွှမ်းခြုံသွားပြီး၊ လင်းယွန်၏ ဓားမှာ မည်သူ့အတွက် ရည်မှန်းလာသည်ကို သူတို့ မသိခဲ့ကြပေ။ ဓားရိပ်များ ပျောက်ကွယ် သွားသည်နှင့် ဟန်မို၏ ရင်ဘတ်ထဲမှ သွေးများ စီးကျ လာလေသည်။
လင်းယွန်က ဟန်ဖန်းအား တုံ့ပြန်ရန် အချိန်မပေးတော့ပဲ၊ တတိယဓားဖြစ်သော မိုးနှင်းအိမ်မက်ကို ဆက်လက် ထုတ်ဖော်ခဲ့သည်။ ဓား၏ နောက်ကွယ်မှ ကြီးမားသော စွမ်းအားသည် ဆီးနှင်းများ ကဲ့သို့ သွက်လက်မှု ရှိရုံသာမက တိမ်ပင်လယ် အဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင်၊ သူ၏ တိုက်ခိုက်မှုများ နှင့်အတူ ၀ိညာဉ်စွမ်းအင်များ ပိုမို ပါ၀င်လာသည် ဖြစ်ရာ၊ ဟန်ဖန်း အတွက်မူ ဆိုဖွယ် မရှိချေ။
ချက်ချင်းပင် လရောင်ဖမ်းဆီးခြင်းဖြင့် ဟန်မိုရှေ့တွင် လျှပ်စီးကြောင်း ကဲ့သို့ ပြန်လည် ထွက်ပေါ်လာသည်။ ဟန်မို မြေပြင်ပေါ်သို့ လဲကျ သွားသည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်ရှိ ရာနှင့်ချီသော ဓားဒဏ်ရာများမှ သွေးများ ဖျန်းခနဲ ထွက်ကျသွားသည်။
ဟန်မိုနှင့် ဟန်ဖန်းကို အနိုင်ယူရန် သိုင်းကွက်လေးကွက်သာ အသုံးပြုခဲ့သည်။ ၎င်းသည် အဆင့် ချိုးဖြတ်ရန် နက်နဲချိုးဖြတ် ဆေးကို သုံးစွဲခဲ့ရသော ဝမ်နင်နှင့် မတူချေ။ သူ၌ ခိုင်မာသော အခြေခံအုတ်မြစ်နှင့် ကောင်းမွန်သည့် ဓားနည်း စနစ်များ ရှိပေသည်။
သို့သော် ဟန်ညီအစ်ကို၏ ဟန့်တားမှုသည် ကျန်ရှိနေသော နက်နဲသိုင်းသမား ခြောက်ယောက်အတွက် အကောင်းဆုံး အခွင့်အရေးကို ဖန်တီးပေးခဲ့သည်။
" သူ့ကိုသတ် "
မိုချင်းယွင်နှင့် ဖိန်းဟူယုတို့က ဦးဆောင်ကာ နက်နဲသိုင်းသမား လေးယောက်နှင့်အတူ လင်းယွန်အား တိုက်ခိုက် လိုက်တော့သည်။ မူလစွမ်းအင်များက ပတ်ဝန်းကျင်ကို လှိုင်းထ လာပြီးနောက်၊ ၎င်းတို့၏ သိုင်းဝိညာဉ်များကို ဆင့်ခေါ် လိုက်ကြ၏။
သူတို့ ခြောက်ယောက်၏ အပြင်းထန်ဆုံးသော သိုင်းကွက်များကို တစ်ချက်တည်းဖြင့် ထုတ်ဖော်လိုက်ပြီး ကြီးမားသော စွမ်းအင်လှိုင်းကြီးအား ဖြစ်ပေါ် လာစေလျက်၊ လင်းယွန်၏ ခြေထောက်အောက် မြေပြင်၌ အက်ကြောင်းများ ထွက်ပေါ် လာခဲ့သည်။
လင်းယွန်သည် ၎င်းတို့၏ တိုက်ခိုက်မှု တစ်ခုနှင့်ပင် ထိမှန်ခဲ့မည်ဆိုလျှင် ပြင်းထန်စွာ ဒဏ်ရာ ရသွားမည် ဖြစ်သည်။ ဤသို့ အန္တရာယ်ရှိသော အခြေအနေမှ မည်သို့ ရုန်းထွက်မည်ကို မည်သူမျှ မခန့်မှန်း နိုင်ခဲ့ကြပေ။
ရုတ်တရက် နဂါးငွေ့တန်း သဖွယ် လေ၊ ပန်း၊ နှင်းနှင့် လတို့ကို ပေါင်းစပ်ထားသော ပဉ္စမမြောက် သိုင်းကွက်မှာ ပေါက်ကွဲမှု တစ်ခုဖြင့် ထွက်ပေါ်လာသည်။
မိုးကောင်းကင်နတ်ဘုရား။
နက်နဲသိုင်းသမား ခြောက်ယောက်၏ တိုက်ခိုက်မှု များသည် လင်းယွန်နှင့် မီတာဝက်မျှသာ ဝေးကွာသော အခြေအနေ အရောက်တွင်၊ လျှပ်စီးကြောင်း များက သူတို့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာကာ၊ ပါးစပ်မှ သွေးများ ထွက်ကျ သွားစေသည်။ သူတို့၏ နားစည်များ ကွဲအက် သွားပြီးနောက် အမြင်အာရုံများ မှုန်ဝါးလာ၏။ နားရွက်ကို အုပ်ထားလျက် နာကျင်စွာ အော်ဟစ် နေစဉ်မှာပင် ပေါက်ကွဲသံများ အဆက်မပြတ် ဖြစ်ပေါ်လာပြီး စိတ်ထဲ၌ တုန်လှုပ်နေကြသည်။
စင်မြင့်ပေါ်၌ အခြားသော လူသစ်များမှာ မုန်တိုင်းနှင့် ခပ်ခွာခွာ အနေအထားဖြင့် ရှိနေခဲ့ကြ၏။ သို့သော် ရုတ်တရက် မိုးခြိမ်းသံများက သူတို့ကို အံ့အားသင့်စေခဲ့ပြီး နားစည်များ တုန်ခါ သွားခဲ့သည်။ ထို့ပြင် ကျန်ရှိနေသော ရုပ်သေးများသည် ကလုန်းကနဲ တုန်လှုပ်သွားပြီး၊ အပိုင်းပိုင်း ပြိုကွဲသွား လေသည်။
'' ဖြောင်း..... ဖြောင်း ဖြောင်း ''
ဟွမ်ဖူဂျင်းရှန်က လက်ခုပ်တီးပြီး ပရိသတ်များ၏ အာရုံကို ဖမ်းယူ လိုက်သည်။ ဤအခိုက်တွင် ဟွမ်ဖူဂျင်းရှန်သည် သူ၏ အရွှေ့ကို မပြုလုပ် ရသေးကြောင်း သတိရ သွားကြ၏။ ဟွမ်ဖူဂျင်းရှန်သည် မပြည့်စုံသော ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင်ထားပြီး အခြားသော နက်နဲသိုင်းသမား များထက် ပို၍ သန်မာ လှပေသည်။ သူ့၌ မာနကြီး ဖို့ရန် လုံလောက်သော အရည်အချင်း များရှိ၏။
"အမှိုက် သိုင်းဝိညာဉ်နဲ့ မင်းရဲ့ လက်ရှိ ခွန်အားကို ရယူထား နိုင်တာက အထင်ကြီးစရာ ပါပဲ၊ ဒါပေမယ့် ဒါက အဆုံးသတ်ပဲ…”
သာယာ စူးရှသော ပဲ့တင်သံများ ထပ်သွား၏။ ဟွမ်ဖူဂျင်းရှန်က သူ့ဓားကို ဆွဲထုတ်ပြီး မပြည့်စုံသည့် ဓားရည်ရွယ်ချက်ကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
သူ၏ ဆံပင်များက လေထဲတွင် တဖျပ်ဖျပ် လွင့်နေပြီး မပြည့်စုံသော ဓားဆန္ဒအောက်တွင် ထက်ရှသော ဓားတစ်လက်ကဲ့သို့ အရှိန်အဝါများ ထွက်ပေါ်လာသည်။
" ဟွမ်ဖူဂျင်းရှန် ကျန်နေသေးတာပဲ၊ ဒီအတွက် လုံလောက်ပါပြီ "
ဝမ်ယန်၏ မျှော်လင့်ချက်များ ပြန်လည် တောက်ပလာခဲ့သည်။ ဓားသမားများသည် ၎င်းတို့၏ နှလုံးသားကို လွန်ဆန်ခြင်းထက် သေဆုံးချင်းကိုသာ ရွေးချယ် ကြပေမည်။
သို့သော် ရုတ်တရက် လင်းယွန်ထံမှ ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ဝါများ ပေါက်ကွဲလာ၏။
ပြီးပြည့်စုံသော ဓားရည်ရွယ်ချက်။
အကြီးအကဲများနှင့် အထက်တန်းစား တပည့်များသည် ထိုအရာကို မြင်သော အခါတွင် တုန်လှုပ် သွားကြကာ၊ ထိုင်ခုံများမှ ထရပ်လိုက်ကြ၏။ လင်းယွန်သည် အဘယ်ကြောင့် ဤမျှ သန်မာလာသည်ကို နောက်ဆုံး၌ သိရှိသွား ကြသည်။
လက်ကို ဝှေ့ယမ်း လိုက်သည်နှင့် ပြီးပြည့်စုံသော ဓားရည်ရွယ်ချက်သည် မပြည့်စုံသော ဓားရည်ရွယ်ချက်ကို ချိုးဖျက်ကာ ဟွမ်ဖူဂျင်းရှန်၏ ရင်ဘတ်သို့ ဓားတစ်လက် ကဲ့သို့ တိုးဝင်သွား၏။ ထိုအဖြစ်အပျက်များသည် တခဏအတွင်း ဖြစ်ပွားခဲ့ပြီ၊ မပြည့်စုံမှုနှင့် ပြီးပြည့်စုံသော ဓားရည်ရွယ်ချက် ကြားတွင် သည်းထိတ်ရင်ဖို အဖြစ်အပျက်များ ရှိမလာခဲ့ပေ။
လင်းယွန်က သူ့အကြည့်ကို ငုံ့ကြည့်လိုက်ပြီး၊
" ငါ့ရှေ့မှာ ကြီးမြတ်သယောင် ဆောင်မနေပါနဲ့၊ မင်းသာ သူတို့နဲ့ လက်တွဲခဲ့ရင် ငါ့ကို အနိုင်ယူဖို့ (50%)အခွင့်အရေး ရှိနိုင်တယ်၊ အခုချိန်မှာတော့ မင်းကို ဓားတစ်လက်ထဲနဲ့ အလွယ်တကူ အနိုင်ယူ နိုင်ပြီ။ ငါ့ညီရဲ့ ခန္ဓာကိုယ်ထဲမှာ မင်းရဲ့ ဓားဆန္ဒကို ထားရစ် ကတည်းက မင်းကိုယ်တိုင် ပြန်မြည်းစမ်းရမဲ့ အချိန် ရောက်လာ လိမ့်မယ်လို့ တွေးကြည့်ဖူးလား "
စကားဆုံးသည်နှင့် ဓားဖျားကို ဟွမ်ဖူဂျင်းရှန်၏ ရင်ဘက်ထဲ ထိုးသွင်းလိုက်စဉ် ပန်းသင်္ချိုင်းဓားမှာ မြည်သံ ပြုလာ၏။ ဟွမ်ဖူဂျင်းရှန်၏ မျက်ဝန်းများတွင် နာကျင် ထိတ်လန့်နေသော အကြည့်များဖြင့် ဒူးထောက်လျက် လဲကျသွား၏။ ပြီးပြည့်စုံသော ဓားရည်ရွယ်ချက်မှာ သူ့ခန္ဓာကိုယ် အတွင်း တဖြည်းဖြည်း ကြီးထွား လာသည်ကို သူ ခံစား သိရှိနိုင်သည်။
ဟွမ်ဖူဂျင်းရှန်က စိတ်ပျက်လက်ပျက်ဖြင့် လင်းယွန်ကို ကြည့်ကာ မျက်ဝန်းများဖြင့် တောင်းပန်လိုက်၏။ ဓားရည်ရွယ်ချက်မှာ မည်မျှ ကြောက်စရာ ကောင်းသည်ကို သူသိသည်။ လွန်ခဲ့သော တစ်မိနစ်ခန့်က ပြသခဲ့သော သူ၏ မာနမှာ ယခုအချိန်၌ ဟာသတစ်ခုသာ ဖြစ်သွားခဲ့လေပြီ။
ထို့နောက်တွင် လင်းယွန်က ဟွမ်ဖူဂျင်းရှန်ကို လျစ်လျူရှုပြီး ဝမ်နင်ကို လှည့်ကြည့်လိုက်သည်။ ဝမ်နင်က ပြိုင်ပွဲစင်မြင့်မှ ခုန်ချရန် အတွက် အစွန်းဆီသို့ အပြေးသွား ခဲ့သော်လည်း၊ အတားအဆီးမှ ထွက်ခွာရန် ခြေတစ်လှမ်း အလို၌ လဲကျ သွား၏။
လဲကျနေလျက် လင်းယွန်ကို လှည့်ကြည့်လိုက်မိသော ဝမ်နင်က မတ်တပ်ရပ်ပြီး ပြုံးလိုက်သည်။ လင်းယွန်၌ ဓားရည်ရွယ်ချက် အပြည့်အစုံ ရှိနေသော်လည်း၊ သူ့အား သတ်နိုင်တော့မည် မဟုတ်ပေ။
“မင်း ငါ့ကို သတ်ချင်နေတာ ငါသိတယ်၊ ဒါပေမယ့် ကံမကောင်းတာက မင်းရဲ့ ဆန္ဒတွေ ဒီနေ့ မပြည့်ဝ လိုက်ဘူး၊ အနာဂတ်မှာ ဓားနန်းတော်အတွင်း ငါတို့အတူ ရှိနေတော့မှာ မလို့၊ မင်းနဲ့အတူ ဖြည်းဖြည်းချင်း ကစားပေးမယ်၊ အခုချိန်ထိတော့ ငါ့မျက်လုံးထဲမှာ မင်းက ဓားကျွန်တစ်ယောက် ဖြစ်နေတုန်းပဲ "
-ဟု ဆိုကာ စကားဆုံးသည်နှင့် ချာခနဲ့ လှည့်ပြီး စင်ပေါ်မှ ခုန်ဆင်း လိုက်တော့၏။ ဤစင်ပေါ်မှ လွတ်မြောက်ပါက အကြီးအကဲ ဘိုင်တင်းနှင့် ဝမ်ယန်က သူ့ကို အကာအကွယ် ပေးမည် ဖြစ်သည်။ ထို့ကြောင့် လင်းယွန်က သူ့ကိုသတ်ဖို့ရန် မဖြစ်နိုင်ပေ။
" ပြန် တက် သွား စမ်း.... "
ရုတ်တရက် လီဝူယုက လေထဲသို့ ပျံတက်သွားပြီး အတားအဆီး ဆီသို့ ဦးတည်ကာ ဝမ်နင်၏ ရင်ဘတ်အား ကန်ထုတ်လိုက်၏။ ထိုကန်ချက်ကြောင့် ဝမ်နင်မှာ သဲအိတ်တစ်လုံးကဲ့သို့ ခွေခေါက်သွားကာ၊ မီတာဆယ်နှင့်ချီ လွင့်ထွက်သွား ပြီးနောက် လင်းယွန်၏ ရှေ့သို့ပြန်လည် ကျဆင်း သွားလေသည်။ လင်းယွန်ထံမှ အေးစက်သော အကြည့်ဖြင့် ပြန်လည် ရင်ဆိုင်လိုက်ရ၏။
ရုတ်တရက် လင်းယွန်၏ မျက်လုံးများတွင် လူသတ်လိုသော ဆန္ဒများကို မြင်လိုက်ရသည်ကြောင့် ဝမ်နင်၏ ဝိညာဉ်သည် ကြောက်လန့်တကြားဖြင့် သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားလို ခဲ့လေသည်။
***