← Chapters

ဘယ်တော့မှ ဦးမညွှတ်ဘူး။

Vol. 15 Ch. 197

ဘယ်တော့မှ ဦးမညွှတ်ဘူး။

Vol. 15 Ch. 197

လင်းယွန်၏ မျက်လုံးများတွင် လူသတ်လိုသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။

ဝမ်နင်က သူ့မိုက်မဲမှု မတွက် နောင်တရသွား၏၊ အချိန်သာ မဖြုန်းပါက ပြိုင်ပွဲစင်မြင့် ထက်မှ ပြေးထွက် သွားနိုင်ပေမည်။

ကြယ်ကိုးပွင့် ပြိုင်ပွဲ၏ စည်းမျဉ်းများကို ရှာဖွေပြီးနောက် လင်းယွန်နှင့် လီဝူယုတို့သည် ပြီးပြည့်စုံသော အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ကြသည်။

ထို့ကြောင့်ပင် နက်နဲနယ်ပယ်သို့ ရောက်ရှိလာသော လင်းယွန်က စင်မြင့်ပေါ်သို့ တက်သွားခဲ့သည်။ လီဝူယု အတွက်မူ လူအုပ်ကြား ထဲတွင် ပုန်းအောင်းကာ၊ စင်ပေါ်မှ ပြန်ပြေး ဆင်းလာမည့် သူများရှိပါက ဟန့်တားရန် ဖြစ်ပေသည်။

မျက်နှာဖုံးတပ်ထား ခြင်းဖြင့် ဝမ်ယန်နှင့် အကြီးအကဲ ဘိုင်တင်းတို့၏ ဟန့်တား လာနိုင်မှုကို ရှောင်လွှဲလိုခြင်း ဖြစ်သည်။

လူတိုင်း၏ မျက်လုံးများတွင် မဆင်မခြင် ပုံပေါက် နေပုံရသော်လည်း ဆန့်ကျင်ဘက်အနေဖြင့် လင်းယွန်မှာ စေ့စပ်သေချာ သူဖြစ်သည်။ သူ လှုပ်ရှားလိုက်သည်နှင့် ဝမ်နင်အား ရုန်းကန်ရန် အခွင့်အရေး မပေးတော့ပဲ၊ ရင်ဘတ်ကို နင်းလိုက်သည်ကြောင့် နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာ တော့သည်။

ရုပ်သေးရုပ်များ အားလုံးသည် ဓားရည်ရွယ်ချက်ဖြင့် ဖျက်ဆီးခံခဲ့ရပြီး နက်နဲသိုင်းသမား များမှာ စင်မြင့်ပေါ်၌ အတုံးအရုန်း နာကျင်လဲကျ နေကြဆဲ ဖြစ်သည်။ လန်းမိုသည် လှံဖြင့် မြေပြင်၌ ထိုးစိုက် ခံနေရတုန်းပင်။ ထိုအချိန်တွင် ဟွမ်ဖူဂျင်းရှန်သည် မြေပြင်ပေါ် ဒူးထောက်လျက် ရှိနေ၏။

အခြားသော ကြယ်ကိုးပွင့် ပြိုင်ပွဲဝင်များက ထိတ်လန့်စွာဖြင့် စင်မြင့်ပေါ်မှ ထွက်ခွာသွား ကြသည်။ စင်မြင့်ပေါ်တွင် ရပ်နေသည့် တစ်ဦးတည်းသော သူမှာ လင်းယွန် ဖြစ်ပြီး၊ သူ့ခြေထောက် တစ်ဖက်သည် ဝမ်နင်၏ ရင်ဘတ်ပေါ်၌ ရှိနေခဲ့သည်။

အပြာရောင်ဝတ်ရုံ စများနှင့် ဆံပင်ရှည်များမှာ လေထဲတွင် လွင့်ပျံနေပြီး၊ နဖူးပေါ်ရှိ ရွှန်းဗက် ပုံသဏ္ဍာန် ခရမ်းရောင် အမှတ်အသားကြောင့်ပင် ကျက်သရေကို တိုးလာစေ ခဲ့သည်။ အကြီးအကဲများနှင့် စီနီယာတပည့်များ အားလုံးမှာ လင်းယွန်အား ရှုပ်ထွေးသောအမူအရာဖြင့် လှမ်းကြည့်နေ ကြ၏။

ကြယ်ကိုးပွင့် ပြိုင်ပွဲသည် နှစ်ပေါင်းတစ်ထောင်ကျော် သမိုင်းကြောင်းရှိသော ဓားနန်းတော်၏ အစဉ်အလာ ကြီးမားသည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။ သမိုင်း တစ်လျှောက်တွင် ပြိုင်ပွဲစင်မြင့် တစ်ခုလုံးကို လွှမ်းမိုးထားနိုင်သော သူမျိုး ထွက်ပေါ်ဖူးခြင်း မရှိချေ။

သို့သော် လင်းယွန်သည် သူ့ဓားဖြင့် နက်နဲသိုင်းသမား ဆယ်ယောက်ကို အနိုင်ယူကာ ဝမ်မျိုးနွယ်၏ တိုက်ရိုက် အမွေခံ သခင်လေးကိုပင်၊ နင်းခြေထားခဲ့၏။

အချို့သူများက ရှုပ်ထွေးသော အမူအရာများကို ပြသလာကြပြီး ၎င်းတို့၏ မျက်နှာပေါ်တွင် ဆိုးရွားသော အမူအရာများကို ဆင်မြန်းထား လေသည်။ ဘိုင်တင်း၏ မျက်နှာမှာ ညိုမှိုင်းနေပြီး၊

" လင်းယွန်၊ မင်းသာ ဆက်ပြီး မောက်မာနေဦးမယ်ဆိုရင် မင်းကို အရေးယူလို့ ငါ့ကို အပြစ်မတင်ပါနဲ့ "

သူ၏ အေးစက်သော အသံမှာ ပြိုင်ပွဲကွင်းပြင် တစ်လျှောက် ပဲ့တင် ထပ်သွားသည်။ သတ်ဖျက်လိုသော ရည်ရွယ်ချက်ပင် ပူးတွဲ ကပ်ညိ ပါဝင်လာရာ၊ ရှင်းယန်၏ ဘေးတွင် ရှိနေသည့် လျိုဖန်းက လှောင်ပြောင် ဟန်ဖြင့်၊

" ဒီလူအိုကြီးကသာ အရေးယူ နိုင်မယ်ဆိုရင် သူ အရင်ကတည်းက လှုပ်ရှားပြီးသား ဖြစ်မှာပါ၊ ဒီအချိန်မှာ ဘယ်သူကမှ စင်ပေါ် မတက်နိုင်ဘူး”

စင်မြင့်ပေါ်ရှိ စည်းကမ်းများကို လွန်ခဲ့သော နှစ်တစ်ထောင်ကျော်က သတ်မှတ်ထားခြင်း ဖြစ်သည်။ ပြိုင်ပွဲကို ဦးစီးသော အကြီးအကဲဖြစ်သော်ငြား စည်းမျဉ်း စည်းကမ်းများကို လိုက်နာ ရပေမည်။ အမွှေးတိုင် လောင်ကျွမ်း ကုန်ဆုံး သွားခြင်း မရှိခင်၊ စင်မြင့်ပေါ်သို့ တစ်ဦးတစ်ယောက်မှ တက်ခွင့် မရှိချေ။

ယခုအချိန်၌ ဘိုင်တင်း လုပ်နိုင်သော အရာမှာ၊ ခြိမ်းခြောက် အံကြိတ်ခြင်းသာ ဖြစ်လေသည်။

" မောက်မာတယ် ဟုတ်လား၊ မင်းကို သိက္ခာရှိရှိ လက်စားချေခြင်းကို သင်ပေးလို့ ရမလား။ ''

လင်းယွန်က ဘိုင်တင်းကို ကြောက်ရွံ့မှု မရှိပဲ၊ ပြန်လှန် မေးခွန်း ထုတ်လိုက်သည်။

“ မင်းက ပြိုင်ပွဲကို ရှုပ်ထွေးအောင် လုပ်ခဲ့တာပဲ၊ လူပေါင်းများစွာကို ဒဏ်ရာရစေခဲ့တယ်၊ ဒါက မောက်မာရိုင်းစိုင်းတဲ့ အပြုအမူတွေ မဟုတ်လား ... ”

ဘိုင်တင်းက လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။

" မင်း မျက်စိ ကန်းနေလား၊ .... ဟန်ညီအကိုတွေက ငါ့ကို အရင် တိုက်ခိုက်ခဲ့တာကို ဒီက လူတိုင်း မျက်မြင်ပဲ၊ ငါက အမှား လုပ်မိတာလား သူတို့လား "

လင်းယွန်က ရိုင်းစိုင်းစွာ ပြန်ဖြေလိုက်၏။

“ ဘယ်လို သတ္တိမျိုးလဲ…”

“ တကယ်ပဲ သူက အကြီးအကဲဘိုင်တင်းလို အတွင်းအကြီးအကဲ တစ်ယောက်ကို ပြန်ပြောရဲတယ်လား ”

“ ဟား ဟား ဟား၊ ဒီနှစ် ကြယ်ကိုးပွင့် ပြိုင်ပွဲက စိတ်ဝင်စားစရာပဲ၊ ငါ လာမိတာ ကံကောင်းတယ်၊ မဟုတ်ရင် ငါတို့က ဒီလိုပွဲမျိုးကို လွတ်သွားလိမ့်မယ် "

" တကယ်ပါပဲ အခုခေတ် လူငယ်တွေက မာန ကြီးလွန်းပါတယ်၊ အနာဂတ် ဓားနန်းတော် မှာ ဒီအဖြစ်အပျက်တွေ ထပ်ရှိလာမှာကို ငါကြောက်မိတယ်။ ”

လင်းယွန်၏ စကားကြောင့် လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့ပြီး မှတ်ချက်များစွာ ထွက်ပေါ်လာခဲ့သည်။ အခြားတစ်ဖက်တွင် ဘိုင်တင်း၏ မျက်နှာမှာ ပို၍ပင် ပျက်ယွင်း လာ၏။ ဒေါသကြောင့် အသိစိတ်ကို ဆုံးရှုံးခါနီး နေလေပြီ။

ဝမ်ယန်အတွက်မူ လင်းယွန်သည် အတွင်းအကြီးအကဲ တစ်ယောက်အား ပြန်ပြော နိုင်လောက်အောင် ရဲရင့်လိမ့်မည်ဟု သူ မမျှော်လင့် ထားမိရာ စွံ့အ သွားခဲ့သည်။

“ ငါတို့ ကြားထားပြီးပြီ၊ မင်းက ကောင်းကင်လွင်ပြင်ထဲမှာ အရွေးချယ်ခံ လေးယောက်ကို သတ်ခဲ့တာ မြင်ထားတဲ့၊ မျက်မြင် သက်သေတွေ ရှိတယ်၊ ဝမ်နင်ကို လွှတ်လိုက်ရင် မင်းရဲ့ ပြစ်ဒဏ်ကို ငါ သက်ညှာ နိုင်ပါတယ် ”

ဟု ဘိုင်တင်းက လှည့်လည် ခြိမ်းခြောက် လိုက်သည်။

နောက်ဆုံးတွင် ဘိုင်တင်းက သူ၏ ဗျူဟာကို ပြောင်းလဲရန် ကြိုးစားလိုက်သည်။ ယခုအချိန်တွင် သူ၏ ဦးစားပေးမှာ ဝမ်နင်ကို ကယ်တင်လိုခြင်းပင် ဖြစ်သည်။ နက်နဲသိုင်းသမားအားလုံး စင်မြင့်ပေါ်၌ သေဆုံးသွားလျှင်ပင်၊ ၎င်းတို့သည် ဝမ်နင်လောက် အရေးမကြီးချေ။ ဝမ်မျိုးနွယ်၏ တိုက်ရိုက် အမွေခံ အနေဖြင့် ဤနေရာတွင် သေဆုံးသွားပါက ဒုက္ခ ဖြစ်ပေလိမ့်မည်။

"သက်ညှာမယ်...."

လင်းယွန်က ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းပြကာ၊

"ဝူယု၊ တောထဲမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို သွားမေးကြည့် "

လီဝူယုက ကြေနပ်စွာဖြင့် ခေါင်းမော့ ရယ်မောလိုက်ကာ၊ လန်းမိုဆီသို့ လျှောက်သွားပြီး၊ ရင်ဘတ်ထဲမှ လှံကို ဆွဲနုတ်လိုက်သည်။

“ ပြောပါဦး၊ အရွေးချယ်ခံတွေ သေဆုံးသွားခဲ့တာကို ..... ”

လန်းမို၏ မျက်နှာမှာ ချိန်ရွယ်ထားသော လှံကို မော့ကြည့်လျက် ဖြူဖျော့သွား၏။ သူက ချောင်းဆိုးလိုက်ပြီး ဘိုင်တင်း အနားရှိ ဝမ်ယန်ကို ကြည့်လိုက်သည်။ ဝမ်ယန်၏ အေးစက်သော အကြည့်ကို တွေ့မြင်လိုက်ရသော အခါတွင် ကျောရိုးအတွင်း အေးစက်သွားသည်ကို ခံစားလိုက်ရပြီး ပါးစပ်ပိတ်သွား၏။

" မင်းက စကား မပြောချင်ဘူးလား... ကောင်းပြီ၊ ပြောမယ့် သူကို ရှာရတာပေါ့ "

လီဝူယုက လန်းမို၏ ဒူးကို ကန်ပြီး လှံကို ရင်ဘတ်ထဲသို့ ပြန်ထိုးစ ပြုလိုက်သည်။

ယခုအကြိမ် လှံဖြင့် ထပ်မံ အထိုးခံရပါက သေဆုံးရမည်ကို သိရှိ နေသည်ကြောင့်၊ လန်းမိုက သူ့လက်ကို ဝှေ့ယမ်းပြီး၊

“ ငါ .... ငါ ပြောမယ်၊ အဲဒါ ဒုတိယသခင်လေးပါ... ဝမ်သခင်လေးက လင်းယွန်ကို ရန်ငြိုးထားပြီး တောထဲမှာ သတ်ပစ်ဖို့ ငါတို့ကို ညွှန်ကြားခဲ့တယ်၊ လင်းယွန်က အမှိုက် သိုင်းဝိညာဉ်ပဲ ရှိတာကြောင့်၊ ဝမ်မျိုးနွယ်က အရာ အားလုံးအတွက် တာဝန်ယူမှာပါတဲ့..... ''

သူ့အသံက အားနည်း တိုးညှင်းသော်လည်း လူတိုင်းကို ရှင်းရှင်းလင်းလင်း ကြားနေရစေသည်။

သူ့မျက်ခုံးကို စုကျုံ့လိုက်ပြီး ရှင်းယန်က၊

“ ဝမ်မျိုးနွယ်က လူယုတ်မာတွေ .. ဘယ်လိုတောင် သတ္တိရှိ လိုက်တာလဲ”

ဟု အော်ဟစ်လိုက်သည်။

လင်းယွန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ၊ဟွမ်ဖူဂျင်းရှန်၏ ရင်ဘတ်ထဲရှိ ပန်းသင်္ချိုင်းဓားကို ဆင့်ခေါ်လိုက်၏။

“ အွတ်........…”

ဟွမ်ဖူဂျင်းရန်မှာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် အသက်ပြင်းပြင်း ရှူလိုက်၏။ လင်းယွန်က စကားတစ်ခွန်းမှ မပြောတော့ပဲ၊ အေးစက်စွာ လှမ်းကြည့် နေခဲ့သည်။ ပရိသတ်များက ဟွမ်ဖူဂျင်းရှန်ကို ကြည့်နေသော လင်းယွန်မှာ မည်သည်ကို ကြိုးစားနေမှန်း မသိခဲ့ကြပေ။

ဟွမ်ဖူဂျင်းရှန်က ခါးသီးသော အပြုံးဖြင့် ခေါင်းညိမ့်လိုက်ပြီး၊

" ဝမ်နင်က ငါတို့ကို အဆင့်မြင့် နက်နဲဆေးလုံး ဆယ်လုံးစီနဲ့ ကမ်းလှမ်းခဲ့တယ်၊ လင်းယွန်ကို သတ်နိုင်ရင် ဝိညာဉ်ကျောက်စိမ်း တစ်ရာကို ထပ်ပေးမယ်လို့ ကတိပေးထားတယ်။ "

သူ့စကားကြောင့် လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ နက်နဲ သိုင်းသမားများမှာ လင်းယွန်အား အဘယ်ကြောင့် ဝိုင်းဝန်း လာကြသည်ကို လူတိုင်း နားလည် သွားသည်။

အားလုံးက လင်းယွန်ကို ငေးကြည့်လိုက် ကြ၏။ သူတို့သာ အမှတ် မမှားပါလျှင် လင်းယွန်သည် ထိုအချိန်၌ ရှန်ရှင်း ပဉ္စမအဆင့် တွင်သာ ရှိနေသေးပေသည်။ နက်နဲသိုင်းသမား ဆယ်ယောက်ထံမှ လွတ်မြောက် နိုင်ခဲ့သည်မှာ မယုံနိုင်စရာပင်။

အကြီးအကဲဘိုင်တင်းကို ကြည့်လိုက်ပြီး၊ လင်းယွန်က အေးစက်စွာ မေးလိုက်သည်။

'' မင်းမှာ ပြောစရာ ရှိသေးလား အကြီးအကဲဘိုင် ... ''

ဓားနန်းတော်၏ အကြီးအကဲ တစ်ယောက်အပေါ် ဤသို့သော လေသံဖြင့် မေးခွန်း ထုတ်ဝံ့သည်မှာ လင်းယွန် တစ်ယောက်သာ ရှိပေ လိမ့်မည်။

"သူ့ကိုလွှတ်........"

ဘိုင်တင်းက အံကြိတ်လိုက်ပြီး၊ အားလုံးကို လျစ်လျူရှူလျက် အော်ဟစ် လိုက်သည်။

" ငါက မင်းစကားကို နားထောင်မယ်လို့ မင်းထင်နေတာလား၊ ဒီလူယုတ်မာက ငါ့ကို တွန်းပို့နေတုန်း အချိန်က၊ မင်းဘာလို့ ပေါ်မလာတာလဲ .... ဟမ် ''

" ပါးစပ်ပိတ်ထားစမ်း.... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ ဓားနန်းတော်က ဒီကိစ္စအတွက် ငါ့ကို တာဝန်အပြည့် ပေးထားတယ်၊ မင်းက အမှိုက်သိုင်းဝိညာဉ်ကို ပိုင်ဆိုင် ထားတဲ့ ခွေးတစ်ကောင်ပါပဲ၊ သူ့ကို လွှတ်ပေး လိုက်ပြီး ငါပြောသလို လုပ်တာ ပိုကောင်းမယ်၊ ဝမ်နင်ရဲ့ ကိစ္စတွေကို သမာသမတ် ကျကျ ကိုင်တွယ် ဖြေရှင်းပေးမယ်။"

"ဟား ဟား ဟား...."

လင်းယွန်က ခေါင်းမော့ ရယ်မော လိုက်၏။

" သမာသမတ် ကျကျလား .... ဒီစကားလုံးက မင်းလို မြေခွေးအိုကြီး တစ်ယောက်နဲ့ မတန်ပါဘူး၊ ဝမ်နင်အတွက် တရားမျှတပြီး ငါ့အတွက် မတရားတာ ပိုများလိမ့်မယ်၊ ဒီနေ့ သူ့ကို မသတ်ရရင် ငါ့ဓားကို စွန့်ပစ်လိုက်မယ်၊ ဒီလိုမှမဟုတ်ရင် ငါ့ညီအစ်ကို တွေက ငါ့အပေါ်စိတ်ပျက်ကြမှာ သေချာတယ် ”

ရုတ်ချည်းပင် ဓားသည် ရင်ဘတ်ကို ထိုးဖောက်လိုက်သော မြည်သံကို ပြုလျက် ဆူညံသံများ ထုတ်လွှတ် လိုက်လေသည်။ ဤသည်မှာ မည်သည့် အရာကိုမျှ ဦးမညွှတ်နိုင်သော ဓားသမား တစ်ယောက်၏ စိတ်ဓာတ်ပင် ဖြစ်သည်။

ဓားသည် သူ့ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက် လာသောအခါ ဝမ်နင်၏ မျက်လုံးများ ပြူးကျယ် သွားခဲ့၏။

အကြီးအကဲ ဘိုင်တင်းနှင့် သူ့အစ်ကို ရှေ့တွင် လင်းယွန်က သူ့ကို သတ်လာလိမ့်မည်ဟု ယူဆ ထားခြင်း မရှိလေရာ၊ နောက်ဆုံး ထွက်သက်ကို ခံယူပြီးနောက် အသိစိတ်များ ပျောက်ကွယ် သွားခဲ့လေပြီ။

( သူ သေသွားပြီလား .... )

အကြီးအကဲဘိုင်တင်းက ဝမ်နင်ကို လွှတ်ပေးဖို့ရန် အမိန့်ပေး ခဲ့သော်လည်း၊ လင်းယွန်က မဆိုင်းမတွ သတ်ပစ်လိုက်၏။ ဤမြင်ကွင်းကြောင့် လင်းယွန်သည် သူ့အပေါ်၌ သက်ညှာမှု ရှိခဲ့ကြောင်း သိလိုက်ရကာ၊ ဟွမ်ဖူဂျင်းရှန်၏ နှလုံးသားများ အေးခဲ သွားလေသည်။

လင်းယွန်သာ ဆန္ဒရှိပါက သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ပေမည်။

လူအုပ်ကြီးမှာ အံ့အားသင့် သွားပြီးနောက်၊ အသက်ရှူ ကြပ်သွားကြကာ ပင့်သက်ရှည်ကြီးကို ချလိုက် ကြလေသည်။

ဤအခိုက်အတန့်တွင် ကန့်သတ်စည်းမှာ ပျောက်ကွယ်သွားပြီး ကြယ်ကိုးပွင့် ပြိုင်ပွဲ ပြီးဆုံးကြောင်း အချက်ပြလာ ခဲ့သည်။

"သေ စမ်း......."

ဝမ်ယန်က ကျယ်လောင်စွာ ဟောက်လိုက်ပြီး သတ်ဖြတ်လိုသော အငွေ့အသက်ကို ထုတ်လွှတ်လိုက်၏။ သူ့ထံမှ အဝါရောင် အလင်းကိုးစင်း ပေါက်ကွဲထွက်သွားသည်။ နဝမအဆင့် ပယင်းရောင် သိုင်းဝိညာဉ်ဖြစ်သော နတ်ဆိုးမှော်ကျားကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ယန်၏ ဒေါသမှာ ပေါက်ကွဲလာသောမီးတောင်တစ်လုံးကဲ့သို့ လင်းယွန်ထံ ဦးတည်လိုက်လေသည်။ နက်နဲနယ်ပယ်၏ ဆဋ္ဌမအဆင့် တွင်ရှိသော သူ၏ ခွန်အားဖြင့် မျက်လုံးတစ်မှိတ် အတွင်းမှာပင် လင်းယွန်ထံ ရောက်ရှိ သွားခဲ့သည်။

အရေးကြီးသော အခိုက်အတန့်တွင်၊ ဝမ်ယန်၏ တိုက်ခိုက်မှုကို တားဆီးရန် ပန်းသင်္ချိုင်းဓားကို မြှောက်လိုက်၏။ သို့သော် ကျင့်ကြံမှု အဆင့် ကွာဟချက်ကြောင့် မည်သို့မျှ ခုခံနိုင်စွမ်း မရှိခဲ့ပေ။ အရှိန်အဝါ ဖိနှိပ် မှုအောက်တွင် အတွင်းအင်္ဂါများ၌ အက်ကြောင်းများ ထွက်ပေါ်လာကာ၊ အဝေးသို့ လွင့်စင် သွားခဲ့လေသည်။

ဝမ်ယန်၏ တိုက်ခိုက်မှုသည် ထိုမျှဖြင့် ရပ်တန့်သွားခြင်း မရှိခဲ့ပဲ၊ နတ်ဆိုးမှော်ကျားမှာ လိုက်ပါ ခုန်ပျံသွား၏။

"သတိထား "

စင်မြင့်အောက်ရှိ လူအုပ်ကြီးထံမှ အာမေဋိတ်သံများ ထွက်ပေါ် လာလေသည်။ လင်းယွန်၏ ဒဏ်ရာမှာ ပြင်းထန်နေပြီး နတ်ဆိုးမှော်ကျား၏ တိုက်ခိုက်ခြင်းကို ခံရပါက သေဆုံးသွားပေမည်၊ ဝမ်ယန်က ဤမျှ ပြတ်သားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။ အမွှေးတိုင်လောင်ကျွမ်း ကုန်ဆုံး သွားပြီးနောက်၊ အထွတ်အထိပ် စွမ်းအားဖြင့် လျင်မြန်စွာ တိုက်ခိုက်လာခဲ့ခြင်း ဖြစ်ရာ၊ အခြားသော သူများ၏ အကူအညီကို တောင်းခံရန်ပင် အချိန်မရှိခဲ့ပေ။

သို့သော် ထိုအခိုက်အတန့်တွင် လင်းယွန်ထံမှ အဝါရောင် အလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ် လာပြီး၊ ဝမ်ယန်နှင့် ယှဉ်ပါက ထိုအဝါရောင် အလင်းများသည် ပို၍ ကြည်လင် တောက်ပပေသည်။ ခဏချင်းမှာပင် ပြိုးပြက်နေသော အလင်းတန်းများ နှင့်အတူ ရောင်ခြည် ရှစ်စင်း ဖြာထွက်လာတော့၏။

နောက်အခိုက်အတန့်တွင် ကောင်းကင်ရှိ တိမ်တိုက်များ ရွေ့လျားလာကာ တစ်စုံတစ်ရာသော အသွင်အပြင် ထွက်ပေါ်လာတော့ မည်ကဲ့သို့ သဘာဝ ဖြစ်စဉ်များ လှုပ်ရှား လာခဲ့လေသည်။

***

All Chapters