← Chapters

လေ့လာသင်ယူပါ။

Vol. 15 Ch. 207

လေ့လာသင်ယူပါ။

Vol. 15 Ch. 207

လင်းယွန်က ဘယ်ဘက်တံခါး မှတဆင့် သင်းထောက် နောက်သို့ လိုက်သွားသည်။ မြေအောက်ခန်းများ ဆီသို့ ရောက်သော အခါတွင်၊ စင်္ကြံနှစ်ဘက် စလုံးတွင် ပိတ်ထားသော အဂ္ဂိရတ် အခန်းများဖြင့် ပြည့်နှက်နေသည်။

စင်္ကြံတစ်လျှောက် အခန်းတိုင်းတွင် အလုပ်များနေသော အဂ္ဂိရတ် ဆရာများနှင့် အလုပ်သင်များကို မြင်လိုက်ရသည်။ အခန်းများရှိ အပူချိန်သည် အပြင်သို့တိုင် လွင့်ပျံလာသည်။

ရုတ်တရက် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး နောက်တွင် အနည်းငယ် တုန်လှုပ်သွား၏။ အခန်းတိုင်းမှ ခေါင်းများ ပြူထွက်လာပြီး၊ သူတို့က ပေါက်ကွဲမှု၏ ဦးတည်ရာကို ရွှင်မြူးစွာ ကြည့်နေကြ၏။

"ဆရာကြီး ကူယွန်က ကျရှုံးပြန်ပြီ ..."

" ဟဲဟဲ ဒီလ ဘယ်နှစ်ကြိမ် ရှိပြီလဲ၊ ဒါက လေးကြိမ်မြောက်လား၊ ငါးကြိမ်မြောက်လား ''

" ဟား ဟား ဟား... သူ့လက်အောက်က အလုပ်သင်တွေ အတွက်တော့ စိတ်မကောင်း ပါဘူး''

ပတ်ဝန်းကျင်မှ စကားပြောသံများကို ကြားလိုက်မိဖြင့် တုန်လှုပ်ခြောက်ခြား သွားကာ သူ့မျက်နှာပေါ် ပျက်ယွင်း သွားခဲ့သည်။

သို့သော် သူ့ကို ဦးဆောင်လာသည့် သင်းထောက်မှာ ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိခဲ့ပဲ၊ ခြေလှမ်းကို ခပ်သွက်သွက် လှမ်းနေသည်။

" ထွက်သွားစမ်း.... အမှိုက်တွေ ဘယ်လောက်တောင် များလိုက်လဲ၊ ငွေဖြူမှုန့်နဲ့ ပုလဲငွေဖြူအမှုန့် ကိုတောင် ခွဲခြားလို့ မရဘူးလား၊ မင်းတို့ ဘယ်လိုများ ဒီလောက် မိုက်မဲ နေကြတာလဲ၊ ထွက်သွားကြ မသွားခင် မင်းတို့ အရှုပ်တွေ ရှင်းသွား၊ နောက်သုံးလ အတွင်း ဆေးခန်းမမှာ မင်းတို့ကို မတွေ့ရစေနဲ့။ ''

ပေါက်ကွဲနေသော အခန်းဆီမှ အော်ငေါက်သံ တစ်သံ ထွက်ပေါ်လာသည်။

ဆေးခန်းမ အတွင်းသို့ မ၀င်ရောက်နိုင် ခြင်းသည် သုံးလတာ ကာလအတွင်း ဆေးလုံးများ အထောက် အပံ့ ရပ်ဆိုင်းခြင်းဟု ဆိုလို ပေသည်။

ဆရာကြီး ကူယွန်သည် ဆင်ခြင်တုံတရား မဲ့သော လူတစ်ယောက် ဖြစ်ပုံရ၏။ နောက်သုံးလ ကြာသည် အထိ သူတို့၏ ကျင့်ကြံမှုကို လက်ရှိ အဆင့်၌ ချည်နှောင် လိုက်ခြင်း မည်၏။

အလုပ်သင် လက်ထောက်များကို နှင်ထုတ်ရုံသာမက၊ ၎င်းတို့အား ပြင်းထန်သော ပြစ်ဒဏ်များပင် ပေးခဲ့လေသည်။

လင်းယွန်၏ မျက်နှာမှာ မည်းမှောင်သွား၏။ ဤအရာသည် လျူယွီ ဖန်တီးပေးသော ထောင်ချောက် ဖြစ်သည်ကို သိလိုက်ရသည်။

အရှုပ်အထွေးများကြောင့် ဆေးခန်းမမှ မည်သို့သော အကျိုးကျေးဇူးများ ရရှိနိုင်မည်နည်း။ သေချာသည်မှာ ပို၍ ဒုက္ခ ရောက်သွားနိုင်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ထောင်ချောက်ထဲကို မဝင်လိုသည့် အတွက် ချက်ချင်း လှည့်ပြီး ထွက်လာခဲ့သည်။ အကြောင်းပြချက် မရှိပဲ ဆေးခန်းမ၏ အထောက်အပံများကို သုံးလကြာ ဖြတ်တောက် ခံရမည်ကို အလို မရှိပေ။

" မင်း .... ဘယ်သွားမှာလဲ "

သင်းထောက်က သူ့ကို လှောင်ပြောင် သရော်သည့် မျက်နှာဖြင့် အေးစက်စွာ ကြည့်နေ သည်ကို တွေ့လိုက်ရသည်။

'' မင်းကိုယ်မင်း ထိန်းသိမ်းပါ၊ မင်းရဲ့ ကတိကို လူ အများရှေ့ ပေးခဲ့တာ မဟုတ်လား၊ အခု ဆန့်ကျင်ဖို့တောင် မစဉ်းစားနဲ့၊ အကြီး အကဲတွေ တောင်မှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ''

" ငါ မင်းကို ဘယ်လို ခေါ်ရမလဲ"

လင်းယွန်က ဒေါသစိတ်ဖြင့် သင်းထောက် နာမည်ကို မေးလိုက်သည်။

" ဟူရှင်းရန်၊ သင်းထောက်ဟူလို့ ခေါ်နိုင်တယ်။"

ဟူရှင်းရန်က လင်းယွန်ကို အမူအရာ ပြောင်းလဲခြင်း မရှိပဲ ပြန်ဖြေ လိုက်သည်။

အရင်းအမြစ်များ ရရှိရန် အတွက် သူ့လက်များကို ဆေးခန်းမအပြင် အခြားနေရာ များသို့ မဆန့်နိုင်ပေ။

သို့သော် ဆေးခန်းမမှာ ထောင်ချောက် တစ်ခု ဖြစ်လာမည်ကို သိနေသော်လည်း မည်သည့်အရာမှ လုပ်နိုင်ခဲ့ခြင်း မရှိသည် ဖြစ်ရာ၊ နောက်ဆုံးတွင် လျူယွီကို အပြစ်ပြုခြင်း အတွက် သူ၌ ပေးဆပ်ရမည့်အချိန် ရောက်ရှိ လာလေပြီ။

'' ကောင်းပြီ ..... ''

လင်းယွန်က အေးစက်သော မျက်နှာ အမူအရာဖြင့် ပြန်လှည့်လာ ခဲ့သည်။

သင်းထောက်ဟူက ဆက်ပြီး ခေါ်ဆောင် လာခဲ့ကာ၊ ခဏအကြာတွင် ဆရာကူယွန်၏ အခန်းတွင်းမှ ဖုန်မှုန့်များ ကပ်ညိနေသော မျက်နှာများဖြင့် တပည့်အချို့ တုန်ယင်စွာ ထွက်လာကြ၏၊ နှုတ်ခမ်းတွင် သွေးများ စီးကျလျက် လျင်မြန်စွာ ပျောက်ကွယ် သွားကြလေသည်။

ထိုသူတို့ကို မြင်လိုက်သော အခါတွင် လင်းယွန်၏ မျက်နှာမှာ ပို၍ပင် ပျက်ယွင်းလာသည်။ ထွက်ခွာသွား သူတို့၏ ပုံစံမှာ အလုပ်သင် လက်ထောက်များ ဆိုသည်ထက် အိမ်ယာမဲ့ များနှင့်ပင် ပို၍ တူပေသည်။

" ဆရာကြီး၊ ငါ မင်းအတွက် လူသစ်တစ်ယောက် လာပို့ပေးတာပါ "

" ဝင် လာ ခဲ့ ..."

ထို့နောက် သင်းထောက်ဟူက လင်းယွန်ကို အခန်းထဲသို့ တွန်းထည့်လိုက်ပြီး စကားပြောခွင့် မပေးတော့ပဲ လှည့်ထွက် သွားတော့သည်။

'' အဲဒီ လူယုတ်မာ ...''

လင်းယွန်က ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲလိုက်ပြီး၊ အခန်းထဲသို့ လှည့်ပတ်ကြည့် လိုက်သော အခါတွင် ပြင်းထန်သော အပူရှိန်ဖြင့် တောက်လောင် နေသော ဖားဖိုကြီးတွင် အိုးကြီး တစ်လုံး တင်လျက် တွေ့လိုက်ရသည်။

ဖားဖိုကြီး အတွင်းတွင် မြေမီးတောက်များ ဖြစ်ပြီး၊ ၎င်းအပူချိန်မှာ မိုးကြိုးလျှပ်စီး ခန္ဓာ ကိုယ်ပင် ခံနိုင်ရည် မရှိသည့် အရာ ဖြစ်သည်။

'' ဂရုစိုက်... ဒီမှာ ဘာမှ မထိနဲ့၊ ငါလိုရင် ခေါ်လိုက်မယ် "

ကူယွန်က သူ့ကိစ္စများနှင့် အလုပ်ရှုပ် နေသောကြောင့် လှည့်မကြည့် တော့ပေ။ သူက မှော်ဆေး ပညာရှင် များ၏ မောက်မာမှုကို အပြည့်အဝ ပြသခဲ့သည်။

လင်းယွန်မှာ အခန်းပတ်လည်အား အကဲခတ် လိုက်မိသည်။ ကူယွန်သည် ကြယ်တစ်ပွင့် မှော်ဆေးပညာရှင် တစ်ယောက် အနေဖြင့် မာနကြီး၏။

ဆိုလိုသည်မှာ ကြယ်ပွင့်များဖြင့် အဆင့် သတ်မှတ် နိုင်သူများ သည်သာ ဝိညာဉ်ရူရ် များကို ဆုပ်ကိုင် ထားနိုင်သူများ ဖြစ်ကြသည်။

ဝိညာဉ်ရူရ်များကို ဆုပ်ကိုင်ထားသော ဆေးပညာရှင်နှင့် မဆုပ်ကိုင် ထားနိုင်သော ဆေးပညာရှင် ကြားတွင် ကြီးမားသော ကွာခြားချက် တစ်ခု ရှိသည်။

ရှင်းရှင်းဆိုရသော် ကြယ်ပွင့်များဖြင့် အဆင့် သတ်မှတ် ခံထားရသော ဆေးပညာရှင် များကို မှော်ဆေးပညာရှင်၊ သို့မဟုတ် ဆေးမှော် သခင်များ အဖြစ် သတ်မှတ် ကြသည်။

ထောင့်နားသို့ လျှောက်သွားကာ လင်းယွန်က စားပွဲပေါ်ရှိ ပစ္စည်းများကို လှမ်းကြည့် လိုက်သည်။ ဆေးတောင်တန်းတွင် တစ်လကြာ နေခဲ့ရသောကြောင့် အမှုန့် ဖြစ်အောင် ထောင်းထားသော ဆေးအမှုန့်များမှ အချို့ကို မှတ်မိနေခဲ့သည်။

( ဒါတွေက ဘာတွေလဲ... )

သေတ္တာထဲတွင် ပိုးထည်ဖြင့် ထုတ်ပိုးထားသော ရှည်မျောမျော ကျောက်စိမ်း မြှောင်းများကို တွေ့လိုက်ရသည်။

၎င်းတို့ထဲမှ တစ်ခုကို ထုတ်ယူလိုက်ရာ ကျောက်စိမ်းများ အားလုံးတွင် မူလဝိညာဉ် ရူရ်အချို့ ပါရှိနေသည်ကို သတိပြု မိခဲ့သည်။

ဤဝိညာဉ်ရူရ် များသည် ရှေးဦးကျမ်းတွင် မှတ်တမ်း တင်ထားသော ရူရ်များထက် နိမ့်ကျ နေသော်လည်း ဝင့်ထည်စွာ တန်ဖိုးထား ခံရသည့် အတွက် အံ့သြသွားမိ၏။

ထို့ကြောင့် ယင်းကျောက်စိမ်းများမှာ သူ့အတွက် အမှိုက်များသာ ဖြစ်သောကြောင့်၊ စိတ်ဝင်စားချင်း မပြုတော့ပဲ၊ တစ်ချက် ကြည့်ရုံဖြင့် မျက်နှာ လွှဲလိုက်မိသည်။

" ဟားဟား၊ မင်း သူတို့ကို နားမလည် နိုင်ဘူးလား"

ကူယွန်က လင်းယွန်၏ နောက်သို့ လာရပ်လိုက်ပြီး ကျောက်စိမ်းတုံးကို ပြန်ချ လိုက်သော လင်းယွန်၏ အမူအရာကြောင့် ဂုဏ်ယူ ဝင့်ကြွား ဟန်ဖြင့် ရေရွတ်လိုက်သည်။ နှုတ်ခမ်း ထောင့်စွန်းမှာ ကော့တက်လာပြီး ကူယွန်က ဆက်ပြောလာ၏၊

'' မင်း ဒီအချိန်လေး အတွင်းမှာ ဝိညာဉ်ရူရ် တွေကို စိတ်ဝင်စား သွားတာက တကယ်ပဲ ရည်မှန်းချက် ကြီးမားပုံ ရတယ်၊ ဒါပေမယ့် အဲဒါက အရေးမကြီးဘူး၊ မင်းဆန္ဒအတိုင်း စိတ်ကြိုက် ကြည့်ရှု နိုင်ပါတယ်၊ နားမလည်ရင် သူတို့ကို သေချာ ပြန်စဉ်းစားပါ၊ သုံးနှစ်ကနေ ငါးနှစ်အတွင်း မင်းသူတို့ကို နားလည် လာလိမ့်မယ် ''

ကူယွန်၏ စကားကြောင့် လင်းယွန်မှာ အဆင်မပြေ ဖြစ်သွား၏။ သူ၌ ပြန်ဖြေရန် စကားလုံးမဲ့ သွားခဲ့ပြီး၊ ခဏကြာ စဉ်းစား ပြီးနောက်၊

'' ဆရာကြီး၊ မင်းရဲ့ ဆေးမီးဖိုက ခဏခဏ ပေါက်ကွဲနေတာလား၊ တခြား အခန်းက အလုပ် သင်တွေ ဆီကနေ ဒီလအတွင်း ဆေးမီးဖို ပေါက်ကွဲတာ လေးကြိမ်ကနေ ငါးကြိမ်ထိ ရှိနေ ပြီလို့ ကြားမိတယ်။ ''

" အလကား အမှိုက်တွေပါ၊ သူတို့က .... တိမ်လျှပ်စီး မှော်ဆေးလုံး အကြောင်း ဘယ်လောက် သိလို့လဲ၊ ကြယ်တစ်ပွင့် မှော်ဆေး ဆရာတွေ အတွက် တိမ်လျှပ်စီး ဆေးလုံး ဆိုတာ အထွတ်အထိပ် ဆေးလုံးမျိုး၊ သူ့ကို သန့်စင်ဖို့ ရေးထွင်း ရတဲ့ ဝိညာဉ်ရူရ် တွေက ဆုပ်ကိုင်ရ အခက်ဆုံး၊ ... ”

“ ... ငါအောင်မြင်ရင် ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင် အဖြစ်ကို တိုးမြှင့် ခံရလိမ့်မယ်၊ အဲဒီ အချိန်မှာ သူတို့အားလုံးကို ပါးစပ် ပိတ်ခိုင်း လိုက်မယ် ''

ကူယွန်က မည်းမှောင်နေသော မျက်နှာဖြင့် ပြန်ဖြေလိုက်သည် ။ ဆေးကြိုအိုး ပေါက်ကွဲသွားသည့် အကြောင်းကို လင်းယွန်က ပြောလာသည့် အခိုက် သူ့စိတ်များ ညစ်ညူး သွား၏။

'' ဖွတ်ကျားတွေ အကြောင်း ပြောတာကို ရပ်လိုက်ပါ၊ ငါ့ရဲ့ လက်ထောက်တွေ အားလုံး သွားကုန်ပြီ၊ ဒါက မင်းအတွက် အခွင့်အရေးပဲ၊ နောက်ထပ် အရာတွေကို လေ့လာဖို့ အချိန် တန်ပြီ ''

( လေ့လာဖို့ အချိန်တန်ပြီ ဟုတ်လား၊ ဒါက အခွင့်အရေးလို့ ဘယ်သူပြောလဲ၊ အလုပ်သင် ငါးယောက်ရဲ့တာဝန်ကို ငါတစ်ယောက်ထဲ ကိုင်တွယ်ရမှာလေ)

လင်းယွန်က မျက်လုံးပြူးလျက် စိတ်ထဲမှ ညီးညူ လိုက်သည်။

'' အချိုးအစားကို တစ်ခါတည်း ပြောပြမယ် ....ဆိုတော့ ကောင်းကောင်း မှတ်ထားပါ၊ နေမင်းဧကရာဇ်နွယ် (၁၁)ဂရမ်၊ ပုလဲငွေဖြူမှုန့် သုံးပိုင်၊ တိမ်လျှပ်စီးသစ်သီး တစ်လုံး…... ပါဝင် ပစ္စည်းတွေကို ငါပြောခဲ့တဲ့ အတိုင်း အိုးထဲကို ထည့်ပါ၊....... အိုး နေဦး ဖားဖိုထဲက မြေမီးတောက် ထဲကိုလည်း ဝိညာဉ် ကျောက်စိမ်း တုံးတွေ ကျွေးဖို့ သတိရပါ၊ ဆေးကျိုချက် နေတုန်း မြေမီးတောက် ငြိမ်းသွားလို့ မဖြစ်ဖူး၊ မဟုတ်ရင် ဆေးလုံး ပျက်စီး သွားလိမ့်မယ်...''

ဆရာကြီး ကူယွန်က ဆေးအမယ်ပေါင်း တစ်ရာကျော်ကို တရစပ် ရွတ်ချ သွားပြီးနောက် လင်းယွန်ဘက် ပြန်လှည့်လာပြီး၊ “ဒါဆိုရပြီလား” ဟု ပြန်မေး လိုက်၏။

"ရပြီ....''

လင်းယွန်က ခေါင်းညိတ်ပြပြီး ခပ်မြန်မြန် စဉ်းစားနေ လိုက်သည်။ သူ့တွင် ဓာတ်ပုံရိုက်ယူ ထားကဲ့သို့သော မှတ်ညာဏ်ကို ဆက်လက် ပိုင်ဆိုင် ထားသည် ဖြစ်ရာ၊ အမှားအယွင်း မရှိမှတ်မိ နေခဲ့သည်။

" မင်း မှတ်မိပြီလား "

ကူယွန်က မမေးမီ လင်းယွန်ကို သံသယ အကြည့်ဖြင့် စိုက်ကြည့်ကာ၊

“ ဒါဆို ငါ့ကို ပြန်ရွတ်ပြပါ၊ မင်း မအောင် မြင်ရင် မင်းရဲ့ တစ်လစာ ဆေးလုံး အထောက် အပံ့ကို ရပ်ဆိုင်း ထားဖို့ ငါပြောလိုက်မယ် "

" နေမင်းဧကရာဇ်နွယ် ဆေးပင် (၁၁)ဂရမ်၊ ပုလဲငွေဖြူမှုန့် သုံးပိုင်၊ တိမ်လျှပ်စီး သစ်သီး တစ်လုံး၊.......... "

လင်းယွန်က ဆေးအမယ်ပေါင်း တစ်ရာကျော်ကို မရပ်မနား ရွတ်ဆို ပြလိုက်၏။ ရွတ်ဆိုမှုပြီးဆုံး သည်နှင့် ကူယွန်၏ မျက်လုံးများ မှေး ကျဉ်းသွားသည်။

ဤအကြိမ်၌ ရတနာတစ်ပါး ကောက်ရ လိုက်မှန်း သူ သိလိုက်သည်။ အလုပ်သင် အဖြစ် လာရောက် သူတိုင်းသည် အမှိုက်များသာ ဖြစ်ကြပြီး၊ လက်ခံနိုင်ဖွယ် အဆင့်မျှသာ ရှိပေသည်။

" မဆိုးဘူး... ရော့ ဒီအဝတ်အစားကို ဝတ်လိုက်၊ နောက်သုံးလ နေရင် အရည်အချင်း စစ်ဆေးမှု လုပ်ပြီးတာနဲ့ မင်းကို တပည့်အဖြစ် တရားဝင် ခန့်အပ် ပေးမယ်၊ ခုတော့ သုံးလလောက် အလုပ်သင် အဖြစ်နဲ့ သင်ယူ လိုက်ပါဦး "

အဝတ်တစ်ထည်ကို လင်းယွန်ထံ ပစ်ပေးလိုက်ပြီး၊ ဆေးပင်များကို ထုတ်ယူ လိုက်၏။

ဆေးကြိုချက် နည်းကို လင်းယွန်အား တစ်ကြိမ်မျှသာ ရွတ်ဆိုပြရုံဖြင့် သူက မှတ်မိနေခဲ့သည်။

ထို့ကြောင့် ကူယွန် ထုတ်ယူနေသော ဆေးပင်များကို ကြည့်ကာ၊ နားမလည် ဟန်ဖြင့်၊

" ဆရာကြီး အခု ဘာလုပ်နေတာလဲ... တိမ်လျှပ်စီး ဆေးလုံးကို မသန့်စင် တော့ဘူးလား "

ဟု မေးလိုက်သည်။ ကူယွန်က ပြုံးလျက်ဖြင့်လက်ကို ဝှေ့ယမ်းပြကာ၊

“လောလောဆယ်တော့ မဟုတ်သေးဘူး၊ ဆေးအိုး လေးလုံး ပေါက်ကွဲပြီး ပြီဆိုတော့၊ ငါရဲ့ ဆုံးရှုံးမှုကို ပြန်လည် ကာမိစေဖို့ အတွက် အဆင့်မြင့် နက်နဲ ဆေးလုံးအချို့ကို သန့်စင်ဖို့ လိုအပ်တယ် "

(ဒါဆို မင်းငါ့ကို ဘာလို့၊ တိမ်လျှပ်စီးဆေးလုံး သန့်စင်နည်းကို လာပြော နေရတာလဲ )

လင်းယွန်က ရှုပ်ထွေးစွာဖြင့် စိတ်ထဲမှ ရေရွတ်လိုက်သည်။

မျက်စိ တစ်မှိတ် အတွင်းမှာပင် ကူယွန် လက်အောက်၌ သုံးရက်တာ ကုန်ဆုံး သွားခဲ့ သည်။ ကူယွန်တွင် များပြား လှသော အတွေ့ အကြုံ အချို့ ရှိနေကြောင်း ပြောနိုင်သည်။

အကြောင်းမှာ အဆင့်မြင့် နက်နဲဆေးလုံး များကို ချောချော မွေ့မွေ့ သန့်စင် သွားသော ကြောင့် ဖြစ်သည်။ အိုးတစ်လုံး စီတွင် ဆေးအလုံးပေါင်း တစ်ဒါဇင်ကျော်ကို အောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့ပြီး အချို့သော ဆေးလုံး များတွင် မူလဝိညာဉ် ရူရ်များ ကိုပင် ရေးသွင်း ထားနိုင်ခဲ့သည်။

ရှန်ရှင်းသိုင်းသမားအတွက် မရှိမဖြစ် ရှန်ရှင်းဆေးလုံးများ ကဲ့သို့၊ အဆင့်မြင့် နက်နဲဆေးလုံးများမှာ နက်နဲနယ်ပယ်တွင် မရှိမဖြစ် လိုအပ် လှပေသည်။

အဆင့်မြင့် နက်နဲဆေးလုံးများသည် နက်နဲ သွေးပြန်ကြောများ ဖွဲ့စည်းရာတွင် များစွာ အထောက် အကူ ပြု၏။

သို့သော် ရာနှင့်ချီသော ဆေးလုံးများကို ကြည့်ကာ၊ ခေါင်းယမ်း လိုက်မိသည်။ လွန်ခဲ့သည့် သုံးရက်အတွင်း၊ လင်းယွန်အတွက် နှိပ်စက်ညှဉ်းပန်း ခံခဲ့ရသော ငရဲ နေ့စွဲများ ဖြစ်ခဲ့သည်။

သူ၏ 'ရတနာဆေးလုံးများ' အကြောင်းကို ဝါကြွားတက်သော ကူယွန်နှင့် တွဲကာ၊ လုပ်ဆောင် နေရခြင်းသည် ပြဿနာတစ်ခု မဟုတ် သော်လည်း၊ လူငါးယောက်စာ တာဝန်ကို သူတစ်ဦးတည်း လုပ်ဆောင် ရခြင်းမှာ လွယ်ကူခြင်း မရှိခဲ့ချေ။

" ကောင်းပြီ၊ ဒီနေ့ တိမ်လျှပ်စီး မှော်ဆေးလုံးကို သန့်စင်ဖို့ စကြမယ်။ "

ကူယွန်က အဆင့်မြင့် နက်နဲဆေးအလုံးပေါင်း တစ်ရာကျော်ကို သန့်စင် ပြီးနောက်၊ တိမ်လျှပ်စီး မှော်ဆေးလုံးကို စတင် သန့်စင်ရန် မအောင့်သည်း နိုင်တော့ ဟန်ဖြင့်၊ လောဆော် လိုက်သည်။

ရိုးရိုးသားသား ပြောရပါလျှင် လင်းယွန်ကြောင့် သူက စိတ်စော နေမိခြင်း ဖြစ်သည်။ သုံးရက်အတွင်း လင်းယွန်၏ အရည်အချင်းမှာ ယခင် အမှိုက်များနှင့် လုံးဝခြားနား နေသည်ကို ပြတ်ထင်စွာ အကဲခတ် နေမိခဲ့သည်။

လင်းယွန် တစ်ယောက် ကတည်းကပင် အမှိုက်ငါးစထက် များစွာ အသုံးဝင်လှပြီး၊ ကူယွန်၏ ဆေးလုံး သန့်စင်နိုင်မှု စွမ်းရည်ကို မြှင့်တင် နိုင်ခဲ့သည်။

လင်းယွန်ကို သူ့တပည့်အဖြစ် ခေါ်ယူဖို့ပင် စိတ်ကူး ရှိနေခဲ့၏။

ဤသို့သော ကူယွန်၏ စိတ်ကူးများကို သိရှိခဲ့ပါက၊ လင်းယွန်မှာ ကျယ်လောင်စွာ အော်ဟစ် မိပေလိမ့်မည်။ ဆေးခန်းမ၏ အာဏာကို မလွန်ဆန်ဝံ့ ၍သာပင်၊ သို့မဟုတ်ပါက ဤနေရာတွင် နောက်ထပ် တစ်စက္ကန့်မျှ မနေချင်တော့ပေ။

" ဟိုတုန်းက ပြောခဲ့တဲ့ ဆေးကြိုနည်းကို မှတ်မိသေးလား၊ ငါထပ် မပြောပြ တော့ဘူး။ "

ကူယွန်က တိမ်လျှပ်စီး မှော်ဆေးလုံး အတွက် ပါဝင် ပစ္စည်း တစ်ပုံတစ်ပင်ကို ထုတ်ယူလိုက်ပြီး လင်းယွန်ကို မေးလိုက်သည်။

သည်အဖိုးကြီးမှာ တစ်ကြိမ်မျှ စိတ်မချ ရသည်ကို သူ သိထား ပြီးသားပင်၊ အကယ် ၍သာ အခြား တစ်ယောက်ယောက် ဆိုပါက လွန်ခဲ့သော သုံးရက်က ပြောပြ ထားခဲ့သော ဆေးကြိုချက် နည်းကို မှတ်မိ နိုင်မည် မဟုတ်ပေ။

" မီး ထည့် "

ကူယွန်က အမိန့်ပေးဘလိုက်သည်နှင့် ဝိညာဉ်ကျောက်စိမ်းများကို ကိုင်ဆောင်ကာ ဖားဖိုအတွင်း ထဲသို့ ပစ်ချလိုက်သည်။

ယင်းအချိန်၌ သူ့နှလုံးသားများ နာကျင်နေခဲ့သည်။ ဤဝိညာဉ် ကျောက်စိမ်း များကို သူ့အား ပေးအပ် လိုက်ပါက ကျင့်ကြံရာ၌ များစွာ အထောက် အကူ ရစေမည် ဖြစ်သည်။

ထို့ပြင် ဂိုဏ်းသားတံဆိပ်၏ အဆင့် အတန်းကို မြှင့်တင်ရန် အတွက် ၎င်းတို့ကိုပင် အသုံးပြု နိုင်လေသည်။

တိမ်လျှပ်စီး မှော်ဆေးလုံးကို သန့်စင်ရန် ၎င်းတို့ကို အသုံးပြုခြင်းမှာ ဖြုန်းတီးရာ ရောက်မည် ဖြစ်သည်။

ဝိညာဉ်ကျောက်စိမ်းများကို ဖားဖိုကြီးထဲသို့ ပစ်ထည့် လိုက်သည်နှင့်၊ ကြယ်အလင်း တန်းများ ထွက်ပေါ် လာပြီး မြေမီးတောက်မှာ စတင် လောင်ကျွမ်း လာတော့၏။

" အစီအစဉ်အတိုင်း၊ နေမင်းဧကရာဇ်နွယ်နဲ့ အဖြူရောင်သစ်ခွအမြစ် ဆယ်စုံတို့ကို စတင်ထည့် သွင်းပါ၊ ငါပြောဖူးတဲ့ အတိုင်း သတိရပါ မလွဲစေနဲ့ ... ''

ကူယွန်မှ အမိန့်ပေး လိုက်သည်နှင့် လင်းယွန်က ချက်ချင်း ပြင်ဆင်ပြီး အိုးထဲသို့ ပစ်ချလိုက်သည်။ ထိုအချိန်တွင် ကူယွန်က မြေမီးတောက်ကို ထိန်းချုပ်ပြီး သန့်စင်ရေး လုပ်ငန်းစဉ်ကို အာရုံစိုက်နေ၏။

" မြန်မြန်၊ အဖြူရောင်ပန်းပွင့်ရဲ့ အရည် "

" ရပြီ... မီးတိုးပေးပါ "

“ အခန်းထောင့်ကို သွားပြီး ပုလဲငွေဖြူအမှုန့်ကို ယူလိုက်ပါ၊ ငွေဖြူအမှုန့် မဟုတ် ဖူးနော်၊ ပုလဲငွေဖြူအမှုန့် ဆိုတာ သတိရပါ။ ”

လင်းယွန်က ချွေးများဖြင့် ဖုံးလွှမ်း နေလျက်မှ အခန်းထောင့်သို့ ပြေးသွားခဲ့သည်။ သိပ်မကြာခင်မှာပင် ဆေးဖွဲ့ တည်တော့ မည့်ဟန် ပြသလာရာ၊ အလင်းရောင် ဖျော့ဖျော့များ ထွက်နေသော ကျောက်စိမ်း စာရွက် တစ်ရွက်ကို ထုတ်ကာ ဝိညာဉ်ရူရ် များကို စတင် ရေးထွင်း လိုက်သည်။

ကူယွန်၏ အမူအရာကို ကြည့်လိုက်ပြီး၊ နဖူးပေါ်ရှိ ချွေးများကို သုတ်လျက် လင်းယွန်က စိတ်သက်သာရာ ရသွား၏။

ယခု အချိန်တွင် အနည်းငယ် အနားယူ နိုင်သည်ကို သူ သိလိုက်သည်။ ဝိညာဉ် အလင်းရောင် များဖြင့် ဖျပ်ဖျပ်ခတ် နေသော စာရွက် တစ်ရွက်ကို ကူယွန်က ဖြန့်ထုတ်နေ သည်ကို သူ ကြည့်နေသည်။

ထို့နောက် ကူယွန်က သိုလှောင်အိတ် အတွင်းမှ ရှေးဟောင်းစုတ်တံ တစ်ချောင်းကို ထုတ်ယူကာ သူ့သွေးတစ်စက် ချလိုက် ပြီးနောက်၊ နတ်ဆိုးသားရဲ မှင်ကို ထုတ်ယူပြီး နှစ်ချ လိုက်သည်။

ကူယွန်၏ မျက်နှာပေါ်ရှိ လေးနက်သော အမူ အရာ များအရ၊ ဝိညာဉ်ရူရ်များ ရေးထိုး တော့ မည်ကို သိလိုက်၏။

စုတ်တံပေါ်သို့ သူ၏ သွေးကို ချလိုက်ခြင်းမှာ ရေးထိုးသော အခါတွင် ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင် စေရန် ဖြစ်သည်။

သို့သော် ကူယွန်သည် စုတ်တံနှင့် (၅၀%)မျှသာ ပေါင်းစပ်နိုင်မည် ဖြစ်ကြောင်း သူ သိသည်။ လင်းယွင်၏ မျက်လုံးထဲတွင်၊ ကူယွန်သည် ဝိညာဉ်ရူရ် သခင်များ အဆင့်သို့ မရောက်ရှိခဲ့ပေ။

ရှေးဦးကျမ်းတွင် မှတ်တမ်းတင် ထားသော စီနီယာနှင့် နှိုင်းယှဉ်ပါက၊ ထိုစီနီယာ၏ ဖိနပ်ကို ကိုင်ဆောင်ရန်ပင် အရည်အချင်း မရှိပေ။

နဖူးတွင် ချွေးများ သီးနေလျက်ဖြင့် တိမ်လျှပ်စီး ရူရ်များကို ရေးထိုး နေချိန်တွင်၊ စောင့်ကြည့် နေခဲ့သော လင်းယွန်မှာ ဟက်ဟက်ပက်ပက် ရယ်မော ချင်နေခဲ့သည်။

ပုံဆွဲဖို့ ကြိုးစားနေသော ကလေးငယ် တစ်ယောက် ကဲ့သို့ နှေးကွေးရုံ သာမက ရေးထိုး ထားသော ရူရ်များ မှာလည်း အကျည်းတန် လှပေသည်။ ထိုမြင်ကွင်းကို ဆက်ကြည့်ဖို့ ရန်ပင် သည်းမခံ နိုင်ခဲ့ချေ။

ယခုအချိန်၌၊ လင်းယွန်သည် အသက်စွမ်းအင် ရူရ်များ အပြင်၊ ဝိညာဉ် ရူရ်များကိုပါ လွယ်လင့်တကူ ရေးထိုး နိုင်ခဲ့သည်။

ဝိညာဉ်ရူရ်များ ရေးထိုးနေသော သူ့ကို လင်းယွန်က အာရုံစိုက် နေသည်အား မြင်သော အခါတွင်၊ ကူယွန်က ကျေနပ်အားရစွာ သက်ပြင်းချလိုက်ပြီး၊

“ ကောင်းတယ်... လေ့လာသင်ယူပါ၊ အကယ်၍ မင်းက ကြယ်တစ်ပွင့် အဆင့် ဝိညာဉ်ရူရ် အနည်းငယ်ကို သင်ယူနိုင်ရင်၊ ဆေးခန်းမမှာ၊ မင်းရဲ့ ဦးခေါင်းကို မြင့်မြင့် ထားပြီး ရင်ကော့ လျှောက်လှမ်းနိုင် လိမ့်မယ် "

ထိုစကားကို ကြားသောအခါတွင် လင်းယွန်က တံတွေး သီးသွားကာ တဟွတ်ဟွတ် ချောင်းဆိုး သွားသည်။

ရယ်ချင်စိတ်ကို ထိန်းချုပ် လိုသည်ကြောင့်၊ ကူယွန် လုပ်သမျှကို လျစ်လျူရှု လိုက်ရသည်။

“ ရ ပြီ......''

ကူယွန်က စိတ်လှုပ်ရှားစွာ အော်ဟစ် လိုက်ပြီး ၊ ရေးထိုး ထားသော ကျောက်စိမ်း စာရွက်ကို ဆေးကြိုအိုး ထဲသို့ ပစ်ထည့် လိုက်သည်။

ကူယွန်၏ လုပ်ရပ်ကြောင့် လင်းယွန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။ ကျောက်စိမ်းစာရွက်တွင် ရုန်းကြမ်းသော စွမ်းအင် များဖြင့် ဖုံးလွှမ်း နေပြီး၊ တိမ်လျှပ်စီး ဝိညာဉ် ရူရ်ပုံစံ အဖြစ်၊ ပေါင်းစပ်ရုံ မျှသာ ရှိနေသေးသည်။

တိမ်လျှပ်စီး ဝိညာဉ်ရူရ် ပုံစံတွင် ရာနှင့်ချီသော အခြေခံ ဝိညာဉ်ရူရ်များဖြင့် ဖွဲ့စည်းထားသည်။ ရေးထိုးရန် အလွန်ခက်ခဲပြီး ကြမ်းကြုတ်သော စွမ်းအင်များ သိပ်သည်းစွာ ပါရှိလေသည်။

အကယ်၍ ၎င်းတို့ကို ထိုကဲ့သို့သော အပူ ချိန်ဖြင့် ဆေးအိုး ထဲသို့ ပစ်ချ မိပါက အကျိုး ဆက်မှာ မည်မျှ ကြောက်စရာ ကောင်းမည်ကို တွေးကြည့် နိုင်သည်။

" မဟုတ်ဘူး ခဏစောင့်.... "

လင်းယွန်က အော်ဟစ် ဟန့်တား လိုက်သော်လည်း၊ နောက်ကျ သွားခဲ့၏။

ကူယွန်က ရေးထိုးထားသော တိမ်လျှပ်စီး ဝိညာဉ် ရူရ်ကို ဆေးကြိုအိုး ထဲသို့ ပစ်ချလိုက်ပြီ ဖြစ်သည်။

***

All Chapters