← Chapters

ကောင်းပြီ ငါ ကစား ပေးမယ်။

Vol. 15 Ch. 209

ကောင်းပြီ ငါ ကစား ပေးမယ်။

Vol. 15 Ch. 209

ဒူးထောက်နေသည့် မြင်ကွင်းမှာ လူအုပ်ကြီးကို ထိတ်လန့် သွား စေခဲ့သည်။ လင်းယွန်ပင် အံ့သြသွား၏။

စားပွဲပေါ်ရှိ တိမ်လျှပ်စီး မှော်ဆေးလုံးကို တွေ့မြင်ပြီးနောက် ကူယွန်၏ ဒေါသမှာ ပျောက်ကွယ် ပုံရ၏။

ထို့ပြင် ကူယွန်သည် သူ့အပြစ်ကို အရိုး ရှင်းဆုံး နည်းဖြင့် ခွင့်လွှတ်ရန် တောင်းဆို လာ ခဲ့ခြင်း ဖြစ်သည်။

သူတပါးကို ဆဲဆို ကြိမ်းမောင်းရာတွင် သနားညှာတာမှု မရှိသော၊ ထိုလူကြမ်းကြီးမှာ သူ့အမှားကို သိချိန်၌ ယုန်တစ်ကောင် ကဲ့သို့ ဖြူစင်စွာ တောင်းပန် တတ်လေသည်။

သို့သော်ငြားလည်း လင်းယွန်က ကူယွန်ကို ဒူးထောက်ခြင်းဖြင့် နှိမ့်ချ စေလိုဖွယ် မရှိပေ။

တိမ်လျှပ်စီး ဝိညာဉ်ရူရ်များ ရေးသား ခြင်းသည် ကူယွန့် အဖေ၏ နောက်ဆုံး ဆန္ဒ ဖြစ်ပြီး သူ့ဘဝ တစ်လျှောက်လုံး မမောမပန်း ချီတက် နေခဲ့သော ပန်းတိုင် ကြီးလည်း ဖြစ်သည်။

လမ်းခရီး၌ သူ့အဖေ ကိုယ်ပွားကို လင်းယွန်က ဖျက်ဆီး လိုက်မိ၏။ ထို့အတွက် ဆိုးဆိုး ရွားရွား ပြစ်တင် မောင်းမဲ ခဲ့၏၊

အဆုံးတွင်၊ သူ့အမှားကို သိမြင်လိုက်ကာ၊ ဒူးထောက် လိုက်ခြင်းဖြင့် ဖော်ပြခဲ့သော အပြုအမူမှာ အနည်းငယ် ပိုလွန်း ပုံရ သော်လည်း၊ ယင်းသည် ကူယွန်၏ ရင်ဘတ်ထဲရှိ နှစ်ငါးဆယ် လုံးလုံး ဖြစ်တည် နေခဲ့သော ဆူး တစ်ချောင်းကို ထုတ်ယူရန် လမ်းစကို တွေ့ရှိ ခဲ့ခြင်းလည်း ဖြစ်ပေမည်။

'' ဆရာကြီး၊ ကျေးဇူးပြုပြီး ထပါ၊ မင်းငါ့ကို ဒူးထောက် နေတာ ငါလက်မခံ နိုင်ပါဘူး"

လင်းယွန်က ရှေ့သို့ လျင်မြန်စွာ လှမ်းတက်ကာ ကူယွန်ကို တွဲထူ ပေးလိုက် သည်။ အိပ်ယာမှ နှိုးထ လာဟန်ဖြင့် လျူယွီနှင့် ဟူရှင်းရန် တို့ကို မျက်မှောင်ကြုတ်ကာ ကြည့်လာပြီး၊ လင်းယွန်ကို ရှင်းပြလိုက်၏၊

" လင်းယွန်၊ မင်း ငါ့ရဲ့ ဝိညာဉ်ရေး စုတ်တံကို ဖျက်ဆီးခဲ့တဲ့ အကြောင်း ဘယ်သူ့ကိုမှ ငါ မပြောခဲ့ ဖူးလို့ ကျိန်ဆိုပါတယ်၊ ငါက စုတ်တံ ပျက်စီးရတဲ့ အကြောင်း အရင်းမို့ မင်းကို အပြစ် တင်လို့ မရပါဘူး ''

သူ့စကားက ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို တုန်လှုပ် သွားစေသည်။ လျူယွီနှင့် ဟူရှင်းရှန်တို့က လင်းယွန်ကို ဖမ်းဆီး ရာ၌ ဆရာကြီး ကူယွန်မှ အမိန့်ပေး ခဲ့သည်ဟု ဆိုထားသည် ဖြစ်ရာ၊ ကူယွန်က မတူ ကွဲပြားသည့် အရာကို ပြောနေခဲ့ ပြန်သည်။

ကူယွန်၏ စကားများက လျူယွီနှင့် ဟူရှင်းရန် တို့၏ မျက်နှာကို ဖြတ်ရိုက် လိုက်ခြင်းပင် ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်သောအခါတွင် ဟွမ်ဖူ ဂျင်းရှန်က တစ်စုံ တစ်ရာသော အပြုံးကို ထုတ်ဖော် လိုက်သည်။ လျူယွီနှင့် ဟူရှင်းရန် တို့၏ မျက်နှာ ပေါ်ရှိ အဆင် မပြေသော အမူ အရာကို ကြည့်ပြီး ယင်းကို ချက်ခြင်း သဘောပေါက် သွားသည်။

" ဟား ဟား ဟား၊ ဒါက နားလည်မှု လွဲသွား တာပါ၊ သွားခွင့် ပြုပါဦး ငါတို့ အနားယူ တော့မယ် ''

ဟု ဟူရှင်းရန်က ရယ်လျက် စကားကို ဖော့ချလိုက်ကာ၊ သူ့နည်းလမ်း မှားနေမှန်း သိပြီး သည်နှင့် ချက်ချင်း ထွက်ခွာသွား လိုခဲ့သည်။ သို့သော်၊

" ဒီမှာ ရပ်လိုက်.... "

လင်းယွန်က ဟန့်တားလိုက်၏။

" ငါတို့ ပြဿနာက မပြီးသေး ဖူးလေ၊ မင်းဘာလို့ ထွက်သွားချင် ရတာလဲ။ "

" ဘာဖြစ် နေတာလဲ ''

ကူယွန်က သံသယစိတ်ဖြင့် လင်းယွန်နှင့် သင်းထောက်ဟူကို ကြည့်ကာ လှမ်းမေး လာသည်။

လင်းယွန်က လျူယွီကို လှည့်ကြည့်လိုက်ပြီး၊

" ဒီမိန်းမနဲ့ ငါ့ကြားမှာ ရန်ငြိုးအချို့ ရှိနေတယ် ဆရာကြီး ကူယွန်၊ ဒါကြောင့် သင်းထောက် ဟူက မင်းရဲ့ အမိန့် အရ ငါ့ကို ပျိုးကျွန် အဖြစ် အဆင့် နှိမ့်ချဖို့ ကြိုးစားခဲ့တယ်"

လင်းယွန်က ရှင်းပြနေစဉ်မှာပင် ဟွမ်ဖူ ဂျင်းရှန်က ရှေ့ထွက်လာပြီး၊

'' ကျွန်တော် အဲဒါကို သက်သေခံ နိုင်ပါတယ်၊ ဒီနေရာက လူတိုင်း ကလည်း ဒါကို ကြားပါတယ်၊ သင်းထောက် ဟူက လင်းယွန်ကို ဖမ်းဆီးဖို့၊ ဆရာ ကြီးရဲ့ အမိန့် အတိုင်း လုပ်ခဲ့ ရတာလို့ ပြောပါတယ်...''

ထိုစကားကို ကြားသော အခါတွင် ကူယွန်၏ မျက်နှာမှာ ချက်ချင်း မည်းမှောင် သွားလေပြီ။

"ဟူရှင်းရန်၊ မင်းက သင်းထောက် ရာထူးကို မလိုချင်တော့ဘူး ထင်တယ်၊ ငါ့နာမည်ကို အသုံးချဖို့ အခွင့် အာဏာကို ဘယ်သူက ပေးခဲ့တာလဲ.... ဟမ်၊ ဒီအကြောင်းကို ခန်းမသခင်ကို ငါပြောရ လိမ့်မယ် "

ဟူရှင်းယန်က ထိတ်လန့်သွားသည်။ သင်းထောက် တစ်ဦး အနေဖြင့် သူ၏ ရာထူးသည် မှော်ဆေး ပညာရှင်ထက် သဘာဝ အားဖြင့် နိမ့်ကျ သော်လည်း၊ ကြယ်တစ်ပွင့် ပညာရှင် တစ်ဦး၏ နာမည် အပေါ် အလွဲသုံးစား ပြုမူခြင်းကို မည်သည့် အဂ္ဂိရတ် ပညာရှင်ကမှ လက်ခံနိုင်မည် မဟုတ်ပေ။

" ဆရာ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့် ပြုပါ "

ဟူရှင်းရန်က မြေပြင်ပေါ်သို့ ဒူးထောက်ကျ သွားပြီး၊

" ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ ပါဘူး၊ ခုတော့ နောင်တတွေနဲ့ ပြည့်နှက် နေခဲ့ပါပြီ၊ ''

လင်းယွန်နှင့် ကူယွန်တို့တွင် ဤသို့သော ဆက်ဆံရေး ရှိလာရန် သူ ဘယ်တုန်းကမှ မမျှော်လင့် မိခဲ့ပေ။

" အဲဒါကို မင်း လင်းယွန်ဆီ ရှင်းပြလိုက်ပါ"

သင်းထောက်ဟူ၏ ရှင်းပြနေသော အမူအရာကို လျစ်လျူရှုကာ ကူယွန်က ပြန်ဖြေ လိုက်သည်။ သူ့မျက်နှာတွင် အေးစက်နေပြီး ဟူရှင်းရန်ကို စိတ်ပျက် လက်ပျက်ဖြင့် မျက်နှာ လွှဲလိုက်၏။

" လင်းယွန်၊ ဒါက တကယ်ကို နားလည်မှု လွဲသွားတာပါ၊ နောင်အနာဂတ်မှာ မင်းအတွက် ခက်ခဲတဲ့ အရာတွေကို ငါ မလုပ်ပါဘူး။ ''

ဟူရှင်းရန်က ချက်ချင်းပင် မျက်ရည်များ စီးကျလာကာ လင်းယွန်ထံသို့ လှည့်ကြည့် တောင်းပန် လိုက်သည်။

လွန်ခဲ့သော သုံးရက်က သူ့အတွက် အခက်တွေ့ စေခဲ့သော ဟူရှင်းရန်၏ လုပ်ဆောင် မှုကို သူ မှတ်မိနေသေးသည်။

လက်စားချေရန် အခွင့်အရေးမှာ ဤမျှ မြန်ဆန် ချိုမြိန် နေလိမ့်မည်ဟု မထင်မိပေ။ ဟူရှင်းရန်က ဒူးထောက်ပြီး တောင်းပန် နေသော်လည်း နောက်ကျ သွားခဲ့လေပြီ။

" သင်းထောက်လျူ ... မင်းဘာလို့ တစ်ခုခု ဝင်မပြောရ တာလဲ။ "

ဟူရှင်းရန်က ချက်ချင်းပင် အကူအညီ တောင်းရန် လျူယွီကို လှည့်ကြည့် လိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့် အခိုက် အတန့်တွင် ကူယွန်မှာ ဒေါသ တကြီး ဖြစ်သွားကာ၊ လျူယွီဘက် လှည့်ကြည့် လိုက်ပြီး၊

'' မင်းက သိုလှောင်ခန်းမက သင်းထောက် တစ်ယောက်ပဲ၊ ဆေးခန်းမရဲ့ ကိစ္စရပ်တွေမှာ မင်းကို စွက်ဖက် ပိုင်ခွင့် ဘယ်သူက ပေးခဲ့ တာလဲ။ ''

လျူယွီ၏ မျက်နှာမှာ ဆိုးရွားစွာ ပျက်ယွင်း သွား၏။ သိုလှောင် ခန်းမမှ သင်းထောက် များသည် ဆေးခန်းမတွင် ဝင်ရောက် ပြောပိုင်ခွင့် မရှိပေ။

သိုလှောင်ခန်းမသည် ဆေးခန်းမ၏ တရားစီရင် ပိုင်ခွင့် အောက်တွင် ရှိသည်ကြောင့်၊ ကြယ်တစ်ပွင့် မှော်ဆေး ပညာရှင်နှင့် ရင်ဆိုင် ရသည့် အခါတွင် ဦးညွှတ်ရုံသာ တက်နိုင် ပေမည်။

သို့သော် လျူယွီမှာ ချွင်းချက် ဖြစ်၏။ သူမ၏ ဖခင်သည် နတ်ဘုရား အစောင့် တပ်မှူး၊ နဂါး ဗိုလ်ချုပ်ပင် ဖြစ်လေသည်။

အေးစက်သော မျက်နှာဖြင့် သူမက၊

'' ဆရာကြီး ကူယွန်၊ ဒီကိစ္စက မင်းရဲ့ ကိစ္စမဟုတ်ဘူး၊ ဒါကြောင့် ငါမင်းကို သတိပေး လိုက်မယ်၊ လင်းယွန်နဲ့ ငါ့ကိစ္စတွေမှာ မင်း ဝင်မစွက်တာ ပိုကောင်းမယ်၊ သင်းထောက်ဟူ၊ မင်း ဒူးထောက်တာကို ရပ်လိုက်ပါ၊ အဲဒါကို တတိယ ခန်းမသခင်က ကိုယ်တိုင် ကိုယ်ကျ ရှင်းပြ ပါလိမ့်မယ်။ ''

လျူယွီက ဆေးခန်းမ၏ ကြယ်တစ်ပွင့် မှော်ဆေး ပညာရှင်ကိုပင် ခြိမ်းခြောက်ရဲ သည်ကို မြင်လိုက်ရ သည်နှင့် လူအုပ်ကြီး၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

သူမ၏ နောက်ခံအရ ဆေးခန်းမတွင် ဝင်ရောက် ပြောဆိုရန် အခွင့်အာဏာ အချို့ ရှိပုံ ရသည်။ သို့မဟုတ်ပါက ဟူရှင်းရန်ကို ပြန်ထရန် အမိန့်ပေး ရဲမည် မဟုတ်ပေ။

ဟူရှင်းရန်က စိတ်သက်သာရာ ရသွားကာ လက်ဝှေ့ယမ်း လိုက်ပြီး၊

“ ဆရာ၊ ဒီကိစ္စကို ပြီးရင် သေချာ လာရှင်းပြ ပါ့မယ်။ ”

လျူယွီ အနေဖြင့် ကူယွန်ကို စော်ကား ဝံ့သော်လည်း၊ ဟူရှင်းရန် ကမူ ယင်းကို မလုပ် ဝံ့ပေ။

ကြယ်တစ်ပွင့် မှော်ဆေး ပညာရှင်ကို ခြိမ်းခြောက်ဝံ့သော လျူယွီ၏ လေသံကြောင့် ကူရန်၏ မျက်နှာမှာ မမြင်နိုင် လောက်အောင် မည်းမှောင် သွားကာ၊ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်၏။

'' ငါသာ ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင် ဖြစ်ခဲ့ရင်၊ သူ ဒီလို မောက်မောက် မာမာ ပြုဝံ့မှာ မဟုတ်ဘူး။ ''

" ဒီမှာ ဆူညံနေတာ ဘယ်သူလဲ။"

ခန့်ငြားသော မေးမြန်းလာသံ နှင့်အတူ လူတစ်စု လျှောက်လှမ်းလာသည်။ ထိုအဖွဲ့ကို ဦးဆောင်သူမှာ စူရှသော မျက်ဝန်းများ ပိုင်ဆိုင်ထားသည့် အဘိုးကြီး တစ်ယောက် ဖြစ်သည်။

သူ့ရင်ဘတ်တွင် ကြယ်သုံးပွင့်ကို ချိတ်ဆွဲ ထားပြီး ကြယ်သုံးပွင့် မှော်ဆေး ပညာရှင် ဖြစ်ကြောင်း သက်သေပြ ခဲ့သည်။

( မှော်ဆေး ပညာရှင်= ဝိညာဉ်ရေး ဆရာ သခင်= အဂ္ဂိရတ် ပညာရှင် )

" မင်္ဂလာပါ ဒုခန်းမ သခင် "

အဘိုးအိုကို တွေ့လိုက်သည်နှင့် လူတိုင်းက ချက်ချင်း ဦးညွှတ် လိုက်ကြ၏။ ဒုခန်းမ သခင် လောင်ယဲကို တွေ့လိုက် ရသော အခါတွင် လျူယွီနှင့် ဟူရှင်းရန် တို့၏ မျက်နှာများမှာ သိသိ သာသာ ပြောင်းလဲသွားသည်။

လောင်ယဲက တစ်ချက်ကြည့် လိုက်ပြီး မျက်မှောင် ကြုတ်ကာ၊

" ကူယွန်၊ မင်းက ကြယ်နှစ်လုံး ဝိညာဉ်ရေး ဆရာ သခင် အတွက် တက်လှမ်း နိုင်ဖို့ အလုပ်ရှုပ် နေတာ မဟုတ် ဘူးလား၊ ဆေးသန့်စင် ခန်းမှာ ရှိနေရမယ့် အစား၊ ဒီမှာ ဂျူနီယာ တွေနဲ့ ငြင်းခုံနေတာလား "

လောင်ယဲ၏ စကားကြောင့် ကူယွန်က ကူကယ်ရာမဲ့ ဟန်ဖြင့် ပြုံးပြကာ၊ ပြန်ဖြေစရာ စကားလုံးများ ပျောက်ဆုံး နေသည်ကြောင့် တိတ်ဆိတ် သွားခဲ့သည်။

ထိုအချိန်တွင် လင်းယွန်၏ မျက်လုံးများက မှေးစင်းလျက် ကောက်ကျစ်စွာဖြင့်၊

'' ဒုခန်းမသခင်ကို သတင်းပို့ပါတယ်၊ ဆရာကြီး ကူယွန်က တိမ်လျှပ်စီး ဝိညာဉ်ရူရ်ကို ဖွဲ့စည်းနိုင်ပြီး၊ တိမ်လျှပ်စီး မှော်ဆေးလုံးကို အောင်အောင်မြင်မြင် သန့်စင်နိုင် ခဲ့ပါတယ်၊ ... ”

“ ... ဒါပေမယ့် လမ်းခရီးမှာ၊ ဒီတပည့်က ဆရာကြီးရဲ့ စုတ်တံကို မတော်တဆ ဖျက်ဆီး မိလိုက်ပြီး၊ ရလဒ် အနေနဲ့ တစ်စုံ တစ်ယောက်က ဆရာကြီး နာမည်ကို အသုံး ချကာ၊ ဆေးကျွန် အဖြစ် ဖမ်းဆီးလာ ပါတယ်၊ အဲ့ဒါကြောင့် ဆရာကြီး ကူယွန်က ဒီတပည့် ဘက်က ရပ်တည် ပေးနေတာပါ။ "

" အိုး..... ဆေးခန်းမမှာ ဒီလို အဖြစ် မျိုးတွေ ရှိနေတာလား၊ ငါတို့ရဲ့ မှော်ဆေးပညာရှင် တစ်ဦးကို ခက်ခဲတဲ့ အနေအထားမှာ ထားရှိခဲ့ မိပုံပဲ၊ ခဏလေး … မင်း ဘာပြော လိုက်တာလဲ၊ ကူယွန်က တိမ်လျှပ်စီး ဝိညာဉ်ရူရ်ကို ဆုပ်ကိုင် ထားနိုင်ပြီ ဟုတ်လား။ "

လောင်ယဲ၏ မျက်နှာမှာ သိသိ သာသာ ပြောင်းလဲ သွား၏။

ကူယွန်ပင် အနည်းငယ် ထိတ်လန့် သွားသော်လည်း၊ လင်းယွန်ထံမှ မျက်လုံးဖြင့် အချက်ပြ လာသည်ကို မြင်လိုက် ရသည်နှင့် နှုတ်ခမ်းကို ကိုက်ကာ၊

" တိမ်လျှပ်စီး ဝိညာဉ်ရူရ်ကို ဆုပ်ကိုင်နိုင် ခဲ့တာက ဆေးခန်းမရဲ့ ကျေးဇူးကြောင့်ပါ၊ ဒုခန်းမသခင် "

လောင်ယဲက သဘောကျစွာ ပြုံးရယ် လိုက်ပြီး၊

" တိမ်လျှပ်စီး ဝိညာဉ်ရူရ်တွေက ခက်ခဲနက်နဲလှတယ်၊ မင်းရဲ့ တိမ်လျှပ်စီး မှော်ဆေးလုံးကို ငါကြည့်လို့ ရမလား။ ''

" ငါ့ရဲ့ အခန်းထဲမှာ ကျန်ခဲ့ပါတယ်၊ စုစုပေါင်း သုံးလုံးပါ "

" တစ်ယောက်ယောက်၊ ငါ့ဆီ ချက်ချင်း ယူလာစမ်း "

လောင်ယဲက စိတ်လှုပ်ရှား နေပုံဖြင့် အမိန့်ပေးလိုက်သည်။ အကယ်၍ ကူယွန်သည် တိမ်လျှပ်စီး ဝိညာဉ်ကို ဆုပ်ကိုင် ထားပါလျှင် ကြယ်နှစ်ပွင့် မှော်ဆေးပညာရှင် ဖြစ်လာမည် ဖြစ်သည်။

ကြယ်တစ်ပွင့်နှင့် ကြယ်နှစ်ပွင့်သည် ကိန်းဂဏန်း အရ အနည်းငယ်သာ ကွာခြား သည်ဟု ထင်ရ နိုင်သော်လည်း၊ ကွာဟချက်မှာ အမှန် တကယ် ကြီးမား ပေ၏။

ကူယွန်ကို ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင် အဖြစ် ရာထူး တိုးမြှင့် နိုင်ရ ပါက၊ ဆေးခန်းမ အတွက် သတင်းကောင်း တစ်ခု ဖြစ်လာ မည်မှာ သေချာ လှပေသည်။

တစ်စုံတစ်ယောက်သည် မှော်ဆေးလုံးကို သွားရောက် ယူဆောင် လာပြီးနောက် လောင်ယဲ၏ လက်ထဲသို့ အပ်နှင်း လိုက်သည်။

လောင်ယဲ၏ မျက်လုံးများမှာ ရုတ်တရက် တောက်ပ လာပြီး၊ ဆေးလုံး မျက်နှာပြင်ရှိ ဝိညာဉ် ရူရ်များကို စိုက်ကြည့်လိုက်၏။

ဘေးနားတွင် ရပ်ကြည့်နေသော ကူယွန်မှာ နဖူးတွင် ချွေးများ သီးလျက်ဖြင့် စိတ်လှုပ်ရှား နေခဲ့သည်။

တစ်ဖက်တွင် လင်းယွန်က သူ့မျက်နှာ ပေါ်တွင် အပြုံး တစ်ပွင့် တွဲခို လာပြီး၊ ယုံကြည်ချက် ရှိရှိဖြင့် စောင့်မျှော်နေ လေပြီ။

လောင်ယဲက ဆေးလုံး များကို စစ်ဆေး ပြီးနောက် ကြေနပ်စွာ ပြုံးလိုက်၏။

" စိတ်ဝင်စားဖို့ ကောင်းလိုက်တာ.. .. ၊ သိပ်သည်းတဲ့ အသက် စွမ်းအင်တွေကို ခံစားလို့ ရတယ်၊ ထိပ်တန်းအဆင့် ရောက်လုလုပဲ၊ ဒီမှာ မင်းတို့ ကောင်တွေက ကူယွန်ကို 'ဆေးအိုးခွဲသူ' လို့ လှောင်ပြောင်နေကြ တုန်းလား၊ ဟမ် .... အခု ဒီဆေးလုံး တွေကို မင်းတို့ကိုယ်တိုင် ယူကြည့်ကြပြီး သူ့ဆီကနေ သင်ယူပါ။ ''

'' မင်းတို့ကသာ ဒီလို ဆေးလုံးမျိုး သန့်စင် နိုင်ရင်၊ မင်းတို့ အားလုံးကို 'ဆေးအိုး ခွဲသူ' အဖြစ် လိုလို လားလား ခေါ်ရုံသာ မကဖူး၊ မင်းတို့သာ ဆန္ဒ ရှိရင် ရာနဲ့ချီတဲ့ ဆေးအိုးတွေ ဖေါက်ခွဲ ပစ်နိုင်တယ် "

သူ့နောက်ကွယ်ရှိ မှော်ဆေး ပညာရှင်များက ဆေးလုံးများကို စစ်ဆေးကြည့် လိုက်ကြပြီး အံ့သြသွား ကြကုန်သည်။

"ဂုဏ်ယူပါတယ် အစ်ကို ကူယွန်၊ ဒီ တိမ်လျှပ်စီး မှော်ဆေးလုံးက တကယ်ကို အံ့သြစရာ ကောင်းပါတယ်။''

'' ကြည့် ရ တာ တောင် .... ကိုယ့်ကိုယ်ကို ရှက်မိ ပါတယ် ''

" ဆေးအိုးလေးလုံးရဲ့ ကုန်ကျစရိတ်က ဒီဆေး တစ်လုံး နဲ့တင် အမှန်တကယ် ဂုဏ်ပြု ထိုက် ပါတယ် "

မှော်ဆေး ပညာရှင်များက ကူယွန်အား ဂုဏ်ပြု စကားများ ပေးအပ် လိုက်ကြသည်။

" ကူယွန်၊ မင်းက ဒီနေ့က စပြီး၊ ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင် ဖြစ်ပြီ၊ အခု မင်းကို လှောင်ပြောင် နေကြတဲ့ သူတွေကို ကြယ်နှစ်ပွင့်နဲ့ လက်မထောင် ပြနိုင်ပြီ မဟုတ်လား။ ''

လောင်ယဲက ချက်ချင်းပင် ကြယ်နှစ်ပွင့် အဆင့်သို့ တိုးမြှင့်ပေးကာ ပြုံးလျက် ကြေညာ လိုက်သည်။

လူအုပ်ကြီးက ကူယွန်ကို တောက်ပသော မျက်လုံး များဖြင့် ကြည့်လိုက် ကြသည်။ ဆေးခန်းမတွင်၊ ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင် ဆယ်ဦးသာ ရှိပြီး၊ ကြယ်သုံးပွင့် ပညာရှင် သုံးဦးရှိ လေသည်။

တစ်ချိန်တည်းမှာပင်၊ လျူယွီ နှင့် ဟူရှင်းရန်၏ မျက်နှာများမှာ အမူအရာ အမျိုးမျိုး ပြောင်းလဲကုန်၏။

ဟူရှင်းရန်မှာ သူ့ကိုယ်သူ ပါးရိုက်ချင် နေခဲ့သည်။ ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင်ကို မဆို ထားနှင့် ကြယ်တစ်ပွင့် မှော်ဆေး ပညာရှင် ကိုပင် စော်ကားရန် မတတ်နိုင်ပေ။

မှော်ဆေး ပညာရှင်များသည် ဆေးခန်းမ၏ မဏ္ဍိုင်များ ဖြစ်ကြပြီး၊ ခန်းမသခင် သုံးယောက် မှလွဲ၍ ကြယ်ပွင့်အဆင့် မှော်ဆေးပညာရှင် များမှာ အာဏာ အရှိဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြောင်း သူနားလည် ခဲ့သည်။

'' ခန်းမသခင်၊ ငါရဲ့ ...အဲဒါကို မယုံ နိုင်သေး ပါဘူး၊ နောက်နေ့ တွေမှာ ငါထပ်ပြီး သန့်စင်လို့ ရမလား''

ကူယွန်က ၎င်းအတွက် ယုံကြည်မှု မရှိခဲ့ပေ။ မှော်ဆေးလုံးများကို သန့်စင်ပေး လိုက်သူမှာ လင်းယွန်သာ ဖြစ်သည်။

"မင်းဘာလို့ ဒီလောက် နှိမ့်ချနေ ရတာလဲ၊ တိမ်လျှပ်စီး ဝိညာဉ်ရူရ်တွေက ကြယ်တစ်ပွင့် အဆင့်မှာ အခက်ခဲ ဆုံးပဲ မဟုတ်လား၊ မင်းကသာ ဒီလို အထွတ် အထိပ် ဆေးလုံးမျိုးကို ရေးထိုး နိုင်တာကြောင့် ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင် ဖြစ်လာဖို့ အရည် အချင်း ပြည့်မီပါတယ်၊ ဒါမှမဟုတ် မင်းက ငါ့မျက်လုံးတွေကို သံသယ ဝင်နေ တာလား"

ဒုခန်းမသခင်က ကူယွန်ကို ငြင်းဆိုရန် အခွင့် အရေး မပေးခဲ့ပဲ နောက်ပြောင် လိုက်သည်။

ရုတ်တရက် လောင်ယဲက လင်းယွန်ထံသို့ အကြည့် အရောက်တွင်၊ ပြန်လည် သတိရသွား မိပြီး၊

" မင်းနာမည် ဘယ်လို ခေါ်လဲ"

" လင်းယွန် ပါ "

" လင်းယွန် မင်း စောစောက ဘာပြောလိုက်တာလဲ၊ ငါမေ့သွားတယ် "

အစောပိုင်းတွင် သူအရမ်း စိတ်လှုပ်ရှား နေခဲ့သည်ကြောင့်၊ လင်းယွန်၏ တည်ရှိမှုကို ရိုးရှင်းစွာ လျစ်လျူရှု ထားမိလေသည်။

'' ဒီသင်းထောက် နှစ်ယောက်က ဆရာကြီး ကူယွန်ရဲ့ ဂုဏ်သတင်းကို ယူသုံးပြီး ကျွန်တော့်ကို ပျိုးကျွန်အဖြစ် အပြစ်ပေး ခဲ့ပါတယ်၊ အထူး သဖြင့် ... ”

“ ... သိုလှောင်ခန်းမရဲ့ သင်းထောက် လျူပါ၊ သူက ဆရာကြီး ကူယွန်ကို သူ့ကိစ္စတွေမှာ ဝင်မစွက်ဖို့ ခြိမ်းခြောက် နေတာကြောင့် .....''

( လျူယွီ ....မင်းငါနဲ့ ကစားချင်တာလား၊ ကောင်းပြီ ရလာဒ်ကို လက်ခံဖို့ ပြင်ဆင်ထားပါ။ )

***

All Chapters