မိုးတိမ် ဝိညာဉ် ရူရ်ပုံစံ။
Vol. 16 Ch. 219
လင်းယွန်၏ လွှမ်းမိုး နိုင်စွမ်းသော ကြေငြာချက်ကြောင့် ကူယွန်နှင့် လီဝူယု၏ သွေးများဆူပွက် သွားခဲ့သည်။
လျူယွီနှင့် ဖူဂျောင်းကို လက်စားချေရန် စိတ်အား ထက်သန် နေသော လီဝူယုက၊
" အကိုကြီး၊ ငါ ဘာလုပ်ရမလဲ မြန်မြန် ပြောစမ်းပါ "
လင်းယွန်က လီဝူယု ပုခုံးကို ပုတ်ပြီး ပြုံးလိုက်ကာ၊
" မင်းက ရပ်ကြည့်နေဖို့ပဲ လိုတယ်၊ ဒီအတွက် ဆရာကြီး ကူယွန်ကို ငါတို့ အားကိုး ရမယ် ”
လီဝူယုက လင်းယွန်၏ စကားကို သံသယ မရှိခဲ့ပေ။ ကူယွန် ဘက်သို့ လှည့်ကာ ပြုံးပြလိုက်ပြီး၊
“ ဆရာကြီး၊ ယုတ်မာရမဲ့ အလုပ် ရှိရင်၊ ငါ့ကို အကြောင်းကြားပါ၊ အချိန်မရွေး ငါကူညီမယ် "
ထို့နောက်တွင် လင်းယွန်က အဆင့်မြင့် နက်နဲ ဆေးလုံး တစ်လုံးကို ထုတ်ယူကာ၊
“ စီနီယာ ဒါက မင်းဖော်စပ်ထားတဲ့ နက်နဲဆေးလုံးပဲ၊ ငါသာ မမှားရင်၊ သူ့မှာ ရေးထိုးထားတဲ့ အခြေခံ ဝိညာဉ် ရူရ် တချို့ပဲ ပါတယ်၊ မဟုတ်လား.... ”
“ ငါ့ရဲ့ အဆင့်မြင့် နက်နဲ ဆေးလုံးတွေကို သာမာန် အဆင့်လို့ပဲ သတ်မှတ်လို့ ရပါတယ်၊ သက်ရောက်မှု (၅၀%)လောက်ပဲ ရှိတယ်။ ”
ကူယွန်က ခေါင်းညိတ် ဝန်ခံလိုက်သည်။
" ဘာလို့ (၅၀%)ပဲ ရှိရတာ လဲ "
လီဝူယုက အံ့သြဟန်ဖြင့် မေးမြန်း လာ၏။
“ ဆေးလုံးတွေကို သန့်စင်တဲ့ လုပ်ငန်းစဉ်မှာ မင်း ဘယ်လောက် ကျွမ်းကျင် နေပါစေ ဆေးအမယ် တွေရဲ့ အာနိသင် ဆုံးရှုံး မှုကို ရှောင်ရှားဖို့ ခက်ခဲပါတယ်၊ ... ”
“ ... သာမာန် အားဖြင့်၊ သန့်စင်ပြီးတဲ့ အခါမှာ၊ အကျိုး သက်ရောက်မှု (၇၀%) ခန့် ဆုံးရှုံး သွားတက်တယ်၊ ဒါပေမယ့် ဆေးဖက်ဝင် အပင်တွေရဲ့ အာနိသင် ဆုံးရှုံးမှုကို လျှော့ချဖို့၊ ဝိညာဉ် ရူရ်တွေကိုတော့ အားကိုးလို့ ရတယ် ”
ဟု ကူယွန်က ရှင်းပြသည်။ လင်းယွန်ကမူ ဆေးခန်းမတွင် ကူယွန်နှင့် သုံးရက်ကြာ အချိန်ဖြုန်း ပြီးနောက် ဆေးဖော်စပ်ခြင်း၏ ရိုးရှင်းသော သဘာဝကို နားလည်ခဲ့သည်။ ထို့ကြောင့်ပင်၊
“ ဖူဂျောင်းရဲ့ ဆေးလုံး အရည်အသွေး ဆိုရင်ရော ''
ဟု မေးလိုက်သည်။
" (၇၀ % ) ....."
ကူယွန်က လေးနက်သော အမူအရာဖြင့် ပြန်ဖြေလာသည်။ ပြီးနောက်။
“ ဒါက အဆင့်မြင့် နက်နဲ ဆေးလုံးတွေရဲ့ ကန့်သတ်ချက် ဖြစ်နေပါပြီ၊ သူရေးထိုးထားတဲ့ မိုးတိမ်ဝိညာဉ် ရူရ်တွေက ဆေးဖက်ဝင် အပင်တွေရဲ့ အာနိသင် (၇၀%)ကို ထိန်းသိမ်း ထား နိုင်တယ်၊ ဒါကြောင့် နက်နဲ သိုင်းသမား တွေရဲ့ ဝယ်လိုအားက မြင့်မားနေ တက်တယ် ....''
" မိုးတိမ်ဝိညာဉ် ရူရ် တွေရဲ့ .... ရေးထိုး နည်းကို သိလား"
လင်းယွန်က မေးလိုက်သည်။ ရှေးဦးကျမ်းမှ သင်ယူနိုင်ခဲ့သော ရူရ်များတွင် မိုးတိမ်ဝိညာဉ် ရူရ်များ မပါရှိပေ။
“ ငါ ရေးထိုးနိုင်ပေမယ့် အောင်မြင်မှု နှုန်းက မမြင့်ပါဘူး၊ မိုးတိမ်ဝိညာဉ် ရူရ်တွေနဲ့၊ တိမ်လျှပ်စီး ဝိညာဉ် ရူရ်တွေရဲ့၊ အခက်အခဲက တူညီသော အဆင့်မှာ ရှိတယ်၊ မင်း အဲဒါကို ကျွမ်းကျင်တာနဲ့ မင်းကို ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင်လို့ သတ်မှတ်လို့ ရတယ်”
" ဖူဂျောင်းက မိုးတိမ်ဝိညာဉ် ရူရ်တွေကို ကျွမ်းကျင်ရုံတင် မကဖူး၊ မြင့်မြင့်မားမား ဆုပ်ကိုင် ထား နိုင်တယ်၊ မိုးတိမ်ဝိညာဉ် ရူရ် တွေနဲ့ ပတ်သတ်ရင် မြို့တော်မှာ၊ သူ့ထက် သာလွန်သူ သုံးဦးထက် မပိုဘူး "
" အိုး စိတ်ဝင်စားစရာပဲ စီနီယာ၊ အဲဒီ ရူရ်တွေကို မင်း ငါ့ ပြပေးနိုင်မလား"
ကူယွန်က ခေါင်းညိတ်လိုက်ပြီး၊ ကျောက်စိမ်းတုံး တစ်တုံးနှင့်၊ ဝိညာဉ်ရေး ဆိုင်ရာ စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက် ပြီးနောက်၊ သူ၏ အသစ်စက်စက် ဝိညာဉ်ရေး စုတ်တံကို ထုတ်ကာ နတ်ဆိုး သားရဲ၏ သွေးဖြင့် ပြုလုပ် ထားသည့် မှင်အိုးထဲသို့ နှစ်မြှုပ် လိုက်သည်။
ထို့နောက် ယင်းစာရွက်ပေါ်တွင် လေးနက်သော အမူအရာဖြင့် စတင် ရေးဆွဲတော့၏။
ခဏအကြာတွင် သူ့နဖူး၌ ချွေးများ ဖုံးလွှမ်းလာပြီး၊ ရှုပ်ပွနေသော အခြေခံ ရူရ်များ ဖြစ်ပေါ်လာ၏။ ၎င်းတို့ကို ပုံသဏ္ဍာန် တစ်ခုအဖြစ် အသိအမှတ် ပြုရန်ပင် မဖြစ်နိုင်ပေ။
ဥပမာ ဆွဲပြနေသော စာရွက်ကို ကြည့်လိုက်ပြီး၊ လင်းယွန်က ခေါင်းခါ လိုက်ကာ၊ “ ငါ့ကို ကြိုးစားခွင့် ပြုပါ” ဟု တောင်းယူလိုက် လေသည်။
ချက်ခြင်း စိတ်သက်သာရာ ရသွား ဟန်ဖြင့် ကူယွန်က ဝိညာဉ်ရေး စုတ်တံနှင့် ကျောက်စိမ်းတုံးကို လင်းယွန်အား ပေးအပ် လိုက်သည်။
ကျောက်စိမ်းတုံးကို သူ့နဖူးပေါ် တင်လိုက်သည်နှင့် မိုးတိမ်ရူရ် ပုံသဏ္ဍာန် တစ်ခုက လင်းယွန်၏ စိတ်ထဲ၌ ထွက်ပေါ်လာ တော့၏။
မိုးတိမ်ရူရ်ကို အခြေခံ ရူရ် ထောင်ပေါင်း များစွာဖြင့် တည်ဆောက်ထားသည်။
မိုးတိမ်ရူရ်များတွင် အေးစက်သော စွမ်းအင်များ ပိုင်ဆိုင်မည်ဟု ခံစားရ နိုင်သော်လည်း၊ ၎င်းသည် ခရမ်းရောင် တိမ်မီးလျှံ ရူရ်များထက် ပို၍ ရှုပ်ထွေး လှပေသည်။ ကူယွန်မတက် နိုင်သည်မှာ အံ့သြစရာ မရှိပေ။
အသေးစိတ် အချက်အလတ်တိုင်းကို မှတ်သား လိုက်ပြီးနောက် ကျောက်စိမ်းတုံးကို စားပွဲပေါ်ပြန်တင်လိုက်သည်။
ဤမြင်ကွင်းကို ကြည့်နေမိသည့် ကူယွန်မှာ အံ့အားသင့် သွား၏။ လင်းယွန်က တစ်ချက်ကြည့်ရုံဖြင့် ရူရ်ပေါင်းများစွာကို အလွတ်မှတ်နိုင် ခဲ့သည်လော။
မိုတိမ်ရူရ်များမှာ ရေမှ တိမ်အဖြစ်သို့ ကူးပြောင်းခြင်း ဖြစ်စဉ်ကို ရေးထိုးခြင်း ဖြစ်သည်ကြောင့် ရှုပ်ထွေး ခက်ခဲလှသည်။
သို့သော် လင်းယွန်က စုတ်တံကို ကိုင်လျက် ရေးထွင်းရန် ပြင်ဆင် နေသည်ကို မြင်လိုက် သည်နှင့် ချက်ချင်းပင် ငြိမ်သက် သွားကာ၊ စကား မပြောရဲတော့ပေ။
လင်းယွန်က လေးနက်သော အမူအရာကို ထုတ်ဖော်ထားပြီး စုတ်တံဖြင့် အခြေခံ ဝိညာဉ် ရူရ်များကို စတင်ရေးဆွဲ လိုက်၏။
လှုပ်ရှားနေသော ဝိညာဉ်ရေးစုတ်တံ အောက်တွင်၊ အခြေခံ ရူရ်များ စတင် ဖြစ်ပေါ် လာပြီး အသက် ဓာတ်များ ဖွဲ့စည်း စီးဆင်းလာ တော့သည်။
အသက်စွမ်းအင် ပေါင်းစပ်မှုနှင့် အတူ၊ ခြေခံရူရ်များတွင် ဝိညာဉ်စွမ်းအင်များ ပြည့်လျှံ လာ၏။
“ ရ ပြီ .....''
နောက်ဆုံး ရူရ်များကို အပြီးသတ် လိုက်သည်နှင့်၊ ရေနှင့် တိမ်များ ဖြစ်တည် ပေါင်းစပ် လာလေသည်။
"အလို ......"
လီဝူယုက အံသြစွာ အော်ဟစ်လိုက်၏။ ကူယွန်ပင် စိတ်လှုပ်ရှား နေပုံရကာ၊ သူက လီဝူယု ပခုံးကို ပုတ်ပြီး၊
“ အဲဒီမှာ ရပ်မနေနဲ့၊ ဆေးလုံး သန့်စင်ဖို့ သွားရအောင် ”
သူတို့ နှစ်ယောက်သား ဆေးသန့်စင်ခန်း တစ်ခန်းကို ချက်ချင်း တောင်းဆို လိုက်ပြီး၊ ဆေးသန့်စင်ရန် ပြင်ဆင်လိုက် လေသည်။
ကူယွန်က ဆေးသန့်စင် ရန်အတွက် တာဝန်ယူရမည် ဖြစ်ပြီး လီဝူယုက အထွေထွေ အလုပ်များကို ကိုင်တွယ် ဆောင်ရွက်မည် ဖြစ်သည်။ လင်းယွန် အတွက်မူ ရူရ်များ ရေးထိုးရန် အာရုံစိုက် ရပေမည်။
ကောင်းကင်၌ အလင်းရောင်များ ထွက်ပေါ် လာသော်လည်း၊ စားပွဲပေါ်ရှိ တောက်ပနေသော ဆေးလုံး သုံးဆယ်ကို ကြည့်လိုက်ပြီးနောက် ပင်ပန်း နွမ်းနယ်မှုများ ပျောက်ကာ၊ စိတ်လှုပ်ရှား နေမိသည်။
.လီဝူယုက သူ့နှုတ်ခမ်းတွေကို လျှာဖြင့် သပ်လိုက်ပြီး၊
" ဆရာကြီး၊ ငါတို့ရဲ့ ဆေးလုံးတွေကို ဘယ်လောက် ဈေးရမယ် ထင်လဲ"
“ သာမာန် ဆေးလုံးတွေက ဝိညာဉ်ကျောက်စိမ်း ဆယ်လုံး တန်တယ်၊ ဒါပေမယ့်မှော်ဆေးလုံး အဖြစ် သန့်စင်ပြီးရင်၊ ဝိညာဉ် ကျောက်စိမ်း အလုံးသုံးဆယ် တန်လာ လိမ့်မယ်၊ ဖူဂျောင်းရဲ့ မှော်ဆေးလုံးတွေ ကတော့ ဝိညာဉ် ကျောက်စိမ်းတုံး တစ်ရာ ပေါက်စျေး ရှိတယ်”
ဖူဂျောင်၏ ဆေးလုံး များသည် မြင့်မားသော စျေးနှုန်းကို ရရှိသည် ဖြစ်ရာ လီဝူယုက အံ့သြသွားခဲ့သည်။
လင်းယွန်ကမူ တည်ငြိမ်နေခဲ့၏။ သာမာန်ဆေးလုံးများနှင့် မှော်ဆေးလုံးများ၏ တန်ဖိုးကို နှိုင်းယှဉ် နိုင်စရာ နည်းလမ်း မရှိပေ။
ကူယွန်က စိတ်လှုပ်ရှား နေဟန်ဖြင့်၊
" ဆရာ လင်း .....၊ ငါတို့ရဲ့ ဆေးလုံးတွေက ဘယ်စျေးနဲ့ သင့်တော်မယ် ထင်လဲ"
ဟု မေးလိုက်သည်။
“ ဝိညာဉ် ကျောက်စိမ်းတုံး တစ်ရာ .....''
လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေ လိုက်သည်။ သူ့မာနသည် သူ့အရည်အချင်း ပေါ်မှဖြစ်တည်လာကာ၊ ဖူဂျောင်းအောက် နည်းနည်းမျှပင် မယုတ်လျော့နိုင်ပေ။
ဖူဂျောင်းထက် နိမ်ကျသော စျေးဖြင့် ရောင်းထုတ် မိပါက သူ့ကိုယ်သူ ငုံ့ကြည့် မိခြင်းပင် ဖြစ်ပေလိမ့်မည်။
"အဲဒါ တကယ်လား.... "
အနည်းငယ် တုန်လှုပ်သွားသော အမူအရာဖြင့် ကူယွန်က အတွေးနက်သွား၏။ မရောင်းရပါက ရှက်စရာပင်။
တစ်ဖက်တွင်၊ လီဝူယုသည် ကြီးမားသော ထိတ်လန့်မှုကို ခံစားနေရသည်။ အကယ်၍ ၎င်းတို့ကို ဤစျေးဖြင့် အမှန်တကယ် ရောင်းချ နိုင်ခဲ့ပါက ယင်းသည် ဝိညာဉ်ကျောက်စိမ်း (၃,၀၀၀)ပမာန ဖြစ်လာ ပေလိမ့်မည်။
ရတနာ ခန်းမနှင့် ခွဲဝေပြီး နောက်တွင်ပင် ဝိညာဉ် ကျောက်စိမ်း (၉၀၀) ခန့်ကို ရရှိ နေသေးသည်။
ထို့ပြင် ယင်းမှာ တစ်ညတာ လုပ်အားခ မျှသာရှိပြီး၊ လဝက်အတွင်း လင်းယွန် အတွက် လုံလောက်သော အရင်းအမြစ်များ ရရှိ လာပေလိမ့်မည်။
သို့သော် ဤဆေးလုံးများကို သည်မျှ ဈေးကြီးကြီးဖြင့် ရောင်းရ နိုင်ခြင်း ရှိ မရှိကိုမူ မသေချာသေးပေ။
" ဆရာကြီး၊ ဆေးလုံးတွေကို သန့်စင်ရတာ အဆင်ပြေရဲ့လား ''
ရုတ်တရက် ခန်းမတာဝန်ခံဝေ၏ အသံထွက်ပေါ် လာသည်။ ကူယွန်က သူ့အမေးကို ပြန်မဖြေခဲ့ပဲ ကျောက်စိမ်း ပုလင်းကို ကမ်းပေးလိုက်၏။
“ဒီမှာ အဆင့်မြင့် နက်နဲဆေးလုံး အလုံး (၃၀)၊ စျေးနှုန်း အနေနဲ့ကတော့ ဆေးတစ်လုံးကို ဝိညာဉ်ကျောက်စိမ်း (၁၀၀) ”
" တစ်ညတည်းမှာ အဆင့်မြင့်နက်နဲ ဆေးလုံး အလုံး သုံးဆယ်ကို သန့်စင်နိုင်တယ် ဆိုတော့ မင်းရဲ့ကျွမ်းကျင်မှုကို ငါအသိအမှတ် ပြုပါတယ်၊ ... ခဏလေး မင်းပြောတာ ဘယ်လောက် "
ခန်းမသခင်ဝေက အံ့သြသွားသည်။ သူ နားကြားများ မှားသည်လော။ ဆေးလုံး တစ်လုံးအတွက် ဝိညာဉ်ကျောက်စိမ်း အလုံး (၁၀၀)၊ အဆင့်မြင့် နက်နဲ ဆေးလုံးများ၏ စျေးနှုန်းသည် မကြာသေးမီ ကာလမှ စကာ မြင့်မားလာသည်မှာ မှန်သော်လည်း ဤမျှ တန်ဖိုးအထိ ဖောင်းကား လာမည် မဟုတ်ပေ။
သူ့မျက်နှာကို တင်းမာစွာ ဝင့်ချီလိုက်ပြီး၊ ကူယွန်က၊
“ မှန်ပါတယ်၊ မင်းကြားတာ မမှားပါဘူး "
“ ကောင်းပြီလေ၊ ဒါပေမယ့် မရောင်း ရရင်တော့ ငါ ပေါက်ဈေး နဲ့သာ ရောင်းနိုင်မယ်”
ဟု သံသယရှိသော အပြုံးဖြင့် ခန်းမသခင်ဝေက ပြန်ဖြေ လိုက်သည်။
“ သေချာပေါက် ရပါလိမ့်မယ် ”
ဟု ကူယွန်က တုံ့ပြန်လာ၏။
ခန်းမသခင်ဝေက ဆက်လက် ငြင်းခုန် မနေ တော့ဘဲ၊ အခန်းထဲမှ ထွက်ခွာ သွားတော့သည်။
ကူယွန်က လင်းယွန်ကို လှည့်ကြည့်ကာ၊
"ငါတို့ အခု ဘာလုပ်မှာလဲ"
“ အိပ် ရ အောင်၊ ကံတရား အပေါ်ပဲ ထားလိုက်မယ်။"
ပင်ပန်း နွမ်းနယ်မှုကြောင့် ကြမ်းပြင်ပေါ်တွင် ချက်ချင်း အိပ်ပျော်သွား ကြတော့သည်။
ထည်ဝါခန်းမတွင်၊ ခန်းမသခင်မိုက အိပ်ယာမှ ထလာသော လျူယွီနှင့် ဖူဂျောင် တို့ကို နံနက်စာဖြင့် ဧည်ခံကာ တွေ့ဆုံခဲ့သည်။
“ ဆရာကြီး၊ ကောင်းကောင်း အနားယူ နိုင်ခဲ့ပြီလား”
“ အင်း.... ”
ဖူဂျောင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေ လိုက်သည်။
“ ဒီတစ်ကြိမ်မှာတော့ ငါ့ရဲ့ ထည်ဝါခန်းမမှာ အဆင့်မြင့် နက်နဲ့ဆေးလုံး သုံးသိန်း သိုလှောင် ထား ပါတယ်၊ အဲဒါတွေကို ထုတ်ရောင်းဖို့ မင်းအပေါ် မူတည်မှာပါ”
ဟု ခန်းမသခင်မိုက ပြုံးကာ ဆိုလိုက်သည်။ ဖူဂျောင်းက၊
"ငါ့ရဲ့ဂုဏ်သတင်းကြောင့် မင်းမှာ ဆေးအလုံးရေ တစ်သန်းလောက် ရှိရင်တောင် ရောင်းထွက်မယ်လို့ ငါအာမခံတယ်"
ခန်းမသခင်မိုက ဝမ်းသာသွားသည်။
'' ဒါဆို ဆယ်ရက်တိတိ အနားယူပါ ဆရာကြီး၊ဒီဆယ်ရက် အတွင်း ထည်ဝါခန်းမက အရှိန် အဟုန်ကို တည်ဆောက် ပါလိမ့်မယ်၊ ဆယ်ရက်ကြာ ပြီးတဲ့နောက် မင်းက ထည်ဝါ ခန်းမကို ရောက်နေတယ် ဆိုတာ မြို့တော်မှာ ရှိတဲ့ လူတိုင်း သိအောင် ငါ လုပ်နိုင်ပါပြီ ”
ဖူဂျောင်းက တိတ်ဆိတ်စွာ ခေါင်းညိတ် ပြသည်။ ယင်မြင်ကွင်းမျိုးသည် သူ့ဘဝ တစ်လျှောက် ကြုံဖူး ပေါင်းများ လှသည် ဖြစ်ရာ ရိုးအီ နေပေပြီ။
***