နှိုင်းယှဉ်မှု။
Vol. 16 Ch. 222
မဟာချင် အင်ပါယာ၏ မြို့တော်သည် ဂုဏ်သိက္ခာ ကြီးမားသော မျိုးနွယ်စုများ စုဝေးရာ အရပ် ဖြစ်သည်။
ရတနာခန်းမတွင် ဆေးအာနိသင် ကိုးဆယ် ရာခိုင်နှုန်း ပါဝင်သော မိုးတိမ် မှော်ဆေးလုံးများ ပိုင်ဆိုင်ထားကြောင်း သတင်းထွက် လာသော အခါတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
မိုးတိမ် ဆေးလုံးများမှာ နက်နဲ သိုင်းသမားများ အတွက်၊ လေးနက်သော သွေးပြန်ကြော များကို ဖွဲ့စည်းရာတွင်၊ များစွာ အကူအညီ ပေးစွမ်း နိုင်သည် ဖြစ်ရာ၊ ၎င်းတို့၏ ကျင့်ကြံမှု အရှိန်ကို များစွာ အကျိုးသက်ရောက် စေမည် ဖြစ်သည်။
တူညီသော ဆေးလုံးများကို အလွန်အကျွံ သန့်စင်မိပါက ခန္ဓာကိုယ်တွင် ခံနိုင်ရည် ရှိ လာမည် ဖြစ်သည်။
ရှင်းရှင်း ဆိုရပါလျှင် ဆေးလုံး များကို အကြိမ် များစွာ စားသုံး ပြီးနောက်၊ သက်ရောက် မှုများ တဖြည်းဖြည်း လျော့နည်း လာကာ၊ အကောင်းဆုံး အကျိုး သက်ရောက် မှုကို ပေးစွမ်း နိုင်တော့မည် မဟုတ်ပေ။
ထို့အပြင်၊ သာမန် နက်နဲ ဆေးလုံးများ၏ သက်ရောက်မှုများမှာ နက်နဲ တတိယ အဆင့်သို့ ရောက်ရှိပြီးနောက် သိသိသာသာ လျော့နည်း သွားမည် ဖြစ်သည်။
ထိရောက်မှုရရှိရန် အနည်းဆုံး ဆေးအာနိသင် (၅၀%) ပါရှိသော အရည် အသွေးမြင့် အဆင့်မြင့် ဆေးမျိုး ဖြစ်ရပေမည်။
(၇၀%) ပါသော ဆေးလုံးများ မှာမူ ပြောစရာ မလို လောက်အောင် လိုအပ်ချက် မြင့်မား လာမည် ဖြစ်ရာ၊ (၉၀%) ဆေးအာနိသင် ပါဝင်သော ဆေးလုံး များ၏ နောက်ကွယ်ရှိ တန်ဖိုးသည် မြို့တော်ကို တုန်လှုပ်ဖို့ရန် လုံလောက် ပေသည်။
သေချာသည်မှာ ဆဋ္ဌမအဆင့် နက်နဲသိုင်းသမား တစ်ယောက်ကို သတ္တမ အဆင့်သို့ မြှင့်တင် ပေးနိုင်သော သက်သေ ရှိနေပေသည်။
ယင်းမှာ၊ သွေးဝံပုလွေအဖွဲ့၏ ခေါင်းဆောင် ဖန်ကျူးပင် ဖြစ်သည်။
အရာအားလုံးသည် ဖန်ကျူး မျှော်လင့်ထား သကဲ့သို့၊ ရတနာခန်းမက ဆေးလုံး များကို လေလံတင် ရောင်းချ ခဲ့သည်။ ဆေးလုံး (၃)လုံး ပါသော ပုလင်းများကို တစ်ရက်လျှင် သုံးပုလင်းသာ လေလံတင် ရောင်းချပေး၏။
ကျန် (၁၈)လုံးကို လေလံတင်ရန် အတွက် သာမန် နက်နဲ ဆေးလုံးများနှင့် ရောစပ် ရောင်းချမည် ဖြစ်သည်။
ဆေးဖက်ဝင် အာနိသင် (၉၀%)ပါရှိသော ဆေးပုလင်း တစ်ပုလင်း၊ သာမာန် နက်နဲ ဆေးလုံး (၁၀၀) နှင့်အတူ၊ (၅၀%) ပါရှိသော အဆင့်မြင့် နက်နဲဆေးလုံး တစ်လုံးကို တွဲလျက်၊ လေလံ တင်မည် ဖြစ်သည်။
သည်နည်းလမ်းမှာ နေ့ခင်းကြောင်တောင် ဓားပြ တိုက်ခြင်းပင် ဖြစ်သည်။ သို့သော် ငြားလည်း ရတနာခန်းမ လေလံပွဲကျင်းရာ၊ စတုတ္ထထပ်တွင် နေ့တိုင်းနီးပါး လူစည်ကား နေခဲ့သည်။
ထိုင်စရာ နေရာများတွင် လူများ ပြည့်နေခဲ့ပြီး ရောင်းအားမှာ များစွာ မြင့်တက်လာ ခဲ့လေသည်။
မြို့တော်ရှိ အထက်တန်း လွှာများတွင် ပုံမှန် ဆေးလုံးများမှာ ထိရောက်မှု မရှိတော့သည် ဖြစ်ရာ၊ လင်းယွန်၏ ဆေးလုံးများက ရေပန်းစား လာခဲ့သည်။
ထို့အပြင်၊ နက်နဲသော သိုင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ရောက်သောအခါ၊ လေ့ကျင့်သူများသည် ၎င်းတို့၏ ကျင့်ကြံမှုကို တိုးမြှင့်ရန် အတွက် ပိုမို အားကောင်းသော ဆေးလုံးများကို အားကိုးရပေမည်။
ဝေယွီက လေလံပွဲ၏ ကျော်ကြားမှုအတွက် အလွန် စိတ်လှုပ်ရှား နေခဲ့၏။ ပြီးခဲ့သည့် ရက် အနည်းငယ် အတွင်း ရရှိခဲ့သော ဝင်ငွေမှာ တစ်လတိတိ ရောင်းရသော ဝင်ငွေနှင့် ညီမျှလေသည်။
၎င်းနှင့်အတူ ကူယွန်ကို ရောင်းအား၏ (၅၀%)ကို ခံစားခွင့်ပြုရန် ကတိပြုခဲ့သည်။ ကူယွန်၏ ခံစားခွင့် တိုးမြှင့်ပေး ခြင်းမှာ များလှ သည်ဟု မဆိုသော်လည်း၊ ဆေး အမယ်များ၊ ဆေးလုံး ကုန်ကျ စရိတ်နှင့် အရောင်း လမ်းကြောင်း အားလုံးကို ရတနာ ခန်းမမှ ပံ့ပိုး ပေးသည်။
ထို့ကြောင့် ၎င်းသည် လင်းယွန်အတွက် သတင်းကောင်း တစ်ခု ဖြစ်မည်မှာ သံသယ ဖြစ်စရာ မရှိပေ။ အိုင်းရစ်ဓားသုတ္တန်ကို ကျင့်ကြံရာတွင် အရင်းအမြစ်များစွာ လိုအပ်ပေသည်။
ယခုအချိန်တွင် ဆေးလုံးများ သုံးဆောင် ကျင့်ကြံရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
နက်နဲနယ်ပယ်ထဲသို့ ယခုမှ ဝင်ရောက် လာသောကြောင့် ဆေးလုံးများကို စောလျင်စွာ အသုံးပြု လိုချင်း မရှိပေ။ ကူယွန် သည်ပင် ဆေးလုံး များကို စားသုံးကာ အောင်မြင်မှု ရယူခြင်း မပြုရန် အလားတူ အကြံပြုချက်မျိုး ပေးလာခဲ့သည်။
ဝိညာဉ်ကျောက်စိမ်းများကို မှီခိုခြင်းဖြင့် ကျင့်ကြံမှုမှာ နှေးကွေးနေ နိုင်သော်လည်း အနာဂါတ်တွင် အမြန်နှုန်း ကွာခြားချက် အတွက် လိုက်မှီ လာမည် ဖြစ်သည်။ အားလပ်ချိန် တိုင်းကို ကျင့်ကြံ ရာ၌ ကုန်ဆုံးစေခဲ့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဆယ်ရက်ခန့် ကုန်ဆုံးသွားခဲ့သည်။ ဤကာလအတွင်း လင်းယွန်သည် စိတ်ကူး မယဉ်နိုင် လောက်သော ဝိညာဉ် ကျောက်စိမ်း များစွာဖြင့် ကျင့်ကြံနေခဲ့သည်။
ဆယ်ရက် အတွင်းမှာပင် ကျင့်ကြံမှုမှာ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိလာသည်။ နက်နဲနယ်ပယ် ဒုတိယ အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုအပ်တော့ လေသည်။
ထည်ဝါခန်းမတွင် ဖူဂျောင်းနှင့် လျူယွီ တို့သည် ဆယ်ရက် အကြာတွင် ဆေးဖက်ဝင် အာနိသင် (၇၀%) ပါဝင်သော မှော်ဆေးလုံး ပေါင်း (၄၀၀)ကို သန့်စင် နိုင်ခဲ့သည်။
“ ဒီဆေးလုံးတွေ စျေးကွက်ထဲကို ဝင်လာ ချိန်မှာ မြို့တော်တစ်ခုလုံး အကြီးအကျယ် တုန်လှုပ် သွားမှာကို ကြောက်မိပါတယ်။”
လျူယွီက စားပွဲပေါ်ရှိ ပုလင်းများကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
အဆင့် အတန်း မြင့်မားသော မျိုးရိုးမှ ပေါက်ဖွား လာသူ ပီပီ၊ ဆေးဖက်ဝင် အာနိသင် (၇၀)% ရှိသော အဆင့်မြင့် နက်နဲ ဆေးလုံး များ၏ သွေးဆောင်မှုကို သဘာဝကျကျ သိခဲ့သည်။
ဖူဂျောင်း၏ မျက်နှာပေါ်တွင် ဖုံးကွယ်၍ မရသော ပျော်ရွှင်မှုတစ်ခု ထွက်ပေါ်လာပြီး၊
“ ဒီတစ်ကြိမ်၊ ထည်ဝါခန်းမက စျေးကွက်ကို လက်ဝါးကြီး အုပ်ပြီး အဆင့်မြင့် နက်နဲ ဆေးလုံး တွေရဲ့ ဈေးနှုန်းကို တိုးမြှင့်ဖို့ ရည်ရွယ်ထား ပါတယ်၊ ဒီဆေးလုံး (၄၀၀)ကို ဝိညာဉ် ကျောက်စိမ်း အနည်းဆုံး (၅၀,၀၀၀)နဲ့ ရောင်းချ နိုင်တယ်၊ မင်းရဲ့ အကူအညီ မပါဘဲ ငါ ဒီလောက် မြန်နိုင်မှာ မဟုတ်ဘူး။ ”
“မခံယူရဲပါဘူး။ ငါက အလုပ်သင် တစ်ယောက်သာ ဖြစ်ပြီး မင်းကို ကူညီပေးနိုင် တာကို ကျေးဇူး တင်မိပါတယ်"
ဟု လျူယွီက ဆိုလိုက်သည်။
ဖူဂျောင်းက ခေါင်းကို ညင်သာစွာ ညိတ်ပြသည်။ နဂါးဗိုလ်ချုပ်၏ သမီးဖြစ်သူ လျူယွီသည် သူ့ရှေ့တွင် ဤသို့ ပြုမူနေပုံကို ကြည့်ကာ၊ ဂုဏ်ယူ ကြေနပ် နေဟန်ဖြင့်၊ ရယ်မောလိုက်ပြီး၊
“ ဒီနေ့ ငါ့ရဲ့ ဆေးလုံး ဖွင့်ပွဲ အခမ်းအနား ဖြစ်တာကြောင့် မြို့တော်က ဆေးပညာရှင်တိုင်း ဒီကို ရောက်လာလိမ့်မယ်။ မင်းက မကြာမီ ကြယ်တစ်ပွင့် ဝိညာဉ်ရူရ်တွေကို ရေးထိုး နိုင်တော့မှာ ဖြစ်တာကြောင့် ယခုအကြိမ် ငါနဲ့ လိုက်ပါလာတာ မင်းရဲ့ ကံကောင်းမှုပဲ၊ ငါ မင်းကို သူတို့နဲ့ မိတ်ဆက်ပေးပြီး မင်းအတွက် လမ်းကြောင်းတစ်ခု ကြိုပြင် ပေးထားမယ်။"
ထိုစကားကို ကြားသော အခါတွင် လျူယွီမှာ ဝမ်းသာ မဆုံးနိုင်ပေ။ မှော်ဆေးပညာရှင်များ၏ အသိုင်းအဝိုင်း ထဲသို့ ဝင်ရောက် ဖို့ရန်မှာ လွယ်ကူသော အရာ မဟုတ်။
ဖူဂျောင်းမှာ သူမကို ခေါ်ဆောင်လာသည့် အတွက် ဤအခွင့်အရေးကို ရရှိလာခြင်းသာ ဖြစ်သည်။
"ဆရာ၊ ဒီအခမ်း အနားက အရမ်း အသက်ဝင် မှာလား။"
လျူယွီအတွက် သည်လိုပွဲမျိုး မတက်ရောက် ဖူးသည် ဖြစ်ရာ အခမ်း အနားမှာ မည်မျှ ကြီးကျယ် နိုင်မည်ကို မခန့်မှန်း နိုင်ပေ။
“ ဒါက မင်းအတွက် ပိုအကျိုးရှိမှာပါ၊ အရင် တစ်ကြိမ် တုန်းက ထည်ဝါခန်းမမှာ၊ ဘယ်လိုတွေ ပြည့်ကျပ် နေတယ် ဆိုတာကို မှတ်မိ နေပါ သေးတယ်၊ ငါသာ မမှားရင် အဲဒီ နေ့က၊ ထည်ဝါ ခန်းမရဲ့ ရောင်းအားက၊ ပုံမှန်ထက် ငါးဆ ပိုများ ခဲ့တယ်"
"ငါးဆ......"
လျူယွီက ဟောင်းလောင်း ပွင့်သွားသော နှုတ်ခမ်းကို သူ့လက်ဖဝါးလေးဖြင့် ဟန်ပါပါ ကာကွယ်လိုက်ပြီး၊
“ဆရာကြီး၊ မင်းက မင်းရဲ့ နာမည်နဲ့ ထိုက်တန်ပါတယ်၊ တွေးကြည့်ရင် ကူယွန်က မင်းနဲ့ ပခုံးချင်း ယှဉ်ချင်နေ သလိုပဲ၊ ဘယ်လောက်များ စိတ်ကူးယဉ် လိုက်လဲလို့ "
ကူယွန်၏ နာမည်ကြောင့် ဖူဂျောင်း၏ မျက်နှာမှာ မည်းမှောင်သွားသည်။
“ အရူးပဲ .... သူ့လို အမှိုက်တစ်စက၊ ထည်ဝါခန်းမရှေ့မှာ ငါ့ကို အရှက်ရလု နီးပါးပဲ၊ ဒီပွဲပြီးတာနဲ့၊ ဆေးခန်းမကို ပြန်ရောက်တဲ့အခါ သူ့ကို ဆုံးမရမယ်။”
ဖူဂျောင်း၏ ကြိမ်းဝါးသံကြောင့် လျူယွီက ဝမ်းသာ သွားသည်။ ကူယွန်သည် လင်းယွန် နှင့် အတူ ဆေးခန်းမတွင် ယခင်က သူမအား လူမြင်ကွင်း၌ အရှက်ရစေ ခဲ့သည်။
ယင်းအဖြစ် အပျက်များက သူမကို အချိန်အတော် ကြာအောင် မပျော်မရွှင် ဖြစ်မိစေသည်။
" သွားကြရအောင်၊ ခန်းမဆောင်ကို သွားရမယ့် အချိန် ရောက်ပြီ။ ”
ဖူဂျောင်းက စားပွဲပေါ်ရှိ ဆေးပုလင်းများကို သိမ်းဆည်းလိုက်ပြီး၊ လျူယွီကို ခေါ်ဆောင်သွား ခဲ့သည်။ သူတို့ ထွက်လာချိန်မှာပင်၊ ခန်းမသခင် မိုက ခါးသီးသော အမူအရာဖြင့် စောင့်ကြိုနေ လေသည်။
"မင်း အကြာကြီး စောင့်နေခဲ့ရ ပုံရတယ်၊ ခန်းမသခင်မို ရှေ့ကနေ လမ်းပြပါ "
ဖူဂျောင်းက ပြုံးလိုက်သည်။
ထိုစကားကို ကြားသော အခါတွင် ခန်းမ သခင် မို၏ မျက်နှာမှာ ပျက်ယွင်းလာပြီး၊
“ ဆ ... ဆရာဖူဂျောင်း … အခမ်းအနားကို ဖျက်သိမ်း ရမှာကို ငါကြောက်မိတယ်…”
"ဖျက်သိမ်းရမယ် ဟုတ်လား "
ဖူဂျောင်း၏ မျက်နှာမှာ မည်းမှောင် သွားလျက်မှ၊
“ ခန်းမသခင်မို၊ မင်းက ဒီမှာ ငါနဲ့ လာရှုပ် နေတာလား”
ဟု မေးလိုက်သည်။
“ ငါမရှုပ်ရဲ ပါဖူး၊ ဒါပေမယ့် အပြင်မှာ ဝိညာဉ် တစ်ကောင်တောင် မရှိဘဲ၊ အခမ်း အနားကို ဘယ်လို ဆက်လုပ်ရ မလဲ”
ခါးသီးသော အပြုံးဖြင့် ခန်းမသခင် မိုက ပြန်ပြော လာသည်။
“မဖြစ်နိုင်တာ ”
ဖူဂျောင်းက အသံနက်ကြီးဖြင့် ရေရွတ် မိသည်။
"ငါဒီမှာ ရှိတယ်ဆိုတာ မင်း မကြော်ငြာ ဖူးလား၊ ငါ့က လွဲပြီး၊ အဆင့်မြင့် မှော်ဆေးလုံး မျိုးကို ဒီမြို့တော်မှာ ဘယ်သူက သန့်စင် နိုင်မှာပဲ....''
“ လွန်ခဲ့တဲ့ ဆယ်ရက်ကတည်းက မင်းဒီမှာ ရှိနေတယ်ဆိုတာ ငါကြော်ငြာ ထားပြီး သားပါ၊ ဒါပေမယ့် ခန်းမကြီးထဲမှာ ဘယ်သူမှ တကယ် ရှိမနေ ပါဘူး …”
ခန်းမသခင်မိုက စိတ်ပျက် လက်ပျက်ဖြင့် အမှန် အတိုင်း ပြန်ဖြေသည်။
"ဒါက ဘယ်လို ဖြစ်ရတာလဲ "
ဖူဂျောင်းက မယုံကြည် နိုင်လောက်အောင် တုန်လှုပ်သွားသည်။ ပင်မ ခန်းမဆီသို့ ထွက်လာကြည့် လိုက်သောအခါ သူ အံသြသွားသည်။ ခန်းမမှာ လွတ်နေခဲ့ပြီး ဝိညာဉ်တစ်ကောင် မျှပင် မတွေ့ရချေ။
“ ဒါ ..... … ”
ဖူဂျောင်း၏ မျက်နှာမှာ ဖျော့တော့ သွား၏။ သည်နေ့ အဖြစ်အပျက်မျိုးသည် သူ့လို မာနကြီးသူ တစ်ယောက်အတွက် ခံနိုင်ရည် မရှိ လောက်အောင်ပင် နာကျင်လာ စေသည်။
"ဘာဖြစ် ခဲ့တာလဲ..."
ဖူဂျောင်က တုန်တုန်ယင်ယင် အသံဖြင့် ရေရွတ် လိုက်သည်။
“ ဆရာကြီး ဖူဂျောင်း၊ ဒီတစ်ခါ ငါတို့ အမှားလုပ်မိပြီ၊ ရတနာခန်းမက ဆေးဖက်ဝင် အာနိသင် (၉၀%) ပါဝင်တဲ့ မှော်ဆေးလုံးကို သန့်စင်ပေးနိုင်တဲ့ မှော်ဆေး ပညာရှင်ကို ဖိတ်ကြား နိုင်ခဲ့တယ်၊ လွန်ခဲ့တဲ့ ခုနစ်ရက်က စပြီး နေ့တိုင်း ရတနာခန်းမ ရှေ့မှာ လူအုပ်ကြီး ပုံကျနေတယ်”
ဟု ခန်းမသခင်မိုက ခါးခါးသီးသီး တုံ့ပြန် ခဲ့သည်။
" လူတိုင်း အဲဒီကို သွားနေကြပြီ၊ ဒီနေ့ သူတို့ရဲ့ နောက်ဆုံး လေလံပွဲကို လက်ခံ ကျင်းပ နေသံတောင် ကြားခဲ့ရတယ်။"
“ (၉၀)% ဆေးအာနိသင်လား... ”
ဖူဂျောင်းက ခဏတာ အံ့အားသင့် သွားသည်။
'' အဲဒါ ဘယ်လို ဖြစ်နိုင်မှာလဲ၊ မြို့တော်မှာ ငါ့ရဲ့ မှော်ဆေးလုံး တွေကသာ အကောင်းဆုံး မဟုတ်လား၊ ဆေးအာနိသင် (၉၀%) မပြောနဲ့ (၈၀%) ဆေး အာနိသင်ကိုတောင် မရနိုင်ပါဘူး "
ခန်းမသခင် မိုက ငိုချင်လာသည်။ သူက မှော်ဆေး ပညာရှင် မဟုတ်ပေ၊ ထို့ကြောင့် ထိုအကြောင်း အရာကို သူ မည်သို့ သိမည်နည်း။
ယခု သူ့တွင် (၅၀%)အာနိသင်ပါရှိသော အဆင့်မြင့် နက်နဲဆေးလုံး (၃၀၀,၀၀၀) ပိုက်မိခဲ့ လေပြီ။ သူ၏ အစီအစဉ် အားလုံးကို ရတနာ ခန်းမမှ သိမ်းယူ သွားခဲ့သည်။
သူ၏ သူဌေးမှ ထိုဆေးလုံး သုံးသိန်းကို သည်လ အတွင်း အကုန်ရောင်းထုတ် ပြစ်ရန် အမိန့် ပေးထား ပြီးသား ဖြစ်လေသည်။
ပျက်ကွက် ပါက ဆုံးရှုံးမှု အတွက် အပြည့် အဝ တာဝန် ယူရမည် ဖြစ်၏။ ထည်ဝါ ခန်းမ၏ ကျွန်ဖြစ် သွားခဲ့ လျှင်ပင် ထိုတန်ဖိုးကို ပြန်ပေးဆပ် နိုင်မည် မဟုတ်ပေ။
" လျူယွီ၊ ရတနာခန်းမကို ကြည့်ဖို့ ငါနဲ့ လိုက်ခဲ့ "
ဖူဂျောင်းက မည်းမှောင်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
“ဘယ်သူတွေ ဒီလောက် အရည်အချင်းရှိလဲ ကြည့်ရအောင်။”
သူတို့နှစ်ယောက်သား ရတနာခန်းမ ဆီသို့ ချက်ချင်း ထွက်ခွာလာ ခဲ့သည်။
ရတနာခန်းမ ရှေ့ရောက်သည်နှင့် များပြားလှသော လူအုပ်ကြီးကြောင့် အံ့သြ သွား၏။ လူအုပ်ကြီးမှာ ခန်းမထဲမှ လျှံကျလာပြီး၊ အပြင်ဘက် လမ်းမများပေါ် အထိ ပြည့်နေခဲ့ လေသည်။
လူအုပ်ကြီး ထဲတွင် အထက်တန်းလွှာ မျိုးနွယ်စုများ၊ မူးကြီးမတ်ရာ များ၏ မျိုးဆက် များပင်၊ ပါရှိ နေပေသည်။ ဤမြင်ကွင်းသည် လုံးဝ အလွတ် ဖြစ်နေသော ထည်ဝါ ခန်းမနှင့် လုံးဝ ကွဲပြား လေ၏။
“ ဆရာကြီး ဖူဂျောင်း ရဲ့ ဆေးလုံးဖွင့်ပွဲက ဒီနေ့လို့ ကြားမိတယ်၊ မင်းဘာလို့ အဲဒီကို မသွားတာလဲ"
"ဘာလို့ သွားရမှာလဲ၊ ငါ စောစောက ချောင်းကြည့်ခဲ့ သေးတယ်၊ သူ့ပွဲမှာ ဝိညာဉ် တစ်ကောင်တောင် မရှိဘူး”
"ဟားဟားဟား ထည်ဝါခန်းမရဲ့ အဘိုးကြီးတွေက ကြံဆမှု မရှိတဲ့ ကုန်သည် တစု ပါပဲ၊ ဆေးဖက်ဝင် အာနိသင် (၇၀%) ပါရှိတဲ့၊ ဆေးလုံးတွေ အတွက် ဝိညာဉ် ကျောက်စိမ်း (၃၀၀)လိုချင် နေတယ်၊ ရတနာ ခန်းမရဲ့ အမြင့်ဆုံး လေလံကြေး ကတောင် ဝိညာဉ် ကျောက်စိမ်း (၄၀၀)သာ ကုန်ကျ နိုင်တယ် မဟုတ်လား ”
“ ပြီးတော့ ဒီနေ့က လေလံပွဲ နောက်ဆုံးနေ့ပဲ၊ ဒီနေ့မှ မလာရင် အခွင့်အရေး မရနိုင်တော့ဘူး”
စောင့်ဆိုင်းနေစဉ် လူအုပ်ကြီးက အချင်းချင်း စကားစမြည် ပြောနေကြသည်။ ဖူဂျောင်း၏ ဆေးလုံး ဖွင့်ပွဲနှင့် ရတနာ ခန်းမ၏ လေလံပွဲ အကြောင်းများ ဆွေးနွေး နေကြမည်မှာ မလွဲ မသွေပင် ဖြစ်သည်။
ထိုဝေဖန်သံများကို ကြားသော အခါတွင် ဖူဂျောင်း၏ မျက်နှာမှာ ချက်ချင်း မည်းမှောင် သွားပြီး၊
“ကောင်းတယ် အရမ်းကောင်းတယ်၊ ငါ့ ဆေးလုံး ဖွင့်ပွဲ ကျင်းပတဲ့ နေ့မှာ ရတနာ ခန်းမက သူတို့ရဲ့ နောက်ဆုံး လေလံပွဲကို ကျင်းပပြီး၊ ငါ့မျက်နှာကို ဖြတ်ရိုက်ဖို့ ကြိုးစားနေ ကြတာပဲ ”
လျူယွီ၏ မျက်နှာတွင်လည်း ဒေါသကြောင့် မည်းမှောင်လာ၏။
“ ဆရာကြီး၊ ရတနာခန်းမကို ပိတ်ဆို့ဖို့ နတ်ဘုရား အစောင့်အကြပ် တွေကို ငါခေါ်ပေး ရမလား...''
" စိတ်အေးအေး ထားပါ။ "
ဖူဂျောင်းက လေးနက်သော အသံဖြင့် ဆက်လက်၍၊
“ အဆင်မြင့် နက်နဲ ဆေးလုံး တွေကို သန့်စင်တဲ့အခါ၊ ဆေးဖက်ဝင် အာနိသင် (၉၀%) မရနိုင်ပါဖူး၊ အချို့သော လမ်းလွဲ သန့်စင်နည်း တွေကို အသုံး ပြုတာပဲ နေရမယ်၊ ... ”
“ ... အဲဒါကို ဖော်ထုတ် ပြီးရင်၊ သင်ခန်းစာ တစ်ခု သင်ပေး ရမယ်၊ သူတို့က ငါ့မျက်နှာကို ဖြတ်ရိုက်ချင် တာကြောင့်၊ ဒီမှော်ဆေး ပညာ ရှင်ကို မြို့တော်မှာ နေခွင့် မပေး နိုင်ဘူး။ ”
***