← Chapters

ဘယ်သူ ပြိုင်ဝံ့လဲ။

Vol. 16 Ch. 224

ဘယ်သူ ပြိုင်ဝံ့လဲ။

Vol. 16 Ch. 224

"မင်းတို့ နှစ်ယောက်က တော်တော် ရဲရင့် တာပဲ ''

လွင့်မျောနေသော ရေခွက်လေးက အပြုံးဖြင့် သူ့ခွက်ကို မြှောက်ပြ လိုက်သည်။

“ ဒါက ရတနာခန်းမပါ၊ အဲဒီ ခွေးအိုကြီးက ဒီနေရာကို လာဖို့တောင် သတ္တိရှိ နေမှတော့ ....”

လီဝူယုက သူ့နှုတ်ခမ်းများကို တွန့်ကွေးလိုက်၏။

" စောစောက မင်းရဲ့ အကူအညီ အတွက် ကျေးဇူးတင် ပါတယ် "

လင်းယွန်က သူ့ခွက်ကို မြှောက်လိုက်ပြီး၊ လွင့်မျောနေသော ရေခွက်လေး၏ အကူအညီကို အသိအမှတ်ပြု လိုက်သည်။ ဖူဂျောင်းကို လူသိရှင်ကြား အရှက်ခွဲ ရသည်မှာ သူတို့နှစ်ယောက် အတွက် အနည်းငယ် အန္တရာယ်ရှိ ပေသည်။

ဤသည်မှာ ရတနာခန်းမ ဖြစ်သော်လည်း ဖူဂျောင်းမှာ အစောပိုင်း အချိန်တွင် လက်တုံ့ပြန် လုနီးပါး ဒေါသ ထွက်သွားသည်မှာ ထင်ရှား လှပေသည်။

လွင့်မျောနေသော ရေခွက်လေး၏ ဝင်ရောက် လာမှုကြောင့် သူ ချက်ချင်း စိတ်ပြောင်း သွားခြင်း ဖြစ်သည်။ ထို့နောက်တွင် လူတိုင်း နီးပါးက သူ့ဖြစ်တည်မှုကို မေ့လျော့သွား ကြတော့၏။

သူ၏ အရှက် တရားသည် လင်းယွန် ကြုံတွေ့ ရသော အရှက် တရားနှင့် နှိုင်းယှဉ် ပါက အဆင့်သစ် တစ်ခုသို့ ရောက်သွားခဲ့သည်။

လွင့်မျောနေသော ရေခွက်လေးမှာ မြို့တော်ရှိ ထင်ရှား ကျော်ကြားသော ပုဂ္ဂိုလ်ရှစ်ဦးထဲမှ တစ်ဦးဖြစ်ပြီး၊ လူတိုင်းက သူ့ကို သဘာဝအတိုင်း မျက်နှာပေးရမည် ဖြစ်သည်။ သူ့မှ လွဲလျှင် မည်သူမျှ လူအုပ်ကြီးကို အုံကြွလာအောင် မဆွဲခေါ် နိုင်ကြပေ။

" စိတ်မပူပါနဲ့၊ ဖူဂျောင်းက အနှေးနဲ့ အမြန် ဆိုသလို ပြီးဆုံးသွား တော့မှာပါ၊ သူရဲ့ အဆင့်မြင့် နက်နဲ ဆေးလုံးတွေ ကြောင့်သာ၊ မကြာသေးမီကမှ ဂုဏ်သရေကို ရယူထား နိုင်ခဲ့တာ၊ သူ့ထက် သန်မာတဲ့ တခြား ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင် နှစ်ယောက် ရှိကောင်း ရှိနိုင်ပေမယ့်၊ သူတို့ထဲက ဘယ်သူမဆို ဖူဂျောင်းလို မော်ကြွားလိုချင်း မရှိကြဘူး၊ မဟုတ်ရင် ကြယ်နှစ်ပွင့် ပညာရှင် တစ်ယောက်က အခမ်းအနားကို ဘယ်လို ကျင်းပဝံ့မှာလဲ။ ''

လွင့်မျောနေသော ရေခွက်လေးက ပြုံးကာ၊ ရှင်းပြ လိုက်သည်။

" ဆရာငယ် လွင့်မျောနေသော ရေခွက်လေး၊ မင်း ဖူဂျောင်းနဲ့ တော်တော် ရင်းနှီးနေပုံပဲ"

လင်းယွန်က မေးလိုက်သည်။

" မင်းမှာ ဝိုင်ရှိလား"

လွင့်မျောနေသော ရေခွက်က ဆန်းကြယ်သော အပြုံးဖြင့် ပြန်မေးလာသည် ။

" ဒါပေါ့ ငါမှာ ရှိပါတယ်။"

လင်းယွန်က လွင့်မျောနေသော ရေခွက်လေး၏ ဆန္ဒကို သဘာဝကျကျ သိရှိထားပြီး မျောက်ဝိုင်အိုးကို ထုတ်ယူလိုက်သည်။

“ကောင်းလိုက်တာ ”

လွင့်မျောနေသော ရေခွက်က တစ်ကျိုက်မော့လိုက်ပြီးမှ လင်းယွန်၏ အမေးကို ပြန်ဖြေ လိုက်သည်။

“ မှော်ဆေးလုံ တွေကြောင့် လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ သူက ပိုမောက်မာ လာတယ်၊ မျိုးနွယ်စုတွေက သူတို့ရဲ့ မျိုးဆက်တွေ အတွက် ဆေးလုံးတွေ လိုအပ်တာကြောင့်သာ ....၊ မဟုတ်ရင် သူ့ကိုယ်သူ ပြည့်ဝလာဖို့ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ၊ နောက်ဆုံးတော့ ဆေးဖက်ဝင် အာနိသင် (၇၀%)ပါတဲ့၊ ဆေးလုံးတွေကို သန့်စင်နိုင်တဲ့၊ တစ်ဦးတည်းသော သူက၊ သူပဲ ရှိတယ် မဟုတ်လား ဒါပေမယ့်.... ”

“ .... အခုက အခြေအနေတွေ မတူတော့ဘူး၊ ရတနာခန်းမမှာ ဆေးဖက်ဝင် အာနိသင် (၉၀%) ပါဝင်တဲ့ ဆေးလုံးတွေ ရှိနေတယ်၊ ဒါကြောင့် သူ့ဒေါသကို ဘယ်သူကမှ စိတ်မဝင် စားတော့ဘူး၊ သူ့ အခမ်းအနားကို ဘယ်သူမှ မတက်ဘူး လား .... ဒါဆို သူ နောက်ဆုတ် သင့်တယ်၊ အခုတော့ သူက ရှက်ရမယ့် အစား၊ ဒီကို လာခဲ့တယ်၊ ဒီနေ့ ပြီးရင် သူ့ အနာဂတ်က ပြန်မရ နိုင်တော့ပါဘူး …”

လွင့်မျောနေသော ရေခွက်လေး၏ စကားကို နားထောင် ပြီးနောက် လင်းယွန်က ဖြစ်ပျက်နေသည့် အရာများကို ချက်ချင်း သဘောပေါက် သွားသည်။

ဖူဂျောင်းက သူ၏ ကိုယ်ပိုင် လက္ခဏာကို ဖော်ထုတ် ခံရမည်ကို ကြောက်ရွံ့ နေခဲ့ခြင်း ဖြစ်သည်၊ လူများစွာကို စော်ကား ပြီးနောက် သူ့စိတ်ထဲတွင် အပြစ်ရှိသည်ဟု ခံစားလာရခြင်း ဖြစ်သည်။

ရုတ်တရက် သူ့ကို စိုက်ကြည့်နေသော အေးစက်စက် အငွေ့အသက် တစ်ခုကို ခံစားလိုက်ရသည်။ လှည့်ကြည့် လိုက်ရာ၊ ဖူဂျောင်းက သူ့ကို မုန်းတီးစွာ စိုက်ကြည့် နေသည်ကို တွေ့လိုက်ရ၏။

သို့သော် လင်းယွန်က သဘောကျစွာ ရယ်မောလိုက်သည်။ ဖူဂျောင်းသည် ကူယွန်ကို အမှိုက်တစ်စလို မောင်းထုတ် ခဲ့ပြီးနောက် ကံတရားအတွက် ပြင်ဆင်ထား သင့်သည်။ သတ်ကွင်း ထဲသို့ ဝင်မလာ သင့်ပေ။

ရတနာခန်းမ သို့သာရောက်မလာ ခဲ့ပါက ဘာမျှ လုပ်နိုင်မည် မဟုတ်နိုင်။ သို့သော် သူ့ဆန္ဒအရ ရောက်ရှိ လာပြီးနောက် ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင် ရပေမည်။

ဖူဂျောင်းမှာ မောက်မာ ရုံသာမက ဂိုဏ်းတူ ဂျူနီယာများ အပေါ် ရိုင်းပျစွာ ဆက်ဆံခဲ့ သူ ဖြစ်သည်။ ကူယွန်ကို လှောင်ပြောင် သရော် နေချိန်၌ သူ့စကားများသည် ထည်ဝါခန်းမ၏ လက်ပါးစေများ ထက်ပင် ပို၍ ပြင်းထန် လေသည်။

လျူယွီကို တစ်ချက် လှည့်ကြည့်လိုက်ရာ၊ သူ့အား အေးစက်စွာ စိုက်ကြည့် နေသည်ကို တွေ့လိုက် မိသည်။

ဖူဂျောင်းနှင့် လျူယွီတို့သည် သခင်နှင့် ကျွန် ကဲ့သို့ လိုက်ဖက်ညီ ကြသည်။

ထိုအခိုက်အတန့်တွင် ခန်းမသခင်ဝေ ထွက် လာပြီး ပြုံးလျက်ဖြင့်၊

“ ဒီနေ့ တက်ရောက် လာကြတဲ့ သူ အားလုံးကို ကျေးဇူးတင် ပါတယ်၊ စည်းကမ်းချက် များကတော့ ယခင် လေလံပွဲများနဲ့ အတူတူပါပဲ၊ ဆေးလုံးတွေကို အမြင့်ဆုံး ဈေးပေးတဲ့ သူတွေ ရမယ်၊ ဒီနေ့ လေလံပွဲ ပြီးတဲ့နောက်၊ ဆေးဖက်ဝင် အာနိသင် (၉၀%)ရှိတဲ့ မှော်ဆေးလုံးတွေကို ရဖို့၊ ဘယ်လောက်ထိ စောင့်ဆိုင်းရမယ် ဆိုတာ ငါ မသိပါဘူး၊ ဒါကြောင့် ဒီအခွင့်အရေးကို ဆုပ်ကိုင်ကြဖို့ သတိပေး ချင်ပါတယ် ....''

“ ကဲ ပထမဆုံးအနေနဲ့၊ ဆေးအာနိသင် (၉၀%)တစ်လုံး၊ (၇၀%) ဆေးအာနိသင်ရှိတဲ့ ဆေးလုံး ဆယ်လုံး။ "

ဆေးအာနိသင် (၉၀%) ပါရှိသော အဆင့်မြင့်နက်နဲဆေး တစ်လုံးသာ ဖြစ်သော်လည်း၊ (၇၀%) ဆေးအာနိသင် ရှိသော အခြားဆေးလုံး ဆယ်လုံး ပါရှိလေသည်။ ဤ အတွဲအစပ်မှာ လူအများ အတွက် အလွန် ဆွဲဆောင်မှု ရှိပြီး ဈေးနှုန်းများ လျင်မြန်စွာ မြင့်တက်လာသည်ကို တွေ့မြင် လိုက်ရသည်။

ဖူဂျောင်း၏ မျက်နှာတွင် မသေချာ မရေရာမှုများဖြင့် မည်းမှောင် လာသည်။ သူ့မှ လွဲ၍ ကျန်နှစ်ဦးသာ ဆေးဖက်ဝင် အာနိသင် (၇၀%) ပါရှိသော ဆေးလုံးများကို ထုတ်လုပ် နိုင်သော်လည်း၊ ၎င်းတို့ထဲမှ တစ်ယောက်သည် နှစ်ပေါင်း များစွာ တံခါးပိတ် ကျင့်ကြံနေပြီး၊ နောက်တစ်ယောက်မှာ မဟာချင် အင်ပါယာမှ ထွက်ခွာသွား ခဲ့သည်။

ယုတ္တိဗေဒနည်း အရ ပြောရပါလျှင် သူသည်သာ ဤအရာကို လုပ်နိုင်စွမ်းရှိသူ တစ်ဦးတည်း ဖြစ်ပေတော့သည်။ ယခုမူ၊ ဆေးဖက်ဝင် အာနိသင် (၉၀%) ပါရှိသော ဆေးလုံးများ ထွက်ပေါ်လာ လေသည်။

၎င်းသည် သူတို့ သုံးယောက် မည်သည့် အခါမှ မရောက်ရှိ နိုင်တော့မည့် အဆင့်တစ်ခု ပေပင်။ ထို့ကြောင့် ယင်းသက်ရောက်မှုမှာ အတု ဖြစ်ရမည်ဟု သူ ယုံကြည်ထားခြင်း ဖြစ်သည်။

နှစ်အတော်ကြာအောင် စမ်းသပ်လာ ခဲ့ သော်လည်း၊ ဆေးဖက်ဝင် အာနိသင်ကို နောက်ထပ် (၁၀%) တိုးအောင် မစွမ်းဆောင် နိုင်ခဲ့ပေ။ (၉၀%) ဆိုသည်မှာ သာ၍ပင် မဖြစ်နိုင်။

ရုတ်တရက် သူ့မျက်လုံး ထဲသို့ လင်းယွန်နှင့် လီဝူယုတို့၏ မျက်နှာများ ဝင်ရောက် လာသည်။ ထိုနှစ်ယောက်ကို တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မပြုပါက ကွယ်ရာတွင် လူရယ်စရာ ဖြစ်လာမည်ကို သူ သိသည်။

ယင်းအတွက် တစ်ခုတည်းသော အခွင့်အရေးမှာ ဆေးဖက်ဝင် အာနိသင် (၉၀%) ပါရှိသော ဆေးလုံးများ၏ ချို့ယွင်းချက် များကို ရှာဖွေရန် ဖြစ်သည်။

"ဆရာကြီး၊ လေလံပွဲမှာ ပါဝင်ချင်လား"

လျုယွီက မေးလိုက်သည်။ ဖူဂျောင်းက လင်းယွန်ကို စိုက်ကြည့်ကာ၊

“အခု မဟုတ်သေးဘူး၊ လင်းယွန်က သူတို့အတွက် လေလံဆွဲဖို့ ကြိုးစားတဲ့အခါ လုပ်ပါ၊ "

လျူယွီ၏ မျက်လုံးများ တောက်ပလာပြီး၊

" ဒါလိုပဲ ဖြစ်ရမှာပေါ့ .... ဒုတိယ နက်နဲ သွေးပြန်ကြောကို ဖွဲ့စည်းဖို့ ဒီဆေးလုံးတွေကိုသူလိုရမယ်၊ မဟုတ်ရင်၊ သူက ယီလျူယွင်ကို အနိုင်ယူဖို့ မျှော်လင့်ချက် မရှိဖူး၊ ဒါပေမယ့် ငါ ဒီမှာ ရှိနေမှတော့ သူ လက်လွှတ်ရ လိမ့်မယ်။"

ဟု တိုးဖွဖွ ရေရွတ် လိုက်လေသည်။

" သူ ဘာတွေ တွေးနေမယ် ထင်လဲ"

လီဝူယုက လျူယွီ၏ မျက်လုံးများမှ အေးစက်နေသော အရိပ်အယောင်များကို မြင်လိုက်ရသောအခါ မေးလိုက်သည်။

"ဘယ်သူ သိမှာလဲ။"

လင်းယွန်က နှုတ်ခမ်းသပ်ကာ ခေါင်းခါ လိုက်၏။ လေလံပွဲမှာ ချောမွေ့စွာ ဆက်လက်ကျင်းပနိုင်ခဲ့ပြီး ဤပွဲ၏ နောက်ဆုံးသော လေလံပစ္စည်း ထွက်မလာမီ အချိန် အနည်းငယ်ခန့် ပုံမှန်အတိုင်း စီးမျော နေခဲ့ကြသည်။

“ ဒါကတော့ ဒီလေလံပွဲရဲ့ နောက်ဆုံး လေလံပစ္စည်းပါ၊ အားလုံး သိပြီးသား ဖြစ်မယ်လို့ ယုံကြည်ပါတယ်၊ စုစုပေါင်း အလုံးရေ ငါးဆယ်ရှိတယ်၊ သူတို့ အားလုံးမှာ (၉၀%) ဆေးအာနိသင် ပါရှိတယ်၊ ပထမတန်း ဝိညာဉ်ကျောက်စိမ်း (၅၀၀၀) နဲ့ လေလံ စဖွင့် လိုက်ကြရအောင် ”

ဝေယွီက ဤဆေးပုလင်းကို မြင့်မားသော စျေးနှုန်းဖြင့် ရောင်းချ နိုင်မည်ဟု ယုံကြည်မိသည်။ ယခင် ပစ္စည်းများ အားလုံးသည် အလုံး ငါးဆယ်ပါသော၊ ဤကျောက်စိမ်း ပုလင်းနှင့် နှိုင်းယှဉ်ပါက အရေးမပါတော့ပေ။

သူမျှော်လင့် ထားသလိုပင်၊ နောက်ဆုံး ပစ္စည်းကို မိတ်ဆက် လိုက်သည်နှင့် လေလံပွဲမှာ ရုတ်ရုတ် သဲသဲ ဖြစ်သွား ခဲ့သည်။

ဆေးလုံး ငါးဆယ် ဟူသော ပမာဏသည် နက်နဲ နယ်မြေ၏ နှောင်းပိုင်း အဆင့်ရှိ တစ်စုံတစ်ယောက်အတွက် အောင်မြင်မှု တစ်ခုကို ရယူနိုင်မည် ဖြစ်သည်။

ဆိုလိုသည်မှာ နက်နဲ သိုင်းနယ်ပယ်၏ ဆဋ္ဌမ၊ သတ္တမ သို့မဟုတ် အဋ္ဌမအဆင့်တွင် ရှိသော မည်သူမဆို တစ်လအတွင်း အောင်မြင်မှုများ ရရှိနိုင်မည်ဟု ဆိုလိုသည်။

တစ်ခုတည်းသော အကျိုးဆက်မှာ အနာဂတ်တွင်၊ အဆင့်မြင့် နက်နဲ ဆေးလုံးများမှ သက်ရောက်မှုများ လျော့နည်း သွားမည် ဖြစ်သည်။

သို့သော် ငြားလည်း၊ နက်နဲ သိုင်း နယ်ပယ်၏ နှောင်းပိုင်း အဆင့်ရှိသူ များအတွက်၊ အထူးသဖြင့် ၎င်းတို့၏ ကျင့်ကြံမှုတွင် နှစ်ပေါင်းများစွာ ပိတ်မိ နေသူများအတွက် အလွန် ဆွဲဆောင်မှု ရှိနေဆဲပင်။

'' ၁၅,၀၀၀ ”

ဝေယွီ အသံ ဆုံးသည်နှင့် လေလံ စဆွဲသော အသံတစ်သံ ထွက်ပေါ်လာ လေသည်။ ထိုအသံ ပိုင်ရှင်မှာ အနက်ရောင် ဝတ်ရုံကို ၀တ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်ကာ၊ သူ့မျက်နှာကို ခမောက်ပြား ကြီးဖြင့် ဖုံးကွယ် ထားသည်။

“ ဒီအသံကို ရင်းနှီးနေတယ်။ သူက ဂုဏ်သိက္ခာရှိတဲ့ မျိုးနွယ်စုက သခင်လေး တစ်ယောက်ပဲ ဖြစ်ရမယ်....''

" ၁၈၀၀၀ "

" ၂၀၀၀၀ "

လေလံစျေး သုံးယောက် ပေးအပြီးတွင် လေလံပွဲမှာ ချက်ချင်း ငြိမ်သက် သွားသည်။

“ ငါတို့ ခေါင်းဆောင်ရဲ့ တစ်နှစ် ဝင်ငွေတောင် ဝိညာဉ်ကျောက်စိမ်း (၁၀,၀၀၀) လောက်ပဲ ရှိနိုင်တယ် …”

ဧည့်သည် တစ်ဦးက လေလံ စျေးကြောင့် သက်ပြင်းချ လိုက်သည်။ မြို့တော်တွင် ကြွယ်ဝ လွန်းသော သူများ ပို၍ များပြား လာပေသည်။ သူတို့၏ ကမ်းလှမ်းမှုများမှာ ကြောက်စရာပင် ကောင်းနေခဲ့၏။

လင်းယွန် သက်ပြင်းချ လိုက်သည်။ မဟာချင် အင်ပါယာ၏ ကြွယ်ဝမှုကို သူ မခန့်မှန်း နိုင်ခဲ့ပေ။ အနာဂတ်တွင် ဝိညာဉ်ရေး ဆိုင်ရာ ရူရ်များ ရေးထိုးခြင်းဖြင့် ကြွယ်ဝလာရန် အခွင့်အရေးပင် ရှိလာ နိုင်မည်။

သို့သော် မကြာခင်မှာပင် ထိုအတွေးကို ဖျောက်ပစ် လိုက်မိသည်။ သူ၏ အဓိက အာရုံမှာ ကျင့်ကြံမှု အပေါ်တွင်သာ ရှိသင့်ပြီး မြို့တော်၏ အာရုံစိုက်မှု ဖြစ်စေခဲ့သော အောင်မြင်မှုမှာ တိုက်ဆိုင်မှု တစ်ခုမျှသာ ဖြစ်လေသည်။

အချိန်ကြာလာသည် နှင့်အမျှ၊ ဆေးလုံးများအတွက် စျေးနှုန်းများ ကျိန်းသေပေါက် မြင့်မားလာမည် ဖြစ်သည်။

“ဆရာကြီး၊ လင်းယွန်က လေလံစျေးကို ကြောက်ရွံ့ နေပုံရတယ်.... ”

လျူယွီက မျက်မှောင်ကြုတ် လိုက်သည်။ သူမ၏ စိတ်ဝိညာဉ်မှာ လင်းယွန် အပေါ် လုံးလုံး လျားလျား အာရုံစိုက် ထားခဲ့သည်။ လင်းယွန်ထံမှ တုံ့ပြန်မှုကို မမြင်လိုက်ရသော အခါတွင် မြင့်မားသော စျေးနှုန်းများက ဓားကျွန်အား ထိတ်လန့်သွား စေမည်ဟု သူမ မှန်းဆခဲ့သည်။

လျူယွီ၏ အတွေးများကို လင်းယွန်သာ သိပါလျှင် အော်ဟစ် ရယ်မော မိပေလိမ့်မည်။ ဆေးလုံးများကို ဖန်တီးထားသော သူ့အတွက်လူအများက အလုအယက် လေလံဆွဲကြရန် သဘာဝ အားဖြင့် အလိုရှိခဲ့သည်။

လေလံစျေး မြင့်မြင့်လေ၊ သူ အကျိုးရှိ လေလေ ဖြစ်ရာ၊ မြင့်မားသော စျေးနှုန်းများ အတွက် ကြောက်ရွံ့ နေစရာ မရှိနိုင်။

“ သူ့ကို ပိုတွက် ထားမိပုံ ရတယ်၊ နောက်ဆုံးတော့ သူက ဓားကျွန် တစ်ယောက်ပဲလေ၊ သူဒီမှာ ရှိနေတာ ကံကောင်းတယ်၊ ဒီတော့ အထက်တန်းစား ဆိုတာ ဘာလဲ ပြလိုက်ရအောင်၊ လေလံ ဆွဲမယ်.... ဒီဆေးလုံး ငါးဆယ်က ငါ့အတွက် .... ”

ဖူးဂျောင်း၏ စကားဆုံးသည်နှင့် လျူယွင်ကို ခေါင်းညိတ်ပြ လိုက်သည်။

" ၂၈၀၀၀ "

လျူယွီက အသံကြောင့် ခန်းမမှာ တိတ်ဆိတ် သွားတော့သည်။ ပြီးနောက် ရှိသမျှ လူအုပ်ကြီးမှာ အနည်းငယ် ဒေါသ ဖြစ်လာခဲ့သည်။

အချက်အလက်များ အရ ပြောရပါလျှင် ဆေးဖက်ဝင် အာနိသင် (၉၀%) ရှိသော ဆေးလုံးတစ်လုံး၏ စျေးနှုန်းမှာ၊ ပျမ်းမျှအားဖြင့် ဝိညာဉ် ကျောက်စိမ်း (၂၀၀)သာ ကျသင့်မည် ဖြစ်ပြီး၊ ဆိုလို သည်မှာ ဆေးလုံး ငါးဆယ် အတွက် ဝိညာဉ် ကျောက်စိမ်း (၁၀၀၀၀)သာ ကုန်ကျ မည်ဟု ဆိုလိုသည်။

သို့သော် လျူယွီ ကမ်းလှမ်းလိုက်သော စျေးနှုန်းမှာ သုံးဆနီးပါး ဖြစ်ပေသည်။

ပစ္စည်းတိုင်းတွင် စျေးကွက် ပေါက်ဈေး ရှိသည်။ ထို့ကြောင့် ယေဘူယျ အားဖြင့် ပြောရပါလျှင် စျေးကွက် ပေါက်ဈေးထက် နှစ်ဆ ပိုပေး မိပါက တန်ဖိုးအရ ဆုံးရှုံးနေပြီ ဖြစ်သည်။ အရူး တစ်ယောက် သည်သာ ပေါက်စျေးထက် သုံးဆ ပိုပေး နိုင်ပေမည်။

ဆေးလုံးများမှာ ပေးရသော ဈေးဖြင့် တန်ကြေး ညီပါ့ မလားဟု လူတိုင်းက တွေးနေ မိ ကြကာ၊ ငြိမ်သက် သွားခြင်း ဖြစ်သည်။

လူတိုင်း တိတ်ဆိတ် နေကြစဉ် လျူယွီက ရုတ်တရက် ထရပ်လာပြီး သူမ၏ ရောင်ဝါကို ထုတ်လွှတ် လိုက်သည်။ သူမက အေးစက်စွာဖြင့် ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ပြီး၊

"ငါက လျူယွီပါ ကျေးဇူးပြုပြီး မျက်နှာသာ ပေးကြမယ်လို့ ထင်ပါတယ်၊ မင်းတို့ ငါ့ကို ဒီတစ်ကြိမ် ခွင့်ပြုရင် ငါ ကျေးဇူးတင် နေမှာ သေချာပါတယ်"

“ မိန်းကလေးလျူ၊ မင်းက နဂါးဗိုလ်ချုပ်ရဲ့ သမီး ဖြစ်တဲ့ အပြင်၊ ဆေးပညာမှာ ပါရမီကြီးတယ်လို့ ငါတို့ ကြားခဲ့တာ ကြာပါပြီ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမျိုး ကြယ်တစ်ပွင့် မှော်ဆေး ပညာရှင် တစ်ယောက် ဖြစ်လာနိုင်တာ အံ့သြစရာ ပါပဲ”

ဟု ယခင်က လေလံစျေး ပေးခဲ့ ဖူးသော အဖိုးအိုက ဆိုလိုက်သည်။

သူမသည် နတ်ဘုရား အစောင့်တပ်မှူး၏ ချစ်လှစွာသော သမီးဖြစ်ပြီး ဆေးလုံးများကို ဝယ်ယူရန် သူမ၏ ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြသ လာသည်။

ထို့ကြောင့် သူမနှင့် ယှဉ်ပြိုင်ခြင်းသည် နတ်ဘုရား အစောင့်များကို အပြစ်ပြု မိခြင်းဖြင့် အတူတူပင် ဖြစ်သည်။ ယင်းကြောင့် ဆေးလုံးများ အတွက် ယှဉ်ပြိုင်လိုသူ အနည်းငယ်က သက်ပြင်းချကာ၊ လက်လျှော့ လိုက်ရ တော့သည်။

စင်မြင့်ပေါ်ရှိ ဝေယွီက လျူယွီ၏ လုပ်ရပ်ကို မကျေမနပ် ဖြစ်လာခဲ့သည်။ ဆေးလုံးများကို ပေါက်ဈေးထက် အနည်းဆုံး လေးဆခန့်ဖြင့် ရောင်းချ နိုင်မည်ဟု မျှော်လင့် ထားခဲ့သည်။

အချိန်ကြာ လာသည် နှင့်အမျှ တန်ဖိုး မြင့်လာပြီး ချိုးဖျက်၍ မရနိုင်သော စံချိန်သစ် တစ်ခုကို ရရှိနိုင်မည် ဖြစ်သည်။

ဤသည်မှာ သူ့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်လာ နိုင်သည်။ ၎င်းကို ဝိညာဉ် ကျောက်စိမ်း (၂၈,၀၀၀) မျှဖြင့် ရောင်းချရန် မမျှော်လင့် ထားပေ။ သို့သော် သည်မိန်းမကို သူ့အနေဖြင့် အပြစ်ပြုရန် မဝံ့ရဲသည် ဖြစ်ရာ၊ အံကြိတ်ရုံ မှတပါး အခြားမရှိနိုင်။

" ၂၈၀၀၀ တစ်ကြိမ် ... ''

'' ၂၈၀၀၀ နှစ်ကြိမ် ... ဘယ်သူမှ စျေးမပေးတော့ရင်၊ ဒီဆေးလုံးတွေက မိန်းကလေးလျူရဲ့ ....''

ဝေယွီက မကျေ မနပ်ဖြင့် အပြုံးကို ဖျစ်ညှစ် ထုတ်ကာ ကြေညာ လိုက်သည်။

လျူယွီက ပြုံးလိုက်၏။ နောက်ဆုံးတွင် လူတိုင်း၏ ဂရုစိုက်ခြင်းကို ခံရသည့် ပုံရိပ်ကို ပြန်လည် ရရှိခဲ့သည်။ မြို့တော်၌ သူမကို ဆန့်ကျင် ဝံ့မည့်သူ မရှိနိုင်ချေ။

လင်းယွန်က ဝိုင်ခွက်ကို ချလိုက်ပြီး၊ လီဝူယုအား အချက်ပြ လိုက်သည်။ လီဝူယုက ပြုံးလိုက်ပြီး သူ့လက်ကို ဆန့်ထုတ် လိုက်ကာ၊

" နေဦး ဒီက သခင်လေးက ဝိညာဉ် ကျောက်စိမ်း (၃၀၀၀၀)နဲ့ ကမ်းလှမ်းချင် ပါသေးတယ် "

***

All Chapters