နောက်ဆုံးသော ပြင်ဆင်မှုများ။
Vol. 17 Ch. 229
ကျားနဂါးလက်သီး အပေါ် နားလည်မှု တိုးမြင့် လာသည်နှင့် လင်းယွန်၏ မျက်နှာ၌ အပြုံးများ ဝေဆာလာ လေသည်။
နောက်ထပ် တံဆိပ်နှစ်ခုသာ ကျန်ရှိတော့၏။ သူ အောင်မြင်ခဲ့ပါလျှင် ကျားနဂါးလက်သီး မှာ အဆင့်သစ် တစ်ခုသို့ ပြောင်းလဲ သွားမည်ဖြစ်သည်။
၎င်းတံဆိပ် လေးခုကို သီးခြား သိုင်းနည်းစနစ်များ အဖြစ် အသုံးပြု နိုင်သည့် အပြင်၊ လက်သီး နည်းစနစ်များကို အားကောင်း စေရန်လည်း ပေါင်းစပ် အသုံးပြု နိုင်ပေမည်။
ထို့အပြင် ယင်းတို့ကို မတူညီသော ပေါင်းစပ်မှုများ အဖြစ်လည်း အသုံးပြုနိုင်၏။ ဥပမာအားဖြင့်၊ 'နတ်ဆိုးထာဝရ သုတ်သင်ခြင်း တံဆိပ်' ကို ဖွဲစည်းနိုင်ရန် 'ထာဝရ နတ်ဘုရား တံဆိပ်' နှင့် 'နတ်ဆိုး အမြစ်ဖြတ် သုတ်သင်ခြင်း' တံဆိပ်၊ ကို ပေါင်းစပ် နိုင်ပေမည်။
၎င်း 'နတ်ဆိုး ထာဝရ သုတ်သင်ခြင်း တံဆိပ်' ကို 'မိုးကောင်းကင် တံဆိပ်' နှင့် ပေါင်းစပ်ကာ၊ 'ထာဝရ ကောင်းကင်ဘုံ တံဆိပ်တော်' ကို ချိတ်ဆက်နိုင်မည် ဖြစ်သည်။
သူ့ခန္ဓာကိုယ်သည် ထိုစွမ်းအားကို ကိုင်တွယ်နိုင်သရွေ့ ပုံစံ အမျိုးမျိုးဖြင့်၊ အသစ်သစ်သော တံဆိပ်သုံးခု သို့မဟုတ် လေးခု အထိ ပေါင်းစပ် သွားနိုင်မည်။
“ထာဝရမြင့်မြတ်ခြင်း ဂိုဏ်းက အထက်တန်းစား တပည့်တွေက လက်သီး နည်းစနစ်တွေကို မလေ့ကျင်ခင်၊ တံဆိပ် လေးခုကို ဦးစွာ ကျင့်ကြံ ကြမယ့် ပုံပဲ၊ ငါကတော့ သူတို့နဲ့ ပြောင်းပြန်ပဲ .... ဟားဟားဟား ''
တံဆိပ်နှစ်ခုကို ဖွဲ့တည်ပြီးနောက် လင်းယွန်က ဉာဏ်အလင်း အချို့ကို ရရှိ လိုက်မိသည်။
“ဒါက တံဆိပ်လေး လေးခုလို ထင်ရပေမယ့် အပြောင်းအလဲတွေ အများကြီး ရှိနေတယ်၊ …”
ဉာဏ်အလင်းရပြီးနောက် နောက်တစ်ကြိမ် တောအုပ် ထဲသို့ တိုးဝင်သွားကာ၊ သူ့လက်သီးချက် များကို ဓားသွားတွေလို လျှပ်တပြက် ထိုးချ လိုက်တော့သည်။
လက်သီးနှင့် ဓားတို့ကို ပေါင်းစပ်ခြင်းဖြင့် လက်သီးကို ဓားအဖြစ် အသုံးပြု နိုင်လေသည်။ အချိန်များစွာ ကုန်ဆုံးသွား ပြီးနောက်၊ ကျားနဂါး လက်သီး၏ စွမ်းအားမှာ 'လွင့်မျောနေသော ရေခွက်လေး' နှင့် ယှဉ်နိုင် လာခဲ့သည်။
အဆိုပါ နည်းစနစ်မှာ ကျား-နဂါးလက်သီး နည်းစနစ် ဖြစ်ပြီး ၎င်းကို စွမ်းဆောင်ထား နိုင်သူမှာ ဓားသမား တစ်ယောက် ဖြစ်ခဲ့ပေသည်။
လက်သီးများကို လှုပ်ရုံဖြင့် ဓားများ ကဲ့သို့ပင် အသုံးပြု နိုင်ခဲ့၏။ သူ့လက်သီး ချက်များအောက်တွင် ၊ ဓားသင်္ချိုင်း တောအုပ်၏ ရူရ်များမှာ တဖျတ်ဖျတ် တောက်ပ နေခဲ့လေသည်။
နတ်ဆိုး သုတ်သင်ခြင်း တံဆိပ်။
ဗုဒ္ဓ၏ အဆိုအရ အကျင့် သီလကို စောင့်ထိန်းခြင်းဖြင့် နတ်ဆိုးများကို ချေမှုန်းနိုင်သော တန်ခိုးတော်ကို ရယူနိုင် ပေမည်။ ယင်းသည် ဗုဒ္ဓ၏ သားတော်များသာ ကျင့်ကြံနိုင်သော နည်းစနစ် ဖြစ်၏။
'' ဒါပေမယ့် ငါ့မှာ ဓားတစ်လက် ရှိတယ်၊ မရေမတွက်နိုင်တဲ့ ဘဝနဲ့ သေခြင်းဆိုင်ရာ အခြေအနေ တွေကို ဖြတ်သန်းခဲ့ ဖူးတယ်၊ ဘဝ သံသရာကို ငါမြင်နိုင်တယ် "
နောက်ဆုံးတွင် ဓားသမား တစ်ယောက် ဖြစ်သော၊ လင်းယွန်က ဤတံဆိပ်ကို ဖွဲ့တည်ရန် အတွက် မူလ ဗုဒ္ဓ အယူအဆ များကို စွန့်လွှတ်ခဲ့ပြီး၊ ဓားရည်ရွယ်ချက်ဖြင့် အစားထိုး ခဲ့သည်။
ဗုဒ္ဓသည် သီလ ဆောက်တည် ခြင်းဖြင့်၊ အတွင်းအပြင် နတ်ဆိုးများကို နှိမ်နှင်း နိုင်ခဲ့သည်။
လင်းယွန်မှာ ဓားသမား တစ်ယောက် ဖြစ်သောကြောင့် ဓားတစ်လက်ကို မွေးမြူခြင်းဖြင့် နတ်ဆိုးများကို သုတ်သင် နိုင်ပေမည်။
အခြေခံအားဖြင့် တူညီကြ သော်လည်း၊ လျှောက်သော လမ်းချင်း မတူညီ ကြပေ။
သူ့နောက်တွင် ရွှေရောင်အဆင်း သဏ္ဍာန် ဖြာထွက်နေ သကဲ့သို့၊ အကန့်အသတ် မဲ့သော ဓားရည်ရွယ်ချက်မှာ အလွန် ကြီးမားသည့် ဓားကြီး တစ်လက်အဖြစ်၊ ဖြစ်တည် လာခဲ့သည်။
လေးနက်သော အမူအရာဖြင့် သူ့လက်တွင် တံဆိပ် တစ်ခုကို ဖန်တီးလိုက်၏၊ ပေတစ်ရာရှည်သော ဓားကြီးက လက်ဖဝါး ပေါ်၌ ယိမ်းနွဲ့စွာ ဖွဲ့တည် လာသည်။
လက်သီးကို ဆုပ်လိုက် သည်နှင့် ခန္ဓာကိုယ် တစ်ခုလုံး၏ မူလ စွမ်းအင်များမှာ ဓားကြီး အတွင်း စီးဝင်လာပြီး၊ လေထုကို ထိုးခွဲနေဟန် တဖျစ်ဖျစ် မြည်သံ ပြုလာလေသည်။
“ ကောင်းလိုက်တာ .... ဒါက ငါတစ်ယောက်ထဲ ဖန်တီးနိုင်တဲ့ ကျား-နဂါး လက်သီးပဲ။ ဒီဓားနဲ့ ငါ့လမ်းရဲ့ ဟန့်တားမှု အရာ အားလုံးကိုချက်ချင်း ဖြိုချပစ် နိုင်မယ်....''
သူ့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို မဖုံးကွယ် နိုင်ပေ။ 'ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်' ကို နားလည် ပြီးနောက်၊ 'နတ်ဆိုးအမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ်' ကို နားလည်ရန် ပိုမို လွယ်ကူ လာသည်။
သူ၏ 'နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ်' သည် 'လွင့်မျောနေသော ရေခွက်လေး' နှင့် ကွဲပြားသော်လည်း၊ ယင်သည်ပင် သူ့အတွက် အသင့်တော် ဆုံးသော ပုံသဏ္ဍာန် ဖြစ်ပေသည်။
နေ့ရက်များ တဖြည်းဖြည်း ကုန်လွန်လာပြီးနောက်၊ ကျင့်ကြံမှု အတွင်း၌ အပြည့်အဝ နှစ်မြုပ် သွားခဲ့သည်။ ထိုအချိန်တွင် လျှို့ဝှက်ချက်လေး တစ်ခုကို သူ သတိပြု မိလိုက်၏။
ဓားသင်္ချိုင်း တောအုပ်၏ မှော်အစီအရင် ဝိညာဉ် ရူရ်များ ကြောင့်လား မသိ သော်လည်း သူ၏ မူလ စွမ်းအင် များမှာ အမှန်တကယ် တိုးပွား လာခဲ့သည်။
ထူးဆန်း သလို ခံစားလိုက် ရသဖြင့် ၎င်းကိုသခင် ဆယ့်သုံးအား မေးမြန်းရန် တေးမှတ်ထား လိုက်၏။
“ မိုးကောင်းကင်တံဆိပ်က... နောက်ဆုံးဖြစ်တာနဲ့ အညီ နက်နဲတဲ့ သဘော တရားတွေ ပါနေတာပဲ…”
ထိုတံဆိပ်ကို နားမလည် နိုင်မီတွင် ခုနစ်ရက်ခန့် ကုန်ဆုံး သွားခဲ့သည်။ ဤကာလအတွင်း 'ထာဝရ နတ်ဘုရား တံဆိပ်'၊ 'ကောင်းကင်ဖျက်ဆီးခြင်း တံဆိပ်'နှင့် 'နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ်' တို့ကို သူ ဆန္ဒရှိသည်နှင့် လွယ်လင့်တကူ ထုတ်ဖော် နိုင်ရန် လေ့ကျင့်ထား နိုင်ခဲ့သည်။
သို့သော်၊ 'မိုးကောင်းကင် တံဆိပ်'ကို ဖွဲ့တည်ရာ၌ ကူကယ်ရာမဲ့ ဖြစ်နေဆဲ ဖြစ်သည်။ ရိုးရိုးသားသား ပြောရလျှင် တံဆိပ် လေးခုကို အတွေး ထဲ၌ စွဲလန်း နေခဲ့သည်။
ထာဝရမြင့်မြတ်ခြင်း ဂိုဏ်းတွင် ကျားနဂါး လက်သီး နည်းစနစ်ကို ကျင့်ကြံရန် တံဆိပ် တစ်ခုသာ လိုအပ်ပေမည်။
'လွင့်မျောနေသော ရေခွက်လေး' ကဲ့သို့သော ပါရမီရှင် တစ်ဦး ပင်လျှင် တံဆိပ်သုံးခုကို ဖွဲ့တည်ပြီးနောက်၊ အချိန်များစွာ ကြာမှသာလျှင် စတုတ္ထ တံဆိပ်ကို သင်ယူ နိုင်ခဲ့သည်။
နောက်ထပ် သုံးရက်ကြာ ပြီးနောက် တံဆိပ် သုံးခုလုံးကို ပြီးပြည့်စုံသော ကျွမ်းကျင်မှုသို့ ရောက်ရှိ လုနီးပါး ကျွမ်းကျင် လာခဲ့သည်။ 'မိုးကောင်းကင် တံဆိပ်' ကို လောလော ဆယ်တွင် စွန့်လွှတ်ရန် ဆုံးဖြတ် လိုက်၏။
" တံဆိပ်သုံးခုကို ဖွဲ့တည် နိုင်ပြီ ဆိုတော့၊ ငါသာ ဒုတိယ နက်နဲ သွေးပြန်ကြောကို ဖွဲ့တည်နိုင်ရင်၊ ယီလျူယွင်ကို အနိုင်ရဖို့ (၇၀%) အခွင့်အရေး ရှိတယ်။ "
တံဆိပ်သုံးခုနှင့် အတူ မူလ စွမ်းအင်များကို အသက် စွမ်းအင်များသို့ သန်စင်နိုင် ပြီးနောက်တွင်၊ သူ့ခွန်အားမှာ ယီလျူယွင်ကို ရှုံးနိမ့်စရာ အခြေအနေ မရှိချေ။
သို့သော် ရှင်းယန်ကို ကတိပေးပြီး ဖြစ်ရာ၊ ပို၍ သေချာစေရန် သခင့်ဓားကို ကျင့်ကြံရ ပေမည်။ နောက်ဆုံးတွင် သူသည် ဓားသမား တစ်ယောက် ဖြစ်နေဆဲ ပေပင်။
ဓားနန်းတော်၏ တပည့်ပေါင်း များစွာသည် သခင့်ဓားကို ကျင့်ကြံခဲ့ ကြသော်လည်း ၎င်းတို့ အားလုံးမှာ ဤနည်းစနစ်၏ တန်ပြန်မှုကို ခံခဲ့ရသည်။
ထို့ကြောင့်ပင် သူ့ အနာဂတ်ကို မပျက်စီး စေချင် သည်ကြောင့် သိုင်းခန်းမ၏ အကြီးအကဲမှာ မပေးချင် ခဲ့ခြင်း ဖြစ်သည်။
ကျောက်စိမ်းတုံးကို နဖူးပေါ် တင်လိုက်သည်နှင့် ပန်းချီကား သဏ္ဍာန် မြင်ကွင်း တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
၎င်းမြင်ကွင်းမှာ ပျံ့ကျဲနေသော မြစ်များ၊ မြို့များ၊ နိုင်ငံများ၊ အင်ပါယာ များဖြင့် ခမ်းနား ထည်ဝါ လှသော ကမ္ဘာသစ်ကြီး တစ်ခုပင် ဖြစ်ပေသည်။
ထိုကမ္ဘာကြီးတွင် အရာရာတိုင်းကို အကြွင်းမဲ့ အုပ်စိုးနိုင်သော ထက်ရှသည့် ဓားတစ်လက်နှင့်အတူ လူတစ်ယောက် မြဲမြံစွာ ရှိနေ ခဲ့သည်။
ထိုဓားကို မြင်သော အခါတွင် လင်းယွန်၏ မျက်လုံးများ၌ သွေးများ စီးကျ လာကာ၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားတော့သည်။
“ကြောက်စရာ ကောင်းလိုက်တာ။ စတောင် မစရ သေးဖူး ကျောက်စိမ်းတုံး ထဲက မှတ်တမ်း တစ်ခုရဲ့ စွမ်းအားကို ခံနိုင်ရည် ရှိဖို့ တောင် ခက်ခဲနေပြီ။ နည်းနည်းလေး ဆုပ်ကိုင်နိုင်ရုံနဲ့ ယီလျူယွင်ကို သတ်နိုင်လိမ့်မယ် ”
ကျောက်စိမ်းတုံးကို ကိုင်ကာ စိတ်လှုပ်ရှား စွာဖြင့် ရေရွတ် လိုက်မိသည်။
သခင့်ဓားမှာ ဓားကွက် တစ်ကွက်သာ ပါရှိသော ဓားနန်းတော်၏ တားမြစ် နည်းစနစ်တစ်ခု ဖြစ်ပေသည်။ တတိယ ထပ်ရှိ သင်းထောက် ပြောသည့် စကားကို ရုတ်တရက် သတိရ သွားမိ၏။
သခင့်ဓားတွင် ဓားချက် တစ်ချက်သာ ရှိပြီး၊ ၎င်းသည် လှုပ်ရှားမှု တစ်ခု လုံးဝ မဟုတ် ခဲ့ပေ။
ဓားချက် တစ်ချက်နှင့် လှုပ်ရှားမှု (သိုင်းကွက်) တစ်ခုကြား မည်သို့ ကွာခြား နိုင်မည်နည်း။ ၎င်းအတွက် ပိုမို လေးနက်သော အဓိပ္ပါယ် ရှိပါ သည်လော။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံး လာပြီး၊ ဓားသင်္ချိုင်း တောအုပ်တွင် နေ့ရက် များစွာ ကုန်ဆုံး သွားလေသည်။ ထိုအတော အတွင်း အခြားသော အတွေးများကို ဝင်ရောက် လာရန် ခွင့်မပြုခဲ့ပေ။ သခင့်ဓားကို နားလည် ရန်သာ အပြည့်အဝ အာရုံစိုက် ခဲ့သည်။
သူ့မျက်ခွံများ ရုတ်တရက် တုန်ခါသွားကာ၊ မျက်လုံးများ ပြန်ပွင့် လာ၏။
“ တကယ်တော့ ဒါက ဓားတစ်လက်ပဲ၊ လှုပ်ရှားမှု တစ်ခု မဟုတ်ဘူး၊ ဒါပေမယ့် ဒီဓားက နည်းနည်းတော့ ကြမ်းတယ်။”
ခပ်တိုးတိုး ရေရွတ်သံ နှင့်အတူ မတ်တပ် ထရပ်ပြီး၊ ဓားအဖြစ် သုံးရန် ဝါးဆစ်ပိုင်း တစ်ပိုင်းကို ကောက်ယူ လိုက်သည်။
လှုပ်ရှားမှု တစ်ခုကြောင့် အရွေ့တစ်ခု ဖြစ်လာမည်ဟု ဆိုလို၏၊ မည်ကဲ့သို့သော လှုပ်ရှားမှု မျိုးဖြင့် မဆို၊ အရွေ့တစ်ခုသာ ဖြစ်လာ နိုင်မည်။
သတ်မှတ်ထားသော အချိန် ကာလ အတွင်းတစ်စုံတစ်ခု အပေါ်တွင် 'အား' သက်ရောက် မိပါက အရွေ့တစ်ခု ဖြစ်ပေါ် လာပေမည်။ ထိုအရွေ့ကို သိုင်းတစ်ကွက်၏ ရလာဒ်ဟု မှတ်ယူ နိုင်မည်။
ဓားချက် တစ်ချက်မှာမူ ထိုသို့ မဟုတ်ပေ။ အရာ အားလုံးကို ဖြတ်ကျော် ပြီးနောက်၊ ကောင်းကင်ဘုံ ကိုးခုကိုပင် ထက်ခြမ်း ခွဲပစ် နိုင်လေသည်။
( ဤနေရာရှိ ဓားချက် ဆိုသည်မှာ ပြတ်သားသော ရည်ရွယ်ချက်ကို ဆိုလို ချင်ပုံ ရသည်။)
သူ့လက်ထဲရှိ ဝါးရင်းတုတ်မှာ နှေးသထက် ပိုနှေးလာပြီး၊ ဓားသင်္ချိုင်း တောအုပ်၏ မှော်အစီအရင် များကို လွန်ဆန်ကာ မြေပြင်သို့ ပြုတ်ကျ သွားတော့၏။
တစ်စုံ တစ်ယောက်သာ အနား၌ ရှိနေပါက၊ ထိုကာလသည် ရက်ပေါင်း သုံးရာကျော် ကုန်သွား သကဲ့သို့ ခံစား ရမည် ဖြစ်သော်လည်း၊ လင်းယွန် အတွက်မူ ဓားတစ်ချက်သာ ဖြစ်လေသည်။
ဥပမာအားဖြင့် ဆိုရသော် အချိန်များ အေးခဲရပ်တန့် သွားခြင်း ဖြစ်သည်ဟု ဆိုလိုသည်။
(သို့မဟုတ် ဓားချက်မှာ ကမ္ဘာတစ်ခု လုံးအား ကန့်သတ် အုပ်စိုး သွားသည်ဟု ပြောချင်ပုံ ရ၏။)
ရုတ်တရက် အကန့်အသတ် မရှိ လွှမ်းမိုး ချုပ်ကိုင် ထားသော ရောင်ဝါတစ်ခု သူ့ ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းပွင့် ထံမှ ဖြာထွက် လာတော့သည်။
အချိန်အနည်းငယ် အကြာ၌ သူ့လက်ထဲရှိ ဝါးရင်းတုတ် ပတ်ပတ်လည်တွင် လေဟာနယ် ပေါက်ကွဲမှုများ ရုတ်တရက် ထွက်ပေါ် လာတော့သည်။
ရေကန်အစပ်ရှိ ဝါးအဆောက် အဦး ထံသို့ လေပြင်းများ တိုက်ခတ် လာသည်ကြောင့်၊ သခင်ဆယ့်သုံးက ရုတ်တရက် မျက်လုံးများ ဖွင့်ကာ၊ ဓားသင်္ချိုင်း တောအုပ်ဆီ ပြုံးလျက် လှမ်းကြည့် လိုက်လေသည်။
“ သခင့်ဓား .... ဒီငတိ လေးက 'ခွေးကတက်' ကို တက်လှမ်း နိုင်ခဲ့ပုံပဲ၊ ဒါပေမယ့် ဒီလောက်နဲ့ ဝေး ပါသေးတယ်။ ”
သူ့အသံ ပြီးဆုံးသည်နှင့် ခရမ်းရောင် မုန်တိုင်းတစ်ခု ရေကန်ပေါ်သို့ ဖြတ်တိုက် သွားသည်။ ကြီးမားသော လှိုင်းလုံး များကြောင့် အေးခဲနေသော ရေမျက်နှာ ပြင်ကြီး ပေါ်တွင် အက်ကြောင်းများ ပျံ့နှံ့ လာတော့သည်။
မုန်တိုင်း ပျောက်ကွယ် သွားသော်လည်း ရေကန်ထဲရှိ လှိုင်းလုံးများမှာ ရပ်တန့် သွားခြင်း မရှိခဲ့ပေ။
ဝမ်မျိုးနွယ်စု ခြံဝန်းကြီး ထဲတွင် ယီလျူယွင်က ရှေးဟောင်း ဓားတစ်လက် နှင့်အတူ ပြိုင်ဘက် သုံးဦးကို ရင်ဆိုင် နေခဲ့သည်။
၎င်းတို့ သုံးဦးမှာ ဝမ်မိသားစု၏ တပည့်များ ဖြစ်ကြပြီး၊ နက်နဲ သိုင်းနယ်ပယ်၏ တတိယ အဆင့်တွင် ရှိကြ လေသည်။
သို့သော် သူတို့ သုံးယောက်က ယီလျူယွင်၏ ဓားကို လက်ခံ ရင်ဆိုင် ရဲခြင်း မရှိပေ။ ဓားမှာ နေမင်းကြီး တစ်စင်း ကဲ့သို့ စူးရှ တောက်ပ လာပြီး၊ ပေါက်ကွဲသံများ ရုတ်တရက် ထွက်ပေါ် လာကာ၊ ပြိုင်ဘက် သုံးဦးကို ပျံသန်း သွားစေ ခဲ့သည်။
မြေပြင်ပေါ်သို့ လဲကျကုန် သည်နှင့် ပါးစပ်မှ သွေးများ စီးကျလာကာ၊ သတိလစ် သွားတော့၏။
" ဟားဟားဟား ... အဆင့်မြင့် ကျွမ်းကျင်မှုပဲ၊ ....ဒီယီလျူယွင်က တကယ့် အရည်အချင်း ရှိတဲ့ သူ တစ်ယောက်ပါ၊ သူ့အတွက် အရင်းအမြစ် တွေကို ဖြုန်းတီးရတာ ငါတို့အတွက် ထိုက်တန် ပါတယ်၊ ကြယ်ချိုးဓား နဲ့အတူ အစွမ်း ထက်တဲ့ ကိုယ်လုံး ကိုယ်ပေါက်သာ ရှိခဲ့ရင် လင်းယွန် အတွက် မျှော်လင့်ချက် မရှိ နိုင်တော့ ပါဘူး ”
ဝမ်ယန်က မုန်းတီးနေသော မျက်ဝန်းများဖြင့်၊ ရယ်မော လိုက်တော့သည်။
***