← Chapters

အနီရောင် ဖီးနစ်ငှက် ။

Vol. 20 Ch. 272

အနီရောင် ဖီးနစ်ငှက် ။

Vol. 20 Ch. 272

" ငါတို့ နှစ်ယောက်က မင်းကို ထခိုင်း ရင်ရော၊ မင်း ခြေထောက် ပေါ် ပြန်ရပ် မှာလား။ "

တည်ငြိမ်သော မေမြန်း လာသံ နှင့်အတူ၊ ကောင်းကင်မှ ပုံရိပ် နှစ်ရိပ် ထပ်မံ ဆင်းသက် လာခဲ့သည်။

၎င်းပုံရိပ် နှစ်ရိပ်မှာ ဂျင်းဖိန်နှင့် ယီရှုတို့ ဖြစ်ပြီး၊ သေမျိုး အဆင့်တွင် ဒုတိယနှင့် တတိယ နေရာ၌ ရပ်တည် ထားနိုင် သူများ ဖြစ်လေသည်။

၎င်းတို့ နှစ်ဦးမှာ ဘိုင်လိရွှမ်နှင့် ယှဉ်ပြိုင် နိုင်ခဲ့သော ပါရမီရှင်များ ဖြစ်ပြီး၊ လင်းယွန်မရောက်ရှိ လာခင် ကြာမြင့်စွာ ကတည်းက သူတို့၏ ပုံရိပ် များကို ထူထောင်ထား နိုင်ခဲ့ ကြသည်။

လွန်ခဲ့သည့် နှစ်နှစ် အတွင်း၊ ထိပ်တန်း ဆယ်ဦး အဆင့် သတ်မှတ် ချက်တွင်၊ အပြောင်း အလဲများ ရှိသော်လည်း၊ ထိပ်ဆုံး သုံးယောက်၏ နာမည် များမှာ ဘယ်သော အခါမှ မပြောင်းလဲ ခဲ့ချေ။

ထိပ်ဆုံး သုံးဦးသည် ခွန်အားနှင့် အဆင့် အတန်းကို ကိုယ်စား ပြုပေ၏။

၎င်းတို့ နှစ်ဦးသည် မကြာသေးမီ နှစ်များ အတွင်း လူ မြင်ကွင်းသို့ ထွက်ပေါ် လာခြင်း၊ မရှိ ခဲ့ချေ၊ မြေကြီး အဆင့်သို့ ဝင်ရောက်ရန် စောင့်မျှော် နေသူများ ဖြစ်သည်ဟု သတင်းကြီး နေခဲ့သည်။

သူတို့၏ ပန်းတိုင်မှာ အမြဲတမ်း ကောင်းကင် အဆင့် ဖြစ်ပြီး၊ သူတို့၏ လှုပ်ရှားမှု တိုင်းက ဓားနန်းတော်၏ ဂုဏ် ကျက်သရေကို ကိုယ်စား ပြုပေသည်။

ထို့ကြောင့် သူတို့သည် ပြင်ပ တပည့် များကြား၊ အရေး ကိစ္စ များကို သဘာဝ အတိုင်း၊ မစွက်ဖက် ကြတော့ပေ။ သို့သော် ယနေ့တွင် မစ်ရှင် ခန်းမ အပြင်ဘက်သို့ အမှန် တကယ် ရောက်ရှိ လာခဲ့သည်။

သေမျိုးအဆင့် ထိပ်ဆုံး ဆယ်ယောက်ရှိ ကိုးယောက် တိတိ ထွက်ပေါ် လာသော အခါတွင် လူအုပ် ကြီးမှာ၊ ပို၍ အုတ်အော် သောင်းနင်း ဖြစ်လာ ခဲ့သည်။

" စီနီယာ အစ်ကိုဂျင်းနဲ့ စီနီယာ အစ်ကိုယီလည်း ရောက်လာ တာလား ... လင်းယွန်က တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ် "

" သေမျိုး အဆင့်က ချူဟောင်းယူက လွဲရင် အကုန် ဒီမှာ ရှိနေတယ် ..."

“ ဒါဟာ ရိုးရှင်းတဲ့ ကိစ္စ မဟုတ်တော့ ဖူးလို့ ငါမြင်တယ်၊ ကြယ်ငါးပွင့် မစ်ရှင်တွေက ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်းများ ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းပဲ၊ လင်းယွန်က စကား မပြော နိုင်တဲ့ စည်းမျဉ်းကို ချိုးဖောက် ခဲ့တယ် ”

" မှန်တယ်၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း တွေကို ထိပ်တန်း ဆယ်ယောက်က အမြဲကန့်သတ် ထားတယ်၊ တစ်ဦး တစ်ယောက်ထဲယူဆောင် ခွင့်ကို ဘယ်သူက ခွင့်ပြု နိုင်မှာလဲ၊ မဟုတ်ရင် စည်းမျဥ်းတွေ ရှုပ်ထွေး ကုန်မှာ မဟုတ်ဘူးလား ”

ကြည့်ရှုသူ ဦးရေမှာ တဖွဲဖွဲ တိုးလာ၏။ ဟန်ဇောင်ယန်း နှင့် အခြား သူများက ဂျင်းဖိန်နှင့် ယီရှု ရောက်ရှိ လာသည်ကို မြင်သော အခါတွင်၊

" မင်္ဂလာပါ စီနီယာ အစ်ကိုဂျင်း နဲ့ စီနီယာ အစ်ကိုယီ "

" ဝိန်ဇီလင်းက စီနီယာ အစ်ကို နှစ်ယောက်ကို နှုတ်ဆက် ပါတယ် "

" ရှင်းဝူဟန်က နှုတ်ဆက် ပါတယ် ..."

နှုတ်ဆက်သံများကို ခေါင်းညိတ် အသိ အမှတ် ပြုပြီး၊ ဂျင်းဖိန်နှင့် ယီရှုက ကျန်းလဲ့ကို ကြည့်လိုက် ကြသည်။

ထိုမျက်ဝန်းနှစ်စုံကြောင့် ကျန်းလဲ့၏ ကျောရိုးတစ်လျှောက် အေးစက် သွား သည်ကို ခံစား မိသော်လည်း၊ ယခု အချိန်တွင် သူ၏ ထိတ်လန့်မှုကို မဖော်ပြ နိုင်ပေ။

ဂျင်းဖိန် နှင့် ယီရှုတို့ နှစ်ဦးမှာ သူ စော်ကားရန် မတတ် နိုင်သော သူများ ဖြစ်သည်။

ဂျင်းဖိန်က၊

" လင်းယွန်က မာနကြီးပြီး ဝမ်မျိုးနွယ်စုရဲ့ အမွေခံ မျိုးဆက် ကိုတောင် သတ်ခဲ့တာ ငါ ကြားပါတယ်၊ သေမျိုး အဆင့်ရဲ့ ထိပ်တန်း ဆယ်ယောက် ထဲက၊ တစ်ယောက် ယောက်ကို အရှက်ခွဲ ဖို့ ရဲဝံ့တဲ့ အတွက်၊ သူ့ရဲ့ ကောလဟာလ တွေဟာ ...၊ အတု အယောင် မဟုတ် ဖူးပဲ။ ”

" မင်း ဘာလို့ ဒူးထောက် နေတာလဲ"

ဂျင်းဖိန်၏ ညည်းတွား ရေရွတ်သံ ဆုံးသည် နှင့်၊ ယီရှု၏ မေးခွန်း ထုတ် လာသော အသံကြောင့်၊ ကျန်းလဲ့ကို ပို၍ တုန်လှုပ် သွားစေသည်။ သူက အံကြိတ် လိုက်ပြီး။

“ စီနီယာ အစ်ကိုတို့၊ ငါဒီမှာ စိတ်ပါ လက်ပါ ဒူးထောက် နေတာက၊ ဂျူနီယာ ညီအစ်ကို လင်းယွန်နဲ့ ဘာမှ မဆိုင် ပါဘူး။ ”

ယီရှု၏ နှုတ်ခမ်း ပေါ်တွင် အေးစက်သော အပြုံးတစ်ပွင့် ဖြစ်ပေါ် လာပြီး သူက၊

"အကြောင်း ပြချက် တွေကို ငါ မေးနေလိုလား၊ ငါမင်းကို ချက်ချင်း ထဖို့ ပြောနေတာလေ၊ မင်း ငါ့ စကားကို နားမလည်ရင်၊ မင်း နားလည် နိုင်မဲ့ တခြား နည်းလမ်းကို သုံးရ မလား ။ "

'' ............''

“ ငါ မင်းကို စဉ်းစားဖို့ သုံးစက္ကန့်ပဲ အချိန်ပေးမယ်၊ တစ်… နှစ် … ”

ဂျင်းဖိန်က အမှတ်စဉ် စရေတွက် လိုက်၏။

ကျန်းလဲ့၏ မျက်နှာမှာ ဖျော့တော့ သွားလေပြီ။ လင်းယွန်မှာ ကြောက်စရာ ကောင်းသော်လည်း၊ သည်နှစ်ယောက်နှင့် ယှဉ်ပါလျှင် အနည်းငယ် နူးညံ့ပေ ဦးမည်။ လင်းယွန်ကြောင့်သာ၊ ဆက်လက် ဒူးထောက် နေမိ ပါက၊ သူ၏ ကျင့်ကြံမှု လမ်း၌ ချို့တဲ့ သွားနိုင်ပေသည်။

ဂျင်းဖိန်က ရေတွက်၍ မဆုံး ခင်မှာပင်၊ ကျန်းလဲ့က တုန်တုန် ယင်ယင်ဖြင့်၊ ဒူးထောက် နေရာမှ ထရပ် လာခဲ့သည်။

ဂျင်းဖိန်နှင့် ယီရှုတို့က ထိုသို့ နာခံ လာသောကျန်းလဲ့၏ အပြုအမူ များကြောင့်၊ ပြုံးလိုက်ကြ၏။

လင်းယွန်က မောက်မာ လွန်း လျှင်ပင်၊ သူတို့ နှစ်ယောက်ဖြင့် ယှဉ်နိုင် စရာ မရှိချေ။ သူ ဒူးထောက်ခိုင်း ထားသော ကျန်းလဲ့ကို စကားဖြင့်၊ မတ်တပ် ပြန်ရပ် စေခဲ့ ခြင်းသည်၊ ဂျင်းဖိန်တို့ နှစ်ယောက်အား ကောင်းမွန်သော ခံစားချက်များ ရရှိ သွားစေ၏။

ရပ်ကြည့်နေသော လူအုပ်ကြီးမှာ၊ ခေါင်းညိတ်ကာ သက်ပြင်းချ လိုက်မိသည်။

တောင်းဆိုလာ သူမှာ ဂျင်းဖိန်နှင့် ယီရှုတို့ ဖြစ်ပြီး၊ ကျန်းလဲ့သည် နာခံစွာ၊ ထရပ်ရန် မှတပါး အခြား ရွေးချယ် စရာ မရှိပေ။

သို့သော်လည်း ဟန်ဇောင်ယန်းနှင့် အခြားသော ငါးယောက်၏ မျက်နှာများ၊ အထူး သဖြင့် ဟန်ဇောင်ယန်း၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်း သွား၏။

သူ့ ခွန်အားမှာ သေမျိုး စတုတ္ထ အဆင့်၌ ရှိသော်လည်း၊ ကျန်းလဲ့ အပေါ် သြဇာသက်ရောက်ခြင်း မရှိ ခဲ့ပေ။

သို့သော် ဂျင်းဖိန်နှင့် ယီရှုတို့ ရောက်လာသော အခါတွင်၊ ကျန်းလဲ့က ချက်ခြင်း ထရပ် လာခဲ့သည်။

အဆိုပါ အပြုအမူ များအရ၊ ထိပ်ဆုံး ဆယ်ယောက်ရှိ တခြားသော သူများကို နှုတ်ဆိတ်သွားစေ ခဲ့၏။

သို့သော် ကျန်းလဲ့ကို ကြည့်နေသည့် သူတို့၏ မျက်ဝန်း များတွင်၊ အေးစက်သော အရိပ် အယောင်များ ရစ်သိုင်း နေလေသည်။

" သူ့ မှာ ဒူးထောက်လို စိတ်ရှိ နေတာကို မင်းတို့က ဘာလို့ ခက်ခဲအောင် လုပ်နေ ရတာလဲ၊ မင်းတို့ တွေက သူ့ရဲ့ အပြစ် တွေကို ဖြေဖို့ အခွင့် အရေးတောင် မပေးတော့ ဖူးလား။”

ထိုအချိန်၌ ပြတ်သားသော အပြစ်တင် သံ တစ်သံ ထွက်ပေါ် လာသည်။ ဓားသေတ္တာတစ်လုံးကို ထမ်းပိုး ထားသော၊ လူငယ် တစ်ယောက်က၊ မစ်ရှင် ခန်းမ၏ လှေကား ထစ်များ ဆီမှ၊ ဖြည်းညှင်းစွာ ဆင်းသက် လာလေသည်။

လူငယ်၏ မျက်နှာ ပေါ်တွင် နေရောင် ခြည်များ ထိုးကျ နေပြီး၊ သူ့ ဆံပင်များက လေထဲ၌ တဖျပ်ဖျပ် လွင့်နေခဲ့ လေပြီ။

ကျန်းလဲ့က ထိုအသံကို ကြားလိုက် သည်နှင့် မျက်နှာ ပျက်ယွင်း သွားကာ၊ ပြန်လည် ဒူးထောက် ကျသွားသည်။

ကျန်းလဲ့ မတ်တပ် ပြန်ရပ်အောင် စွမ်းဆောင် နိုင်ခဲ့ သော်ငြား၊ လင်းယွန် ထွက်ပေါ် လာ သည်နှင့် ချက်ချင်းပင် ပြန်လည် ဒူးထောက် ကျ သွား၏။

ဂျင်းဖိန်နှင့် ယီရှု တို့၏ မျက်နှာများ ပေါ်ရှိ မှုန်မှိုင်း နေသည့် အကြည့် များက၊ တုန်ယင် နေသော ကျန်းလဲ့ အပေါ်၊ ကျရောက် သွားကာ၊ ချက်ချင်းပင် အေးခဲ သွား၏၊ လင်းယွန်က သူတို့ ကိုးယောက် လုံး၏ မျက်နှာကို ဖြတ်ရိုက် လာခဲ့ လေပြီ။

"မင်းက လင်းယွန် လား"

ဟန်ဇောင်ယန်းက မျက်မှောင်ကြုတ်လျက်၊ မေးမြန်း လိုက်၏၊ သူ အပါ အဝင်၊ ထိပ်တန်း ဆယ်ယောက် လုံးက၊ လင်းယွန်ကို ပထမဆုံး အကြိမ် တွေ့ဖူး ခြင်းသာ ဖြစ်ပေသည်။

" ..... သူပဲ "

"နက်နဲ သိုင်းနယ်ပယ် စတုတ္ထ အဆင့်မှာသာ ရှိတဲ့၊ ဖားငယ်လေး တစ်ကောင်က ...၊ ငါတို့ရဲ့ မစ်ရှင်တွေကို လုယူ ဝံ့သလား၊ ဟာသ .... ပဲ "

အားလုံးက လင်းယွန်ကို ဒေါသတကြီး လှည့်ကြည့်လိုက် ကြသည်။

ကျန်းလဲ့ ဒူးထောက် ကျသွား သည်ကို မြင်လိုက်ရသော၊ ယီရှုက သတ်ဖြတ်ခြင်း ရောင်ဝါကို၊ စတင် ထုတ်လွှတ် လိုက်ပြီး၊ ကျန်းလဲ့ထံ ခြေလှမ်း စလိုက်သည်။

" နောက်ကွယ်က သူက ဒီကို ရောက်နေပြီ ဆိုတော့ ...၊ အမှိုက် တစ်စနဲ့ ဘာလို့ အချိန်ဖြုန်း နေရ တာလဲ "

ယီရှု၏ ကျန်းလဲ့ အပေါ် သတ်ဖြတ် လိုသော လုပ်ရပ်ကို၊ ဂျင်းဖိန်က နှောင့်ယှက် လိုက်သည်။

လင်းယွန်က သူတို့ ရှစ်ယောက်ကို စူးရှသော အကြည့်ဖြင့် အကဲခတ် လိုက်၏။ သူတို့အားလုံးသည် နက်နဲ နယ်မြေ၏ ပဉ္စမ အဆင့်တွင် ရှိနေ ကြပြီး၊ ၎င်းတို့၏ အရှိန်အဝါ များကို သန့်စင် ထားလေသည်။

တစ်ချက် ကြည့်လိုက် ရုံဖြင့်၊ လွယ်ကူ သူများ မဟုတ် သည်ကို သူ ပြောနိုင်၏။

ရှောင်းရန်နှင့် ဘူချန် တို့ပင် အဆိုပါ၊ ကိုးယောက်ဖြင့် မနှိုင်းယှဉ် နိုင်ပေ၊ အထူး သဖြင့် ကျန်းလဲ့ ရှေ့တွင် ရပ်နေသော၊ လူ နှစ်ယောက်ပေပင်။

၎င်းတို့ အားလုံးသည် ဓားနန်းတော်၏ သေမျိုး အဆင့် ထိပ်တန်း ဆယ်ယောက်တွင် ပါဝင် ခဲ့ပြီး၊ အထက်တန်းစား များဟု ခေါ်ဆိုရန် အပြည့်အဝ ထိုက်တန် ပေသည်။

သို့သော် သူတို့၏ တည်ရှိမှု များမှာ လင်းယွန်နှင့် မည်သို့မျှ မသက် ဆိုင်ချေ။

" အားလုံးပဲ တွေ့ရတာ ဝမ်းသာ ပါတယ်၊ ဒါပေမယ့် ငါက ရတနာ တောင်ကုန်းကို ပြန်သွား ရမှာ ဆိုတော့ ဒီမှာ ဆက်မနေ နိုင်တော့ ပါဘူး ”

လင်းယွန်က သူတို့ ရှစ်ယောက်ကို အရို အသေ ပေးဟန်ဖြင့်၊ လက်ကို ဝှေ့ယမ်း လိုက်၏။ ထို့နောက်တွင် လှည့်ကာ၊ ထွက်သွား လေတော့သည်။

သူ့ လုပ်ရပ်က ဟန်ဇောင်ယန်းနှင့် တခြားသော သူများကို ထိတ်လန့် သွားစေ ခဲ့သည်။

ဤနေရာ၌ နှစ်သက် သလို ဝင်ထွက် သွားလာ နိုင်သည်ဟု လင်းယွန်က ယူဆ ထားပုံ ရကာ၊ သူတို့ကို လျစ်လျူရှု ခဲ့လေသည်။

'' ဂျူနီယာ ညီလေးလင်း၊ ငါတို့ အားလုံးက မင်းကို လာရောက် ကြိုဆိုဖို့၊ ထိုက်တန် နေတယ်လို့ မင်းကိုယ်မင်း ထင်လား "

ဂျင်းဖိန်က ပြုံးပြီး လင်းယွန်၏ လမ်းကို ပိတ်ရန် ခြေတစ်လှမ်း တိုးလိုက်သည်။

" ကျူးဖန်ကို သတ်ရမယ့် တာဝန်က ငါနဲ့ ဂျင်းဖိန် အတွက်ပဲ၊ မင်း ငါတို့ကို မရှင်းပြဘဲ၊ ထွက်သွား ချင်တာလား၊ မင်းအိပ်မက် မက်နေ တာပဲ ဖြစ်ရမယ် "

ယီရှုက ဟစ်အော် လိုက်ပြီး၊ သူ့ ဓား ရည်ရွယ်ချက် ကို ထုတ်လွှတ်ကာ၊ ရှေ့သို့ တိုးလာ ပြန်သည်။

" ရွှေရောင် သစ်သီးကို ရှာဖွေ ရမယ့် တာဝန်က၊ ငါ ဟန်ဇောင်ယန်း အတွက် ... "

" ဘိုင်ချူးဟွေကို လိုက်ပို့မယ့် သူက ငါ ....၊ ဝိန်ဇီလင်းနဲ့ ရှင်းဝူဟန်ပဲ "

“ သွေးအဆီ အနှစ်တွေ စုဆောင်းဖို့ မစ်ရှင်က ငါ့ အတွက်ပဲ ”

ဟန်ဇောင်ယန်းနှင့် ကျန်သော သူများက၊ လင်းယွန်ကို မလိုလား အပ်သော ရည်ရွယ်ချက်ဖြင့်၊ ကြည့်လိုက်ပြီး တပြိုင် နက်တည်း ရှေ့ ထွက် လာ ကြသည်။

သေမျိုး အဆင့်ရှိ ထိပ်ဆုံး ဆယ်ယောက် တို့သည်၊ လူတစ်ဦး အတွက် ခက်ခဲအောင် ပြုစေမည့်၊ အခြေ အနေမျိုး တစ်ကြိမ်မှ မရှိခဲ့ပေ။ လေထုမှာ တင်းကြပ် လာပြီး တိုက်ပွဲအသွင် ကူးပြောင်းချင် နေခဲ့သည်။

“ မစ်ရှင်တွေက မင်းတို့ အတွက်လို့ ဂိုဏ်းက ငါ့ကို မပြောခဲ့ ပါဘူး၊ ဒီလို ဆိုမှတော့ ဒါတွေ အကုန်လုံးက၊ ငါ့ အတွက်လို့ ပြောရင်ရော မင်းတို့ လက်ခံ မှာလား... ''

'' ..............''

လင်းယွန်က အေးစက်စွာ ပြန်မေး လိုက်၏။

"မင်း.... "

ဟန်ဇောင်ယန်းက အံကြိတ် လိုက်ပြီး၊

“ မင်းဟာ တခြား သူတွေရဲ့အမြင်မှာ ထူးခြား နိုင်ပေမယ့်၊ ငါတို့ အတွက် အမှိုက် တစ်စ ပါပဲ၊ အဲဒီ မစ်ရှင် တွေက မင်း အတွက်လို့ ပြောရအောင် မင်းက ဘယ်သူလဲ။ ''

'' ထားပါ အားလုံးက မင်း အတွက် ဆိုရင်ရော၊ မင်း ... ဘာလုပ် နိုင်လဲ၊ မစ်ရှင်တွေ မအောင်မြင်လို့ သွေးအရိုး တောအုပ် ထဲကနေ သေလုနီးပါး ပြေးလာခဲ့ ရတာပဲ မဟုတ်လား "

" ကိုယ့်ကိုကိုယ် အရှက်ခွဲ နေတာကို ရပ်လိုက်ပါ "

“ မာနကြီးဖို့ ဆိုတာ အရည် အချင်း ရှိဖို့ လိုတယ်၊ နက်နဲ နယ်ပယ် စတုတ္ထ အဆင့်မှာ ရှိတဲ့ မင်းရဲ့ ခွန်အားနဲ့ မစ်ရှင် တွေကို လက်ခံဖို့ ယုံကြည်မှုကို ဘယ်က ရခဲ့လဲ။ "

" အဲဒီ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း တွေက၊ ငါတို့ အတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာ မင်းမသိ နိုင်ဘူး "

ထိပ်သီး ဆယ်ယောက်ဝင် များမှာ စကား များများ ပြောလေလေ၊ ဒေါသ ပိုထွက် လေလေ ဖြစ်သည်။ လင်းယွန်သည် သူတို့နှင့် သက်ဆိုင်သော မစ်ရှင် များကို၊ ရယူ သွားသည့် အတွက် သေခြင်းဖြင့်၊ ထိုက်တန် ပေသည်။

“ ဂျူနီယာ ညီလေးလင်း၊ ဂိုဏ်းထဲမှာ ရှင်သန် ချင်တယ် ဆိုရင် ...၊ ကန့်သတ်ချက် တွေကို သိထား ရမယ်၊ အရည် အချင်း တစ်ခု ထဲနဲ့ အရာရာ လုပ်ဆောင်နိုင် မယ်လို့ ထင်နေလား ''

'' ပြီးမြောက်အောင် မဆောင်ရွက် နိုင်ရင် မစ်ရှင် တွေကို လက်မခံ ပါနဲ့၊ တစ်ခုခုဆို ရှင်းယန်တောင် မင်းကို မကူညီ နိုင်ဘူး ''

ဂျင်းဖိန်က တည်ငြိမ်သော အပြုံးကို ထုတ်ဖော်ကာ၊ သတိပေး လိုက်သည်။

" ငါက ဘာလို့ စီနီယာအစ်မ ရှင်းယန်ကို လိုအပ် ရမှာလဲ၊ မစ်ရှင် အားလုံး ပြီးသွားပြီ ”

သူ့ စကားကြောင့် လူအုပ်ကြီးမှာ မှင်တက် သွားခဲ့ ကြ၏။ ခဏ အကြာတွင် ရယ်မော လှောင်ပြောင် သံများ ထွက်ပေါ် လာတော့သည်။

မျက်နှာ ပေါ်တွင် မည်သည် အချိန် ကမှ၊ ခံစားချက် များအား၊ မပြသ ခဲ့သော ယီရှု ပင်လျှင် သဘောကျစွာ ရယ်မော လာလေသည်။

" ဘယ်လို ရူးသွပ်မှု မျိုးလဲ "

ဟန်ဇောင်ယန်းက ရယ်မော ရေရွတ် လိုက်ပြီး၊

" ငါတို့ကို နုံအတဲ့ သူတွေလို မဆက်ဆံ ပါနဲ့၊ ကြွားဝါခြင်း မပြုမီ ဟိုကို ကြည့်ပါ၊ မစ်ရှင် ခန်းမ ထိပ်က ရှေးဟောင်း ခေါင်းလောင်းကို တွေ့ သလား။ "

ဟန်ဇောင်ယန်း ညွှန်ပြ ရာသို့၊ လင်းယွန်က မျှော်ကြည့် လိုက်ရာ၊ တိမ်လွှာများ ထိတိုင် ထိုးဖောက် ဝင်ရောက် နေသော၊ ဘုံထွဋ် ဖျားဆီ၌ ချိတ်ဆွဲ ထားသည့်၊ ရှေးဟောင်း ခေါင်းလောင်းကြီး တစ်လုံးကို ဝိုးတဝါး မြင်လိုက် ရသည်။

“ သူခိုးကြီး အဆင့်မှာ ရှိတဲ့ ဘယ်သူ့ကို မဆို သတ်နိုင်ရင်၊ သူတို့ကို သတ်နိုင် သူတိုင်း အတွက် ဂိုဏ်းက ခေါင်းလောင်း တီးပေး လိမ့်မယ်၊ ပြင်ပ တပည့် ဖြစ်တဲ့ မင်းက ကျူးဖန်ကို သတ်နိုင်ရင်၊ ခေါင်းလောင်းသံ ....”

ခေါင်းလောင်းသံ မမြည် သောကြောင့်၊ လင်းယွန်သည် သူ၏ တာဝန် များကို မပြီးမြောက် ခဲ့ဟု ဆိုလိုခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ လင်းယွန်က ဤနေရာတွင် မျက်စိ စုံမှိတ် ကြွားဝါ နေခြင်း ဖြစ်သည်ဟု အဓိပ္ပါယ် ရပေ၏။

" ခေါင်းလောင်း အကြောင်း မင်း သိသလို မျိုး၊ ဓားကျွန် တစ်ယောက်က ဘယ်လို လုပ် သိနိုင် မှာလဲ "

ရယ်မော လှောင်ပြောင်သံ တစ်သံ နှင့်အတူ ပုံရိပ် နှစ်ရိပ် စကားဝိုင်းထဲ ဝင်ရောက် လာခဲ့ လေသည်။ လူတိုင်းက အသံ ပိုင်ရှင်အား လှည့်ကြည့် လိုက်ရာ၊ ဖြည်းညှင်းစွာ လျှောက်လှမ်း လာသော ဝမ်ယန်နှင့် ချူဟောင်းယူကို တွေ့မြင် လိုက်ရ၏။

ချူဟောင်းယူသည် ဝမ်ယန်နှင့်၊ လက်တွဲ ခဲ့သည်လော။ ထို့ထက် ပို၍ အရေးကြီး သည်မှာ သေမျိုး အဆင့် ထိပ်သီး ဆယ်ဦးသည် ဤနေရာသို့ ရောက်ရှိ လာပေသည်။

ဝမ်ယန်က၊

“ ဒီခေါင်းလောင်းကို 'အနီရောင် ဖီးနစ်ငှက်' လို့ ခေါ်တယ်၊ ထူးခြားတဲ့ သံမဏိ အနှစ်နဲ့ သွန်းလုပ်ဖို့၊ ဆယ်နှစ်လောက် အချိန်ယူ ခဲ့ရတယ်၊ ဒါကြောင့် သူ အသံမြည်ရင်၊ မဟာချင် နိုင်ငံတော်ရဲ့ နေရာတိုင်း လိုလို ကနေ ကြားနိုင်တယ်။ ”

ဝမ်ယန်၏ စကားများကို လျစ်လျူရှုပြီး၊ လင်းယွန်က ရှေးဟောင်း ခေါင်းလောင်း ကြီးကို ငေးကြည့် လိုက်၏။

အပြာရောင်ဝတ် သင်းထောက်က လင်းယွန်၏ ဂိုဏ်းသား တံဆိပ်ကို မည်သည့် အတွက်ကြောင့် တောင်းယူ ခဲ့သည်ကို သူ နားလည် သွားမိသည်။

“ ခေါင်းလောင်းသံက ဒီအချိန်ဆို မြည်သင့်တယ် မဟုတ်လား”

-ဟု သူ့ကိုယ်သူ မေးမြန်း ဟန်ဖြင့်၊ ရေရွတ် လိုက်လေသည်။

လူတိုင်းက သူ့စကားကို ကြားနိုင် ခဲ့ပြီးနောက်၊ အထင် အမြင် သေးဟန်များ၊ အထင်းသား ပြသ လာကြသည်။

လင်းယွန်ကို ထူးခြားသော လူငယ် တစ်ယောက် အဖြစ် ရှုမြင် ထားမိ ကြ သော်လည်း၊ ဤမျှ အရှက် ကင်းမဲ့သူ တစ်ယောက် ဖြစ်လိမ့် မည်ဟု၊ မထင်ထား ကြချေ။

“ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် အတွင်း၊ ပြင်ပတပည့် အနည်းငယ် ကသာ၊ ဒီခေါင်းလောင်းကို အသံ မြည်စေ နိုင်ခဲ့တယ်၊ ဂျူနီယာ ညီလေးချူ တောင်မှ၊ အဲဒါကို ပြီး မြောက်အောင် မဆောင်ရွက် နိုင်ခဲ့ဘူး၊ ဒါဆို မင်းလို အမှိုက် တစ်စက၊ ဒီလို စကား မျိုးတွေ ပြောဖို့ ယုံကြည်မှု ဘယ်က ရလာ တာလဲ။ "

ဝမ်ယန်က လှောင်ပြောင် လိုက်သည်။

'' ဒင် ....... ''

သို့သော် ရုတ်တရက် တိမ်တိုက်များ အတွင်းရှိ၊ ရှေးဟောင်း ခေါင်းလောင်း ကြီးထံမှ စူးရှသော မြည်သံ ထွက်ပေါ် လာလေသည်။

"ဘာ လဲ "

ဝမ်ယန်က အံ့သြ သွား၏။ သူ တင်မက၊ ချူဟောင်းဟူ၊ ဂျင်းဖိန်နှင့် အခြား သူများပင် အံသြသွား ကြကုန်သည်။

" ငါအိပ်မက် မက်နေ တာလား "

ဟန်ဇောင်ယန်းက တိမ်တိုက်များ ကြားရှိ ဝိုးတဝါး ခေါင်းလောင်း ကြီးထံသို့ ထိတ်လန့်စွာ မော့ကြည့် လိုက်၏။

'' ဒင် ......''

ထိုသို့ မှင်တက် တိတ်ဆိတ် နေကြ ဆဲ မှာပင်၊ နောက်ထပ် စူးရှသော မြည်သံ တစ်သံ ကောင်းကင်၌ ပဲ့တင်ထပ် သွားလေသည်။

" ဒါ ... ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ "

ဝမ်ယန်က မယုံ ကြည်နိုင် ဟန်ဖြင့်၊ တိုးတိတ်စွာ ရေရွတ် လိုက်၏။

'' ဒီ... ဒီ ခေါင်းလောင်း သံက ..... ''

ထို့နောက်တွင် ရင်ပြင် ပေါ်ရှိ လူအုပ်ကြီးမှာ၊ တည်ငြိမ်စွာ ရပ်နေသော လူငယ်အား၊ ထိတ်လန့် တကြား လှည့်ကြည့် လိုက်ကြ လေသည်။

***

All Chapters