သာယာတဲ့အနာဂတ်! ရုတ်တရက်နာမည်ပျက်စာရင်းသွင်းခံရခြင်း!
Vol. 7 Ch. 93
နောင်တစ်နေ့တွင်_
တန့်ကွမ်းလည်း မနက်စောစော စက်ရုံအတွက်အစီအစဉ်ဆွဲနေသည်။
မနေ့က ဥက္ကဌချင်စံအိမ်တွင် ဥက္ကဌချူနှင့်အသေးစိတ်ဆွေးနွေးထားပြီးဖြစ်သော်လည်း စာချုပ်လက်မှတ်မထိုးရသေး။
ရုံးခန်းထဲမှစာချုပ်နှင့်ထွက်လာခဲ့သည်တွင် တန့်ကွမ်းမှာ အားအင်ပြည့်ဝသလိုခံစားနေရသည်။
ချင်းလင်ဆော့အရည်အသွေးနှင့်ဆိုလျှင် RT စျေးမှဒီအသုတ်အော်ဒါမှာပြီး နောက်အော်ဒါသေချာပေါက်တက်လာမည်ဟု ယုံကြည်ထားသည်။ ထို့အပြင် ထုတ်ကုန်မှာ အွန်လိုင်းတွင်နာမည်ရပြီးဖြစ်၍ ဆက်ပြီးလူသိများလာမည်ဟု တွက်ဆနိုင်၏။
စက်ရုံဖွံ့ဖြိုးလာလျှင် လျင်လျင်မြန်မြန်ကျယ်ပြန့်လာမည်။ စက်ရုံညွှန်မှူးတစ်ယောက်အနေနှင့် သူလည်းတက်လမ်းတွေရှိလာမည်။
တန့်ကွမ်းက RT စျေးသို့မောင်းလာခဲ့ပြီး ကားထဲမှရုံးပတီသီးအိတ်ကိုယူလိုက်သည်။
ဤအိတ်မှာ ဥက္ကဌချင်က ဥက္ကဌချူအားပေးရန် မှာလိုက်သည့်အိတ်ပင်။
''မန်နေဂျာတန့်... ရောက်လာပြီလား... ထိုင်ပါဦး'' ဥက္ကဌချူက ရုံးခန်းထဲတန့်ကွမ်းရောက်လာသည်ကိုမြင်လျှင် လက်ဖက်ဝိုင်းခေါ်၍ လှိုက်လှိုက်လှဲလှဲကြိုဆိုလိုက်သည်။
''ဥက္ကဌချူ... ဥက္ကဌချင်က ဒါလေးပေးလိုက်ပါတယ်'' တန့်ကွမ်းက ဥက္ကဌချူလက်ထဲ ရုံးပတီသီးအိတ်ထည့်ပေးရင်း ထူးထူးခြားခြားခံစားလိုက်ရ၏။
အရင်က စက်ရုံမှာ ဝေဖာတစ်မျိုးတည်းထုတ်သည်။ ဧည့်ခန်းမထဲဝင်လာလျှင် မန်နေဂျာချန်ကိုပင် ကော်မရှင်ခပေးရသေး၏။ အခုသူဌေးပြောင်းသွားတော့ ဥက္ကဌချူကသူ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုနေလေသည်။
ဥက္ကဌချူမှာ ရုံးပတီသီးမြင်သည်နှင့် ပြုံးရွှင်သွား၏။ သူကတန့်ကွမ်းကို လက်ဖက်ရည်နှင့်ဧည့်ခံရင်း စာချုပ်လက်မှတ်ထိုးလိုက်သည်။
တန့်ကွမ်းကစာချုပ်လက်မှတ်ထိုးပြီးလျှင်ထွက်လာပြီး ချင်လင်ကိုဖုန်းခေါ်၍အစီရင်ခံလိုက်သည်။
တစ်ဖက်တွင်ချင်လင်မှာ ရုံချန်းစီရင်စုမူပိုင်ခွင့်ဌာနမှ ချန်လီနှင့်အတူလမ်းလျှောက်ထွက်လာစဉ် တန့်ကွမ်းဆီမှဖုန်းဝင်လာ၏။
သူကမူပိုင်ခွင့်လျှောက်ထားသည်။
ရုံချန်းစီရင်စုကဲ့သို့နေရာမျိုးတွင် မူပိုင်ခွင့်ဌာနမရှိသော်လည်း မူပိုင်ခွင့်မှတ်ပုံတင်နိုင်သောနေရာတော့ရှိသည်။ တရားဝင် e-key အကောင့်ကို အွန်လိုင်းမှတိုက်ရိုက်လျှောက်ထားနိုင်၏။
သူကိုယ်တိုင်လုပ်မည်ဆိုပါက ကရိကထလုပ်ငန်းစဉ်များစွာနှင့် အချိန်ကုန်မည်ဖြစ်သည်။ ချန်လီပါလာလျှင် မတူတော့။ အချိန်ကုန်လူပမ်းသက်သာလေသည်။
ချန်လီကလည်း ထိုအတွက်မငြင်းပယ်။ အခြေခံဥပဒေမဖောက်ဖျက်လျှင် အားလုံးကမ္ဘာ့အရေးဖြစ်သည်။
မူပိုင်ခွင့်လျှောက်ထားခြင်းမှာ ကုမ္ပဏီအတော်များများရှောင်ရှား၍မရသော ခေါင်းစဉ်တစ်ခုဖြစ်၏။ ကုမ္ပဏီများမှာ မဖြစ်မနေမူပိုင်ခွင့်လျှောက်ကြရသည်။
အထူးသဖြင့် အစားအသောက်လုပ်နည်းကဲ့သို့ နည်းပညာသိပ်မလိုအပ်သော ထုတ်ကုန်များ၊ ပစ္စည်းများမှာ မူပိုင်ခွင့်တင်ထားရန်လိုသည်။ အချိန်တစ်ခုရောက်လျှင် ခိုးယူခံရနိုင်ပေသည်။

မူပိုင်ခွင့်လျှောက်ထားပြီး ခိုးယူခံရလျှင် မူပိုင်ခွင့်ကို 'မူပိုင်ခွင့်ဥပဒေ'နှင့်ကာကွယ်ပေးထားသည်။
တချို့လူများမူပိုင်ခွင့်မလျှောက်ကြခြင်းမှာ လုပ်ပုံလုပ်နည်းဖော်ပြရန်လိုအပ်ခဲ့လျှင် ပေါက်ကြားမည်စိုးသောကြောင့်ဖြစ်၏။ အပြန်အလှန်အနေဖြင့် အရင်ဆုံးပေါက်ကြားပြီးမှမူပိုင်ခွင့်တင်လျှင် သူတို့ကိုတရားစွဲခွင့်တောင်မရှိဘဲ သူတို့ကတောင် တရားပြန်စွဲနိုင်လေသည်။
ချင်လင်က တန့်ကွမ်းဆီမှဖုန်းချပြီးနောက် ချန်လီအား_ ''စက်ရုံကပါ... အခုပဲ RT စျေးနဲ့ ဆော့အော်ဒါအတွက်လက်မှတ်ထိုးပြီးကြတာ''
''ဒါမင်္ဂလာကိစ္စပဲ... သူဌေးချင်ရဲ့ဘရန်းကို အောင်အောင်မြင်မြင်ဖန်တီးနိုင်ပြီဆိုရင် ဒါစီရင်စုအတွက်လည်း အကျိုးရှိတာပဲ'' ချန်လီကပြောရင်းဆိုရင်း ဖိတ်ခေါ်လိုက်သည်_ ''သူဌေးချင်... အချိန်ရှိသေးတယ်ဆိုတော့ အဖွဲ့အစည်းနဲ့ပေါင်းစည်းမယ့်ကိစ္စလုပ်လိုက်ရအောင်... အချိန်ကျလာရင် မင်းဒုဥက္ကဌဖြစ်လာနိုင်တယ်''
''အကြီးအကဲချန်ပြောသလိုလုပ်ပါ့မယ်'' ချင်လင်ကပြုံး၍ပြောလိုက်သည်။
ထိုအဖွဲ့အစည်းမှာ ရုံချန်းစီရင်စုခရီးသွားအဖွဲ့အစည်းပင်။ ၄င်းကို ရုံချန်းစီရင်စုတရားဝင်အဖွဲ့အစည်းမှ ဖွဲ့စည်းထားသောအဖွဲ့အစည်းဟုသတ်မှတ်နိုင်သည်။ အဓိကရှုမျှော်ခင်းနေရာအားလုံးမှာ ထိုအဖွဲ့အစည်းတွင်လာပေါင်းစည်းကြ၏။ မူပိုင်ခွင့်ဌာနကိုလာရင်း ချန်လီကပြောလာသောအခါ သူမငြင်းမိ။ တစ်ဖက်လူက သူ့အားဒုဥက္ကဌနေရာပေးမည်ဟု မျှော်လင့်၍လည်းမဟုတ်ပေ။
အဖွဲ့အစည်းထဲဝင်သည့်လုပ်ငန်းစဉ်မှာလည်း ရိုးရှင်းသည်။ အဖွဲ့အစည်းမှာ တရားဝင်ရုံးထိုင်မရှိသေး၍ ပုံစံဖြည့်ပြီးလျှောက်လိုက်ရုံပင်။
…
နောက်နှစ်ရက်အထိ ချင်းလင်ဆော့မှာ နာမည်ဆက်ရနေဆဲ။ ချင်းလင်စံအိမ်တွင်ဆော့ဝယ်ရန် ရထားစီးလာသူများတောင်ရှိသည်။
လူများမှာ ပျင်းရိဖွယ်ကိစ္စများကိုလုပ်လေ့မရှိကြ။ သို့သော် တစ်ခါတရံတွင်မူ နာမည်ကြီးသောအရာကို အလွန်အမင်းစိတ်ဝင်စားလာသောအခါ ပျင်းရိဖွယ်များကိုလုပ်ရန်ပင် ပြင်းပြင်းပြပြ
ဆန္ဒရှိလာကြ၏။
ထို့ကြောင့်ပင် လိုင်းပေါ်တွင်လုပ်ဆောင်ချက်မှတ်တမ်းတင်သူများ များလာခြင်းဖြစ်ပေမည်။
စက်ရုံထဲတွင်_
ချင်လင်နှင့်တန့်ကွမ်းမှာ ထုတ်လုပ်ရေးလမ်းကြောင်းဆီရောက်လာသည်။
ထိုထုတ်လုပ်ရေးလမ်းကြောင်းမှာ အသစ်ဖြစ်၏။ မှာထားသောထုတ်လုပ်ရေးလမ်းကြောင်းသုံးခုမနေ့ကရောက်လာပြီး စစ်ဆေးကြည့်ထားသည်။ ယခုစမ်းသပ်ထုတ်လုပ်နေခြင်းဖြစ်၏။
''ဥက္ကဌချင်... အရသာမှန်တယ်... မြည်းကြည့်'' တန့်ကွမ်းက အသစ်ထုတ်ထားသောဆော့ကိုကိုင်ထားသည်။ အရသာအတည်ပြုပြီးနောက် သူကချင်လင်လက်ထဲထည့်ပေးလိုက်၏။
ချင်လင်လည်း ဘီစကစ်တစ်ချပ်ယူတို့၍ အရသာခံကြည့်ပြီးနောက် ခေါင်းညိမ့်လိုက်သည်။
ထုတ်လုပ်ရေးလမ်းကြောင်းစက်ပစ္စည်းပြဿနာမရှိဘူးပဲ။
သည်လိုနှင့် ထုတ်လုပ်ရေးလမ်းကြောင်းအသစ်သုံးခုပေါင်းလိုက်လျှင် တစ်နေ့ ၁၀ နာရီနှုန်းနှင့် စက်ရုံမှထုတ်လုပ်နိုင်သည့်ဆော့ပုလင်းအရေအတွက်မှာ ၄၀၀၀၀ မှ ၄၈၀၀၀ အထိဖြစ်လာသည်။
ပုလင်း ၃၀၀၀၀၀ အော်ဒါကိုပြီးရန် တစ်ပတ်သာအချိန််ယူရမည်။
ပြဿနာတစ်စုံတရာမရှိလျှင် အရောင်းစဖွင့်သည်နှင့် ထိုထုတ်လုပ်ရေးလမ်းကြောင်းများမှာ လောက်မည်မဟုတ်ပေ။ ထပ်ပြီးချဲ့ထွင်ရဦးမည်။
သို့သော် တစ်ခါတရံတွင် မတော်တဆမဖြစ်ချင်လည်း ဖြစ်တတ်လေသည်။
ချင်လင်စံအိမ်ပြန်ရောက်ရောက်ချင်း ကျောက်မိုချင်းက အလောတကြီးသူ့ကိုလာရှာ၏_ ''ချင်လင်... ပြဿနာတော့တက်ပြီ... Tiktok မှာ ကျွန်မတို့ချင်းလင်စံအိမ်ကို နာမည်ဖျက်နေတယ်''
သူမကပြောပြောဆိုဆို ဗီဒီယိုတစ်ခုယူလာပြီး ချင်လင်လက်ထဲထည့်လိုက်သည်။ ခေါင်းစဉ်မှာ: ''ချင်းလင်စံအိမ်က ဘယ်လိုဂျင်းထည့်ရမယ်ဆိုတာ တကယ်သိတာပဲ... သူတို့ရဲ့ဆော့က အရသာရှိတာထက်ဆိုးတယ်''
ထိုဗီဒီယိုကို 'အင်တာနက်နာမည်ကျော်ထုတ်ကုန်အတုများ - ချွန်းချွန်း' ဟုခေါ်သော အင်တာနက်ဆယ်လီတစ်ယောက်က တင်ထားခြင်းဖြစ်သည်။

တစ်ဖက်လူမှာ အမည်မသိအလှမယ်ပုံနှင့် အင်တာနက်ဆယ်လီတစ်ဦးဖြစ်သည်။ သူမ၏ပေါ်ပင်စကားလုံးများကို နူးနူးညံ့ညံ့အသံနှင့်ပြောထား၏_ ''ဒီနေ့ ချွန်းချွန်းက ကျွန်မတို့မိသားစုတွေအတွက် အတုအယောင်တွေကို ထပ်ပြီးဖော်ထုတ်ပြမှာပဲဖြစ်ပါတယ်... ပြီးရင်ချွန်းချွန်းကိုယ်တိုင်စမ်းသပ်ထားတဲ့ ယုံကြည်စိတ်ချရတဲ့ထုတ်ကုန်တွေကိုထောက်ခံပေးပါမယ်''
ချင်လင်ကမျက်မှောင်ကြုတ်၍ ဗီဒီယိုဖွင့်လိုက်သည်။
''အခုတလော ချင်းလင်ဆော့က လိုင်းပေါ်မှာပေါက်နေပါတယ်... အားလုံးကအရသာရှိတယ်ပြောကြလို့ ကျွန်မအားလုံးကိုစမ်းပြဖို့အတွက် လိုင်းပေါ်ကနေ တစ်ပုလင်းမှာလိုက်ပါတယ်''
သည်လိုနှင့် သူမက အမှန်ပင် ချင်းလင်ဆော့ပုလင်းကိုထုတ်လိုက်လေသည်။
“???” ချင်လင်ကြောင်သွားသည်။
လိုင်းပေါ်ကမှာရအောင် လဲသေလိုက်ပါလား။
သူ့ခရမ်းချဉ်သီးဆော့က အခုထိအွန်လိုင်းကနေတောင်အရောင်းမဖွင့်ရသေးဘူး ဟုတ်ပြီလား?
ဗီဒီယိုထဲတွင် အင်တာနက်ဆယ်လီချွန်းချွန်းက နောက်ထပ်ရသာကောင်းဆော့တစ်ပုလင်းကိုပါထုတ်၍ ဆော့နှစ်မျိုးကို ပန်းကန်နှစ်ခုထဲထည့်လိုက်သည်။ သူမကနံပါတ်မှတ်ထားပြီး လမ်းသွားလမ်းလာတစ်ဦးရှာ၍ ဆော့နှစ်မျိုးကိုမြည်းကြည့်ခိုင်းလိုက်၏။
သို့သော် ဗီဒီယိုထဲမှအဖြေမှာ ထိုလမ်းသွားလမ်းလာက ရသာကောင်းဆော့ကိုအမှန်ပင်ရွေးလိုက်လေသည်။
''အားလုံးမြင်တဲ့အတိုင်းပါပဲ... ချင်းလင်ဆော့က အဲလောက်အရသာမရှိပါဘူး'' နောက်ဆုံး အင်တာနက်ဆယ်လီက ဆော့ပုလင်းကိုအမှိုက်ပုံးထဲတန်းပစ်လိုက်၏_ ''စမ်းသပ်ကြည့်ပြီးတော့ ဒါကလက်တွေ့အကျဆုံးပါပဲ... ချင်းလင်ဆော့က ထင်သလောက်အရသာမရှိပေမဲ့ သူ့ထက်အရသာကောင်းတာတွေထက်တောင် စျေးတင်ရောင်းထားပါသေးတယ်... ချင်းလင်စံအိမ်က ခရီးသည်တွေအပေါ် ကြက်သွန်မြိတ်လိုဖြတ်ရိတ်နေပါပြီ... ချင်းလင်ဆော့အကြောင်းဗီဒီယိုတင်ချီးကျူးကြတဲ့သူတွေကိုတောင် ကလီကမာတွေလားလို့ ကျွန်မသံသယဝင်မိပါတယ်''
ကျောက်မိုချင်းက ဗီဒီယိုကြည့်ရင်း အတော်ဒေါသထွက်နေပုံပေါက်သည်_ ''ဒီအမျိုးသမီးကအဓိပ္ပါယ်မရှိတာတွေလျှောက်ပြောနေတာ... ကျွန်မတို့အရင်က ခရီးသည်တွေနဲ့စမ်းကြည့်ပြီးပြီလေ... ဘယ်လိုလုပ်ကလီကမာဖြစ်မှာလဲ?''
အပင်မြင့်လျှင် လေတိုက်ခံရစမြဲ။ ခရီးသည်များစိတ်ဝင်စားပြီး ထုတ်ကုန်တစ်ခုနာမည်ရလာလျှင် နာမည်ဖျက်ခံရလေ့ရှိသည်။ မနာလိုသည်ဖြစ်စေ ပွဲရှာသည်ဖြစ်စေ နောက်ကျလျှင်တောင် ခရီးပေါက်နိုင်သေး၏။
သူ့ဆော့နာမည်ကျော်သည်မှာသေချာသည်။ ရုတ်တရက်ကြီးနာမည်ဖျက်ခံရတာက ချင်းလင်ဆော့မှာ တခြားဘရန်းဆော့တွေရဲ့လမ်းကြောင်းကိုရလာခြင်းကြောင့်ဖြစ်ရမည်။
ထိုဘရန်းကုမ္ပဏီများမှာ အခုသူ့ကိုနာမည်ဖျက်ဖို့ ဒီလောက်လုပ်မည်မဟုတ်သော်လည်း ဒေသတွင်းကိုယ်စားလှယ်များအတွက်မူ ပြဿနာဖြစ်နိုင်သည်။ ဥပမာ မင်မြို့တော်တဝိုက်ရှိကိုယ်စားလှယ်များဖြစ်၏။ သူ့ဆော့ပေါက်သွားပြီး လက်ရှိမင်မြို့တော်စျေးပေါ်တွင်အရိုက်ခတ်ဆုံးဖြစ်နေသည်။
ထိုဗီဒီယိုမှာ အလွန်နာမည်ကြီးနေပြီဖြစ်သည်။ ချင်းလင်စံအိမ်ကျော်ကြားမှုနှင့်ဆိုလျှင်တောင် ဒီလောက်အချိန်တိုအတွင်း ထိုနာမည်ကြီးပုံမှာ နည်းနည်းပိုရာကျသေး၏။ သူတို့က Dou+ တောင်ဝယ်ထားသည်မှာသိသာသည်။
အဓိကအချက်မှာ ထိုအင်တာနက်ဆယ်လီက အတုအယောင်ဖော်ထုတ်သည့်ဗီဒီယိုများစွာကို အရင်ကအမှန်ပင်တင်ခဲ့ဖူးလေသည်။ ထုတ်ကုန်များစွာကိုနှပ်ချပစ်ခဲ့ပြီး ပရိသတ်အခိုင်အမာရထား၏။ ယုံကြည်မှုအတိုင်းအတာတစ်ခုလည်းရထားသည်။
ထို့ကြောင့် သူ့ဗီဒီယိုပရိသတ်များက အမှန်တကယ်ယုံကြ၏။
''သဘောပေါက်ပြီ... ချင်းလင်ဆော့က အရသာရှိတယ်လို့ တကယ်ထင်ခဲ့တာ''
''တမျှော်မျှော်နဲ့စောင့်နေတာ... အချိန်ဖြုန်းမိတာပဲ''
''သေချာတာပေါ့... ဘယ်သူပဲဖြစ်ဖြစ် လမ်းမှာခေါင်းပုံဖြတ်တာရှိစမြဲပဲ... နောက်ကျမှလည်းပေါ်သေး အမြတ်လည်းထုတ်သေး''
“…”
မှတ်ချက်များမှာ ချင်းလင်ဆော့အတွက် အလွန်အကျိုးထိခိုက်စေသည်။ ထို့အပြင် လူသိများနှုန်းမှာ သိသိသာသာတက်လာ၏။ ထိုကျော်ကြားမှုမှာ Tiktok ကကြော်ငြာချင်သည့် ခြေထောက်ရှည်နှင့်မြူဆွယ်နေသော အင်တာနက်ဆယ်လီမိန်းကလေးများကိုပင် ကျော်တက်သွားသည်။
မင်မြို့တော် ဟိုတယ်တစ်ခုတွင်_
အမျိုးသမီးတစ်ဦးမှာ သူမဗီဒီယိုကျော်ကြားလာမှုကို ကျေကျေနပ်နပ်ထိုင်ကြည့်နေရင်း သူမလက်ထောက်အား_ ''ကျော်ကြားနှုန်းက မဆိုးဘူး''
သူမမှာ အင်တာနက်ဆယ်လီချွန်းချွန်းဖြစ်သည်။ သူမက ဗီဒီယိုထဲမှာထက်အရပ်ပုပြီး အသားလည်း သည်လောက်မဖြူ။ အသံကလည်း နူးညံ့မှုမရှိ။
သူမဘေးမှအကူက_ ''ဒီကျော်ကြားမှုက ဟိုလူပထမတောင်းဆိုတာကိုတောင် ရောက်နေပြီ''
ချွန်းချွန်းကပြုံးလိုက်ပြီး_ ''ဒါဆို ဟိုလူကျန်တဲ့ငွေလွှဲတာကိုယူကြတာပေါ့... တကယ်လို့ ကျော်ကြားတဲ့နှုန်းက နောက်တစ်ဆင့်တက်သွားရင် ဟိုလူက နောက်ထပ်ငွေပုံပေးရဦးမှာ''