ရှားပါးကုန်! ဝန်နှင့်အားမမျှခြင်း!
Vol. 7 Ch. 95
မင်မြို့တော်အင်တာနက်လူထုအလိမ်အညာဖော်ထုတ်ရေးဌာနဖြစ်စေ ချန်လီ၏ထုတ်ကုန်များပလက်ဖောင်းဖြစ်စေ ချင်းလင်ဆော့နာမည်ကျော်မှုအရှိန်ကြောင့် ချက်ချင်းပေါက်သွားလေသည်။
အရင်ကဦးနှောက်မရှိအမုန်းပွားသူများကိုစဉ်းစားမိပြီး အားလုံးကစိတ်အေးအေးထားလိုက်မှ ဘာဖြစ်နေသည်ကိုအကြမ်းဖျင်းသဘောပေါက်သွားကြ၏။
ဘာပဲဖြစ်ဖြစ် တရားဝင်စာရွက်စာတမ်းအင်အားက အင်တာနက်ဆယ်လီတွေယှဉ်လို့ရနိုင်တဲ့အရာမဟုတ်။ ''အင်တာနက်နာမည်ကျော်ထုတ်ကုန်အတုအယောင်များဖော်ထုတ်ရေး - ချွန်းချွန်း'၏မှတ်ချက်နေရာတွင် လူအတော်များများရောက်လာပြီး မေးခွန်းထုတ်ကြ၏။
အထူးသဖြင့် အပြောခံထားရသောခရီးသည်များအားလုံးက သူတို့ကိုသရော်သည့်မှတ်ချက်များရေးထားကြသည်။
''ဒီတော့ ဒါကအတုအယောင်ဖော်ထုတ်တာပေါ့လေ?''
''ဟဲ ဟဲ... လက်မဲကြီးပဲ... ဘယ်လောင်တောင်ယူထားတာလဲ?''
''ငွေမက်ပြီး စုံလုံးကန်းသွားပြီ''
“…”
''ဒါဘယ်လိုဖြစ်ရတာလဲ?'' ချွန်းချွန်းမှာ အခြေအနေတစ်ဆစ်ချိုးသွားခြင်းကြောင့် အံ့အားသင့်နေသည်။
''ချွန်းချွန်း... တို့ပရိသတ်တွေချက်ချင်းကျသွားပြီ... တို့တစ်ခုခုအမြန်လုပ်မှဖြစ်တော့မယ်'' နောက်အကူတစ်ယောက်က သူမကိုအလောတကြီးအသိပေးလိုက်သည်။
ချွန်းချွန်းက ချက်ချင်းဖုန်းယူကြည့်လိုက်ရာ သူမပုံစံမှာ ပိုရုပ်ပျက်ဆင်းပျက်ဖြစ်သွား၏။ အချိန်တိုလေးအတွင်း ပရိသတ်တစ်သောင်းကျော်ပြုတ်သွားလေပြီ။
…
ချင်းလင်စံအိမ်ထဲ၌_
......
ချင်လင်မှာ ရုံချန်းစီရင်စုခရီးသွားဌာနမှ ဖုန်းလက်ခံရလိုက်သည်။ ထုတ်ကုန်အကြောင်းပင်။ သူ့ထုတ်ကုန်တွေကိုယူချင်တယ်ဆိုရင် အရင်ဆုံးသူ့ကိုအသိပေးရမည်ဖြစ်သည်။ သူတို့က စာရွက်စာတမ်းလက်မှတ်ထိုးခြင်းမရှိဘဲ အရေးပေါ်လုပ်လိုက်ရခြင်းဖြစ်သည်တဲ့။ နှစ်ဦးနှစ်ဖက်အကြားယုံကြည်မှုရှိနေသေးသည်။
ဒီကိစ္စနှင့်ပတ်သက်ပြီး သူလည်းကန့်ကွက်စရာအကြောင်းမရှိပေ။
သို့သော် အွန်လိုင်းအခြေအနေတိုးတက်မှုက သူ့ကိုအံ့သြသွားစေသည်။
ဒီကိစ္စအတွက် အင်တာနက်နောက်ခံစာရေးသူများငှားရန် ချင်ရန်ကိုခိုင်းထားသည့်ကိစ္စမှာ နည်းနည်းလျှံထွက်သွားပုံရသည်ဟု ရုတ်တရက်စဉ်းစားမိလိုက်၏။
ချန်လီက တောင်သူများအထောက်အပံ့ပေးရေးပလက်ဖောင်းမှ live လွှင့်ပြီး သူ့အတွက်ရပ်တည်ပေးသည်မှာ လက်ခံ၍ရသည်။ ပထမအချက် စီရင်စုက သူ့ဆော့ကိုအတည်ပြုပြီး၍ဖြစ်ရမည်။ ဒုတိယအချက် ဤကျော်ကြားမှုမှာ လူများကိုတန်းဆွဲဆောင်နိုင်၏။ ယခု စီရင်စုတောင်သူအထောက်အပံ့ပေးရေး live ထဲတွင် လူတော်တော်လျှံနေလောက်ပြီ မဟုတ်ပါလား?
ဤသည်က နှစ်ဦးနှစ်ဖက်အကျိုးရှိသောကိစ္စပင်။
သို့သော် မြို့ထဲမှအွန်လိုင်းလူထုအလိမ်အညာဖော်ထုတ်ရေးဌာနကိုမူ နည်းနည်းအံ့သြမိသည်။ မျက်စိပါသူတိုင်း ဒါဘယ်ဘက်ကရပ်တည်ပေးတယ်ဆိုတာ ကြည့်လျှင်သိနိုင်၏။

အချိန်ကလည်း ကွက်တိဖြစ်နေသည်။
ထိုလူထုအလိမ်အညာဖော်ထုတ်ရေးဌာနက ဒီကိစ္စကိုအာရုံစိုက်မည်ဟု ထည့်မတွက်ထားသော်လည်း တိုက်ဆိုင်ခြင်းတော့ဟုတ်မည်မထင်။
ချင်လင်ကထိုသို့တွေးမိပြီး ချင်ရန်ထံငွေအရင်လွှဲလိုက်သည်။ ထို့နောက်ဖုန်းထုတ်ကာ အခြေအနေစုံစမ်းကြည့်ရန် မာလဲ့ဝမ်ဆီဆက်လိုက်၏။
''သူဌေးချင်... အဲဒါငါလုပ်တာမဟုတ်ဘူး'' မာလဲ့ဝမ်အသံကိုဖုန်းထဲမှကြားနေရသည်_ ''အရင်က လီရှင်းလည်း ငါ့ဆေးဖက်ဝင်ဝိုင်တောင်းနေသေးတယ်... သူဌေးချင်ရဲ့ဝိုင်က ခဏခဏဆီးသွားတာကိုထိရောက်တယ်တဲ့... သွေးအားဖြည့်ပေးပြီး ချီဓာတ်လည်းပြည့်ဝစေတယ်တဲ့... လီရှင်းမိသားစုထဲကလူကြီးတွေက အလုပ်ပင်ပန်းလို့ ကျန်းမာရေးပြဿနာတွေရှိကြတယ်... နောက်ပြီး လူကြီးတွေမှာ ရဲဘော်ရဲဘက်တချို့ရှိတယ်''
မာလဲ့ဝမ်က ပြည့်ပြည့်စုံစုံမပြောသော်လည်း ချင်လင်သဘောပေါက်သည်။
ဖုန်းချပြီးနောက် သူကတွေးကြည့်ပြီး လီရှင်းကိုလည်းဖုန်းခေါ်လိုက်၏။
''သူဌေးချင်... ဘာလို့ငါ့ဆီဖုန်းဆက်တာလဲ?'' ဖုန်းထဲမှလီရှင်း၏ရယ်သံမှာ အွန်လိုင်းလူထုအလိမ်အညာဖော်ထုတ်ရေးဌာနက သူနှင့်ဘာမှမဆိုင်ကြောင်းပြောနေသကဲ့သို့ပင်။
ချင်လင်ကလည်း ငပိန်းမဟုတ်။ သူကပြောသင့် မပြောသင့်ချိန်ဆပြီးမှ ပြုံးလိုက်ကာ_ ''လူကြီးမင်းလီ... အရင်တစ်ခါဝိုင်ကိုအသာလေးမြည်းလိုက်တုန်းက ကျွန်တော်သိပ်ပြီးဘဝင်မကျလို့... ဒီတစ်ခါနှစ်ချို့ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းရထားတာနဲ့ ထပ်ပြီးစမ်းသပ်ကြည့်ချင်လို့ပါ''
''သူဌေးချင်ကစမ်းချင်တယ်ဆိုမှတော့ ကျုပ်ကလက်ခံရမှာပေါ့'' လီရှင်း၏အသံမှာ သိသိသာသာရွှင်ပျနေသည်။
ဒီဝိုင်က သူ့အတွက် ဒါမှမဟုတ် သူ့မိသားစုအတွက် အမှန်တကယ်အသုံးတည့်၏။ လူကြီးမှာ အရင်ကအလုပ်ပင်ပင်ပန်းပန်းလုပ်ခဲ့ရသည်။ မကြာခဏဆီးသွားရပြီး သွေးအားနှင့်သက်လုံစွမ်းအင်လည်းမလုံလောက်ပေ။
သူဌေးချင်၏ဆေးဖက်ဝင်ဝိုင်မှာ တရုတ်တိုင်းရင်းဆေးမိသားစုနှစ်ခုမှဆင်းသက်လာသော လျှို့ဝှက်နည်းကဲ့သို့ အာနိသင်ထိရောက်၏။ သို့သော် ပိုထိရောက်သည်နှင့်အမျှ အလုပ်လည်းပိုရှုပ်၊ ထိန်းသိမ်းရလည်းခက်၊ ပစ္စည်းလည်းရှားပြီး ထုတ်လုပ်မှုလည်း ပိုရှား၏။
ဘာပဲဖြစ်ဖြစ် အလွန်ရှားသည်။ ထိုမိသားစုနှစ်ခုမှ သူတို့မိသားစုအတွက်တောင် ဝိုင်သိပ်မရလျှင် သူတို့လိုချင်သည့်နည်းတူ တခြားသူများလည်းလိုချင်ကြပေမည်။
ထို့ကြောင့် သူဌေးချင်၏ဝိုင်မှာ ရှားပါးလူသုံးကုန်တစ်မျိုးဖြစ်လေသည်။
ချင်လင်ကဖုန်းချ၍ သက်ပြင်းအရှည်ကြီးချလိုက်၏။
ထိုအချိန်တွင် အင်တာနက်ပေါ်၌မုန်တိုင်းပြီးသွားပြီဖြစ်သည်။ ချင်းလင်ဆော့မှာ အရင်ထက်ပိုနာမည်ရသွား၏။
သိပ်မကြာခင် ကျောက်မိုချင်းက ချင်လင်ဆီဖုန်းယူလာပြီး live လွှင့်ထားသောဗီဒီယိုကိုပြသည်_ ''ချင်လင်... အကြီးအကဲချန်က live ထပ်လွှင့်ပြန်ပြီ... လူတွေအများကြီးကြည့်နေကြတယ်''
ချင်လင်က live ကိုကြည့်ပြီး အံ့သြစွာပြောလိုက်၏_ ''လူတွေအတော်များတာပဲ''
အမှန်ပင် တောင်သူထောက်ပံ့ရေး live ထဲတွင် လူတစ်သိန်းကျော်ရှိနေသည်။
ချွန်းချွန်း၊ အချောင်နာမည်ရချင်သောအတွေ့အကြုံတင်သူများ၊ သက်သေပြချင်သောအကောင့်များအားလုံးကို ရုံချန်းစီရင်စုတောင်သူထောက်ပံ့ရေး live မှအမြတ်ရသွား၏။
ချန်လီက live ထဲကလူဦးရေကို ပြုံးရင်းကြည့်နေသည်။ ဒါစီရင်စုထဲမှာ အကျော်ကြားဆုံးတောင်သူ live ပဲ ဟုတ်တယ်မလား?
ဒီလောက်လူအများကြီးကို ထုတ်ကုန်ဘယ်လောက်များရောင်းလိုက်ရမလဲ?
ပထမဆုံးအကြိမ် ချင်းလင်စံအိမ်၏အရှိန်နှင့် စက္ကန့်ပိုင်းအတွင်း ပျားရည်ကတ်တီ ၄၀၀၀ ရောင်းပြီးနောက် စီရင်စုတောင်သူထောက်ပံ့ရေး live မှာ နည်းနည်းတိုးတက်ခဲ့သည်။ အစပိုင်းလူဆယ်ဂဏန်းဝန်းကျင်နှင့်ယှဉ်လျှင် ဆက်တိုက်ပြကွက်သုံးကွက်အတွင်း အနည်းဆုံးလူ ၃၄၀၀ ခန့်ရှိခဲ့၏။ သူတို့မှာ စီရင်စုရုပ်မြင်သံကြားဌာနမှ အမျိုးသမီးသတင်းထောက်ကိုပင် အခမ်းအနားမှူးအဖြစ်အထူးဖိတ်ကြားခဲ့သေးသည်။
ယနေ့မူ သူကိုယ်တိုင်ချင်းလင်စံအိမ်ဖော်ပြပြီးဖြစ်၍ သက်ရောက်မှုမရှိတော့ချေ။ သူကချင်းလင်ဆော့အတွက်ရပ်တည်ပေးချင်သည်။ တချိန်တည်းမှာပင် ထိုနာမည်ကြီးမှုကိုအသုံးချ၍ လှိုင်းကြီးကြီးဖန်တီးချင်၏။ ယနေ့စီရင်စုမှာ ရုံချန်းစီရင်စုအတွင်းသစ်သီးစိုက်တောင်သူများနှင့်ချိတ်ဆက်၍ ရွှေကျောက်ခက်၊ ဆောင်းဝါးညွန့်ကဲ့သို့သောအထူးထုတ်ကုန်များလုပ်ရန်ပြင်ဆင်နေသည်။
live ထဲမှကြည့်ရှုသူအရေအတွက်မှာ သူ့ကိုစိတ်အားတက်စေသည်။ ဤသည်မှာ စီရင်စုနှင့်ချင်းလင်စံအိမ်အကြား ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာသည့်အခြေအနေနောက်တစ်ခုပင်။
ချန်လီက live ထဲမှလူများကိုပြုံး၍_ ''ဒီတောင်သူထောက်ပံ့ရေး live အတွက် ရုံချန်းစီရင်စုထဲက လတ်လတ်ဆတ်ဆတ်ကျောက်ခက်တွေနဲ့ အားလုံးဆီက ဆောင်းဝါးညွန့်တွေပြင်ဆင်ထားပါတယ်... ဒါပေမဲ့ အဲဒါမတိုင်ခင် အရင်ဆုံးပြချင်တဲ့အထူးထုတ်ကုန်ကတော့ ချင်းလင်ဆော့ပါ''

''ချင်းလင်ဆော့က မကောင်းတဲ့အကြောင်း အွန်လိုင်းမှာမှတ်ချက်ရေးကြတာ ကျွန်တော်သိပါတယ်... ဒါပေမဲ့ ကျွန်တော်အလွယ်တကူမှတ်ချက်မပေးရတဲ့အကြောင်းတွေရှိနေပါတယ်... ကျွန်တော်ဒီဆော့ကိုမြည်းကြည့်ပြီးပါပြီ... တကယ်ကောင်းပါတယ်''
''အကြိုက်ချင်းမတူတာဖြစ်နိုင်ပါတယ်... ဒီဟာက အင်တာနက်ပေါ်မှာ ချွန်းချွန်းစမ်းသပ်ပြထားတဲ့ဗီဒီယိုနဲ့ ကွဲလွဲချက်တွေရှိနေပါတယ်... ဒီတော့ လူထုရှေ့မှာလည်း စမ်းသပ်ပြပေးဖို့ သူ့ကိုဖိတ်ခေါ်ချင်ပါတယ်''
ချန်လီစကားစပြောပြောချင်း live က လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ မှတ်ချက်များလည်း ပလူပျံသွားသည်။
''ဒီ live လွှင့်တဲ့သူ စိတ်မလှုပ်ရှားတော့ဘူးလား''
''ညွှန်မှူး live ထပ်လွှင့်တာကို ကြည့်နေပါတယ်... ညွှန်မှူးက ချွန်းချွန်းကိုစိန်ခေါ်လိုက်ပြီ''
''ညွှန်မှူးကိုယုံတယ်... အတုအယောင်ဖော်တဲ့သူကိုယ်တိုင်က အတုအယောင်ဖြစ်နေတာ''
''ဟား ဟား... ချွန်းချွန်းဘယ်လိုလုပ်လာရဲမှာလဲ? သူ့ကို မင်မြို့တော်အင်တာနက်လူထုအလိမ်အညာဖော်ထုတ်ရေးဌာနက အခုပဲတွဲတင်ထားတာ... အခုလောက်ဆို အရမ်းရှက်နေလောက်ပြီ... ဘာလုပ်ရမှန်းတောင်သိမှာမဟုတ်ဘူး''
“…”
ချန်လီကထပ်ပြောလိုက်သည်_ ''ကျွန်တော်ကိုယ်တိုင် ချင်းလင်ဆော့ကိုမြည်းကြည့်ပြီးပါပြီ... အားလုံးပဲ ကျွန်တော့်ကိုယုံတယ်ဆိုရင် တစ်ပုလင်းလောက်စမ်းမှာကြည့်နိုင်ပါတယ်... သုံးရက်ကနေ တစ်ပတ်အတွင်းပို့ပေးမယ်လို့ အာမခံပါတယ်... ကိုယ့်အကြိုက်မဟုတ်ဘူးဆိုရင် အချိန်တန်ရင်ပြန်ပို့လိုက်ပါ... အခုအရင်ဆုံး link ထဲဝင်လိုက်ရအောင်...''
အမှန်တော့ ထိုအချိန်တွင် နလပိန်းတုံးတောင် ချင်းလင်ဆော့မှာ တခြားဆော့များနှောင့်ယှက်ခံနေရပြီမှန်းသိပေလိမ့်မည်။ ထို့ကြောင့် တစ်ယောက်ယောက်က ချွန်းချွန်းကိုပိုက်ဆံပေး၍ ချင်းလင်ဆော့အကြောင်း မကောင်းသည့်မှတ်ချက်များရေးခိုင်းခြင်းပင်။
ဒီတော့ ချင်းလင်ဆော့က တကယ်အရသာရှိတယ်ဆိုတဲ့သဘောပဲ မဟုတ်လား?
ထို့ကြောင့်ပင် အရင်ကနာမည်ဖျက်ခံရသမျှ အခုနာမည်ပိုရလာလေသည်။ ချင်းလင်ဆော့ link တင်လိုက်သည်နှင့် ထိုတန်ပြန်စိတ်ပညာအရ လူများက စမှာတော့၏။ လူတိုင်းက ပုလင်းများများမှာကြပြီး မကျေပွဲနွှဲသည်ဟုဆိုရမတတ်။
အရူးလုပ်ခံရသည့်အတွက် ခံပြင်းကြခြင်းပင်။
ချင်းလင်စံအိမ်ထဲတွင်_
ချင်လင်နှင့်ကျောက်မိုချင်းလည်း ချန်လီ၏ live ကြည့်ရင်း link နှိပ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့ကိုယ်ပိုင်ထုတ်ကုန်ကို ရောင်းရမည်လေ။
သို့သော် link နှိပ်နှိပ်ချင်း တခဏအတွင်း ၅၀၀၀၀ ကျော်ရောင်းထားပြီဖြစ်ကြောင်းတွေ့လိုက်ရ၏။
“???” ချင်လင်အမူအရာပြောင်းသွားသည်။
အခုမှအစပဲရှိသေးတာမလား?
နောက်ထပ်တက်: ၁၀၀၀၀၀ ကျော်
နောက်ထပ်တက်: ၁၅၀၀၀၀ ကျော်
နောက်တော့ ၂၀၀၀၀၀ ကျော်။
live ထဲမှာလူက တစ်သိန်းကျော်ပဲရှိတာ။ မှာတဲ့လူတွေက ဘယ်လောက်တောင်ဝယ်ကြတာလဲ?
ချင်လင်က ညွှန်မှူး၏အတွင်းရေးမှူးကျုံးလဲ့ကို ချက်ချင်းဖုန်းခေါ်လိုက်သည်။
အကြီးအကဲချန်ဒီလောက်ကြမ်းနေတာ သူ့စက်ရုံငယ်လေးက ဖြည့်ဆည်းနိုင်မယ်ထင်လို့လား?
သူက RT စျေးနဲ့ ပုလင်း ၃၀၀၀၀၀ အော်ဒါစာချုပ်ချုပ်ထားပြီး စံအိမ်ကိုလည်း နေ့တိုင်းပို့ပေးရဦးမှာလေ။ သုံးရက်ကနေ တစ်ပတ်အတွင်းပို့ပေးမယ်ဆိုတဲ့ကတိက အချိန်မှမလောက်ဘဲ။
အော်ဒါတွေများလွန်းလို့ ကြောက်နေရတဲ့သူဌေးက သူတစ်ယောက်သာရှိမည်ထင်?
သူကခြေလှမ်းကျယ်ကျယ်လှမ်းချင်ရင်တောင် စက်ရုံငယ်လေးက လှမ်းခွင့်မပေးချေ။
အဓိကက သူ့ဂုဏ်သတင်းကိုအပျက်မခံနိုင်။ အကယ်၍ စီရင်စုက လဝက်အတွင်းပစ္စည်းပို့ပေးမည်ဆိုလျှင်တော့ သူတို့ဆန္ဒရှိသလောက်လုပ်ပေးနိုင်ပေမည်။