စာဖိုမှူးဖြစ်သွားပြီလား? ဒီဝိုင်မျိုးကို ၅ နှစ်တည်းနဲ့ဖွင့်လိုက်ရတာ နှမြောစရာ!
Vol. 7 Ch. 98
ဘာလို့ တချို့စားဖိုမှူးတွေကိုအဆင့်သတ်မှတ်ထားပြီး လုပ်အားခမတူရတာလဲ?
ရှင်းပါတယ်။ အချက်အပြုတ်တော်ကြလို့ပါ။
ဥပမာဆိုရလျှင် အနံ့အရသာ +၂ နှင့် အရသာ +၂ ရှိသော သဘာဝဆာမွန်ငါးမှာ လုံးဝထိပ်တန်းအမျိုးအစားဖြစ်သည်။ ဘယ်လိုချက်ရမလဲမသိတဲ့သူတွေတောင် အရသာ +၁၊ အနံ့အရသာ +၁ ဒါမှမဟုတ် အရသာ -၂၊ အနံ့အရသာ -၂ ဖြစ်အောင်လုပ်နိုင်ကြသည်။
ချက်ပြုတ်တတ်သလို ငါးကသူ့အသားနှင့်အရသာကို ထိန်းထားမည်ဖြစ်သည်။ အတွေ့အကြုံရှိသောစားဖိုမှူးမှာ အရသာပိုရှိအောင်လုပ်နိုင်၏။
ထိပ်တန်းစားဖိုမှူးတွေဆိုလျှင် ထိုအနံ့အရသာအရည်အသွေးရှိပြီးသားကို ပိုကောင်းလာအောင်လုပ်နိုင်စွမ်းရှိကြသည်။
ချင်လင်မှာ ငါးချက်ပြုတ်နည်းနှင့်ပတ်သက်လျှင် ထိုအဆင့်လောက်ရှိသွားမည်။
ဆရာလင်းက ချင်လင်၏ငါးနှပ်ကိုမြည်းကြည့်ပြီးနောက် ချင်လင်အား ထူးဆန်းသောအကြည့်နှင့်ကြည့်လိုက်သည်။
ဒီသူဌေးက တကယ်ပဲသူ့နေရာလာလုတာလား?
ဘာလို့ သူဌေးလုပ်တဲ့ငါးက ဒီလောက်အရသာရှိတာလဲ? စားဖိုမှူးတစ်ယောက်အနေနှင့် သူစိတ်ထွေသွားသည်။
''ဆရာလင်း... ဘယ်လိုလဲ?'' ချင်လင်က ပြုံးစိစိနှင့်မေးလိုက်၏။
''သူဌေး... ခင်ဗျားက ကျုပ်တို့အလုပ်ပြုတ်အောင်လာလုပ်တာပဲ!'' ဆရာလင်းက ရေရွတ်ရင်း ဟင်းပွဲတည်ခင်းရန် ဘဲလ်နှိပ်လိုက်သည်။
ဆိုရိုးစကားရှိသလိုပဲ_ ''သူများရဲ့အသက်မွေးဝမ်းကျောင်းကို အပျော်တမ်းလုပ်ပြီး စိန်မခေါ်ပါနဲ့'' တဲ့။
သို့သော်လည်း ဝါသနာကိုအရင်းတည်လုပ်သည်ဆိုရင်တောင် အကျွမ်းကျင်ဆုံးပညာရှင်ကို အလုပ်ပြုတ်စေနိုင်သော ရှားရှားပါးပါးလူတချို့ရှိကြောင်း ဝန်ခံရပေမည်။ ထိုနေရာလုခံရသူများမှာ တစ်ဖက်လူက သူတို့နယ်ပယ်ထဲတွင် အံ့သြစရာကောင်းသည်ဟု ဟန်ဆောင်ကြည့်နေရုံမှလွဲ၍ သူတို့တတ်နိုင်သည်လည်း ဘာမှမရှိပေ။
......
စားပွဲထိုးကချက်ချင်း ဆရာလင်း၏ဟင်းပွဲနှင့် ချင်လင်၏ငါးကိုလာယူသွားသည်။
ငါးနှပ်ကို လူငါးယောက်ရှိသောစားပွဲဝိုင်းတွင် ချလိုက်၏။ ထိုဝိုင်းတွင် လူကြီးများ ကလေးများနှင့် မိသားစုလိုက်ထွက်လာမှန်းသိသာသည်။
သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ငါးရောက်လာသည်ကိုမြင်လျှင်_ ''အင်တာနက်ပေါ်မှာတွေ့ဖူးတာတော့ ချင်းလင်စံအိမ်ရဲ့သဘာဝငါးက အရသာတကယ်ကောင်းတယ်တဲ့... ငါးကန်ထဲကတစ်ကောင်မိတာ တို့ကံကောင်းတာပဲ... အားလုံးပဲ စားကြည့်ကြ''
ထိုစကားကြားလျှင် တခြားသူများကလည်း တူကောက်ကိုင်လိုက်ကြ၏။

ထိုလူကပြောပြောဆိုဆို ငါးအသားဖဲ့၍စားလိုက်သည်။ တစ်လုတ်စားပြီးလျှင် မနေနိုင်ဘဲချီးကျူးလိုက်၏_ ''ဒီငါးက အင်တာနက်ပေါ်မှာပြောသလို တကယ်အရသာရှိတာပဲ''
တခြားသူများကလည်း အံ့သြသွားပုံနှင့်ကြည့်လိုက်ကြသည်။
ကလေးများက ချက်ချင်းပင်_ ''ဘိုးဘိုး... ဒီငါးအရသာရှိတယ်... ထပ်လိုချင်တယ်''
ချင်လင်က ငါးကို အရသာ +၂၊ အနံ့အရသာ +၂ နှင့် နှုတ်မြိန်စေခြင်း +၁ တိုးစေသည်။ အရသာမှာ သူတို့ထင်ထားသည်ထက်လုံးဝကျော်လွန်သွား၏။
ထိုမိသားစုမှမဟုတ်။ မကြာမီ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးထိုင်နေသောစားပွဲသို့ ငါးစွပ်ပြုတ်တစ်ပွဲလာချသည်။ အမျိုးသားက အံ့သြစွာနှင့်_ ''ထူးဆန်းတယ်... ဒီနေ့တို့ဖမ်းမိတာ သဘာဝငါးမဟုတ်ဘူး... ဘာလို့ အရင်နှစ်ခေါက်ကသဘာဝငါးလိုမျိုး အရသာရှိနေတာလဲ?''
ဤသည်မှာ ထိုဧည့်သည် ပထမဆုံးအကြိမ်လာခြင်းလုံးဝမဟုတ်။ သည်တစ်ကြိမ်တွင် သူငယ်ချင်းများခေါ်လာခဲ့သည်။
ထိုလူများ ရှုမျှော်ခင်းနေရာသို့ တစ်လလေးငါးကြိမ်လာခြင်းမှာ ပုံမှန်မဟုတ်။ အထူးသဖြင့် တစ်ကိုယ်တည်းသမား မကြာခဏဘလိုင်းဒိတ်သွားကြသူများဖြစ်သည်။ သူတို့က မိန်းကလေးနှင့်ချိန်းရန် ဘယ်နေရာသွားရမှန်းမသိသဖြင့် အနီးအနားရှုခင်းသာနေရာကိုအရင်ရွေးကြ၏။ သည်တစ်ကြိမ်မအောင်မြင်ခဲ့လျှင် နောက်ထပ်မိန်းကလေးခေါ်၊ နောက်တစ်ကြိမ်မအောင်မြင်ခဲ့လျှင်...
အရင်က သတင်းကြားဖူးသည်မှာ အမျိုးသားတစ်ဦးက တစ်လအတွင်း ရှုခင်းသာနေရာကို မိန်းကလေး ၉ ဦးခေါ်သွားဖူးပြီး နောက်ဆုံးလက်မှတ်ရောင်းသူနှင့်ညားသွားသတဲ့။
ကျောက်မိုချင်းနှင့်ကောင်းယောင်ယောင်က တဖြည်းဖြည်းထူးဆန်းသည်ဟု ခံစားလာရသည်။ ဒီနေ့ခရီးသည်တွေက ငါးကိုအတော်နှစ်ခြိုက်ကြပုံပေါက်နေ၏။ အားလုံးက ငါးအရသာရှိကြောင်း ချီးကျူးနေကြသည်။
''ဒီနေ့ငါးထဲမှာ ဘာများထည့်ထားလဲ?'' ကောင်းယောင်ယောင်က ဇဝေဇဝါဖြစ်နေ၏။
ကျောက်မိုချင်းက စားဖိုဆောင်ကိုမေးကြည့်ရန်တန်းသွားလိုက်သော်လည်း အထဲဝင်ဝင်ချင်း ရှေ့ဖုံးခါးစည်းဝတ်၍ ငါးခေါင်းစွပ်ပြုတ်ချက်နေသောချင်လင်ကို တွေ့လိုက်ရလေသည်။
''ဘာလို့ဝင်လာတာလဲ?'' ချင်လင်က ငါးခေါင်းစွပ်ပြုတ်ချက်ပြီးနောက် ကျောက်မိုချင်းကိုမြင်သွား၏။
''ဒီငါးခေါင်းစွပ်ပြုတ်ကို ရှင်လုပ်တာလား?'' ကျောက်မိုချင်းက ငါးခေါင်းစွပ်ပြုတ်ကို အံ့သြစွာကြည့်လိုက်မိသည်။ နို့နှစ်ရောင်ငါးစွပ်ပြုတ်မှာ ဆရာလင်းချက်သည်ထက်တောင် အရောင်ပိုလှနေ၏။
ချင်လင်က ဂုဏ်ယူစွာနှင့်_ ''မဟုတ်ရင်ရော? ဒါနဲ့ ကိုယ်အခုငါးတွေအများကြီးချက်လိုက်တာ... ခရီးသည်တွေကြိုက်ရဲ့လား?''
''အဲဒီငါးတွေအကုန် ရှင်ချက်တာလား?'' ကျောက်မိုချင်းက ချင်လင်ကို 'သူမသိထားသောချင်လင်မှဟုတ်ပါလေစ'ဟူသောအကြည့်နှင့်ကြည့်လိုက်သည်။ ချင်လင်ရဲ့ဟင်းချက်လက်ရာကို သူမအသိပဲမဟုတ်လား? အားလုံးခြုံကြည့်ရင် သာတူညီမျှအဆင့်ပဲလေ။
“အင်း'' ချင်လင်ကခေါင်းညိမ့်လိုက်သည်။
''ဟုတ်ပါပြီ ချင်လင်... ရှင်အတည်ပေါက်ကြီးပြောနေတယ်ပေါ့'' ကျောက်မိုချင်းကချက်ချင်း ချင်လင်ကိုစိုက်ကြည့်လိုက်၏_ ''Tiktok ပေါ်ကအိမ်ရှင်မတွေက သူတို့ယောက်ျားစားဖိုမှူးတွေဟင်းချက်တာကိုမမြင်ဖူးတာ ၁၀ နှစ်ကျော်ပြီလို့ပြောကြတယ်... အဲဒါဟာသတွေလို့ ကျွန်မထင်နေတာ''
ဒီလိုဟာသမျိုးမှာ သူမက အမျိုးသမီးဇာတ်ဆောင်ဖြစ်လာမယ်လို့ ဘယ်ထင်မိမှာလဲ?
ဆရာလင်းက ထိုစကားကြားလျှင် သူ့နံဘေးရှိစားဖိုမှူးသုံးဦးအား အလျင်စလိုပြောလိုက်သည်_ ''စားဖိုဆောင်ထဲမှာ ငါဒူးထောက်လို့ရမယ့်ပစ္စည်းရှိမရှိ မြန်မြန်ရှာကြည့်စမ်းပါ... အဝတ်လျှော်ပြားတွေဘာတွေရှိရင် ဝေးဝေးပစ်လိုက်''
စားဖိုမှူးသုံးဦးက ရယ်မိကြသည်။
''ဆရာလင်း... ခင်ဗျားဘာလို့ အဝတ်လျှော်ပြားယူလာတာလဲ?'' ချင်လင်က ဒေါသတကြီးပြောလိုက်၏။
သို့သော် ဆရာလင်းကပြုံးကာ_ ''သူဌေးကတော်... သူဌေးကို ဒီနေ့လယ်ကောင်းကောင်းချက်ခွင့်ပေးလိုက်ပါ... သူ့ဟင်းချက်လက်ရာက ကျုပ်ထက်တောင်ကောင်းတဲ့ပုံပဲ''
ထိုစကားကြောင့် ကျောက်မိုချင်းက ချင်လင်အား_ 'ဆရာလင်းပြောတာ အမှန်ပဲလား?''
''ကိုယ်က ငါးဘယ်လိုချက်ရမလဲပဲသိတာ... လေ့လာထားလို့'' ချင်လင်က ကျောက်မိုချင်းကို ချက်ချင်းရှင်းပြလိုက်သည်_ ''မင်းနဲ့လက်ထပ်ပြီးနောက်ပိုင်း လုံးဝမင်းကိုဒုက္ခမများစေချင်ဘူး... အဲဒါကြောင့် ဟင်းချက်နည်းလေ့လာချင်နေတာ... နောက်ကျရင် အိမ်မှာကိုယ်ပဲချက်မယ်... ကိုယ်ကဟင်းချက်ပါရမီပါတာလည်း ဖြစ်နိုင်တယ်မလား?''

“…” ဆရာလင်း။
“…” စားဖိုမှူးများ။
ကြည့်ရတာ တစ်ခုခုသိလိုက်ရသလိုပင်။
အချက်ပြမီးများလည်း လင်းသွားပုံရ၏။
''ရှင်...'' ကျောက်မိုချင်းက သူ့စကားကြောင့်မျက်နှာပူသွားပြီး စားဖိုဆောင်မှထွက်သွားတော့သည်။
သိပ်မကြာခင်_
ကောင်းယောင်ယောင်ရောက်လာကာ အစီရင်ခံပြန်သည်_ ''အရင်က လူကြီးမင်းမာနဲ့အတူလာဖူးတဲ့ လူကြီးမင်းလီရောက်နေပါတယ်''
ထိုစကားကြားလျှင် ချင်လင်ကစားဖိုဆောင်မှထွက်လာ၏။ လီရှင်းကိုတွေ့သောအခါ သူကချက်ချင်းလှိုက်လှိုက်လှဲလှဲကြိုဆိုလိုက်သည်_ ''လူကြီးမင်းလီ... ကြိုဆိုပါတယ်ဗျာ''
အခုပဲသူ့ကိုဖုန်းဆက်ပြီး ချက်ချင်းရောက်ချလာသည်။ ကြည့်ရတာ သူ့ဆေးဖက်ဝင်ဝိုင်က အမှန်တကယ်ဆွဲဆောင်မှုရှိတဲ့ပုံပင်။
''သူဌေးချင်က ကျုပ်ကိုဝိုင်မြည်းဖို့ဖိတ်ထားတာ... လာရမှာပေါ့'' လီရှင်းက ချင်လင်ဝတ်ထားသောရှေ့ဖုံးခါးစည်းကို အံ့သြစွာကြည့်ရင်း_ ''သူဌေးချင်... ဘာတွေလုပ်နေတာလဲ?''
ချင်လင်ကပြုံး၍_ ''လူကြီးမင်းလီလာမယ်ဆိုတော့ သဘာဝငါးစားပွဲတည်ခင်းရမယ်မလား? ကျွန်တော့်ကိုယုံ... လုံးဝစိတ်မပျက်စေရဘူး''
သူပြောသမျှ တစ်ဖက်လူကို မျက်နှာသာပေးသည်ချည်း။
နောက်ပြီး ယုံကြည်မှုကလည်းအပြည့်နှင့်။ အခုလည်း သူဟင်းချက်ကောင်းနေပြီမဟုတ်လား?
ထိုအကြောင်းပြောပြီး ချင်လင်ကသတိတရဖြင့် ကောင်းယောင်ယောင်အား_ ''ယောင်ယောင်... ငါလူကြီးမင်းလီကို ဝိုင်မြည်းဖို့ဖိတ်ထားတာ... အရင်ငါသိုလှောင်ခန်းထဲထည့်ထားတဲ့ ဝိုင်နှစ်ပုလင်းထုတ်ပြီး ချထားပေးနော်''
''ကောင်းပါပြီ'' ကောင်းယောင်ယောင်က ခေါင်းညိမ့်၍ လီရှင်းကိုနေရာချပေးပြီး ကောင်တာအနောက်ဘက်အခန်းထဲဝင်သွားလိုက်၏။ သူဌေးကဝိုင်တချို့ဝယ်လာပြီး ထိုထဲထည့်ထားမှန်း သူမသိသည်။
ချင်လင်လည်း ငါးကန်ထဲမှ အရည်အသွေး ၂ သဘာဝငါးကြင်းနက်ကိုဆတ်ခနဲယူ၍ စားဖိုဆောင်ထဲဝင်သွားလိုက်၏။
လီရှင်းကထိုင်ပြီးနောက် မျှော်လင့်တကြီးနှင့်_ ''သူဌေးချင်ကို ချက်တတ်မယ်လို့မထင်ထားဘူး''
လင်းလျိုက ပြုံးလိုက်သည်။
သူမက ထူးရှယ်ရုံးပတီသီးမျိုးရရန်လိုက်လာခြင်းဖြစ်၏။ နောက်မှသူဌေးချင်ကို ရနိုင်မရနိုင်မေးကြည့်ရမည်။
ကလေးအတွက် နို့လုံလုံလောက်လောက်ထွက်သည်နှင့် အိမ်ကယောက္ခမကပွစိပွစိမလုပ်တော့။ သူမဘဝလည်း သာယာလာသည်။ အဓိကမှာ ကလေးကစို့၍မပြီးနိုင်တော့ချေ။ သူမနှင့်သူမယောက်ျားမှာ နှစ်ကိုယ်ကြားချစ်ကြည်နူး၍ပင်ရသည်။
''လူကြီးမင်းလီ... ဒါကျွန်မတို့သူဌေးပြင်ပေးထားတဲ့ဝိုင်ပါ'' ကောင်းယောင်ယောင်က နှစ်ပုလင်းယူလာပြီး စားပွဲပေါ်တင်လိုက်၏။
''ကျေးဇူးတင်ပါတယ်'' လီရှင်းက ကျေးဇူးတင်စကားဆိုရင်း တစ်ပုလင်းကို စိတ်အားထက်သန်စွာနှင့်ဖောက်လိုက်သည်_ ''ဒီဝိုင်ကို အရင်စမ်းကြည့်မယ်''
ကောင်တာတွင်ထိုင်နေသော ကျောက်မိုချင်းမှာ လီရှင်းနှင့်သူ့ဇနီးကို စူးစမ်းကြည့်နေသည်။ ချင်လင်အရင်က လူကြီးမင်းလီအကြောင်းပြောဖူးသော်လည်း သူဝင်လာတုန်းက သာမန်လူနှင့်မခြားပေ။ သူက ဒုတိယမျိုးဆက်ဆက်ခံသူရယ်လို့ ဘယ်သူကထင်မှာတဲ့လဲ?''
လိုင်းပေါ်မှာ လူတွေပြောကြတာတော့ ဒုတိယမျိုးဆက်ဆက်ခံသူတွေက သည်းမခံချင်စရာကောင်းပြီး နှိပ်ကွပ်တတ်ကြသည်ဆိုပါလား?
လီရှင်းက ဆေးဖက်ဝင်ဝိုင်တစ်ခွက်ငှဲ့၍ အရသာခံကြည့်လိုက်ကာ_ ''ဒီဝိုင်က နူးညံ့တဲ့ရနံ့ရှိနေပြီ... သေချာပေါက် ၅ နှစ်ကျော်ပြီ... ဒါပေမဲ့ အရသာကတော့ ဟိုမိသားစုနှစ်ခုရဲ့ နှစ် ၂၀ ဝိုင်ထက် တော်တော်ဆိုးသေးတယ်''
လင်းလျိုကပြုံးပြီး_ ''ဟိုနှစ်ဆိုင်ကဝိုင်ဘယ်လောက်ကောင်းကောင်း ရဖို့ခက်သေးတာပဲ... လူတိုင်းက သူဌေးချင်လိုမျိုးပြောလို့ဆိုလို့မကောင်းဘူးထင်တယ်''
လီရှင်းကခေါင်းခါရင်း_ ''ဒီဝိုင်မျိုးကို အဲဒီကုမ္ပဏီနှစ်ခုကထုတ်တာ... ဒီလိုလက်ဆင့်ကမ်းဆေးဖက်ဝင်ဝိုင်မျိုးကို အများကြီးထုတ်ဖို့မဖြစ်နိုင်ဘူး... သူဌေးချင်ရဲ့ဝိုင်ကို ၅ နှစ်တည်းနဲ့ဖွင့်လိုက်ရတာ နှမြောစရာပဲ''