ကိုယ်တိုင်လုပ် +၃ အရည်အသွေး! သူဌေးချင်က ထူးခြားတဲ့လူ!
Vol. 7 Ch. 99
စားဖိုဆောင်ထဲတွင်_
ချင်လင်က သူယူလာသောငါးကြီးကို မြန်မြန်ဆန်ဆန်ကိုင်လိုက်သည်။ အရင်ဆုံး ငါးခေါင်းခုတ်ပြီး ငါးခေါင်းစွပ်ပြုတ်လုပ်ရန်သုံးလိုက်မည်။
ခဏအကြာ နို့နှစ်ရောင်ငါးခေါင်းစွပ်ပြုတ်ဟင်းပွဲပြင်လိုက်၏။
အာဟာရတန်ဖိုးများအပြင် အရည်အသွေး ၂ သဘာဝငါးကြင်းနက်တွင် အသားနူးညံ့မှု +၂ နှင့် စားကောင်းသောက်ဖွယ်ဖြစ်ခြင်း +၂ အရည်အသွေးများရှိသည်။
ယခုငါးခေါင်းစွပ်ပြုတ်မှာမူ အနံ့အရသာရှိခြင်း +၃၊ အရသာ +၃ နှင့် နှုတ်မြိန်ခြင်း +၁ ရှိ၏။
+၃ အရည်အသွေး။ အရည်အသွေး ၃ သုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်မှလွဲ၍ တခြား +၃ အရည်အသွေးပေါ်ခဲ့ခြင်းမျိုးမရှိသေး။
အခုတော့ +၃ အရည်အသွေးရှိတာတစ်ခုကို သူကိုယ်တိုင်လုပ်ခဲ့ပြီ။
ဤသည်မှာ လုံးဝပြီးမြောက်မှုကိုခံစားလိုက်ရသလိုပင်။
လီရှင်းလိုလူမျိုးက ဒီလိုအရသာရှိတဲ့အသားအသောက်မျိုး အရင်ကစားဖူးမှာမဟုတ်ဘူး ဟုတ်တယ်မလား?
ငါးခေါင်းစွပ်ပြုတ်ရသောအခါ ဘဲလ်နှိပ်လိုက်သည်။ စားပွဲထိုးဝင်လာလျှင် သူက_ ''ဒီငါးခေါင်းစွပ်ပြုတ်ကို လူကြီးမင်းလီဆီပို့လိုက်ပါ'' ဟု ညွှန်ကြားလိုက်၏။
''ကောင်းပါပြီ သူဌေး!'' စားပွဲထိုးက ဘယ်သူမှန်းသိသည်။ ဘာပဲဖြစ်ဖြစ် သူဌေးကိုယ်တိုင်ထွက်ကြိုထားတဲ့သူပဲလေ။ သူမအကန်းမှမဟုတ်တာ။
စားပွဲထိုးက ငါးခေါင်းစွပ်ပြုတ်ကို လီရှင်းနှင့်လင်းလျိုစားပွဲဆီယူသွားလိုက်သည်။ သူမကပြုံး၍_ ''လူကြီးမင်းလီ... ဒါကျွန်မတို့သူဌေးကိုယ်တိုင်လုပ်ထားတဲ့ငါးခေါင်းစွပ်ပြုတ်ပါ''
လင်းလျိုက အံ့သြစွာနှင့်_ ''ယောက်ျား... ဒီငါးခေါင်းစွပ်ပြုတ်က အရမ်းကောင်းမယ့်ပုံပဲ''
ငါးခေါင်းစွပ်ပြုတ်ရောက်လာသည်နှင့် လီရှင်းကစိတ်ဝင်စားသွားသည်။ သူကဇွန်းကိုင်၍ သူနှင့်သူ့ဇနီးအတွက် တစ်ပန်းကန်စီခပ်လိုက်၏။ ကတ်တီ ၃၀ ကျော်ငါးခေါင်းမှာ အသားများပါသည်။ အနံ့အရသာကလည်း အထက်တန်းကျ၏။ သူကိုယ်တိုင်နှင့်သူ့ဇနီးအတွက် များများထည့်လိုက်သည်။
ထိုအချိန်ကျမှ လီရှင်းကပြုံး၍_ ''ကဲ... သူဌေးချင်ရဲ့လက်ရာကိုမြည်းကြည့်ကြတာပေါ့''
တချိန်တည်းလိုလို ထိုစုံတွဲမှာငါးကိုအရသာခံစားလိုက်ကြသည်။ ခဏအကြာ ထပ်မံအံ့အားသင့်ရပြန်သည်။ သူတို့နှစ်ဦးက သတိလက်လွတ်တစ်ယောက်ကိုတစ်ယောင်ကြည့်မိပြီး အတည်ပြုလိုက်ကြသလိုပင်။
တဖန် တပြိုင်တည်းခေါင်းပြန်ငုံ့ကာ ငါးစွပ်ပြုတ်ရည်သောက်လိုက်ကြ၏။ လျှာပေါ်တွင်အရသာရှိလိုက်ပုံမှာ လုံးဝအမှန်အကန်။

ဤသည်မှာ အဆင့်မြှင့်လိုက်သလို အရင်တစ်ခေါက်သူတို့လာတုန်းကထက်တောင် ပိုအရသာရှိနေသေးသည်။
ငါးကြီးချင်းအတူတူ ကွာခြားလွန်းနေသည်မှာ ချက်ပြုတ်ပုံနှင့်ဆိုင်၍ဖြစ်ရမည်။
လင်းလျိုက အံ့သြစွာနှင့်_ ''ယောက်ျား... ဒီငါးခေါင်းစွပ်ပြုတ်က လောင်ရန်ရဲ့တံခါးနီစားသောက်ပွဲထက်တော့ မညံ့ဘူးထင်တယ်''
လီရှင်းက သတိလက်လွတ်ခေါင်းညိမ့်ကာ အတည်ပြုလိုက်သည်။
လောင်ရန်မှာ မင်မြို့တော်ထဲတွင် ထူးခြားပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ စားဖိုမှူးဆိုသော်လည်း မင်မြို့တော်လူချမ်းသာအသိုင်းအဝိုင်းတွင် နာမည်ကျော်သူလည်းဖြစ်သည်။ သူ့ဟင်းချက်လက်ရာအားကိုးနှင့် အစားအသောက်လုပ်ငန်းထူထောင်ထား၏။
တစ်ဖက်လူက ပညာဆက်ခံထားသူဖြစ်ပြီး သူ့လက်ထွက်တပည့်လေးယောက်စလုံး နာမည်ကျော်စာဖိုမှူးများဖြစ်ကြသည်။
အရင်က မင်မြို့တော်အထက်တန်းစားအားလုံး တံခါးနီစားသောက်ပွဲအကြောင်းသိကြ၏။
လောင်ရန်က ဧည့်ခံပွဲကျင်းပချင်သောအခါ မကြာခဏ ပါဝင်ပစ္စည်းမျိုးစုံကိုအချိန်ယူပြင်ဆင်လေ့ရှိသည်။ တစ်နှစ်ကို တစ်နပ်စာပဲချက်သည်။ နေရာအကန့်အသတ်ရှိသောကြောင့် မင်မြို့တော်သားအတော်များများမှာ ထိုစားသောက်ပွဲတက်ရန် မပြည့်မီကြချေ။
သူနှင့်သူ့ဇနီးမှာ သူတို့မိသားစုအရှိန်ကြောင့် အကြိမ်တိုင်းမြည်းစမ်းနိုင်ခဲ့သည်။
တံခါးနီစားသောက်ပွဲအရသာမှာ မင်မြို့တော်တစ်ခုလုံးတွင် ပြိုင်ဘက်ကင်းဟုပင်ဆိုနိုင်၏။
ဖြစ်ချင်တော့ လောင်ရန်မှာအသက်ရလာပြီဖြစ်၍ တံခါးနီစားသောက်ပွဲမချက်နိုင်တော့သည်မှာ လေးငါးနှစ်ရှိခဲ့ပြီ။ သူ့တပည့်လေးယောက်စလုံးနာမည်ကျော်စားဖိုမှူးဆိုသော်လည်း ဘယ်သူမှ တံခါးနီစားသောက်ပွဲမကျင်းပနိုင်ချေ။
လီရှင်းက သူဌေးချင်ကို ဒီလောက်လက်ရာကောင်းမည်ဟုမထင်ထား။ ဒီငါးခေါင်းစွပ်ပြုတ်အရသာက လောင်ရန်ရဲ့တံခါးနီစားသောက်ပွဲထက်မညံ့သည်မှာ အသေအချာပင်။
သူကမနေနိုင်ဘဲ နောက်တစ်ပန်းကန်ဆက်သောက်လိုက်သည်။ အမြင်လှရုံတင်သာမက ပါဝင်ပစ္စည်းများအစွမ်းကလည်း မခေ။ တစ်ကိုယ်လုံးသက်သောင့်သက်သာရှိပြီး နွေးထွေးသောခံစားချက်မှာ အမှန်ပင်နေလို့ကောင်းသည်။
''မင်းစားနှင့်... ကိုယ်စားဖိုဆောင်ထဲ တစ်ချက်သွားကြည့်လိုက်ဦးမယ်'' လီရှင်းက မစပ်စုဘဲမနေနိုင်တော့။ သူ့ဇနီးအားမှာခဲ့ပြီး ကောင်းယောင်ယောင်ကိုရှာလိုက်ကာ_ ''ညီမ... သူဌေးချင်ငါးချက်တာကြည့်ချင်လို့ စားဖိုဆောင်ထဲခေါ်သွားပေးနိုင်မလား?''
စားဖိုဆောင်မှာ ခါတိုင်းခရီးသည်များဝင်ခွင့်မပြုသော်လည်း လူကြီးမင်းလီမှာသူဌေးဖိတ်ထားသောသူမှန်း ကောင်းယောင်ယောင်သိသဖြင့် ခေါင်းညိမ့်လိုက်ကာ လီရှင်းကိုစားဖိုဆောင်ထဲဝင်ခွင့်ပေးလိုက်သည်။
လီရှင်းစားဖိုဆောင်ထဲရောက်ရောက်ချင်း ပထမဆုံးသူမြင်သည်မှာ ချင်လင်အကြော်ဒယ်အိုးတစ်လုံးနှင့်ငါးနှပ်နေပုံဖြစ်၏။ သူက ရိုးရိုးရှေ့ဖုံးခါးစည်းဝတ်ထားပြီး ရိုးရိုးကိရိယာတန်ဆာပလာနှင့် ရိုးရိုးအိုးနှင့်ပင်။ သူထင်ထားသည်နှင့် တခြားစီဖြစ်သည်။
ပြောကြတာတော့ လောင်ရန်က ချက်ပြုတ်တဲ့ကိရိယာတွေ လိုအပ်ချက်အရမ်းမြင့်တယ်တဲ့။
ချင်လင်က ပစ္စည်းယူရန်လှည့်လိုက်ရာ လီရှင်းကိုတွေ့သွားသည်_ ''လူကြီးမင်းလီ... စားဖိုဆောင်ထဲမှာ မီးခိုးတလူလူနဲ့လေ... ဘာလို့ဝင်လာတာလဲ?''
''ဒီဆီမီးခိုးက ကိစ္စမရှိပါဘူး'' လီရှင်းက လုံးဝအမှုမထားဘဲ အထဲလျှောက်သွားလိုက်ကာ_ ''လူကြီးမင်းချင် ဒီငါးကိုဘယ်လိုလုပ်လဲပဲ သိချင်နေတာ''
''ငါးဟင်းချက်တာပဲမလား? ဘာကြည့်စရာရှိလို့လဲ?'' ချင်လင်က လီရှင်းကိုကြည့်၍ပြုံးပြလိုက်သည်။

နောက်ဆုံးတော့ ဒီလူက ချန်ရှန်းဖေပြောသလို အံ့သြစရာကောင်းတဲ့သူမှန်း သူသိလိုက်ပြီ။ ဒီလိုလူမျိုးနဲ့ပတ်သက်ရတာ သူဘယ်လိုလူမျိုးဖြစ်နေနေ သူ့ကိုဖိအားတစ်စုံတရာသက်ရောက်ခြင်းမရှိပေ။
ခဏအကြာ ချင်လင်ငါးနှပ်ပြီးသွားသည်။
''ကျုပ်ဘာသာ သယ်သွားမယ်'' လီရှင်းက လက်လှမ်း၍ ငါးနှပ်ကိုကောက်ကိုင်ကာ စားဖိုဆောင်မှထွက်လာခဲ့သည်။ ထို့နောက် သူ့စားပွဲသူပြန်လာပြီး ငါးကိုချလိုက်၏။
''မြန်မြန်... ဒီငါးနှပ်ကိုမြည်းကြည့်'' လီရှင်းက သူ့ဇနီးကိုပြောရင်း တူနှင့်ငါးတစ်တုံးဆွဲယူကာ သူ့ပါးစပ်ထဲထည့်လိုက်သည်။
''ယောက်ျား... ဒါလည်းအရမ်းအရသာရှိတာပဲ'' လင်းလျိုလည်း နည်းနည်းစားကြည့်ပြီး မချီးကျူးဘဲမနေနိုင်တော့ချေ။
''အင်း'' လီရှင်းက_ ''နောက်ဆုံးတော့ ကိုယ်ယုံကြည်ရာရှိသွားပြီ''
''ဘာလဲ?'' လင်းလျိုက မသင်္ကါသလိုမေးလိုက်သည်။
လီရှင်းကပြုံး၍_ ''အထက်တန်းအကျဆုံးပစ္စည်းတွေကို အရိုးရှင်းဆုံးနည်းနဲ့ချက်ဖို့ပဲလိုတာ... သူဌေးချင်က ရိုးရိုးအိုးနဲ့ ရိုးရိုးဇွန်းနဲ့ပဲ ဒီလိုအရသာရှိတဲ့ငါးနှပ်ကိုလုပ်လိုက်တာ... သူက လောင်ရန်လိုထူးခြားတဲ့သူမျိုးပဲ... မဟုတ်သေးဘူး... သူဌေးချင်က လောင်ရန်ထက်တောင် ကောင်းသေးတယ်''
မကြာမီ ချင်လင်က နောက်ထပ်ငါးပေါင်းယူလာသည်။ သဘာဝငါးကြီးတစ်ကောင်လုပ်လာခဲ့၏။
''လူကြီးမင်းလီ... ငါးကိုခံတွင်းတွေ့ရဲ့လား?'' ချင်လင်ကငါးပေါင်းကိုချ၍ အပြုံးနှင့်မေးလိုက်သည်။
လီရှင်းက စိတ်ရင်းနှင့်_ ''သူဌေးချင်... ခင်ဗျားရဲ့ငါးက ကျုပ်စားဖူးသမျှထဲမှာ အရသာအရှိဆုံးပဲ''
ချင်လင်ကပြုံး၍_ ''ဒီလောက်လည်းမဟုတ်ပါဘူး... လူကြီးမင်းလီကြိုက်ရင်ပြီးတာပါပဲ''
သူတို့နှစ်ဦးလုံးက အရင်လိုင်းပေါ်မှာဖြစ်ပျက်ခဲ့သမျှကို စကားမဟကြချေ။ သူတို့သိထားလျှင် အဆင်ပြေသည်။ သည်လိုနှင့် အချင်းချင်းစိတ်သက်သာရာရစေလိမ့်မည်။
ချင်လင်က လီရှင်းနှင့်စကားခဏပြောပြီး စားဖိုဆောင်ထဲပြန်ဝင်လိုက်သည်။ ကျောက်မိုချင်းက သူ့ကိုငါးချက်တတ်ရဲ့သားနဲ့ အရင်ကတမင်သက်သက်ဖုံးကွယ်ထားသည်ဟုထင်နေသည်။ သူမအတွက် သူကိုယ်တိုင်မှငါးမချက်ပေးရင် အိမ်ပြန်ရောက်တဲ့အခါ ကီးဘုတ်ပေါ်ဒူးထောက်ရဖို့များနေ၏။
လီရှင်းနှင့်သူ့ဇနီးက ငါးပေါင်းကိုဆက်စားပြီး လုံးဝဘဝင်ကျသွားသည်။
ငါးတစ်ကောင်တည်းကိုပဲ စွပ်ပြုတ်၊ ငါးနှပ်၊ ငါးပေါင်းလုပ်ထားပြီး အားလုံးကအလွန်အရသာရှိလေသည်။
''ယောက်ျား... ကျွန်မတော့ ဝလာတော့မယ်ထင်တယ်'' လင်းလျိုက တင်းနေသောဗိုက်ကိုပွတ်ရင်း မျက်မှောင်ကြုတ်လိုက်၏။ သူမခန္ဓာကိုယ်အချိုးအစားကိုကောင်းကောင်းထိန်းထားသော်လည်း ငါးကအရသာရှိလွန်းသဖြင့် စိတ်မထိန်းနိုင်တော့ပေ။
လီရှင်းကပြုံး၍ နှစ်သိမ့်လိုက်သည်_ ''နည်းနည်းလောက်ဝလာတာ ကိစ္စမရှိဘူး... တကယ်တော့ မင်းကိုပိုကိတ်စေချင်တယ်...''
''ဟွန့်'' လင်းလျိုကထေ့လိုက်ပြီး_ ''သူဌေးချင်က ဒီလောက်လက်ရာကောင်းတာ... ချူရှင်းကိုပြောပြရမယ်''
လီရှင်းလည်း ချက်ချင်းခေါင်းခါပြလိုက်ပြီး_ ''မလုပ်နဲ့... ချန်ရှန်းဖေနဲ့မာလဲ့ဝမ်လည်း သူဌေးချင်နဲ့သိတာပဲ... အရင်သူတို့နှစ်ခေါက်သုံးခေါက်လာဖူးတာ... သူဌေးချင်က မချက်ပေးခဲ့ဘူး... ဆိုလိုတာက သူဌေးချင်ကချက်လေ့မရှိဘူး... လောင်ရန် တံခါးနီစားသောက်ပွဲကို တစ်နှစ်မှတစ်ခါချက်သလိုပဲပေါ့''
''သူဌေးချင်က စိတ်ကူးပေါက်မှချက်ပုံရတယ်... ကိုယ်တို့သတင်းဖြန့်လိုက်လို့ သူဌေးချင်ကိုထပ်တောင်းဆိုကြရင် မကောင်းဘူး''
''ဟုတ်ပါပြီ'' လင်းလျိုက ခေါင်းညိမ့်လိုက်သည်။ လောကဝတ်တွေကို သူမနားလည်သည်။
နောက်ပြီး သူ့ယောက်ျားက ဒီသူဌေးချင်နှင့်မိတ်ဆွေဖြစ်ချင်မှန်း သူမသိသည်လေ။