သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်အောင်မြင်သွားပြီ! အပြင်မှလျှို့ဝှက်နည်း ၁!
Vol. 7 Ch. 100
နှစ်ရက်ကုန်လွန်သွားသည်!
ရုံချန်းစီရင်စုဆေးရုံ၌_
ကျောက်မိုချင်းက လင်းဖန်နှင့် လူစောင့်သောနေရာတွင်ထိုင်နေသည်။
ချင်လင်က လင်းဖန်၏စမ်းသပ်စစ်ဆေးထားသောဆေးစစ်ချက်များကိုင်၍လျှောက်လာကာ_ ''ဆရာဝန်ဆီသွားပြရအောင်''
သူ့အဖေဆုံးပြီးနောက် သူ့အမေ၏ကျန်းမာရေးမှာ ချို့တဲ့လာသည်။ ပြန်လည်အားပြည့်စေရန်ဆေးမှီဝဲရပြီး ဆေးရုံလာ၍ပုံမှန်ဆေးစစ်ပေးရ၏။
ဒီနေ့က ပြန်လည်စမ်းသပ်ရမည့်နေ့ဖြစ်သည်။
သူတို့သုံးယောက်မှာ သမားတော်ရုံးခန်းအပြင်ဘက်ရောက်လာသည်။
စီရင်စုဆေးရုံငယ်လေးမှာ နာမည်ကျော်ဌာနတစ်ခုမဟုတ်၍ မြို့ကြီးပြကြီးကဲ့သို့ တန်းစီစောင့်ဆိုင်းရခြင်းမရှိပေ။ သူတို့ရှေ့တွင် လူနာနည်းနည်းသာရှိ၍ မကြာမီသူတို့အလှည့်ရောက်တော့မည်။
''ဒေါက်တာရွှီ... ဒါကျွန်တော့်အမေရဲ့ဆေးစစ်ချက်ပါ... ကြည့်ပေးပါဦး'' ချင်လင်က ဆရာဝန်၏လက်ထဲ ဆေးစစ်ချက်ထည့်ပေးလိုက်သည်။
ဒေါက်တာရွှီက လင်းဖန်ကိုမှတ်မိသည်။ ပုံမှန်ဆေးစစ်နေသောလူနာတစ်ယောက်ဖြစ်သည်လေ။
''ဒေါက်တာရွှီ... ကျွန်မဘယ်လိုနေလဲ?'' အခုတလော လင်းဖန်က သူမကျန်းမာရေးအလွန်ကောင်းလာသည်ဟုခံစားရသော်လည်း ဆေးရုံတက်ရသောအခါ အရင်အခြေအနေကိုစိုးရိမ်မိပြန်သည်။
''ဟမ်!'' ဒေါက်တာရွှီက လင်းဖန်၏ အချက်အလက်များကိုကြည့်ရင်း အံ့သြသွားသည်_ ''ခင်ဗျားမှာ ဘာပြဿနာမှမရှိတော့ဘူး... ဒီတလော ဘယ်လိုများအားဖြည့်လိုက်လဲ?''
''ကျွန်တော့်အမေက ဒေါက်တာရွှီညွှန်ကြားတဲ့အတိုင်း အမြဲတမ်းသူ့ကိုယ်သူသေချာဂရုစိုက်ပါတယ်'' ချင်လင်ကအပြုံးနှင့်ချီးကျူးလိုက်သော်လည်း သူ့စိတ်ထဲတွင်သေချာသိနေသည်။
......
ဒီတချိန်လုံး သူ့အမေကျန်းမာရေးမတိုးတက်ဘူးဆိုမှ ထူးဆန်းနေဦးမည်။ အရည်အသွေး ၂ ကကတစ်ငါး၏အာနိသင်များနှင့် ရှန်းရွှေလက်ဆောင်ဆန်၏အာဟာရဖြစ်စေခြင်း +၂ ကြောင့် သူ့အမေနားသယ်စပ်မှဆံပင်ဖြူများပင် လွင့်ပါးသွားသည်။
ချင်လင်၏စကားကြားလျှင် ဒေါက်တာရွှီကပြုံးလိုက်သည်။ အရင်တစ်ခေါက်က ချင်လင်ကိုပေးလိုက်တဲ့ဆေးညွှန်းက သိသိသာသာကောင်းတဲ့ပုံပင်။ သူအဲဒီဆေးကို သေချာလေ့လာကြည့်ရမည်။
စမ်းသပ်ထားသောအချက်အလက်များအရ တစ်ဖက်လူ၏အခြေအနေကိုနှိုင်းယှဉ်ကြည့်လျှင် ဤကုသချက်ထိရောက်ပုံမှာအံ့မခန်းဖြစ်နေသည်။
ထို့ကြောင့် ချင်လင်က သူ့အမေ၊ ကျောက်မိုချင်းနှင့်အတူထွက်သွားသောအခါ ဒေါက်တာရွှီက သူကွန်ပျူတာဖွင့်၍ လင်းဖန်အတွက်ရေးထားသောဆေးအညွှန်းကိုရှာကြည့်လိုက်၏။
ချင်လင်က လင်းဖန်ကို ဆေးရုံကားပါကင်သို့ခေါ်လာခဲ့သည်။ လင်းဖန်ကပြုံးရွှင်နေ၏။ အရင်ကကျန်းမာရေးချိူ့တဲ့ခဲ့သော်လည်း ယခုမူဆေးသောက်စရာမလိုတော့ချေ။
သူတို့သုံးယောက်သား ကားဆီမရောက်သေးခင် သက်လတ်ပိုင်းစုံတွဲတစ်တွဲ ကားထဲမှထွက်လာသည်ကိုတွေ့လိုက်ရသည်။
''အားဟွေ့!'' လင်းဖန်က သက်လတ်ပိုင်းအမျိုးသားအား ဇဝေဇဝါအမူအရာနှင့်နှုတ်ဆက်လိုက်၏။
''အစ်မ... ဆေးထပ်စစ်တာလား?'' လင်းအားဟွေ့က လင်းဖန်နည်းနည်းမျက်မှောင်ကြုတ်နေသည်ကိုတွေ့လိုက်ရသည်။ ထိုသို့ပြောပြီးနောက် လင်းဖန်စကားထပ်ပြောမည်စိုးသည့်ပုံနှင့် အလျင်စလိုပင်_ ''အစ်မ... ကျွန်တော့်ကလေးက အဖျားတက်လို့ဆေးရုံတင်ထားရတယ်... အပေါ်သွားလိုက်ဦးမယ်''
သည်လိုနှင့် သူကလောလောလောလောထွက်လာခဲ့သည်။ ဆေးရုံထဲရောက်မှသာ သက်ပြင်းချနိုင်တော့၏။
သူ့အစ်မရဲ့မိသားစုကို သူတကယ်မဆက်ဆံချင်။ အရင်က သူနှင့်သူ့အစ်ကိုက အသီးအနှံရောင်းတဲ့သူကိုလက်ထပ်ရင် ဘဝကခက်ခဲလိမ့်မည်ဟုပြောခဲ့ဖူးသည်။ တကယ်လည်း ဒီလိုဖြစ်မလာဘူးလား?

ဒီလိုဆွေမျိုးက သူ့ဆီကပိုက်ဆံချေးချင်တာနဲ့ သူတို့မိသားစုအဆင့်အတန်းထိခိုက်အောင်လုပ်ဖို့ကလွဲရင် တခြားဘာရှိမှာလဲ? သူတို့တွေတစ်ယောက်မှ သူ့ဖုန်းထဲကဖောက်သည်လောက်မကောင်း။ အနည်းဆုံးတော့ ဖောက်သည်က အော်ဒါအတွက် ကော်မရှင်ခရသေးတယ်လေ။
ကားပါကင်ထဲတွင် လင်းဖန်ကသက်ပြင်းချလိုက်သည်။
အခုတော့ သူ့မောင်နှစ်ယောက်နဲ့အမှတ်မထင်တွေ့ခဲ့ရင် သူမနှုတ်ဆက်နိုင်သွားပြီ။
ကျောက်မိုချင်းက လင်းဖန်၏ခံစားချက်ကိုရိပ်မိသည်နှင့် သူမလက်ကိုတွဲလိုက်ကာ_ ''အမေ... ကျွန်မတို့မနက်စာသွားစားရအောင်... ဒါနဲ့ ကျွန်မအမေက နေ့လယ်ကျရင် အတူတူစျေးဝယ်ထွက်ရအောင်တဲ့''
''အင်း... ငါနေ့လယ်ကျ သူ့ကိုဖုန်းဆက်လိုက်မယ်'' လင်းဖန်ကပြုံး၍ခေါင်းညိမ့်လိုက်သည်။
သူမက ကျောက်မိုချင်းကိုမြင်၍ စိတ်သက်သာသွားသည်။
ဆုံးရှုံးသွားတဲ့အရာက ပြန်မရနိုင်သလို ပြန်ရခဲ့ရင်လည်း မပြည့်စုံတော့ဘူးတဲ့။ သူမမျက်စိရှေ့ကအရာကိုတန်ဖိုးထားတာပဲ ပိုကောင်းမည်လေ။
လင်းအားဟွေ့ကိုမြင်ပြီးချိန်မှစ၍ ချင်လင်မှာခပ်တည်တည်ဖြစ်သွားပြီး စကားတစ်ခွန်းမှမဟတော့ချေ။ ဘာပဲဖြစ်ဖြစ် သူစိမ်းကိုတွေ့တာဆိုရင် ဘာခံစားရမှာလဲ?
''အမေ... ဘာစားချင်လဲ?'' ချင်လင်က ကားထဲဝင်ပြီးနောက် မေးလိုက်သည်။ သူ့အမေက ဆေးစစ်ဖို့အတွက် မနက်ကတည်းက ဘာမှမစားရသေး။
လင်းဖန်က_ ''ဘာသားဖြစ်ဖြစ်ရတယ်''
ကျောက်မိုချင်းက အကြံပြုလိုက်သည်_ ''ရွှေနန်းကိုသွားရအောင်... သူတို့ဆီကအသားက အရသာရှိတယ်... စံအိမ်သွားတဲ့လမ်းပေါ်မှာပဲ''
''အဲဒီနေရာပဲ!'' ချင်လင်ကပြုံး၍ခေါင်းညိမ့်လိုက်သည်။
ကျောက်မိုချင်းပြောသော စားသောက်ဆိုင်ဟောင်းလေးမှာ လူကြီးစုံတွဲတစ်တွဲကဖွင့်ထားခြင်းဖြစ်သည်။ အရင်က ကျောက်မိုချင်းသူ့ကိုခေါ်သွားဖူး၏။ အရသာမှာ စစ်မှန်သည်။
ရွှေနန်းရောက်သောအခါ ချင်လင်ကကားပါကင်ထိုးရန်နေရာရှာပြီး ခေတ်ဟောင်းအစားအသောက်တန်းခေါ်သွားလိုက်၏။
ဆယ်စုနှစ်များအတွင်း သဲမြို့တော်၏ စားသောက်ဆိုင်များဖွံ့ဖြိုးတိုးတက်မှုမှာလည်း အလွယ်လိုက်ပြီး စက်ပစ္စည်းလုပ်ငန်းစဉ်အမျိုးမျိုးနှင့်ဖြစ်လာသည်။ ရှေးဟောင်းသမားရိုးကျဆိုင်များမှာ ရှားသည်ထက်ရှားသွား၏။
လူကြီးစုံတွဲက ဆယ်စုနှစ်များစွာဆိုင်ဆက်ဖွင့်နိုင်သည့်အကြောင်းရင်းမှာ စစ်မှန်သည့်နာမည်ကြောင့်ပင်ဖြစ်သည်။ ထို့အပြင် ထိုစားသောက်ဆိုင်မှဆော့မှာ ထိုလူကြီးစုံတွဲကိုယ်တိုင်လုပ်ထားခြင်းဖြစ်ပြီး အရသာအရမ်းကောင်း၏။
''မင်းတို့သုံးယောက်အတွက် ဘာလုပ်ပေးရမလဲ?'' လူကြီးတစ်ယောက်ကထွက်လာပြီးမေးသည်။
''အသားသုံးပွဲနဲ့ပေါက်စီတစ်ပွဲ'' ကျောက်မိုချင်းက ချင်လင်လာတိုင်း ပေါက်စီတစ်ပွဲမှာမည်မှန်းသိသည်။ ဒီဆိုင်ကဆော့အရသာကောင်းကြောင်းအမြဲပြောလေ့ရှိသည်။
ကျောက်မိုချင်းကိုကြည့်၍ ချင်လင်ပြုံးလိုက်သည်။ သူကြိုက်တတ်တဲ့အစားအစာတွေ၊ သူ့အဝတ်အစားနံပါတ်တွေ သူမအမြဲတမ်းမှတ်မိသည်။
မကြာမီ သူတို့မှာထားတာရောက်လာသည်။
ချင်လင်က ခွက်လေးထဲဆော့ထည့်၍ ပေါက်စီယူတို့လိုက်ပြီး သူ့ပါးစပ်ထဲထည့်လိုက်၏။
အမှန်အတိုင်းဆိုရလျှင် တို့စားတာက အရသာရှိသည်။
ဂိမ်းအရည်အသွေးအရ ဆုံးဖြတ်ကြည့်မည်ဆိုပါက ဤဆော့မှာ အရည်အသွေး ၁ နှင့်နီးစပ်၏။ အရည်အသွေး ၁ နီးနီးကောင်းသည်။
အရင်ကျောက်မိုချင်းနှင့်လာစဉ်က အရသာရှိသည်ဆိုရုံကလွဲ၍ တခြားဘာမှမတွေးမိပေ။ ယခုမူ ဆော့နှင့်တို့စားရင်း အကြံတချို့ရလာသည်။ သူကအမှတ်တမဲ့ ထိုလူကြီးအား_ ''သူဌေး... ဆော့အနှစ်လုပ််နည်းရောင်းမလား?''
သို့သော် လူကြီးကချက်ချင်းခေါင်းခါ၍_ ''မရောင်းဘူး... မိသားစုလက်ဆင့်ကမ်းနည်းကအပြင်လူတွေကိုမပေးဘူး''
''အာ!'' ချင်လင်ကြောင်သွားသည်။ ဒီလူကြီးအတွေးတွေက အတော်ခေတ်နောက်ကျတာပဲ။
လူကြီး၏ဇနီးက စလိုက်သည်_ ''အဲဒါဆို အခုဘယ်သူ့ကိုလက်ဆင့်ကမ်းပေးမလဲ? ရှင့်သားက အဆောက်အဦအပြင်အဆင်လုပ်တယ်... ရှင့်မြေးက ကောလိပ်မှာ... ရှင်နဲ့အတူ ဘယ်သူက စားသောက်ဆိုင်ဖွင့်ချင်မှာလဲ?''

''ဒါဆိုလည်း အခေါင်းထဲပဲသယ်သွားတော့မယ်'' လူကြီးကလည်း ပြန်ငေါ့လိုက်၏။
ထိုစကားကြားလျှင် ချင်လင်ကမတတ်သာဘဲခေါင်းခါလိုက်မိသည်။
သူတို့တိုင်းပြည်က ကျယ်ဝန်းပြီး ရှေးကတည်းက လက်ဆင့်ကမ်းနည်းတွေအများကြီးရှိခဲ့သည်။ သို့သော် အတော်များများမှာ ပျောက်ကွယ်သွားပြီဖြစ်၏။ ဒီလိုမျိုးပျောက်ကွယ်သွားကြတာပဲဖြစ်မည်မဟုတ်လား?
ယနေ့ခေတ်တွင် အဆာပြေမုန့်လုပ်ရတာအလွန်ခက်သည်။ လူကြီး၏မိသားစုက ဤလုပ်ငန်းတွင်စိတ်ပါပုံမရချေ။ လူကြီးကဆက်မလုပ်နိုင်တော့လျှင် ဤဆော့လုပ်နည်းမှာ တကယ်နှမြောစရာပင်။
''သူဌေး... ခင်ဗျားရဲ့ဆော့က တကယ်အရသာရှိတယ်... နှစ်ပုလင်းလောက်ဝယ်လို့ရမလား?'' ချင်လင်ကထပ်မေးလိုက်သည်။ စားချင်စိတ်အပြင် အမှန်တကယ် အရည်အသွေး ၁ ရှိမရှိလည်း သိချင်သေး၏။
လူကြီးကမငြင်း။ သူက နှစ်ပုလင်းကို ၅ ယွမ်နှင့်ရောင်းပေးလိုက်သည်။ တစ်ပုလင်းကို ၁၀၀ ဂရမ်ရှိ၏။ စျေးပေါလွန်းသည်။
ချင်လင်က ဒီဆော့တိမ်မြုပ်သွားသည်ကိုမလိုချင်။ သူကလုပ်ငန်းကတ်ထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။ အကယ်၍ လူကြီးစိတ်ပြောင်းသွားခဲ့လျှင် သူ့ကိုဆက်သွယ်နိုင်ပေမည်။
တန့်ကွမ်းက သူ့အတွက် ထိုလုပ်ငန်းကတ်ကိုပြင်ဆင်ပေးခဲ့သည်။ ချင်းလင်အစားအသောက်ကုမ္ပဏီလီမိတက်ဥက္ကဌနာမည်ကို ထိုပေါ်တွင်ရေးထား၏။
လူကြီးကမရောင်းဖို့စိတ်ဆုံးဖြတ်ထားသည်ဆိုလျှင် သူဖိအားပေးမည်မဟုတ်။ ဘာပဲဖြစ်ဖြစ် သူ့မှာစနစ်ရှိသည်။ ဆော့လျှို့ဝှက်လုပ်နည်းမှာ အလုပ်ဖြစ်ခါစရှိသေး၏။ သူကချိုချဉ်အရသာကိုသာလုပ်နိုင်သေးသည်။ ချဉ်စပ်အရသာမလုပ်နိုင်သေး။
နောင်တွင် ဂိမ်းထဲမှနောက်ထပ်လျှို့ဝှက်နည်းများ သေချာပေါက်ရဦးမည်ဖြစ်၏။
ချင်လင်က သူ့အမေနှင့်ကျောက်မိုချင်းကို စံအိမ်ပြန်ခေါ်လာခဲ့သည်။ သူတို့ရောက်ရောက်ချင်း ဝန်ထမ်းတစ်ဦးပြေးလာပြီး_ ''သူဌေး... အိုးထဲစိုက်ထားတဲ့သုံးပွင့်ဆိုင်ဇီးပန်းပင်ကို ညှပ်လိုက်ပါပြီ''
သူ့နာမည်မှာ ယွီရွှေ့ဖြစ်သည်။ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုထိန်းသိမ်းရန် စံအိမ်မှခန့်ထားသောဥယျာဉ်မှူးတစ်ဦးဖြစ်၏။
''အထဲဝင်ပြီးကြည့်ရအောင်'' ချင်လင်က ယွီရွှေ့နောက်လိုက်၍ ခြံဝင်းထဲဝင်လိုက်သည်။ သူစိုက်ပျိုးထားသော သုံးပွင့်ဆိုင်ဇီးပန်းပင်အိုးစိုက်ပင် ၁၀ ပင်ကျော်မှာ သပ်သပ်ရပ်ရပ်စုထား၏။ ညှပ်လိုက်ပြီးနောက် ပိုလှသွားသလိုပင်။
ထိုအိုးစိုက်ပင်များအားလုံးမှာ ကိုင်းများချိုင်ထားသော မျိုးရင်းတူအိုးစိုက်ပင်များဖြစ်သည်။ ပွင့်ခါစပန်းဖူးလေးများပင်ထွက်နေပြီ။ တစ်နည်းဆိုရလျှင် သုံးပွင့်ဆိုင်ဇီးပန်းပင်အိုးစိုက်ခြင်းအောင်မြင်သွားပြီဖြစ်၏။ ပန်းမပွင့်ခင် အမြစ်ဆက်ပွားရသောကြောင့်ဖြစ်လေသည်။
ဂိမ်းမှထွက်သော သုံးပွင့်ဆိုင်ဇီးပန်းပင်များမှာ ရွှေ့ပြောင်းရလွယ်ကူသောအရည်အသွေးရှိသည်။ ရှင်သန်နှုန်း ၁၀၀ ရှိကြောင်းသိသာ၏။ ထိုအိုးစိုက်များမှာလှသည်ဆိုသော်လည်း ဂိမ်းအရည်အသွေးတော့မရှိပေ။
ဘာပဲဖြစ်ဖြစ် ခြားနားမှုရှိသည်ကိုအလွယ်တကူခံစားရသည်။
ချင်လင်ကရှေ့တိုး၍ ဒုတိယအိုးကိုမကြည့်လိုက်၏။
ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်များမှာ အရည်အသွေး ၂ နှင့် ၃ အပင်များမှ ချိုင်ထားသောကိုင်းများဖြစ်သည်။ အားလုံးတွင် အမှတ်အသားလုပ်ထား၏။ ယခုတစ်ပင်စီယူလိုက်သည်။
ချင်လင်ကနေရာလွတ်ရှာ၍ အိုးစိုက်ပင်နှစ်ပင်နှင့်ဆော့ပုလင်းကို ဂိမ်းထဲယူသွားလိုက်သည်။ ထို့နောက် အရည်အသွေးကိုကြည့်လိုက်သည်:
(ဆော့: အရည်အသွေး ၁)
(ရုံချန်းစီရင်စုလက်ဆင့်ကမ်းဆော့တစ်မျိုး ကော၏ဆော့ဖြစ်သည်။ လက်ရာကောင်းမွန်ပြီး အရသာရှိသည်။ နှုတ်မြိန်ခြင်း +၁ အရည်အသွေးလည်းရှိသည်။)
ထင်သည့်အတိုင်း ဤဆော့မှာ အရည်အသွေး ၁ ရှိနေသည်။ အရည်အသွေးနည်းနည်းနိမ့်နေခြင်းသာဖြစ်၏။ နှုတ်မြိန်ခြင်း +၁ တစ်မျိုးတည်းသာပါသည်။
'ဒါပေမဲ့ ဆော့ရဲ့ရည်ရွယ်ချက်ကိုက နှုတ်မြိန်ဖို့ပဲမဟုတ်ဘူးလား?'
မီးခဲပြာဖုံးဖြစ်နေတာ နှမြောစရာ။ ဒီပစ္စည်းကိုသာဖွံ့ဖြိုးအောင်လုပ်လိုက်ရင် လောင်ကန်းမာအဆင့်လောက်မရောက်ရင်တောင် အခြေအနေဆိုးမည်မဟုတ်။
၄င်းမှာ နှစ် ၅၀၀၀ သမိုင်းရှိသည်။ ဒီလိုဆုံးရှုံးသွားတဲ့အရာတွေ အများကြီးရှိပေဦးမည်။
ထို့နောက်ချင်လင်က အိုးစိုက်ပင်နှစ်ပင်ကိုကြည့်လိုက်သည်။
(သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်: အရည်အသွေး ၁)
(အထူးမျိုးစပ်ထားသော သဟဇီဝအလှသုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်ဖြစ်သည်။ တစ်နှစ်ပတ်လုံးပွင့်ပြီး သက်တန့်ရောင်ရှိသည်။ ခမ်းနားခြင်း +၁၊ အလှစိုက်ပင် +၁)
(သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်: အရည်အသွေး ၂)
(ထူးရှယ်အလှသုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်ဖြစ်သည်။ တစ်နှစ်ပတ်လုံးပွင့်ပြီး သက်တန့်ရောင်ရှိသည်။ ခမ်းနားခြင်း +၊၂ အလှစိုက်ပင် +၂၊ ဓာတ်ပုံစားခြင်း +၁)