← Chapters

အလှမွေးငါးဖမ်းနိုင်ပြီ! ငါးပြတိုက်လည်းမဆိုးဘူး!

Vol. 7 Ch. 103

အလှမွေးငါးဖမ်းနိုင်ပြီ! ငါးပြတိုက်လည်းမဆိုးဘူး!

Vol. 7 Ch. 103

သတ္တုမြို့တော်ပန်းပဲဆိုင်တွင် ချင်လင်ကဂိမ်းဇာတ်ကောင်မှတဆင့် အသိပေးစာရလိုက်သည်:

(ငါးမျှားတံကို ကြေးနီငါးမျှားတံအဖြစ်အဆင့်မြှင့်ပြီးပါပြီ။ မျိုးစေ့ဆိုင်ပိုင်ရှင်က အထူးအဆင့် ၂ ငါးစာလုပ်တတ်သည်ဟုကြားဖူးသည်။ ကြေးနီငါးမျှားတံက ထူးရှယ်ငါးမျိုးဖမ်းမိဖို့အခွင့်အရေးပိုများသည်။)

(ကြေးနီငါးမျှားတံ)

(အဆင့် ၂ မြင့်တင်ပြီး။ ပိုနက်သောနေရာတွင် ငါးမျှားနိုင်သည်။ အဆင့် ၂ ငါးစာနှင့်ပေါင်းလျှင် ငါးအမျိုးအစားစုံစုံလင်လင်ပိုဖမ်းနိုင်မည်။ အရည်အသွေး ၂ ငါးဖမ်းမိဖို့အခွင့်အရေးပိုများသည်။)

ငါးမျှားတံအကြောင်းဖတ်ပြီးသောအခါ ချင်လင်ကချက်ချင်းဂိမ်းဇာတ်ကောင်အား မျိုးစေ့ဆိုင်သွားစေလိုက်သည်။

မျိုးစေ့ဆိုင်တွင် ငါးစာရောင်းသည်တဲ့။ ဒီဂိမ်းပုံစံအသစ်စီစဉ်သူရဲ့ခေါင်းထဲမှာ ဘာတွေတွေးနေလဲ အံ့သြမိသည်။

စိုက်ပျိုးမွေးမြုရေးခြံပုံစံအဟောင်းထဲတွင် ငါးမျှားတံအဆင့်မြင့်လာသည်နှင့် အဆင့်မြင့်ငါးများဖမ်းမိနိုင်သည့်အခွင့်အရေးများလာသည်။

ပုံစံအသစ်က မတူသည့်ပုံပင်။ အဆင့် ၂ ငါးမျှားတံအပြင် ငါးစာပါအထူးတပ်ဆင်ရ၏။

အဆင့်မြင့်ငါးမျှားတံက အားပိုတောင့်ပြီး ရေနက်တွင်ငါးမျှားနိုင်သည်။ အဆင့်မြင့်ငါးများပိုဆွဲဆောင်နိုင်သည်။ ဒါကသဘာဝကျ၏။

ဂိမ်းထဲတွင်ရောင်းရန် မြေကွက် ၆ ကွက်နှင့်လယ်ကွက်အပြင် သတ္တုတွင်းမှရွှေ၊ ငွေ၊ ကြေးနီများလည်းရှိသောကြောင့် ယခုဂိမ်းရွှေပြားပြတ်လပ်ခြင်းမရှိတော့ချေ။

(ငါးစာ: အဆင့် ၂)

(မျိုးစေ့ဆိုင်ပိုင်ရှင်မှာ ငါးမျှားဝါသနာပါသည်။ သူကိုယ်တိုင်လုပ်သော အထူးငါးစာဖြစ်သည်။ ဂိမ်းထဲမှ အဆင့် ၂ ကြေးနီငါးမျှားတံနှင့်သုံးရန်လိုသည်!)

ငါးစာအချက်အလက်အရ ဂိမ်းထဲမှငါးမျှားတံနှင့်သာသုံးနိုင်ကြောင်း ထင်ရှားသည်။

......

ငါးစာဝယ်ပြီးနောက် ချင်လင်ကဂိမ်းဇာတ်ကောင်ကို မြစ်ကမ်းဘေးပြန်လာစေပြီး ငါးထပ်မျှားစေလိုက်သည်။

ခဏအကြာ_

ဂိမ်းထဲတွင် ငါးစာမိကြောင်းအချက်ပေးစာဝင်လာ၏။ ဂိမ်းဇာတ်ကောင်က ချိတ်ကိုဆွဲလိုက်လျှင် ရေပေါ်သို့ငါးတစ်ကောင်ပါလာသည်။

(သဘာဝကကတစ်ငါးတစ်ကောင်ဖမ်းမိပါတယ် - အရည်အသွေး ၂!)

ပထမဆုံးအကြိမ်မှာတင် အရည်အသွေး ၂ သဘာဝကကတစ်ငါးတစ်ကောင်ရလိုက်သည်။

သူကဂိမ်းဇာတ်ကောင်အား ငါးစာထပ်တပ်ပြီး ငါးမျှားတံကိုပစ်စေလိုက်သည်။ ခဏအကြာ နောက်ထပ်ငါးတစ်ကောင်ဖမ်းမိသည်။

(သဘာဝငါးကြင်းနက်တစ်ကောင်ဖမ်းမိပါတယ် - အရည်အသွေး ၂!)

(သဘာဝကကတစ်ငါးတစ်ကောင်ဖမ်းမိပါတယ် - အရည်အသွေး ၂!)

ငါးသုံးကောင်ဆက်တိုက် အရည်အသွေး ၂ ချည်းမိသည်။



ကြေးနီငါးမျှားတံနှင့်ငါးစာ၏အစွမ်းမှာ အံ့သြစရာကောင်း၏။

အရင်က သူ့အဆင့် ၁ သံငါးမျှားတံမှာ တစ်နေ့ငါး ၃၅ ကောင်ဖမ်းနိုင်သော်လည်း အရည်အသွေး ၂ ငါးက သုံးလေးကောင်သာပါသည်။

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို ငါးဆက်မျှားစေလိုက်၏။

ဒီနေ့မဖမ်းရသေးသောငါးအများကြီးကျန်နေသေးသည်။

(သဘာဝငါးကြင်းစိမ်းတစ်ကောင်ဖမ်းမိပါတယ် - အရည်အသွေး ၁)

(သဘာဝအလှမွေးဖလားဝါးဟွန်းငါးတစ်ကောင်ဖမ်းမိပါတယ် - အရည်အသွေး ၁)

ချင်လင်က အရည်အသွေး ၁ သဘာဝငါးတစ်ကောင်ဖမ်းမိပြီးနောက် နောက်ထပ်အလှမွေးဖလားဝါးဟွန်းငါးတစ်ကောင်ဖမ်းမိလိုက်သည်။

ဒါအလှမွေးငါးအမျိုးအစားသစ်ဖြစ်ရမည်။

သူကချက်ချင်း ဂိမ်းဇာတ်ကောင်ကိုငါးဆက်မျှားစေလိုက်၏။ အရင်ဆုံးငါး ၃၅ ကောင်ပြည့်အောင်ဖမ်းလိုက်မည်။

(သဘာဝငါးကြင်းစိမ်းတစ်ကောင်ဖမ်းမိပါတယ် - အရည်အသွေး ၂!)

(သဘာဝကကတစ်ငါးတစ်ကောင်ဖမ်းမိပါတယ် - အရည်အသွေး ၁)

(သဘာဝအလှမွေးစီစလစ်ငါးတစ်ကောင်ဖမ်းမိပါတယ် - အရည်အသွေး ၁)

…

(သဘာဝအလှမွေးအမြီးနီငါးတစ်ကောင်ဖမ်းမိပါတယ် - အရည်အသွေး ၁)

(မြစ်ထဲတွင်ငါးရှိပုံမပေါ်တော့ပါ။ ပြန်လည်ပြည့်လာမည့်အချိန်ကိုစောင့်ပါ!)

ယနေ့ငါးမျှားစရာကုန်ပြီဟူသောအသိပေးစာဝင်လျှင် ချင်လင်ကဂိမ်းဇာတ်ကောင်အား ငါးမျှားတံပြန်ရုတ်စေပြီး ငါးကန်ဆီသွားစေလိုက်၏။

အဆင့်မြင့်ငါးမျှားတံနှင့်ငါးစာကြောင့် ယနေ့ဖမ်းမိသောငါး ၃၅ ကောင်ထဲတွင် အရည်အသွေး ၂ က ၂၄ ကောင်၊ အရည်အသွေး ၁ က ၈ ကောင်နှင့် တခြားသဘာဝအလှမွေးငါး ၃ ကောင်ရသည်။

အရည်အသွေး ၂ သဘာဝငါးများမှာ တခြားသူများစားချင်ရင်တောင်မစားရသော်လည်း သူကတော့ လုံးဝစားမကုန်နိုင်။

အရည်အသွေး ၂ သဘာဝငါး တစ်နေ့ ၂၄ ကောင်ဆိုလျှင် ၁၀ ရက်ဆို အကောင် ၂၄၀၊ တစ်လဆို အကောင် ၇၂၀ ဖြစ်သည်။

သဘာဝငါးအကောင်ကြီး ၇၂၀ ကို ငါးကန်ထဲထည့်ထားရင် ဘယ်လိုနေလိမ့်မလဲ?

အကုန်လုံးလန့်ဖျပ်ကုန်လိမ့်မည်။

ထိုမြင်ကွင်းကိုစိတ်ကူးကြည့်နိုင်သော်လည်း သူပါဒုက္ခရောက်ပေလိမ့်မည်။ စိတ်ကူးရုံသာတတ်နိုင်၏။

သို့သော်လည်း အလှမွေးငါးသုံးကောင်ဖြစ်သော စီစလစ်၊ အမြီးနီငါးခူနှင့် ဖလားဝါးဟွန်းငါးများအကြောင်း သိချင်နေသည်။ အရင်က လူပုလေးအာနီပြိုင်ပွဲမှရသော အရည်အသွေး ၂ သဘာဝကျားဖြူငါးမှာ ယွမ် ၆၅၀၀၀၀ နှင့်ရောင်းရ၏။

ယခုငါးမျှားတံအဆင့်မြှင့်ပြီးနောက် အရည်အသွေး ၂ အလှမွေးငါးကိုပင်ဖမ်းနိုင်လာသည်။

ထို့အပြင် ၄င်းမှာ အရည်အသွေးတစ်ဆင့်သာမြှင့်ရသေးသည်။ အကယ်၍ငါးမျှားတံကိုသာ အဆင့် ၃ ငွေငါးမျှားတံအဆင့်မြှင့်လိုက်လျှင် အရင်တစ်ခါ သဘာဝကျားဖြူအဆင့်ရှိသော အရည်အသွေး ၂ အလှမွေးငါးမျိုးဖမ်းနိုင်လာမည်မဟုတ်ပါလား?

ချင်လင်ကထိုသို့တွေးမိပြီး ဂိမ်းထဲဝင်ရန်နေရာလွတ်ရှာကာ ဂိမ်းဇာတ်ကောင်နေရာယူလိုက်သည်။



သူကငါးကန်ဆီလျှောက်လာရာ ၄င်းပေါ်ကစာရင်းကိုမြင်ရသည်။

သူက သာမန်အရည်အသွေး ၁ နှင့် ၂ သဘာဝငါးများကိုကျော်ပြီး အလှမွေးငါးသုံးကောင်၏အချက်အလက်များကိုတန်းကြည့်လိုက်၏။

(သဘာဝဖလားဝါးဟွန်းငါး: အရည်အသွေး ၁)

(အလွန်လှသောငါးဖြစ်သည်။ အမြင်လှခြင်း +၁၊ အသားအရောင် +၁၊ အရသာရှိခြင်း +၁!)

(သဘာဝစီစလစ်ငါး: အရည်အသွေး ၁)

(အလွန်လှသောငါးဖြစ်သည်။ အမြင်လှခြင်း +၁၊ အသားအရောင် +၁၊ အရသာရှိခြင်း +၁!)

(သဘာဝအလှမွေးအမြီးနီငါးခူ: အရည်အသွေး ၁)

(အလွန်လှသောငါးဖြစ်သည်။ အမြင်လှခြင်း +၁၊ အသားအရောင် +၁၊ အရသာရှိခြင်း +၁!)

ဤငါးများမှာ အရသာရှိသောအလှမွေးငါးသုံးကောင်ဖြစ်ကြောင်းထင်ရှားသည်။

ချင်လင်က အလှမွေးငါးအကြောင်းလုံးဝမသိသောကြောင့် ဖုန်းထုတ်ကာ ထိုငါးသုံးကောင်ကိုဓာတ်ပုံများရိုက်လိုက်သည်။ ထို့နောက်ဂိမ်းထဲမှထွက်၍ ဖုန်းထုတ်ကာ လင်းရှန်၏ Wechat နံပါတ်ကိုရှာလိုက်၏။

အရင်က သဘာဝကျားဖြူငါးရောင်းသည့်ကော်မရှင်ခကို ထိုလူ၏ Wechat မှတဆင့်လွှဲပေးဖူးသည်။ အခုဒီငါးသုံးမျိုး၏စျေးနှုန်းကို ထိုလူအားမေးကြည့်နိုင်၏။

ဓာတ်ပုံများပို့ပြီးနောက် ချင်လင်ကစာထပ်ပို့လိုက်သည်_ ''သူဌေးလင်း... ဒီငါးသုံးကောင်ရဲ့စျေးတစ်ချက်ကြည့်ပေးပါဦး''

လင်းရှန်က လျင်လျင်မြန်မြန်ပင်_ ''လူကြီးမင်းချင်... ငါးထပ်ရောင်းဦးမလို့လား?''

ချင်လင်ကခဏတွေးလိုက်ကာ_ ''သူဌေးလင်း... ဒိငါးကိုတခြားသူကလာရောင်းတာ... ကျွန်တော်ဝယ်ချင်ပေမဲ့ စျေးမသိလို့''

သူက ထိုအလှမွေးငါးကိုရောင်းရန်ရည်ရွယ်ချက်မရှိ။

ဂိမ်းထဲမှာ အလှမွေးငါးဖမ်းနိုင်တယ်ဆိုမှတော့ တစ်နေ့ကိုသုံးကောင်ပဲဖမ်းနိုင်တယ်ဆိုရင်တောင် ၁၀ ရက်ဆို အကောင် ၃၀ ဖြစ်ပြီ။ တစ်လဆို အကောင် ၉၀၊ တစ်နှစ်ဆို အကောင် ၁၀၈၀။

ထို့အပြင် ငါးမျှားတံက အရည်အသွေးမြင့်ငါးနှင့်အလှမွေးငါးအမျိုးစုံဖမ်းနိုင်တော့မည်ဖြစ်သည်။

နောက်ဆိုလျှင် ငါးမွေးကန်လေးဆောက်ပြီး တစ်နှစ်ပတ်လုံးဂိမ်းမှရသော အလှမွေးငါးများထုတ်ယူနိုင်မည်။ ငါးလုံးဝပြတ်လပ်မည်မဟုတ်တော့ချေ။

ရွက်လွှင့်အစီအစဉ်နှင့်စားသောက်ဆိုင်လုပ်ငန်းပြီးသွားလျှင် ခရီးသည်များစားသောက်ဆိုင်တွင် စားနိုင်ပေမည်။ ခန်းမကိုလည်း ဤနေရာထက်အဆများစွာကြီးသော ရွက်လွှင့်လုပ်ငန်း၏ပင်မခန်းမကြီးသို့ ရွှေ့ပြောင်းနိုင်တော့မည်။

အချိန်တန်လျှင် ဤခန်းမကို ငါးပြတိုက်အဖြစ်ပြောင်းလဲနိုင်မည်။ ပင်မအဆောက်အဦမပြင်ဘဲ အတွင်းပိုင်းကိုအလွတ်ထားမည်။ အဓိကအချက်မှာ ဇီဝစနစ်ထိန်းဖန်သားနှင့်ရေလဲလှယ်ပြင်ဆင်ရန် ကရိကထများပေမည်။

နည်းစနစ်ကျကျလုပ်ရန်လည်း လိုသေး၏။ စွန်းမင်၏ရုံချန်းဆောက်လုပ်ရေးက အလုပ်မဖြစ်နိုင်။ နောက်ပြီး လမ်းကြောင်းမတူသော နောက်ထပ်လုပ်ငန်းတစ်ခုဖြစ်နိုင်သည်။

ထိုအချိန်တွင် လီရှန်းက_ ''လူကြီးမင်းချင်... ဒီငါးသုံးကောင်ရဲ့ပုံစံက အရမ်းကောင်းတယ်... ဒါပေမဲ့ အမြီးနီငါးခူနဲ့စီစလစ်က သာမန်အလှမွေးငါးတွေ... သူတို့ကစျေးတူတယ် စျေးမကြီးဘူး... အရည်အသွေးအရတော့ ခင်ဗျားရဲ့ငါးနှစ်ကောင်က ယွမ် ၄၀၀၀ ကနေ ၆၀၀၀ တန်တယ်''

''တစ်ဖက်က ဖလားဝါးဟွန်းငါးက စျေးပိုကြီးလိမ့်မယ်... အရည်အသွေးအရဆိုရင် ယွမ် ၁၀၀၀၀ ကနေ ၂၀၀၀၀ လောက်ရှိမယ်... ဒါကအကြမ်းဖျင်းသုံးသပ်တာပဲရှိသေးတယ်... ငါးကိုမြင်ရမှ အသေးစိတ်ဆုံးဖြတ်နိုင်မယ်... ဘာပဲဖြစ်ဖြစ် စျေးနှုန်းအပြောင်းအလဲရှိနိုင်တဲ့အခြေအနေတွေအများကြီးရှိတယ်''

စျေးသိရပြီးနောက် ချင်လင်ကအကြမ်းဖျင်းသဘောပေါက်လိုက်၏။ သဘာဝကျားဖြူငါးနှင့်အဆမတန်ကွာသော်လည်း ဤအရည်အသွေး ၁ ဖလားဝါးဟွန်းငါး၏စျေးမှာ အရည်အသွေး ၂ သဘာဝငါးကြင်းစိမ်း၊ ကကတစ်နှင့် ငါးကြင်းနက်တို့ထက်တော့ အပုံကြီးသာသည်။

သဘာဝငါးကြင်းစိမ်း၊ ကကတစ်နှင့်ငါးကြင်းနက်များမှာ အာဟာရတန်ဖိုးများသော်လည်း ဖလားဝါးဟွန်းငါး၏အရည်အသွေးနှင့် မယှဉ်နိုင်ပေ။

ထို့ကြောင့် လူများက အပေါ်ယံကြည့်ဆုံးဖြတ်လို့မရဘူးဟု ခဏခဏပြောကြခြင်းဖြစ်မည်။ သို့သော်လည်း အသွင်အပြင်အရေးပါလာသည့်သည်ဘက်ခေတ်တွင် အရည်အချင်းပြည့်ဝသူပင် အပေါ်ယံလူများနှင့်မယှဉ်သာအောင်ဖြစ်လာသည်။

ကုမ္ပဏီက ဝန်ထမ်းသစ်ခေါ်ရင် ရုပ်ရည်အသင့်အတင့်ရှိရမည်တဲ့။ ယောက်ျားတွေလည်း ရုပ်ရည်ချောမောတဲ့မိန်းကလေးကိုပဲ ရွေးကြတယ်မလား?

ရုပ်ရည်ကိုဂရုမစိုက်တဲ့ ယောက်ျားတွေလည်း ရှိတာပေါ့။ သူနို့လက်ဖက်ရည်သွားဝယ်တာ ရောင်းသူငယ်ငယ်ချောချောလေးကြောင့် လုံးဝမဟုတ်။

သို့သော်လည်း အမျိုးသမီးတစ်ဦး၏ရုပ်ရည်ကိုဂရုမစိုက်ဟုပြောသော အမျိုးသားအများစုမှာ လိမ်တာဖြစ်ဖို့များသည် မဟုတ်ပါလား?

ရွက်ကြမ်းရေကျိုတော့ရှိရမယ်လေ ဟုတ်လား?



All Chapters