ဂုဏ်ယူစွာဖြင့်! ကြေးနီငါးမျှားတံကို ငါးမျှားဖို့ယူလာပြီ!
Vol. 7 Ch. 104
ချင်လင်ကတွေးကြည့်ပြီး လင်းရှန်ဆီစာထပ်ပို့လိုက်သည်_ ''နှောင့်ယှက်မိလို့အားနာပါတယ် သူဌေးလင်း... သူဌေးလင်း ငါးမွေးကန်တွေရောင်းတာပဲ... ကျွန်တော်တစ်ခုလောက်မှာချင်တယ်''
ရွက်လွင့်အစီအစဉ်နှင့်စားသောက်ဆိုင်လုပ်ငန်းမပြီးသေးခင် ငါးပြတိုက်သတင်းဖော်ပြ၍မဖြစ်သေး။
တစ်ဖက်တွင် အရောင်းစင်တာများဖွင့်ပြီးနောက် နဂိုခန်းမထဲထည့်ထားသောစင်များကိုဖယ်လိုက်ပြီဖြစ်၍ နေရာပိုလွတ်သွားပြီး ချောင်နေသလိုဖြစ်နေသည်။ ဂိမ်းထဲမှအလှမွေးငါးဖမ်းမိပြီဖြစ်၍ အရင်ဆုံးအလှဆင်ဖို့ ငါးမွေးကန်ဝယ်ရန်ဆုံးဖြတ်လိုက်၏။
လင်းရှန်ကစီးပွားဖြစ်လမ်းမြင်သည်နှင့် ချက်ချင်းပင်_ ''လူကြီးမင်းချင်... ဘယ်လိုငါးမွေးကန်မျိုးလိုချင်ပါသလဲ? ဒါမှမဟုတ် လိုချင်တဲ့ပုံပြောရင် အကြံပေးနိုင်ပါတယ်''
ချင်လင်က အရင်ဒါမျိုးမလေ့လာဖူးသဖြင့် လင်းရှန်ကို သူလိုချင်သည့်ပုံပြောပြလိုက်သည်။
ခဏအကြာ လင်းရှန်က_ ''လူကြီးမင်းချင်လိုချင်တဲ့ပုံက အနည်းဆုံးအပူချိန်နှစ်ဖက်ထိန်းငါးမွေးကန်မျိုးပဲ... ဒီမှာ အဲဒါမျိူးတစ်ခုရှိတယ်... အစကကိုယ့်ဘာသာသုံးဖို့ပေမဲ့ လူကြီးမင်းချင်ကိုအရင်ပေးလိုက်မယ်... ဒါပေမဲ့ စျေးတော့နည်းနည်းများတယ် ယွမ် ၅၀၀၀ ဗျ''
''ကောင်းပါပြီ... အဲဒါယူလိုက်မယ်'' ချင်လင်ကပြန်ဖြေပြီး လင်းရှန်အား ယွမ် ၅၀၀၀ လွှဲလိုက်သည်။
''လူကြီးမင်းချင်က တဲ့တိုးသမားပဲ... ဒီလိုဆိုရင် ကန်အသေးတစ်လုံးနဲ့ ရေကန်ဆင်တဲ့ပစ္စည်းတချို့အပိုထည့်ပေးလိုက်မယ်'' လင်းရှန်က အပြုံးအီမိုဂျီပုံနှင့်စာထပ်ပို့လိုက်၏_ ''လူကြီးမင်းချင် လိပ်စာပို့ပေးပါ... ဒီနေ့တော့အချိန်နှောင်းသွားပြီ... မနက်ဖြန်လူလွှတ်ပြီး ဆင်ခိုင်းလိုက်ပါ့မယ်''
ချင်လင်ကလည်း ချင်းလင်စံအိမ်တည်နေရာကို လင်းရှန်အားပို့ပေးလိုက်သည်။
ဟွေ့မိုက်အလှမွေးငါးဆိုင်ထဲတွင် လင်းရှန်က ပစ္စည်းပို့ရန် သူ့ကွန်ပျူတာနှင့်အလုပ်ရှုပ်နေ၏။ အလှပြငါးမွေးကန်သက်သက်ပို့လိုက်၍မဖြစ်ပေ။
လူကြီးမင်းချင်ကို သူကောင်းကောင်းမှတ်မိနေသေးသည်။ ဘာပဲဖြစ်ဖြစ် ၆၅၀၀၀၀ တန် သဘာဝကျားဖြူငါးက သူ့ကိုပွဲစားဖြစ်စေပြီး ကော်မရှင်ခ ယွမ် ၁၃၀၀၀ ရလိုက်သည်လေ။
Wechat မှနောက်ထပ်စာလက်ခံရသည့်အခါ သူကချက်ချင်းဖုန်းကောက်ကိုင်လိုက်သည်။ လူကြီးမင်းချင်ထံမှဖြစ်မည်။ သူက နေရာတိတိကျကျပို့ပေးလိုက်၏။
''ချင်းလင်စံအိမ်?'' လင်းရှန်အံ့အားသင့်သွား၏။
......
ချင်းလင်စံအိမ်ကို သူသိတာပေါ့။ အခုဒီစံအိမ်က ရုံချန်းစီရင်စုမှာ အရမ်းနာမည်ကြီးနေတာ။ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ရယ် ဆေးဖက်ဝင်ပျားရည်ရယ် ချင်းလင်ဆော့ရယ်။ Tiktok မှာ ခဏခဏတွေ့နေရသည်။
အခုချင်းလင်စံအိမ်က ရုံချန်းစီရင်စုရဲ့စီးပွားရေးလက်မှတ်ဖြစ်လာတော့မည်။ နောက်ပြီး Tiktok မှရေပန်းစားဗီဒီယိုများကို အွန်လိုင်းတွင်ရှာဖွေကြည့်ကြပြီး ချင်းလင်စံအိမ်တည်နေရာမိတ်ဆက်တိုင်း ရုံချန်းစီရင်စုဟူသော စကားလုံးမှာ ပေါ်လာစမြဲပင်။

ရုံချန်းစီရင်စုသားတစ်ဦးအနေနှင့် ချင်းလင်စံအိမ်ဗီဒီယိုကြည့်တိုင်း ထူးထူးခြားခြားခံစားရသည်။
ယခုတချို့ Wechat အဖွဲ့ထဲတွင် ချင်းလင်စံအိမ်အကြောင်းပြောသူများတွေ့လျှင် သူမပြောဘဲမနေနိုင်သည်က_ ''ဒါငါတို့မွေးရပ်မြေ ရုံချန်းစီရင်စုကလေ'' ဟူ၍။
သူ့မွေးရပ်မြေမှ ရှုမျှော်ခင်းနေရာများနာမည်ကျော်လာသောအခါ အမှန်ပင်ဂုဏ်ယူရသည်။
''ချင်လင်.. ချင်းလင်?'' လင်းရှန်ကအမှတ်တမဲ့ ချင်လင်ထံသို့ Wechat မှစာပို့လိုက်၏_ ''လူကြီးမင်းချင်က ချင်းလင်စံအိမ်ရဲ့သူဌေးလား?''
''ဟုတ်ကဲ့'' ချင်လင်က လင်းရှန်ကိုဖုံးကွယ်ထားစရာအကြောင်းမရှိ_ ''ကျွန်တော် လူကြီးမင်းလင်းကို မနက်ဖြန်ပန်းပင်လယ်လက်မှတ်တချို့ပို့လိုက်ပါမယ်... လူကြီးမင်းလင်းအချိန်ရတဲ့အခါ မိသားစုနဲ့လာလည်ပါ''
လင်းရှန်က သူ့ဇနီးနှင့်မိတ်ဆွေများ ချင်းလင်စံအိမ်သူဌေးမည်သူဖြစ်ကြောင်းဆွေးနွေးနေသည်ကိုမယုံနိုင်အောင်ဖြစ်မိသည်။ သိလိုက်ရတော့လည်း အမြဲတမ်းနာမည်ကျော်နေတဲ့ ချင်းလင်စံအိမ်သူဌေးက သူဆိုရှယ်မီဒီယာအကောင့်ထဲတွင်ရှိနေပြီး သူ့ကိုလည်းသိသည်တဲ့။
သူကချက်ချင်းပင် သူ့ဇနီးကိုဂုဏ်ယူသံနည်းနည်းစွက်၍_ ''မိန်းမ... မင်းချင်းလင်စံအိမ်ကို သွားလည်ချင်တယ်လို့ပြောဖူးတယ်မလား? စံအိမ်ပိုင်ရှင်ဘယ်သူဆိုတာ ငါသိပြီ... ငါ့ကိုတောင်လက်မှတ်တွေပေးဦးမယ်တဲ့... ငါမင်းနဲ့သားလေးကို ပိတ်ရက်ကျလိုက်ပို့ပေးမယ်''
…
နောက်တစ်နေ့မနက်စောစော_
ချင်လင်က ဂိမ်းထဲမှပစ္စည်များ စံအိမ်သို့ရွှေ့ပြီးမကြာမီ လင်းရှန်ကသူ့လူများနှင့်ရောက်လာ၏။ သူကသုံးဘီးထရပ်ကားလေးကို စံအိမ်ခန်းမဆီမောင်းလာသည်။
လင်းရှန်က ချင်လင်ကိုမြင်မြင်ချင်း လှိုက်လှိုက်လှဲလှဲနှင့်_ ''လူကြီးမင်းချင်... ထပ်ဆုံကြပြန်ပြီနော်... ခင်ဗျားကို ချင်းလင်စံအိမ်ပိုင်ရှင်ဖြစ်မယ်လို့မထင်မိဘူး... ဒီငါးမွေးကန်ကို ဘယ်နားထားချင်လဲ?''
''သူဌေးလင်း... ဟိုနားထားလိုက်ပါ'' ချင်လင်က လင်းရှန်ကိုခန်းမထဲခေါ်သွားပြီး နေရာပြလိုက်သည်။
''ကောင်းပါပြီ... လူကြီးမင်းချင်အတွက် အခုဆင်ပေးခဲ့မယ်'' လင်းရှန်က ငါးမွေးကန်ကိုသယ်လာစေပြီး မူလစင်ပေါ်တွင် အသေအချာတပ်ဆင်ပေးလိုက်၏။
ခဏအကြာ လင်းရှန်ကငါးမွေးကန်ဆင်ပြီးနောက် ရေဖြည့်လိုက်သည်။ သူက ကျောက်တုံး၊ ရေညှိပင်နှင့် တခြားအပြင်အဆင်များကိုအထဲဖြည့်လိုက်၏။
ပြင်ဆင်ပြီးသောအခါ ငါးမွေးကန်ထဲငါးမရှိသေးသော်လည်း တမျိုးတမည်လှပနေလေသည်။
စမ်းသပ်ကြည့်ပြီး ပြဿနာမရှိတော့မှ လင်းရှန်က ချင်လင်နှင့်စကားစမြည်ထပ်ပြောလိုက်သည်။ သူက ငါးမွေးရန်ကိစ္စတချို့ရှင်းပြလိုက်ပြီး အကြံဉာဏ်လည်းပေးလိုက်၏။ ထို့အပြင် ငါးစာပါပေးပြီး နောင်တွင်ငါးစာပြတ်လပ်ခဲ့လျှင် ချက်ချင်းလာပို့ပေးမည်ဖြစ်ကြောင်းပြောပြသည်။
ချင်လင်က တဖက်သားအား သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်လက်မှတ်တချို့ပေးခြင်းကြောင့် မျက်နှာသာပြန်ရခြင်းပင်။
လင်းရှန်ကိုပြန်ပို့ပြီးနောက် ချင်လင်က လင်းရှန်ပေးသောငါးမွေးကန်အသေးလေးနှင့် ဂိမ်းထဲဝင်လိုက်သည်။
ကြီးကြီးမားမားငါးမဟုတ်လျှင် ထိုကန်အသေးနှင့် ငါးတချို့ထည့်ရအဆင်ပြေသည်။ ငါးအရွှေ့အပြောင်းလုပ်ရန်ကိရိယာအဖြစ်အသုံးပြုနိုင်၏။

ချင်လင်က သဘာဝစီစလစ်၊ ဖလားဝါးဟွန်းနှင့် အမြီးနီငါးခူ အလှမွေးငါးသုံးကောင်ကို ဂိမ်းထဲမှထုတ်၍ ငါးမွေးကန်ထဲထည့်လိုက်သည်။
ချက်ချင်းပင် ငါးသုံးကောင်မှာ ငါးမွေးကန်ထဲရေကူး၍ ကန်ကိုအသက်သွင်းလိုက်၏။
ချင်လင်ကငါးစာတချို့ထည့်လိုက်ရာ ငါးသုံးကောင်မှာကူးခတ်ပြီး အစာလိုက်ဟပ်ကြသည်။
''သူဌေး... အလှမွေးငါးဝယ်လိုက်တာလား?'' ကောင်းယောင်ယောင်က ခန်းမထဲဝင်လာပြီး ငါးမွေးကန်ဆီအံ့သြတကြီးသွားကြည့်လိုက်ကာ_ ''ဒီငါးသုံးကောင်က အရမ်းလှတာပဲ''
''ယောင်ယောင်... နောက်ကျရင် ဒီငါးမွေးကန်ကိုဂရုစိုက်ပေးပါဦး'' ချင်လင်ကခေါင်းညိမ့်၍ ကောင်းယောင်ယောင်အား ညွှန်ကြားလိုက်သည်။ မှတ်ထားရန်အချက်တချို့ကိုလည်း ပြောပြလိုက်၏။
ထို့နောက်ချင်လင်က တစ်ခုခုတွေးမိပြီး ဂိမ်းထဲထပ်ဝင်လိုက်သည်။
သူဂိမ်းထဲမှပြန်ထွက်လာသောအခါ ငါးမျှားတံနှင့် ငါးစာအလုံးလေးပါပါလာ၏။
၄င်းမှာ ဂိမ်းထဲမှအဆင့် ၂ ငါးစာနှင့်တွဲလျက်သား အဆင့် ၂ ကြေးနီငါးမျှားတံဖြစ်သည်။
စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ထဲတွင် ရုပ်ထု၊ လျှို့ဝှက်ရတနာနှင့် မှော်ကျောက်တုံးကဲ့သို့ ဂမ္ဘီရအသုံးအဆောင်များစွာပါသည်...
ထိုပစ္စည်းများမှာ လက်တွေ့ဘဝတွင်နားလည်ရခက်သော စွမ်းရည်တချို့ရှိသည်။
အစားအသောက်မှာ လက်တွေ့ဘဝတွင် ဂိမ်းအရည်အသွေးရှိသေးသော်လည်း ထိုအသုံးအဆောင်များအကြောင်းတော့ သူမသိ။
အခုငါးမျှားတံကိုထုတ်ယူလာပြီး စမ်းသပ်ကြည့်ရမည်။ အကောင်းဆုံးစမ်းသပ်နည်းမှာ ငါးကန်မဟုတ်သည့်နေရာတွင် ငါးမျှားရပေမည်။ ငါးကန်မှာသေးလွန်းသဖြင့် ငါးများလွန်းနေပြီး သက်သေပြဖို့ခက်သည်။
ရေလှောင်တမံသွားမျှားကြည့်ရမည်။
ထိုရေလှောင်တမံမှာ သက်တမ်းနှစ် ၆၀ ကျော်ပြီဖြစ်၏။ ကန်ကြီးပြီး ရေနက်သည်။ အထဲတွင်ငါးပေါပြီး အထူးသဖြင့်မြစ်ဆုံရာတွင်ပိုများ၏။ သဘာဝငါးကြီးများလည်းရှိသည်။ ကြေးနီငါးမျှားတံ၏အရည်အသွေးကို စမ်းသပ်ရန်နေရာကောင်းပင်။
ချင်လင်က ငါးမျှားတံနှင့် ရေပုံးနှင့် ရေလှောင်တမံသို့ငါးသွားမျှားမည့်ဆဲဆဲ ချန်ရှန်းဖေမှာလူနှစ်ယောက်နှင့် စံအိမ်ထဲဝင်လာသည်ကိုတွေ့လိုက်ရ၍ အံ့သြသွားသည်။
တစ်ယောက်ကို အရင်ကမြင်ဖူးသည်။ သူက ချန်ရှန်းဖေ၏ကားဒရိုင်ဘာ။ နောက်တစ်ယောက်မှာ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်၏။
''သူဌေးချင်... ခင်ဗျားဆီထပ်လာပြီး နှောင့်ယှက်တာ'' ချန်ရှန်းဖေက ချင်လင်ကိုမြင်လျှင်ပြုံးလိုက်သည်။
''လူကြီးမင်းချန်ရောက်လာတာ ဂုဏ်ယူစရာပါ... ဘယ်လိုလုပ်ပြီး နှောင့်ယှက်တာဖြစ်မှာလဲ?'' ချင်လင်က သူ့ကိုမြှောက်လိုက်ပြီးနောက် သက်လတ်ပိုင်းအမျိုးသားကိုကြည့်ကာ မေးလိုက်သည်_ ''ဒီလူကြီးမင်းက ဘယ်သူများလဲ?''
ချန်ရှန်းဖေကပြုံး၍ ရှင်းပြလိုက်သည်_ ''သူ့နာမည်က လုကျန်းရှန်... ငါမင်မြို့တော်မှာလက်တွဲလုပ်တဲ့ ကုမ္ပဏီသူဌေး... ဒီနေ့သူနဲ့ဆွေးနွေးရင်း မင်းဆီကသဘာဝပစ္စည်းတွေမြည်းဖို့ တိတ်တိတ်လေးထွက်လာတာ''
လုကျန်းရှန်က ထိုမြင်ကွင်းကိုဇဝေဇဝါနှင့်ကြည့်နေ၏။ အရင်ချန်ရှန်းဖေကိုနာမည်ဖျက်ဖူးသောကြောင့် ချင်းလင်စံအိမ်ကိုသူသိနေသည်။ သို့သော် ချန်ရှန်းဖေကသူ့အနေအထားကြီးနှင့် စံအိမ်ပိုင်ရှင်ကိုနည်းနည်းယဉ်ကျေးလွန်းရာကျနေ၏။
ထိုအချိန်တွင် ချန်ရှန်းဖေက လုကျန်းရှန်ကိုလည်း မိတ်ဆက်ပေးလိုက်သည်_ ''ဥက္ကဌလု... ဒါက ဒီစံအိမ်ရဲ့သူဌေးချင်... သူအခုအရမ်းနာမည်ကျော်နေတာ... လီရှင်းဒီကိုခဏခဏလာတယ်''
လုကျန်းက လီရှင်းနာမည်ကြားသောအခါ အံ့အားသင့်သွား၏။ သူကချက်ချင်းပြုံး၍ ချင်လင်နှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်_ ''သူဌေးချင်... ဥက္ကဌချန်နဲ့ကျုပ်က ရုတ်တရက်ကြီးရောက်လာတာ... အနှောင့်အယှက်ပေးမိတာ အားနာပါတယ်''