ဒီကိုကုန်လာသယ်တာလား?
Vol. 7 Ch. 105
အခုတော့လုကျန်းချန်မှာ ဘာလို့ချန်ရှန်းဖေလိုလူမျိုးက ဒီလိုစံအိမ်ရဲ့သူဌေးကိုယဉ်ကျေးနေမှန်းသိသွားပြီထင်သည်။
လီရှင်းက အကြောင်းမဲ့သက်သက်လာတာတော့ မဟုတ်ဘူးမလား?
တစ်ဖက်သားကအလည်လာရုံသက်သက်ဆို ချန်ရှန်းဖေကဘာလို့ ဒီလိုသဘောထားမျိုးဖြစ်နေမလဲ?
ချင်လင်က လုကျန်းရှန်ဘာတွေးနေသည်ကိုမသိ။ သူကလုကျန်းရှန်ကို ပြုံးနေပေမဲ့ ချန်ရှန်းဖေနဲ့မာလဲ့ဝမ်တို့လို အငွေ့အသက်မျိုးမရှိဟုတောင် ခံစားလိုက်ရသေးသည်။
ချန်ရှန်းဖေက ချင်လင်လက်ထဲမှငါးမျှားတံကိုမြင်လျှင် သိချင်စိတ်နှင့်မေးလိုက်သည်_ ''သူဌေးချင်... ငါးမျှားမလို့လား? ငါးကန်မှာလား?''
ချင်လင်ကပြုံး၍_ ''ရေလှောင်တမံသွားမလို့ပါ... အဲဒီတမံက နှစ် ၆၀ ကျော်ပြီလေ... သဘာဝထွက်ကုန်တွေအများကြီးရှိတယ်''
''လူကြီးမင်းချင်... ကျုပ်ကိုစောင့်... ကျုပ်လည်းလိုက်မယ်'' ချန်ရှန်းဖေကရုတ်တရက်စိတ်ဝင်စားသွားကာ ဘေးနားရှိဒရိုင်ဘာအား_ ''ကားပါကင်သွားပြီး ကားနောက်ခန်းထဲက ငါးမျှားတံနှစ်ချောင်းယူပေးပါဦး''
အရင်ကသူလည်း ရေလှောင်တမံဟောင်းရေ
ဖောက်ချသည့်သတင်းကြည့်ဖူးသည်။ တမံအောက်တွင် သဘာဝငါးကြီးများစွာရှိနေလေသည်။
ဆယ်စုနှစ်များစွာရေထိန်းထားသောရေလှောင်တမံမှာ အမှန်ပင်သဘာဝငါးကန်ဖြစ်နေသည်။ တမံအောက်ခြေတွင် ငါးကြီးဖမ်းမိဖို့ခက်ခြင်းသာရှိ၏။
ချင်လင်စကားကြားလျှင် ငါးမျှားဝါသနာပါသူဖြစ်သည့်အလျောက် လုံးဝစိတ်အားထက်သန်သွားသည်။
ဒရိုင်ဘာကညွှန်ကြားချက်အတိုင်း စံအိမ်၏ကားပါကင်ဆီသွားလိုက်သည်။
ချန်ရှန်းဖေ၏မျှော်လင့်ချက်ကြီးပုံစံကိုမြင်၍ ချင်လင်ကစောင့်ရုံသာရှိတော့၏။
သိပ်မကြာမီ ကားဒရိုင်ဘာမှာ ငါးမျှားတံနှစ်ချောင်း၊ ငါးစာ၊ ချိတ်၊ ဘီး၊ အစက်ချ၊ မျှောပိုက်စသည်ထည့်ထားသောပုံးနှင့်အတူ ပြန်ရောက်လာသည်။
......
ပစ္စည်းများမှာ အပြည့်အစုံ။
ချန်ရှန်းဖေလိုသူဌေးကြီးက ဒီလိုပစ္စည်းမျိုးတွေကားထဲမှာပါလာမယ်လို့ ဘယ်သူထင်မှာလဲ?
''သူဌေးချင်... သွားစို့!'' ချန်ရှန်းဖေက ပြောပြောဆိုဆိုနှင့် လုကျန်းရှန်လက်ထဲ ငါးမျှားတံတစ်ချောင်းထည့်လိုက်ကာ_ ''လောင်လု... ဒါမင်းအတွက်''
လုကျန်းရှန်းမှာ ကြံရာမရဖြစ်သွားသည်။ ချန်ရှန်းဖေငါးမျှားဝါသနာပါသည်ဟုကြားဖူးသော်လည်း သူကတော့လုံးဝမဟုတ်။ ပြောတော့ အရသာရှိတဲ့သဘာဝပစ္စည်းတွေစားဖို့ခေါ်လာတာဆို? ဘာလို့ငါးမျှားဖို့ဆွဲခေါ်နေရတာလဲ?
ဆောင်းတွင်းပဲရောက်နေပြီ။ ရေလှောင်တမံသွားတာ နှိပ်စက်တာမဟုတ်ဘူးလား?
သူတို့ကုမ္ပဏီက ချန်ရှန်းဖေနှင့်တွဲလုပ်သည်ဆိုသော်လည်း သူ့အပေါ်ပိုအားထားနေရသည်ဖြစ်၍ မငြင်းဆန်ရဲဘဲ သူ့ငါးမျှားတံနှင့်လိုက်သွားရလေသည်။
ချင်လင်က ချန်ရှန်းဖေနှင့်လုကျန်းရှန်ကို ရေလှောင်တမံအရှေ့ဘက်သို့ခေါ်သွားလိုက်၏။
သူတို့စံအိမ်မှာ အနောက်ဘက်နှင့်ပိုနီးပြီး ရေလှောင်တမံထွက်ပေါက်နှင့်မဝေးချေ။
ရေလှောင်တမံထွက်ပေါက်တွင် ငါးမမျှားရမှန်း တံငါသည်အများစုသိကြသည်။ ပထမအချက် ရေစီးပြင်းသည်။ ဒုတိယအချက် ထိုနေရာတွင် ဘာငါးကြီးမှမရှိနိုင်။ ဒီတော့ သူတို့လမ်းလျှောက်ကြရ၏။
သို့သော် သိပ်မကြာမီ ချင်လင်က နောက်ထပ်မမျှော်လင့်ထားသောသူကိုတွေ့လိုက်ရပြန်သည်။
အဲဒါ လျိုဟွာမလား?
သူကအရင်ထက်အသားမဲသွားပြီး မျက်တွင်းလည်းကျနေသည်။ ငါးပုစွန်များအပြည့်ပါပုံရသောပုံးကိုဆွဲ၍လမ်းလျှောက်လာနေ၏။
ဒီလူက ဒီနေရာမှာ သဘာဝကျားဖြူငါးဖမ်းမိနိုင်တယ်ထင်ပြီး ကြိုးစားနေတုန်းပဲလား?
ဘာလို့တလွဲဆံပင်ကောင်းနေတာလဲ?
လျိုဟွာက ချင်လင်ကိုမြင်လျှင် နည်းနည်းရှက်အမ်းအမ်းဖြစ်နေဆဲပင်။ သူကဒီမွာ သဘာဝကျားဖြူငါးကို ခိုးကြောင်ခိုးဝှက်လာဖမ်းတာလေ။ ငါးဖမ်းမမိမချင်း ချင်လင်နဲ့တကယ်မဆုံချင်။
ချင်လင်က လျိုဟွာကိုဂရုစိုက်မနေဘဲ ချန်ရှန်းဖေနှင့်ဆက်လျှောက်သွားလိုက်သည်။
လျိုဟွာက ပုံးထဲရွိ ငါး၊ ဂဏန်း၊ ပုစွန်များကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
ဒါတွေရောင်းရင် ပိုက်ဆံတချို့ရတယ်ဆိုပေမဲ့ ဘာလို့သဘာဝကျားဖြူငါးကို မဖမ်းနိုင်တာတဲ့လဲ?
ငါးဖမ်းဖို့အတွက် သူ့ကောင်မလေးနဲ့တောင်ပြတ်သွားပြီ။
တစ်ကောင်လောက်မဖမ်းမိဘဲနဲ့ ဘယ်လိုလုပ်စိတ်ကျေနပ်နိုင်မှာလဲ?
သူက ချင်လင်ထွက်သွားသည်ကိုကြည့်ရင်း နောက်ယောင်ခံလိုက်ကြည့်လိုက်သည်။
အရင်တစ်ခါသူပြောခဲ့တဲ့နေရာက လုံးဝအလိမ်အညာဟုခံစားလိုက်ရ၏။ သူသဘာဝကျားဖြူဖမ်းမိတဲ့နေရာက ဒီနေရာလုံးဝမဖြစ်နိုင်။
သိပ်မကြာမီ_
ချင်လင်က ချန်ရှန်းဖေအား ရေလှောင်တမံအလယ်အခြေကျသောနေရာဆီ ခေါ်သွားလိုက်သည်။
ထိုနေရာတွင် ခပ်မတ်မတ်လှေကားထစ်ပုံစံငယ်လေးဖြစ်နေပြီး ငါးမျှားရန်အဆင်ပြေသည်။
အခြေအနေမပေးသောကြောင့် ကျောက်တုံးတစ်တုံးရှာ၍ ဖင်ခုထိုင်လိုက်သည်။
ချန်ရှန်းဖေကလည်း လိုက်လုပ်သည်။ ငါးမျှားသောအခါ အခြေအနေများစွာကိုဖြတ်ကျော်ရ၏။
တစ်ဖက်တွင် လုကျန်းရှန်မှာ ကူကယ်ရာမဲ့ဖြစ်နေ၏။ ကျောက်တုံးခုထိုင်ရခြင်းကြောင့် သူတင်ပါးတွေကျိန်းနေပြီ။
ချင်လင်ကထိုင်ချလိုက်ပြီး ဂိမ်းထဲမှအဆင့် ၂ ငါးစာထုတ်ကာပစ်လိုက်သည်။ ချိတ်နှင့်ငါးစာမှာ ရေထဲချက်ချင်းကျသွား၏။
ချန်ရှန်းဖေက ချင်လင်ငါးမျှားတံသုံးပြီး ငါးစာဖောက်ပစ်လိုက်သည်ကိုမြင်လျှင် အံ့သြတကြီးနှင့်_ ''သူဌေးချင်... ငါးမျှားတာဒီလောက်လွယ်လား?''
သူက သူကိုယ်တိုင်စုဆောင်းထားသောငါးမျှားတံများကိုသုံးသည်။ ငါးမျှားတံကြိုးနှင့်ဖော့ကိုညှိယူရပြီး ငါးစာကိုလက်နှင့်ရောချေထားသည်။ ငါးမျှားဆရာတစ်ဦးနှင့်တောင် သေချာဆွေးနွေးထားပြီး ငါးမိနိုင်ခြေမြင့်သည့်ငါးမျှားနည်းကိုလည်း သိထားသည်။
သူဌေးချင်ကြည့်ရတာ ပေါ့ပေါ့ပါးပါးပင်။ သူ့မှာ ငါးဖမ်းပိုက်တောင်မပါ။
ချန်ရှန်းဖေက ထိုအကြောင်းတွေးရင်း သူ့ငါးမျှားတံကိုဆက်ညှိနေလိုက်သည်။ ညှိပြီးသောအခါ ချင်လင်လက်ထဲရှိငါးမျှားတံမှာ လှုပ်နေပြီဖြစ်ကြောင်း အံ့အားသင့်စွာတွေ့လိုက်ရသည်။
ငါးစာမိနေပြီ။
''မြန်လှချည်လား?'' ချန်ရှန်းဖေက နည်းနည်းအံ့သြသွား၏။
ချင်လင်က ကြိုးကိုရစ်လိုက်သည်။ တီလားဗီးယားငါးပဲ။ ငါးကိုချိတ်မှဖြုတ်လိုက်စဉ် နည်းနည်းအံ့အားသင့်သွား၏။
သူကငါးမျှားမတော်သော်လည်း ရေလှောင်တမံတွင် သူများငါးမျှားသည်ကိုမြင်ဖူးသည်။ နေ့တဝက်နှင့်ပေါ်မလာချေ။ အခုသူပစ်ချလိုက်တာ ဘယ်လောက်မှမရှိသေးဘူးမလား?
ဒါအဆင့် ၂ ငါးမျှားတံနှင့်ငါးစာကြောင့်ပဲဖြစ်ရမည်။
ထိုစိတ်နှင့် ငါးစာထပ်တပ်လိုက်ပြီး ငါးမျှားတံကို နောက်တစ်နေရာချလိုက်သည်။
ခဏအကြာ ချန်ရှန်းဖေလည်းငါးစာတပ်ပြီး၍ ငါးမျှားတံကိုပစ်လိုက်၏။
ချင်လင်ကလွယ်လွယ်နှင့်တစ်ကောင်ဖမ်းမိသည်ကိုမြင်၍ အမဲလိုက်ခြင်းနည်းကိုလက်လျှော့လိုက်သည်။ ဒီရေလှောင်တမံထဲမှာ ငါးအများကြီးရှိရမည်။
ချင်လင်၏ပုံးထဲမှ တီလားဗီးယားငါးကိုကြည့်ရင်း သူကပြုံး၍_ ''သူဌေးချင်... ခင်ဗျားဒီနေ့ကံကောင်းတဲ့ပုံပဲ... ဒီတစ်ခါဘယ်သူ့ငါးစာကိုအရင်လာဟပ်မလဲပြိုင်ရအောင်''
သူပြောပြီးပြီးချင်း ချင်လင်၏ငါးမျှားတံမှာ ကြမ်းကြမ်းရမ်းရမ်းလှုပ်လာပြန်သည်။
နောက်ထပ်ငါးတစ်ကောင်ငါးစာမိပြန်ပြီ။
''???'' ချန်ရှန်းဖေက ပါးစပ်အဟောင်းသားနှင့် တဖြည်းဖြည်းရှက်သွားပုံရ၏။
ချင်လင်ကကြိုးကိုရစ်ပြီး ငါးကိုထပ်ဖြုတ်လိုက်ကာ_ ''လူကြီးမင်းချန်... ဘာပြောလိုက်တာလဲ?''
''ဘာမှမဟုတ်ဘူး!'' ချန်ရှန်းဖေက မေ့ချင်ယောင်ဆောင်လိုက်၏။
''အိုး!'' ချင်လင်က သူ့အတွေးကိုအတည်ပြုရင်း ငါးကိုပုံးထဲထည့်လိုက်သည်။
ဒါလုံးဝ ငါးမျှားတံနဲ့ငါးစာရဲ့အရည်အသွေးပဲ။
တစ်နည်းဆိုရလျှင် ဂိမ်းထဲကအသုံးအဆောင်တွေကလည်း ဖရဲသီးတွေ၊ငါးတွေလို အရည်အသွေးကိုထိန်းထားတယ်ပေါ့။
ချင်လင်ကငါးစာထပ်တပ်၍ ပစ်လိုက်သည်။
သည်တစ်ကြိမ်တွင်မူ တော်တော်နှင့် ငါးစာကိုလာမဟပ်ကြ။
ရေလှောင်တမံမှာကြီးလွန်း၍ နေရာအားလုံးငါးမရှိနိုင်။ သူတို့နားငါးလာခြင်းမှာ ငါးစာ၏ဆွဲဆောင်မှုကြောင့်သာဖြစ်သည်။
ထို့ကြောင့်ပင် လူများက လူစု၍ငါးမျှားချင်ကြခြင်းဖြစ်ပေမည်။
ချင်လင်က ငါးမျှားတံပြန်ရုတ်လိုက်၏။ သည်တစ်ကြိမ်တွင် ဘာမှမပါလာ။ သူကငါးစာပြန်တပ်ပြီး နောက်တစ်နေရာပစ်လိုက်သည်။
ချန်ရှန်းဖေက ငါးစာချထားပြီဖြစ်သည်။ ချင်လင်ကိုမြင်သောအခါ အလွတ်ဖြစ်မည်ဟုသာ ခံစားလိုက်ရသည်။ ပထမနှစ်ကြိမ်က အင်မတန်ကံကောင်းသွား၍သာဖြစ်ရမည်။
သူကဆရာတစ်ဆူမဟုတ်သေးသော်လည်း ငါးမျှားရာတွင်ဆရာကျသည်။ သူငါးတစ်ကောင်မှမဖမ်းနိုင်ရင် နောင်ဘယ်လိုလုပ်ပြီး သူ့ကိုယ်သူဆရာကျတယ်လို့ပြောရဲပါဦးမလဲ?
ချန်ရှန်းဖေထိုသို့တွေးနေစဉ် ချင်လင်၏ငါးမျှားတံမှာ ပြင်းပြင်းထန်ထန်လှုပ်လာသည်ကိုမြင်လိုက်ရ၏။
??? ချန်ရှန်းဖေ။
ချင်လင်ကကြိုးရစ်ပြီး ငါးကိုဆွဲလိုက်သည်။
ဒီတစ်ခါတော့ ငါးခူကြီး။
ငါးကိုပုံးထဲထည့်ပြီးနောက် သူကငါးစာထပ်တပ်ပြီး နောက်တစ်နေရာပစ်လိုက်သည်။
အခုတော့ ငါးမျှားနှုန်းမှာ ငါးမျှားတံ၊ငါးစာနှင့်မဆိုင်တော့။ သူရွေးတဲ့နေရာပေါ်မူတည်ပြီး ငါးရှိသောနေရာဖြစ်လျှင် ငါးမျှားတံနှင့်ငါးစာ၏ဂိမ်းအရည်အသွေးကြောင့် သေချာပေါက်ငါးစာလာဟပ်ပေမည်။
ချင်လင်က ဒီတစ်ခါအလွန်ကံကောင်းနေပုံရသည်။ ငါးစာချပြီးမကြာမီ ငါးမျှားတံမှာကြမ်းကြမ်းရမ်းရမ်းလှုပ်လာပြန်၏။
နောက်ပြီး ဒီတစ်ကြိမ်အလွန်အားစိုက်ရမည့်ပုံလည်းရှိသည်။
''...'' ချန်ရှန်းဖေက ထိုမြင်ကွင်းကိုကြည့်ပြီးနောက် သူ့လက်ထဲကငါးမျှားတံကိုကြည့်လိုက်မိသည်။
ဘာကွာလို့လဲ?
သူကဒီကို ငါးလာမျှားတာလေ။ သူဌေးချင်က ဒီကကုန်သယ်ဖို့လာတာများလား!