← Chapters

ကောင်းကင် အင်ပါယာ ချီနည်းလမ်း

Vol. 65 Ch. 897

ကောင်းကင် အင်ပါယာ ချီနည်းလမ်း

Vol. 65 Ch. 897

“ဘာ... ငါ့အတွက် ဟုတ်လား...”

ဝူယုက နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။ အင်ပါယာ ကလန်က အဘယ်ကြောင့် သူ့အတွက် လာတာ ဖြစ်ရသနည်း။ သူတို့က သူ ဤနေရာ၌ ရှိနေတာကိုပင် သိ၍လော။ အမှန်တကယ် ဆိုလျှင်... သူတို့ ရောက်ပြီးပြီးချင် စက္ကန့်ပိုင်း အတွင်းမှာပင် ဟန်ယုဟိုင်မှာ နယ်မြေတစ်ခုလုံးကို ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။

“ခင်ဗျား မသိဘူးလား...”

ဟန်ယုဟိုင်က ဝူယုကို အချိန် အကြာကြီး စိုက်ကြည့်လိုက်၏။

“ဘာကို သိရမှာလဲ...”

ဟန်ယုဟိုင်၏ အမူအရာက မယုံကြည်နိုင်သည့်ပုံ ပေါ်လာခဲ့၏။

“ခင်ဗျား တကယ်ပဲ မသိတာလား... အတည်ကြီး ပြောနေတာလား...”

ဝူယုက ပြန်မဖြေချေ။ ဟန်ယုဟိုင်၏ နှုတ်ခမ်းထက်၌ ရွှင်မြူးသည့် အပြုံးတစ်ခု ဖြည်းညင်းစွာ နေရာယူ လာခဲ့၏။

“ခင်ဗျား တကယ် မသိတာပဲ...”

“…”

“ဟား ဟား... ပျော်စရာတော့ ကောင်းနေပြီ”

ဟန်ယုဟိုင်က ရယ်မောလိုက်သည်။ သူ၏ မျက်လုံးများထဲမှ ကျေနပ် အားရမှုများမှာ ပိုမို၍ ထင်ရှား လာနေခဲ့၏။

“ယုကလေး... ကောင်းကောင်းပြောစမ်းပါ... သူတို့က ဘာလို့ ဝူယုဆီကို လာရတာလဲ...”

ဝေ့ဝူယင်က ကြားထဲမှ စိတ်မရှည်ဟန်ဖြင့် မေးလိုက်၏။

ဟန်ယုဟိုင်က ရယ်မောတာကို ရပ်လိုက်ရင်း မျက်ခုံးကို ပင့်လိုက်သည်။ ထို့နောက် သူက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ကာ ဝေ့ဝူယင်ကို လှည့်လိုက်၏။

“သူ ကျင့်ကြံထားတဲ့ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းက ထျန်းမျိုးနွယ်ရဲ့ အဆုံးမဲ့ ကောင်းကင် ကျမ်းစာထဲက ကျင့်ကြံခြင်း နည်းလမ်းနဲ့ ဆင်တယ်... ဒီတော့ သူတို့က ဝူယုကို ခြိမ်း‌ခြောက်နိုင်တဲ့ ဖြစ်တည်မှု တစ်ခုလို့ ယူဆလိုက်ပုံပဲ”

“အဆုံးမဲ့ ကောင်းကင် ကျမ်းစာ...”

ဝူယုမှာ အံ့သြသွားခဲ့၏။ ထာဝရ သူရဲကောင်း တစ်ယောက်က သူ့ကို အင်ပါယာ မျိုးနွယ်နှင့် ဆက်စပ်မှု ရှိ မရှိ မေးခဲ့ဖူးတာကို ပြန်လည် အမှတ်ရလိုက်မိသည်။ ထိုစဉ်အခါတုန်းက ဘာမှ အဓိပ္ပာယ် မရှိသည့် အရာများ ဟု သူ ယူဆခဲ့သည်။ သို့သော်လည်း...

ဝူယု တွေးတောနေစဉ်မှာပင် ဟန်ယုဟိုင်က ဆက်ပြောလိုက်၏။

“ခင်ဗျားတို့ရဲ့ နည်းလမ်း နှစ်ခုက ဆင်နေရုံတင် မကဘူး... တစ်ခါတုန်းက ထာဝရ ဧကရာဇ်က အဂ္ဂိရတ် ထုတ်ကုန် အသစ် တစ်ခု ဖန်တီးဖို့ အတွက် အဲဒီ အဆုံးမဲ့ ကောင်းကင် ကျမ်းစာကို စျေးကြီးကြီးပေးပြီး လေ့လာဖူးခဲ့သေးတယ်... နောက်ပိုင်းမှာ သူ ဝမ်းကွဲအကိုကို ပြန်ပြီး ပြောပြခဲ့တာ ရှိတယ်... အဲဒီ အဆုံးမဲ့ ကောင်းကင် နည်းလမ်းက ခင်ဗျားရဲ့ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းနဲ့ ယှဉ်ရင် မှေးမှိန်ရုံလောက်တင် မကဘူး... လုံးဝကို အမှိုက်ပဲ တဲ့... လွှင့်တောင်ပစ်သင့်တယ် တဲ့”

“...”

ဝေ့ဝူယင်နှင့် ဝူယုတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ ထိုအခိုက်၌ တစ်ယောက် မျက်လုံးထဲက အံ့သြ ထိတ်လန့်မှု တစ်ယောက် ရှင်းလင်းစွာပင် တွေ့မြင်နိုင်ပေသည်။

လွှင့်ပစ်သင့်သည့် အမှိုက်...

ထိုစကားလုံးများကို ထာဝရ ဧကရာဇ်က တကယ် ပြောခဲ့သည်လော။ ဟန်ယုဟိုင်ကို ယုံကြည်၍ ရနိုင်ပါမည်လော။

အင်ပါယာ ကောင်းကင်ချီ နည်းလမ်းက အလွန်ပင် ထူးချွန် ပြောင်မြောက်သည်ဟု ဝေ့ဝူယင် ကိုယ်တိုင်လည်း တွေးခဲ့ဖူးပေသည်။ ဝူပိုင်ကျိုး အတွက် ထုတ်ကုန် အချို့ ဖန်တီးရန် သူ ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း... အင်ပါယာ ကောင်းကင် အမတေ လိုအပ်ချက်ကြောင့် ကန်သတ်သတ်ချက် အလွန်အမင်း များပြား‌ကြောင်း သူ တွေ့ရှိခဲ့ရသည်။

အင်ပါယာ ကောင်းကင် အမတေမှာ သွေးမျိုးဆက်နှင့် ဆက်သွယ်နေသည့် အမတေ အမျိုးအစားတစ်ခု ဖြစ်သည်။ ဝူပိုင်ကျိုးနှင့် ဝူယုတို့မှာ ထိုအမတေကို မွေးရာပါ ပိုင်ဆိုင်ထားသူများ ဖြစ်သည်။ ထိုသွေးမျိုးဆက် မရှိပဲ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ကျင့်ကြံရန် မဖြစ်နိုင်ချေ။ ထို့ကြောင့်ပင် တစ်ချိန်တစ်ခါက ဝူယုမှာ လုံချန်ကို ဝူပိုင်ကျိုးနှင့် သွေးသား စပ်ယှက်စေရန် ကြံစည်ကာ ထိုနည်းလမ်းအား ကျင့်ကြံနိုင်ဖို့ ကူညီ ပေးခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင် ကိုယ်တိုင်ပင်လျှင် အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ကျင့်ကြံဖို့ ကြံစည်ခဲ့ဖူးသည်။ သို့သော်လည်း... ထိုနည်းလမ်းအား ကျင့်ကြံပါက အစစ်အမှန် နဂါး သွေးမျိုးဆက်ကို ဖျက်ဆီး ပစ်ရမည် ဖြစ်လေရာ အကြံအစည်ကို လက်လျှော့ခဲ့ရသည်။ ထို့အစား သူက အင်ပါယာ ကောင်းကင်ချီ နည်းလမ်းအား ကျင့်ကြံနိုင်မည့် လက်အောက်ငယ်သား တစ်ယောက်ကို လက်သပ် မွေးမြူရန်သာ ပြောင်းလဲ စီစဉ် ခဲ့ရသည်။

“အဲဒါက ဟုတ်ရောဟုတ်ပါ့မလားကွ...”

ဝူယုက မေးလိုက်၏။ ဝေ့ဝူယင်ကတော့ ငြိမ်သက်စွာပင် ဖြစ်နိုင်ချေများကို တွက်ချက် နေခဲ့သည်။ ကျင့်စဉ်များနှင့် ပတ်သက်လျှင် အဂ္ဂိရတ် ပညာရှင်များ၏ အမြင်က အမြဲတမ်း တိကျသည်။ အကယ်၍ ထာဝရ ဧကရာဇ်ကသာ ထိုကဲ့သို့ ပြောခဲ့သည် ဆိုလျှင် ထိုအရာက အမှန်တရား ဖြစ်ပေလိမ့်မည်။

သူ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဉ်နှင့် စိတ်ထဲမှ နှိုင်းယှဉ်လိုက်မိ၏။ မကြာသေးခင်ကပင် သူ ထိုကျင့်စဉ်၏ စတုတ္ထမြောက် မျက်လုံးကို ကျင့်ကြံခဲ့ပြီး ၎င်းနှင့် ဆက်စပ်နေသည့် အခြား ကျင့်စဉ်များလည်း ရှိနိုင်သေးကြောင်း သိရှိလာခဲ့ရသည်။

‘ဆင့်ပွား နည်းလမ်း တစ်ခုများလား...

မီးတောက်ကိုးခု ထာဝရ ဝိညာဉ် နည်းလမ်းကို ဝေ့ဝူယင် ပြန်လည် စဉ်းစားလိုက်မိ၏။ ထိုအရာက ဖန်တီးခြင်း မျက်လုံးနှင့် မသေမျိုး မျက်လုံးမှ ခွဲထွက်ထားသည့် အစီအရင် တစ်ခု ဖြစ်သည်။ မျက်လုံး အစီအရင် နှစ်ခုကို ရောနှောကာ ကျင့်ကြံရ ပိုမို လွယ်ကူသည့် ပုံစံ အဖြစ် ခွဲထွက်ထားခြင်း ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် ကျမ်းသာမှာ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းမှ ထိုကဲ့သို့ ဆင့်ပွားထားသည့် နည်းလမ်းတစ်ခု ဖြစ်နေသည်လား။

ဟန်ယုဟိုင်မှာ ဝူယု၏ မေးခွန်းကို ဖြေနိုင်ခြင်း မရှိပါချေ။ ဝမ်းကွဲ အကို၏ စကားကိုသာ သူက ပြန်ပြောခြင်း ဖြစ်သည်။ သူက ပင့်သက်တစ်ချက်ကိုသာ ရှိုက်လိုက်၏။

“ထျန်းမျိုးနွယ်ကို ကျုပ်တို့လည်း တားနိုင်မှာ မဟုတ်ဘူး... ပြီးတော့ သူတို့က လျှို့ဝှက် ကျိန်စာရဲ့ အားနည်းချက်ကို နင်းပြီး လာတာ... ဒါပေမဲ့ ခင်ဗျား အတွက် ကံကောင်းတာက နယ်မြေ ချိပ်ပိတ်ခြင်း ဝင်္ကပါက ကျုပ်တို့ လက်ထဲမှာ မဟုတ်ပဲ ခင်ဗျားလက်ထဲ ရောက်နေတာပဲ... အတားအဆီးကို ဖွင့်မပေးရင် သူတို့ အတင်း ဝင်လာရဲမယ် မထင်ဘူး... ကျိန်စာမှာ အခြား အခြေအနေတွေလည်း ရှိသေးတယ်လေ”

“အစီအရင်က ဝူယုလက်ထဲကို ရောက်နေတယ် ဆိုတာ သူတို့ မသိလောက်ဘူးပေါ့...”

ဝေ့ဝူယင်က မေးလိုက်၏။ တစ်ချိန်တည်း၌ သူက ဝမ်မင်ယာ၏ ခေါင်းကို သူ့ရင်ခွင်တွင် မှီစေကာ သက်တောင့်သက်သာ ရှိ‌အောင် ပြင်ပေးလိုက်သည်။ အသက်အင်အားများကို အလွန်အကျွံ အသုံးပြုပြီး နောက်တွင် သူမမှာ အလွန် အားနည်းနေသေးဆဲ ဖြစ်သည်။ လက်ရှိ၌ သူမက အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေ၌ ရှိနေပေသည်။

“တကယ်လို့ သိရင် ခုချိန်ဆို သူတို့ ဝင်နေလောက်ပြီပေါ့...”

ဟန်ယုဟိုင်က ပြောရင်း ကောင်းကင်ကို မော့ကြည့်လိုက်၏။

“သူတို့က ဒြပ်စင်နယ်မြေကို ဝန်းရံပြီး နောက်ထပ် ဝင်္ကပါ အလွှာတစ်ခုနဲ့ ချိပ်ပိတ်နေတယ်... ခင်ဗျား ဒီမှာ ရှိတာ သူတို့ သိတာတော့ ကျိန်းသေတယ်”

“...”

ဝူယုက ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ ထာဝရ ဧကရာဇ်က ပြောခဲ့တာ အမှန် ဆိုလျှင်ပင်... အင်ပါယာ ကောင်းကင်ချီ နည်းလမ်းမှာ နှစ်ထောင်ပေါင်းများစွာတိုင် မပြောင်းမလဲ တည်ရှိနေခြင်း ဖြစ်သည်။ ကျင့်ကြံခြင်း နည်းလမ်း တစ်ခု နှစ်ပေါင်း ထောင်ချီ မပြောင်းမလဲ ရှိနေဖို့ ခက်ခဲလှသည်။

ထာဝရ ဧကရာဇ်မှာ ထိုစကားကို လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ပြောခဲ့ခြင်းဖြစ်သည်။ ယနေ့ မဟုတ်ချေ။ နှစ်ပေါင်းထောင်ချီ ဆိုသည့် အချိန်ကာလက ကျင့်ကြံခြင်း နည်းလမ်း တစ်ခုကို တိုးတက်အောင် များစွာ ကြိုးစားနိင်သည့် အချိန် ဖြစ်သည်။ အထူးသဖြင့် အင်ပါယာ မျိုးနွယ်လို အင်အားစုကြီး အတွက် ဆိုလျှင် ပိုပြီးတော့ပင် ဖြစ်နိုင်ချေ ရှိသေးသည်။

သို့သော်လည်း... သူ၏ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းမှာ မိဘများ အမွေပေးထားခဲ့သည့် အတိုင်း အတိအကျပင် ရှိနေသေးဆဲ ဖြစ်သည်။ ထိုအရာကို ပြုပြင်ရန် သူ အချိန် အနည်းငယ်ပင် မပေးခဲ့ရသေးချေ။ အင်ပါယာ ကောင်းကင်ချီ နည်းလမ်း၏ မဟာ အသွင်ပြောင်းခြင်းမှာ တတိယ အဆင့်တွင် အဆုံးသတ် သွားသည်။

ထို့အပြင် မြေကြီးရှန့်ထို အဆင့်များ အသုံးပြုနိုင်သည့် မည်သည့် အစီအရင်၊ နည်းလမ်းများမှလည်း မပါဝင်ချေ။ လျှို့ဝှက် သင်္ကေတ ကိုးခုကို အသုံးပြုပုံ ပြုနည်းများကိုပင် သူ မတွေ့ရချေ။ ယုတ်စွအဆုံး အတွင်းပိုင်း လောကတစ်ခု ဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် တစ်စွန်းတစ်စပင် မပါဝင်ချေ။

ထို့အပြင် ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ပြောရလျှင်လည်း အင်ပါယာ ကောင်းကင်ချီ နည်းလမ်းမှာ အခြေခံ တည်ဆောက်ခြင်း အဆင့်၊ ချီပျစ်ခဲခြင်း အဆင့်၊ ကြယ်တာရာ အမြုတေ အဆင့်တို့ အကြောင်းများကိုသာ ရှင်းပြထားပေသည်။ ၎င်း၏ အကန့်အသတ်ကို ပိုမို၍ ထင်ရှားစေသည့် အရာက ကျမ်းစာတစ်ခုလုံးကို သေမျိုးတို့၏ ဘာသာစကားဖြင့် ရေးသားထားခြင်းသာ ဖြစ်သည်။ လျှို့ဝှက် ဘာသာစကား တစ်စွန်းတစ်စပင် မပါဝင်ချေ။ သွေးမူလ နည်းလမ်းမှာ ရှင်းလင်းစွာပင် ပိုမို မြင့်မားသည့် အဆင့်တစ်ခု၌ ရှိပေသည်။

အခြားတစ်ဖက်၌ ဝေ့ဝူယင်မှာ မျက်မှောင်ကြုတ် နေ၏။ ဤသည်က အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် အခြေအနေ တစ်ခု ဖြစ်ကြောင်း ယူဆ၍ ရသည်။ အင်ပါယာ မျိုးနွယ်မှာ ဝူယု၏ နောက်ကို လိုက်နေပြီ ဖြစ်ရာ ထိုအရာက သူ့အခြေခံ ခွန်အားကို ခြိမ်းခြောက်နေခြင်းပင် ဖြစ်သည်။ သို့သော်လည်း... ထိုမျှလောက်နှင့် အင်ပါယာ မျိုးနွယ်က ဝူယုကို ကျိန်းသေ အန္တရာယ်ပေးရန် ကြံရွယ်နေသည်ဟုတော့ သူ တစ်ထစ်ချ ယူဆ မထားပါချေ။

“အင်ပါယာ ကောင်းကင်ချီ နည်းလမ်းက ခင်ဗျား အတွက် ဘယ်လောက် အရေးပါလဲ...”

ဝေ့ဝူယင် တိုက်ရိုက်ပင် မေးလိုက်၏။ ဟန်ယုဟိုင်က အံ့အားသင့်သွားကာ ဝေ့ဝူယင်ကို ကြည့်လိုက်၏။

“သူတို့ကို ပေးလိုက်မလို့လား...”

ထိုအရာက ဝူယု ဟူသော နာမည်နှင့် ခေတ်တစ်ခေတ်ကို ဖြစ်ပေါ်စေခဲ့သည့် ကျင့်ကြံခြင်း နည်းလမ်းပင် ဖြစ်သည်။ ထာဝရ ဧကရာဇ် အရေးထားခံရသည့် ပုဂ္ဂိုလ်တိုင်း ဝူယုရှေ့၌ ခေါင်းငုံ့ခဲ့ရသည်ချည်း ဖြစ်သည်။ ကြောက်ဖို့ကောင်းသည့် ထိုမိန်းမမှ လွဲ၍...။

သူမ အကြောင်း ပြန်လည် တွေးမိသည်နှင့် ဟန်ယုဟိုင်၏ ခန္ဓာကိုယ်က သေမျိုးတစ်ယောက်လို အနည်းငယ် တုန်ရီသွားခဲ့သည်။

ဝူယုမှာ အချိန် ကြာမြင့်စွာ တိတ်ဆိတ်နေ၏။

“သခင်လေး အမြင်ကရော...”

သူက ကိုယ်တိုင် သုံးသပ်ချက် မထုတ်နိုင်လေရာ ဝေ့ဝူယင်ကို ပြန်မေးလိုက်၏။ အမှန်အတိုင်း ဝန်ခံရပါက မဟာ ဧကရာဇ် ဝူယု ဆိုသည့် လူတစ်ယောက် ဖြစ်လာစေခဲ့သည့် ထိုကျင့်စဉ်ကို သူ တန်ဖိုးထားပေသည်။ ၎င်းကို အင်ပါယာ မျိုးနွယ်ထံ ပေးပစ်လိုက်ရမည် ဆိုရင် သူ ကျိန်းသေ စိတ်ပျက်မိလိမ့်မည် ဖြစ်သည်။ အင်ပါယာ ကောင်းကင်ချီ နည်းလမ်း အတွက် တိုက်ခိုက်ရမည် ဆိုလျှင် သူ အသေခံရဲသည်။

သို့သော်လည်း... သူက အကြောမခံတတ်သည့် ဝင့်ကြွားကြွား လူငယ်လေး မဟုတ်တော့ချေ။ အတွေ့အကြုံ ရင့်ကျက်သည့် မြေခွေးအိုကြီး တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လက်ရှိ၌ သူက အာရုဏ်ဦး ဧကရာဇ်၏ မဟာ စစ်သည်တော် ဖြစ်သည်။ ဝေ့ဝူယင်၏ အလိုဆန္ဒ အတိုင်း လိုက်နာရန် သူ ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

အင်ပါယာ ကောင်းကင်ချီ နည်းလမ်းက သူ့အတွက် အရေးကြီးသည် ဆိုလျှင် ဝေ့ဝူယင်က ပိုမို၍ပင် အရေးကြီးသေးသည်။ ထိုလူငယ်လေးမှာ သူ့ဘဝ တစ်သက်တာလုံး စိတ်ကူး မယဉ်ခဲ့ဖူးသည့် နေရာများကို ခေါ်ဆောင်သွားနိုင်သည့် နဂါးတစ်ကောင် ဖြစ်သည်။

ဝေ့ဝူယင်မှာ ဝူယု အဘယ်ကြောင့် ထိုမေးခွန်းအား မေးရသည်ကို နားလည်၏။ စစ်မြေပြင်မှ ပစ္စည်းကောင်းများစွာကို ရရှိလာပြီး နောက်တွင် အင်ပါယာ ကောင်းကင်ချီ နည်းလမ်းမှာလည်း အမှိုက်တစ်စ သာသာဟု သူ ခံစားရသည်။ အလားအလာချင်း နှိုင်းယှဉ်လျှင် ၎င်းမှာ အာရုံခွင်း ဓားအလင်း ကျင့်စဉ်ထက်တော့ အနည်းငယ် ပိုမို မြင့်မားသလို သူ ခံစားရသည်။ အာဏာခွင်း ဓားအလင်း ကျင့်စဉ်မှာ အာရုံခွင်း ရုပ်ခန္ဓာကို ကျင့်ကြံသည့် နည်းလမ်း တစ်ခု ဖြစ်ကာ သင်္ကေတ မျိုးစေ့ ခြောက်ခုကို အောင်မြင်အောင် ကူညီပေးနိုင်သည်ဟု ဆိုသည်။

သို့သော်လည်း စစ်ဝိညာဥ် အောင်မြင်ခြင်း လောက နည်းလမ်းနှင့် နှိုင်းယှဉ်လျှင်တော့ လုံးဝ မှေးမှိန် သွားလိမ့်မည် ဖြစ်သည်။ စစ်ဝိညာဥ် အောင်မြင်ခြင်း လောကနည်းလမ်းမှာ မြေကြီးအဆင့် အထွတ်အထိပ် နည်းလမ်း တစ်ခု ဖြစ်ကာ စစ်ဝိညာဥ်ကို သန့်စင်၍ ပြိုင်စံရှား စစ်လောက ရုပ်ခန္ဓာ တစ်ခုကို တည်ဆောက် ပေးနိုင်သည်။ ၎င်းက အင်ပါယာ ကောင်းကင်ချီ နည်းလမ်းထက် အဆပေါင်းများစွာ ပိုမို သန်မာပုံ ပေါ်သည်။ ထို့အပြင် ၎င်းတွင် အင်ပါယာ ကောင်းကင် နည်းလမ်းလိုပင် အမျိုးမျိုးသော အသွင်ပြောင်းခြင်း အဆင့်များ အဆင့်များ ပါဝင်ပေသည်။

ဟင်းလင်းပြင် လက်စွပ် အတွင်း၌ အခြား ကောင်းကင် အဆင့် နည်းလမ်း နှစ်ခု အကြောင်း ဆက်လက် တွေးမိချိန်တွင်တော့ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းမှာ အမှန်တကယ်ပင် အမှိုက်တစ်စ ဆန်သလို သူ ခံစားလာခဲ့ရလေ၏။

“ကျုပ် အမြင်ပြောရရင် ခင်ဗျားရဲ့ နည်းလမ်းက အတော်လေးကို အားနည်းတယ်”

ဝေ့ဝူယင် ရိုးရိုးသားသားပင် အဖြေပေးလိုက်တော့၏။

***

All Chapters