ကောင်းကင် အင်ပါယာ ချီနည်းလမ်း(၂)
Vol. 65 Ch. 898
“ကျုပ် အမြင်ပြောရရင် ခင်ဗျားရဲ့ နည်းလမ်းက အတော်လေးကို အားနည်းတယ်”
ဝေ့ဝူယင်က ဆိုလိုက်၏။ ဝူယုကလည်း ထပ်တူ ခံစားရဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သွေးမူလ နည်းလမ်း ကဲ့သို့ ကျင့်ကြံခြင်း နည်းလမ်း တစ်ခုကို ကျင့်ကြံပြီးနောက်တွင် အင်ပါယာ ကောင်းကင်ချီ နည်းလမ်းက အတော်လေး အခြေခံ ဆန်သယောင် သူ ခံစားလာရသည်။
“အားနည်းတယ်...”
ဟန်ယုဟိုင်မှာ ဆွံ့အ သွား၏။ ထိုအရာက ဝူယုကို မဟာ ဧကရာဇ် ဖြစ်လာစေခဲ့သည့် နည်းလမ်း မဟုတ်လော။ အဆုံးမဲ့ ကောင်းကင် ကျမ်းစာကိုပင် အမှိုက်အစ အဖြစ် နှိုင်းယှဉ် သုံးသပ်ခဲ့ရသည့် နည်းလမ်း မဟုတ်လော။ သူ ကိုယ်တိုင်ပင်လျှင် ငယ်စဉ်ကတည်းက အင်ပါယာ ကောင်းကင်ချီ နည်းလမ်းအား ပိုင်ဆိုင်ခွင့် ရရှိရန် စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့တိုင်အောင် ဝေ့ဝူယင်က အတော်လေး အားနည်းသည်ဟု သုံးသပ် နေခဲ့သည်။ ထိုစကားလုံးများမှာ သေမျိုးတစ်ယောက်၏ နှုတ်မှ ထွက်လာတာပင် ဟုတ်ပါ၍လော။
“ဒါပေမဲ့ အကုန်လုံးကို ခြုံငုံပြောလို့တော့ မရသေးဘူးဗျ...”
ဝေ့ဝူယင်က ဆက်ပြောလိုက်၏။
“အကုန်လုံး...”
ဝူယုမှာ ထိုအသုံးအနှုန်းကြောင့် အံ့အားသင့်သွားခဲ့သည်။
ဝေ့ဝူယင်က ခေါင်းညိတ်ရင်း ရှင်းပြလိုက်သည်။
“အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို လျှို့ဝှက် ဘာသာစကားနဲ့ ရေးမထားဘူး... ဒီတော့ လျှို့ဝှက် တာအိုပါတဲ့ နောက်ထပ် အပိုင်းတစ်ခု ရှိနိုင်သေးတယ်”
မြေကြီးအဆင့် ကျင့်စဉ်များမှာ ကောင်းကင်အဆင့် ကျင့်စဉ်များ၏ အဆင့်နိမ့် ပုံစံများဖြစ်မည်လား သူ အမြဲတွေးခဲ့ဖူးသည်။ ကံမကောင်းစွာပင် သူ လျှို့ဝှက် ဘာသာစကားကို မဖတ်နိုင်ခဲ့ချေ။
“အဲဒီလို ဖြစ်နိုင်တယ်...”
ဝူယုသည်လည်း အလားတူပင် နောက်ထပ် အပိုင်းတစ်ခု ရှိနိုင်သေးသည်ဟု တွေးမိပေသည်။ အင်ပါယာ ကောင်းကင်ချီ နည်းလမ်း၏ အထွတ်အထိပ်ကို ရောက်ရှိပြီးနောက်တွင် သူ၏ ရည်ရွယ်ချက်က ကိုယ်ပိုင် ထိုးထွင်း သိမြင်မှုများနှင့် အတွေ့အကြုံများကို အခြေပြုပြီးကာ နောက်ထပ် အဆင့်မြင့် ပုံစံ တစ်မျိုးကို တီထွင်ရန် ဖြစ်သည်။ ၎င်းကို လျှို့ဝှက် ဘာသာစကားဖြင့် ရေးရမည် ဖြစ်သည်။ မဟုတ်လျှင် ၎င်း၏ လေးနက်မှုမျိုး ပျောက်ဆုံးသွားနိုင်ပေသည်။
“ဆိုတော့ကာ ကျုပ်တို့ လိုရင်းကို သွားလိုက်တာပေါ့... အင်ပါယာ မျိုးနွယ်က ခင်ဗျားကို ထိခိုက်အောင် လုပ်ဖို့ မရည်ရွယ်သမျှ ကျုပ်တို့ ပဋိပက္ခ မဖြစ်အောင် ရှောင်ကြမယ်”
ဝေ့ဝူယင်က ဆုံးဖြတ်လိုက်၏။ ထို့နောက် သူက ဝူယုကို အဓိပ္ပာယ် ပါသည့် မျက်ဝန်းများနှင့် ကြည့်လိုက်၏။
“ဒါပေမဲ့ ပြုသမျှ နုခံမယ့် ပုံစံမျိုးကိုတော့ ကျုပ် မကြိုက်ဘူး”
ဝူယုက ပြုံးလိုက်သည်။ ထို့နောက် သူက နားလည် သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ရွှစ်...
ဝေ့ဝူယင် လေချွန်လိုက်၏။
ဂီး...
မောက်မာ ဝံ့ကြွားသည့် အော်ဟစ်သံက ချက်ချင်း လက်ငင်းပင် တုန့်ပြန်လာ၏။ ပိုင်လင်မှာ အရှိန်အဟုန်နှင့် ကောင်းကင်မှ ဆင်းသက်လာသည်။ သူ၏ လည်ပင်း အရင်းနားတွင်တော့ ငွေရောင် ဆံပင်များနှင့် မိန်းကလေး တစ်ယောက်မှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း စီးနင်းလာ၏။ သူမ၏ မျက်နှာက အနည်းငယ် နီမြန်းနေသော်လည်း ပြိုင်စံရှား လှပမှုကို ပေါ်လွင်စေသည်။
ဟူး...ဟူး...
တစ်စက္ကန့်မျှ အတွင်းမှာပင် ပိုင်လင်မှာ မြေပြင်ပေါ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဟန်ယုဟိုင်က မီးဖီးနစ်ကို ကြည့်လိုက်၏။ သူက မထိန်းချုပ်နိုင်ပဲ မေးလိုက်လေသည်။
“အဲဒီတုန်းက မြေကြီးရှန့်ထိုရော... ထန်မျိုးနွယ်ကို အကြီးအကျယ် ရှုံးနိမ့်စေခဲ့တဲ့ တစ်ယောက်လေ”
ဟန်ယုဟိုင်မှာ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်ကို မေးလိုက်ခြင်း ဖြစ်သည်။ ထိုအရာက လူတိုင်း သိချင် နေကြသည့် မေးခွန်းလည်းဖြစ်ပေသည်။ ဝေ့ဝူယင်က ပြုံးလိုက်၏။
“သူ အဆင်သင့် ရှိနေပါတယ်”
ထို့နောက် သူက ဝမ်မင်ယာကို ဂရုတစိုက် ကိုင်ရင်း ပိုင်လင်ပေါ် ခုန်တက်လိုက်သည်။ သူ ဝမ်မင်ယာကို အခြားလူ တစ်ယောက်လက်ထဲ မအပ်ထားချင်ပေ။ သူမက သူ့လက်ထဲတွင်သာ အလုံခြုံဆုံး ဘေးအကင်းဆုံးဖြစ်ပေလိမ့်မည် ဖြစ်သည်။
ဝူယုကလည်း စွမ်းအားကို အနည်းငယ် ထုတ်ဖော်ကာ ပျံတက်လိုက်၏။ ပိုင်လင်ကလည်း အတောင်ပံများကို ပြင်းထန်စွာ ခတ်ကာ အပေါ်သို့ တည့်တည့် ပျံသန်းလိုက်သည်။ လျှင်လျှင်မြန်မြန်ပင် သူမ၏ ခန္ဓာကိုယ်က စတင် အသွင်ပြောင်းလာကာ ရွှေသွေးရောင် မီးတောက်များမှာ ဝန်းရံလာ၏။ စီတ၊ ဝမ်မင်ယာနှင့် ဝေ့ဝူယင်တို့မှာ ထိုမီးတောက်များထံမှ နွေးထွေးမှု၊ အန္တရာယ် ကင်းမှု၊ အသက်ဓာတ် ပြည့်ဝမှုတို့ကို ခံစားလိုက်ကြရသည်။ လေထု အလွှာများကို ချိုးဖောက် ပြီးချိန်၌ ပိုင်လင်မှာ အပြည့်အဝ အသွင်ပြောင်းပြီး ဖြစ်ကာ အမှောင် ဟင်းလင်းပြင်ထဲကို ထိုးဖောက် ဝင်ရောက်ခဲ့ပြီး ဖြစ်ပေတော့သည်။
သူမ၏ မီတာပေါင်း နှစ်သောင်းနှစ်ထောင် ကြီးမားသော ခန္ဓာကိုယ်ကြီးကို နယ်မြေ ချိပ်ပိတ်ခြင်း ဝင်္ကပါ အပြင်ဘက်မှပင် လှမ်း၍ မြင်နိုင်ခဲ့လေ၏။
ဟန်ယုဟိုင်မှာ ဆွံ့အသွား၏။ သူတို့က ဘာလုပ်ဖို့ ကြံစည်နေကြသနည်း။
ဒြပ်စင်နယ်မြေ၏ အပြင်ဘက်၌...
ထျန်းမူချူးမှာ အလွန်တရာ ကြီးမားလှသည့် မီးတောက်ငှက်ကြီးကို လှမ်းမြင်နေရ၏။
“သူ ရောက်လာပြီပေါ့...”
ခပ်တိုးတိုး ရေရွတ်ရင်း သူ့ မျက်လုံးများက ကြယ်တာရာ အလင်းများနှင့် ပိုမို၍ တောက်ပလာသည်။
“...”
ကျန်းကျိရီက နောက်ကို လှည့်ကာ ကြည့်လိုက်၏။ ဝေ့ဝူယင် ကိုယ်တိုင် ထွက်ပေါ်လာမှုကို ကြည့်ကာ သူမ အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ အင်ပါယာ မျိုးနွယ်၏ ရောက်ရှိလာမှုက ဝေ့ဝူယင်နှင့် တိုက်ရိုက် ပတ်သက်နေလိမ့်မည်ဟု သူမ မျှော်လင့် မထားခဲ့ချ။
ဝမ်... ဝမ်...
ရုတ်တရက်... နယ်မြေ ချိပ်ပိတ်ခြင်း အစီအရင်မှာ စတင်ကာ ပွင့်လာခဲ့၏။ မကြာခင်... ထျန်းမျိုးနွယ်၏ သင်္ဘောကြီး သုံးစင်းလုံး ဝင်နိုင်သည့် ဧရာမ အပေါက်ကြီး တစ်ပေါက် ဖြစ်လာခဲ့သည်။
“ဝင်လာခဲ့ပါ အင်ပါယာ ဧကရာဇ် မူယန်...”
ဝိညာဥ်အင်အားများဖြင့် သယ်ဆောင်ထားသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ အသံက လျှို့ဝှက် အဆင့်၌ မရှိချေ။ သေမျိုး အကန့်အသတ် အတွင်း၌သာ ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း ၎င်းက မိုင်သန်းပေါင်း များစွာကို ဖြတ်ကျော်ကာ သင်္ဘောသုံးစင်းထံ ရောက်ရှိရန် လုံလောက်ခဲ့ပေသည်။
အံ့အားသင့်သည့် အငွေ့အသက်များမှာ ထျန်းမူယန်၏ မျက်လုံးများထဲတွင် ဖြစ်ပေါ်လာခဲ့၏။ မီတာပေါင်း နှစ်သောင်း နှစ်ထောင် မြင့်မားသည့် ပိုင်လင်၏ အသွင်က အလွန် လျှင်မြန်စွာပင် ပိုမို နီးကပ် လာခဲ့ပြီ ဖြစ်သည်။ ၎င်းက အမှောင် ဟင်းလင်းပြင် အတွင်း ပြင်းထန်စွာ လောင်ကြွမ်းနေကာ မီးတောက် ဧကရီ တစ်ပါး အလား ထင်ရသည်။ သူမ၏ အော်ရာက အထင်ကြီးစရာ ကောင်းလှ၏။ သာမန် သေမျိုးတစ်ပိုင်း အရှင် အဆင့်များထက် ပိုမို အစွမ်းထက်သည်မှာ သေချာလှပေသည်။
“...”
ထျန်းမူယန်က ကျန်းကျိရီကို စိတ်ဝင်စားသည့် မျက်လုံးများနှင့် လှမ်းကြည့်လိုက်သည်။
‘သူက အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို ထိန်းချုပ်လိုက်ပြီလား...’
သူ တွေးလိုက်မိ၏။ သို့သော်လည်း... နှုတ်ခမ်းထက်တွင်တော့ သူက အပြုံးတစ်ခုကိုသာ ဆင်မြန်း လိုက်သည်။
“ကောင်းပြီလေ...”
သူက ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ သင်္ဘောသုံးစင်းမှာ စတင် လှုပ်ရှားလာ၏။ မကြာခင်မှာပင် သူတို့မှာ နယ်မြေ ချိပ်ပိတ်ခြင်း အစီအရင်ကို ဖြတ်သန်းကာ ဒြပ်စင်နယ်မြေ အတွင်း ရောက်ရှိလာခဲ့သည်။
ထျန်းမူယန်မှာ ဝူယုကို ပထမဆုံး အကြိမ် အဖြစ် မြင်လိုက်ရ၏။ အာရုဏ်ဦး ဧကရာဇ်၏ မဟာ စစ်သည်တော်မှာ နာမည် ကျော်ကြားသည့် အတိုင်း အထင်ကြီးစရာ ကောင်းကြောင်း သူ စိတ်ထဲမှ မှတ်ချက် ချလိုက်မိသည်။ အဂ္ဂိရတ် စစ်သည် တစ်ယောက် ဖြစ်သည့်တိုင် သူ၏ ဖြစ်တည်မှုက လောက အတွင်းရှိ ဧကရာဇ် အားလုံးထက်ပင် ပိုမို ခန့်ညား ထည်ဝါလှပေသည်။ ကောင်းကင်နှင့် မြေကြီးပင်လျှင် သူ့ အမိန့်အောက်၌ ရှိနေပုံ ရ၏။
သို့သော်လည်း... ဝူယုမှာ မီးဖီးနစ်၏နောက်၌ မသိမသာ ခွာ၍ ရပ်နေကာ သူ့ အဆင့်အတန်းကို ဖော်ပြထားသည်။ သူက ဝေ့ဝူယင်ကို ရှင်းလင်းစွာပင် ဦးဆောင်ခွင့် ပြုထား၏။
ထျန်းမူယန်၏ အကြည့်များက စိတ်ဝင်စားမှုများနှင့် ပြည့်နှက်သွားကာ မီးဖီးနစ်၏ ကျောထက်၌ ငွေရောင် မျက်လုံးများနှင့် လူငယ်ထံသို့ ရောက်ရှိသွားသည်။
‘ငွေရောင် မျက်လုံးတွေ...’
ထျန်းမူယန်မှာ စိတ်ခံစားချက်များကို ဖုံးကွယ်ရန် ကြိုးပမ်းထားခဲ့သည့်တိုင် ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့ကတော့ ရောက်ရှိလာစဉ်ကနှင့် မတူတော့ကြောင်း ခံစားလိုက်မိကြ၏။ ဝေ့ဝူယင် ပေါ်ထွက် မလာခင် အချိန် အထိ ထျန်းမူယန်မှာ အကြွင်းမဲ့သော ယုံကြည်ချက်နှင့် အတူ ဝံ့ကြွားစွာ ရပ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင် မူကား...။
ဝေ့ဝူယင်က ပိုင်လင်ကို စိတ်ဖြင့် ဆက်သွယ်လိုက်၏။ သူမ၏ နိဗာန မီးတောက်များက ဖြည်းညင်းစွာပင် လျော့ကျလာကာ မူလ အသွင်အပြင်ကို ပြန်လည် ပြောင်းလဲ သွားခဲ့သည်။ ဝေ့ဝူယင်၊ စီတနှင့် ဝမ်မင်ယာတို့၏ ပုံရိပ်များမှာ ထင်ရှားစွာပင် ပေါ်လွင်လာခဲ့၏။ စီတက လောကနယ်မြေကို ထုတ်ဖော်ကာ ဝေ့ဝူယင်တို့ကို ဝန်းရံ ပေးလိုက်သည်။ လောကနယ်မြေတစ်ခု မရှိပါက ဝေ့ဝူယင်မှာ အမှောင် ဟင်းလင်းပြင်၏ အအေးဓာတ်ကို ခုခံရန် အစစ်အမှန် နဂါး အသွင်ကို ဖော်ထုတ်ရလိမ့်မည် ဖြစ်သည်။
ဝူယုက ဟင်းလင်းပြင် သုံးစင်းကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်၏။ ထို့နောက် သူက ဝေ့ဝူယင်ထံ ဝိညာဥ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။
“အဲဒီ သင်္ဘောတွေထဲမှာ မြေကြီးရှန့်ထို အဆင့် အော်ရာ ငါးခုကို ကျုပ် ခံစားလို့ရတယ်”
အပြင်ပန်း၌ တည်ငြိမ်နေသည့်တိုင် ဝေ့ဝူယင်မှာ စိတ်အတွင်း၌ တုန်လှုပ် သွားခဲ့၏။
“မြေကြီးရှန့်ထို ငါးယောက်တောင်... ဒါက နည်းနည်း လွန်တယ် မထင်ဘူးလား... သူတို့က စစ်ပွဲ အတွက် ပြင်လာကြတာလား... ထျန်းမူယန်ပါ ထည့်တွက်ရင် ခြောက်ယောက်တောင် ဖြစ်နေပြီ... ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ အင်အားလဲ...”
ထို့အပြင်...သူတို့မှာ ဝူယု၏ ဝိညာဥ်အာရုံမှ ရှောင်လွှဲရန် မကြိုးစား ကြချေ။ ထိုအချက်က သူတို့မှာ ဝူယုကို ရင်ဆိုင်ရန် ယုံကြည်ချက် အပြည့်အဝ ရှိကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။
ဝေ့ဝူယင်ထံ ထိုအကြောင်း သတင်းပို့သူက ဝူယု တစ်ယောက်တည်းသာ မဟုတ်ချေ။ ဟန်ယုဟိုင်လည်း အပါအဝင်ပင် ဖြစ်သည်။ ဝေ့ဝူယင် စိတ်ထဲမှ အနည်းငယ် အံ့သြသွားမိ၏။ ယုကလေးက အဘယ်ကြောင့် ထိုကဲ့သို့ လုပ်ရသနည်း။ တိုက်ပွဲ ဖြစ်ပွားပါက ဒြပ်စင်နယ်မြေ ပျက်စီးသွားမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ထို့အပြင် ဟန်ယုဟိုင်က အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ ထျန်းကလန်ကို အပြစ်မပြုသင့်ကြောင်းပါ သူ့ကို အကြံပေးနေသေး၏။
ဝေ့ဝူယင် ကိုယ်တိုင်လည်း ထိုအချက်ကို စိုးရိမ် နေပေသည်။
“မင်းက ဝေ့ဝူယင် ဖြစ်လိမ့်မယ်... ငါ မင်း အကြောင်းတွေ အများကြီး ကြားဖူးတယ်... အခု မြင်ရသလောက် သူတို့ပြောတဲ့ မင်းအကြောင်းတွေက မှန်နေတဲ့ပုံပဲ”
စက္ကန့်အနည်းငယ် ကြာပြီးနောက် ထျန်းမူယန်မှာ ပုံမှန် တည်ငြိမ်မှုနှင့် တော်ဝင် ဆန်မှုတို့ကို ပြန်လည် ရရှိလာကာ နှုတ်ဆက်လိုက်လေ၏။
***