ကောင်းကင် အင်ပါင်ယာ ချီနည်းလမ်း(၃)
Vol. 65 Ch. 899
ထျန်းမူယန်မှာ ဝေ့ဝူယင်ကို စိုက်ကြည့်ကာ သေချာ အကဲခတ် နေခဲ့၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး ထိုလူငယ်လေး အကြောင်း ပြောနေတာကို ကြားရချိန်၌ သူ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်။ မြေကြီးရှန့်ထို နှစ်ယောက်ကို အမိန့်ပေးနိုင်၍ ရှေးဟောင်း မီးဖီးနစ်ကို သားရဲ အဖြစ် ပိုင်ဆိုင်ထားသည့် သေမျိုး တစ်ယောက် အကြောင်း မည်သူက လွယ်လွယ်ကူကူ ယုံနိုင်ပါမည်နည်း။ အဆုံးမဲ့ကောင်းကင်၏ တော်ဝင် မင်းသားများ ပင်လျှင် ထိုကဲ့သို့ သြဇာအာဏာများကို ပိုင်ဆိုင်ထားခြင်း မရှိပါချေ။
သို့သော်လည်း သူက ယနေ့၌ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သတင်းများ အတိုင်း၌ အတိအကျပင် သူက သေမျိုး တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။
“ခင်ဗျားက ယဉ်ကျေးလွန်းနေပါပြီ အင်ပါယာ ဧကရာဇ် မူယန်... ကျုပ်လည်း ခင်ဗျား အကြောင်းတွေ ကြားဖူးပါတယ်... ခင်ဗျားကိုရော ဒီကောင်းကင် ဖျက်ဆီးသူတွေကိုရော ကျုပ် အနီးကပ် မြင်ဖူးချင်နေခဲ့တာ ကြာပါပြီ... မြင်လိုက်ရတော့ တကယ် အံ့အားသင့်ရပါတယ်... တကယ့်ကို လှပတဲ့ ဖန်တီးမှုတွေပဲ”
ဝေ့ဝူယင်က ကောင်းကင် ဖျက်ဆီးသူများကို ကြည့်ရင်း ပြောလိုက်၏။ ဝူယုက ထိုသင်္ဘောများ အကြောင်း တစ်ခါ ပြောခဲ့ဖူးသည်။ ၎င်းတို့က ကြယ်ကွင်းပြင် တစ်ခုလုံးတွင် သံသယ ရှိစရာ မလိုအောင် ကြောက်မက်ဖွယ် အကောင်းဆုံး တိုက်ခိုက်ရေး သင်္ဘောကြီးများ ဖြစ်သည်။
၎င်းတို့ တစ်ခုချင်းစီက ထိပ်တန်း အဆင့် မြေကြီးရှန့်ထို အဆင့်များနှင့် နှိုင်းယှဉ်နိုင်သည်ဟု ဆိုကြသည်။ ထိုအတိုင်း ဆိုလျှင် အင်ပါယာ မျိုးနွယ်မှာ မြေကြီးရှန့်ထို အဆင့် ကိုးယောက်တိတိကို ဝေ့ဝူယင်တို့ထံ စေလွှတ် လိုက်ခြင်းပင် ဖြစ်လေသည်။
“အင်း... ဟုတ်တယ်...”
ထျန်းမူယန်မှာ တစ်ခုခု ပြောချင်သော်လည်း အနည်းငယ် ကြောင်အအ ဖြစ်နေသလို ခံစား နေရ၏။ ဤသည်က သူတို့ စဉ်းစားထားသည့် လမ်းကြောင်းနှင့် အနည်းငယ် ခြားနားနေသည်။ ဝေ့ဝူယင်နှင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းတို့က နယ်မြေ ချိပ်ပိတ်ခြင်း အစီအရင်ကို ဖွင့်ပေးကာ လွယ်လွယ်ကူကူ ဝင်ခွင့်ပေးလိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့် မထားခဲ့ချေ။
ဝေ့ဝူယင် သမာရိုးကျ စကားဝိုင်းကို အဆုံးသတ်ကာ လိုရင်းကို သွားရန် ဆုံးဖြတ်လိုက်၏။
“ဒါနဲ့ ခင်ဗျားတို့က အင်ပါယာ မျိုးနွယ်နဲ့ ပတ်သက်နေတဲ့ ကိစ္စတစ်ခုကို စုံစမ်းဖို့ ရောက်လာတာလို့ ကြားတယ်... အဲဒီလို အရေးကြီးတဲ့ ကိစ္စမျိုးကို ကျုပ်ကြောင့် နှောင့်နှေး မသွားစေချင်ဘူး”
ဝေ့ဝူယင်က ပိုင်လင်ကို အချက်ပေးလိုက်၏။ ပိုင်လင်က နူးညံ့သည့် အော်သံ တစ်ခု ထုတ်လွှတ်လိုက်ကာ အပေါ်တည့်တည့်ကို ပျံတက်လိုက်ရင်း ဟင်းလင်းပြင် သင်္ဘော သုံးစင်း၏ လမ်းကြောင်းမှ ဖယ်ပေးလိုက်သည်။ ဝူယုက မတုန့်မဆိုင်းပင် သူ့ နောက်မှ လိုက်လာခဲ့၏။
“ကျုပ်တို့ဂိုဏ်းက အင်ပါယာ မျိုးနွယ်နဲ့ ကတိကဝတ်ကို မချိုးဖောက်ပါဘူး... ခင်ဗျားတို့ အဆင်ပြေသလို လုပ်နိုင်ပါတယ်”
ဟန်ယုဟိုင်ကလည်း ဆိုလိုက်၏။ သူက ကျန်းကျိရီ ဘေးကို ပျံသန်းသွားရင်း တံခါးဖွင့် ပေးထားသည့်နှယ် ခြေဟန်လက်ဟန် ပြလိုက်သည်။
ထျန်းမူယန်က ဟန်ယုဟိုင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် သူက အလျှင်အမြန်ပင် အကြည့်ကို ဝေ့ဝူယင်နှင့် ဝူယုတို့ဘက် ပို့လိုက်သည်။
“အမှန်အတိုင်း ပြောရရင် ကျုပ် မင်းရဲ့ အဂ္ဂိရတ် ပါရမီ အကြောင်း ကြားဖူးပါတယ်... အသက်တစ်ရာ မပြည့်ခင် မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်လာတာ... လျှို့ဝှက် အာဏာရှင် အဆင့်ကို မဝင်ခင် အဂ္ဂိရတ်ရဲ့ သေမျိုးတာအို အထွတ်အထိပ်ကို ဖမ်းဆုပ်နိုင်တာတွေပါ အပါအဝင်ပေါ့လေ... အာရုဏ်ဦး ဧကရာဇ် ဆိုတဲ့ နာမည်က ကျုပ်တို့ ကြယ်တာရာ နယ်မြေရဲ့ ပါရမီရှင် လူငယ်လေးတွေ ကြားမှာ ဒဏ္ဍာရီ ပုံရိပ် တစ်ခုလိုပါပဲ”
“တကယ်လို့ ကျုပ်တူမလေးကို နည်းနည်း ဆုံးမပေးရင် တကယ် ကျေးဇူးတင်မိမှာပါ... သူက အရမ်း မောက်မာကြီး ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတယ်... တောင်တစ်တောင်ထက် မြင့်တဲ့ အခြား တောင်တစ်တောင် ရှိတယ် ဆိုတာ သူ နားလည်ဖို့ လိုတယ်...”
ထျန်းမူယန်က အပေါ်သို့ လိုက်လံ ပျံတက်လာကာ ဝေ့ဝူယင်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်၏။
“မင်း ကျုပ်ကို ကူညီပေးလို့ ရမလား...”
ထျန်းမူယန်မှာ စကားကို တည်တည်ငြိမ်ငြိမ် ပြောနေခြင်းဖြစ်သည့်တိုင် ခြိမ်းခြောက်သည့် အငွေ့အသက်များ ပါဝင်နေကြောင်း ဝေ့ဝူယင်နှင့် ဝူတို့ ခံစားမိပေသည်။ ဝူယုက မျက်မှောင်ကြုတ် လိုက်၏။ ထျန်းမူယန် မည်သည့် လျှို့ဝှက် သင်္ကေတ အဆင့်တွင် ရှိနေကြောင်း မပြောနိုင်သည့်တိုင် သူ၏ အော်ရာက အလွန် ကျယ်ပြန့်ကာ မြင့်မားလှကြောင်း ထင်ရှားပေသည်။
“ကျုပ် အင်ပါယာ မျိုးနွယ်ရဲ့ ကိစ္စတွေကို နှောင့်နှေးအောင် မလုပ်ချင်လို့ပါ...”
ဝေ့ဝူယင်က ပြောလိုက်၏။
“အဲဒီလို မဖြစ်ပါဘူး...”
ထျန်းမူယန်က ခပ်မြန်မြန်ပင် ပယ်ချလိုက်သည်။
“အဲဒီ ကိစ္စကို ကျုပ်တို့ အေးအေးဆေးဆေး ကိုင်တွယ်လို့ ရပါတယ်”
ထိုကဲ့သို့ ပြောပြီးနောက် သူက ဖော်ရွေသည့် အပြုံး တစ်ခုကို ဖော်ထုတ်ကာ ဟင်းလင်းပြင် သင်္ဘော တစ်စင်းထံ ခြေဟန်လက်ဟန် လှမ်းပြလိုက်သည်။
ဝှစ်...
ရုတ်တရက်... လောကနယ်မြေ တစ်ခု ဝန်းရံထားသည့် ပုံရိပ်တစ်ခုမှာ ဟင်းလင်းပြင် သင်္ဘောထဲမှ ထွက်လာကာ အပေါ်သို့ ပျံတက် လာခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တောက်ပသွားခဲ့၏။ ၎င်း၏ လောကနယ်မြေက ခုနစ်ရောင်ခြယ် အလင်းတန်းများနှင့် တောက်ပနေကာ တစ်ခုနှင့် တစ်ခု ပြီးပြည့်စုံစွာ ပေါင်းစပ် စီးဆင်းနေသည်။ ထိုအရာက ပထမဆုံး အကြိမ် အဖြစ် အဂ္ဂိရတ် အမျိုးအစား လောကနယ်မြေကို တွေ့မြင်ဖူးခြင်း ဖြစ်သည်။
“အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်...”
ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့မှာလည်း ထိုလောကနယ်မြေကို ကြည့်ကာ အံ့သြသွားကြသည်။ ပုံရိပ်က လျှင်မြန်စွာပင် ထျန်းမူယန် နံဘေးသို့ ရောက်ရှိလာကာ ပုံသဏ္ဌာန်ကို အပြည့်အဝ ထုတ်ဖော် ပြသလာ၏။
သူမက မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမက အရပ်ရှည်ရှည် အပြာရောင် ဆံပင်များကို ပိုင်ဆိုင်ထား၏။ ထိုဆံနွယ်များက ကျောကို ကျော်လွန်၍ ရှည်လျား ကျဆင်းနေကာ လုံးဝန်း ကျစ်လစ်သည့် တင်ပါးများကိုပင် ထိနေခဲ့သည်။ မိန်းကလေးမှာ ပိန်သွယ်သော်လည်း ပြားချပ်နေတာတော့ မဟုတ်ချေ။ ရင်သပ်ရှုမောဖွယ်ရာ အကွေ့အကောက် အမို့အမောက်များမှာ အဖြူရောင်နှင့် ရွှေရောင် ရောစပ်ထားသည့် ဝတ်စုံအောက်၌ သူ့နေရာနှင့်သူ တည်ရှိနေပေသည်။
မိန်းကလေးမှာ အပြာရောင် ခါးစည်းကြိုး တစ်ခုကို ဝတ်ဆင်ထားကာ သေးကျဉ်သည့် ခါးကလေးကို လှစ်ဟာ ပြသထား၏။ သူမမှာ ရုပ်ပိုင်းဆိုင်ရာ အရ မည်သည့် နေရာတွင်မှာမှ ခြွင်းချက် မရှိချေ။ အထူးသဖြင့် မျက်နှာပင်။ သူမက တိုင်းပြည်၏ ထိပ်တန်း အလှမယ် တစ်ယောက် ဖြစ်သည်။ ဇင်ယော်တောင် အညိုရောင် မျက်ခုံးများမှ အစ အပြာနုရောင် မျက်ဝန်းကလေးများ၊ ခပ်ပါးပါးနှင့် ယုံကြည်ချက် ရှိသည့် နှုတ်ခမ်းတစ်စုံနှင့် နွေးထွေးကာ ရွှေရောင် ဝင်းဝါနေသည့် အသားအရေတို့ အဆုံး... အရာအားလုံး ပြီးပြည့်စုံလွန်းလှသည်။
“...”
ဝေ့ဝူယင် အံ့အားသင့် သွားခဲ့၏။ သူသာလျှင် မက... ဝူယုနှင့် ဟန်ယုဟိုင်တို့ပါ မိန်းကလေး၏ ထွက်ပေါ်လာမှုကို ကြည့်ကာ အံ့အားသင့် သွားခဲ့ခြင်းဖြစ်သည်။ သူမက မြေကြီးရှန့်ထိုများကိုပင် ဆွံ့အသွားရလောက်အောင် လှပနေ၍လော။ မဟုတ်ပါချေ။ သူတို့ အံ့အားသင့် သွားရသည့် အကြောင်းရင်းက သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ကြွယ်ဝ သန့်စင်လွန်းလှသော အဂ္ဂိရတ် စွမ်းအင်များကြောင့်ပင်။
အားလုံး၏ တုန့်ပြန်မှုများကို မြင်လိုက်ရရာ ထျန်းမူယန်က ဂုဏ်ယူဟန်ဖြင့် ပြုံးလိုက်၏။
“ဒါကတော့ ကျုပ်ရဲ့ တူမလေး ထျန်းရှောင်လုပါပဲ... သူက အမြဲတမ်း ကျုပ်စကားဆို သိပ် အလေးထားတာ မဟုတ်ဘူး... ဒီတော့ အဂ္ဂိရတ် အာဏာရှင်ဝေ့က သူ့ကို ဉာဏ်အလင်း ပြပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
‘တကယ့်လို့ သူ့ဆီမှာ ကောလဟလထဲကလို စွမ်းရည်တွေ ရှိမယ် ဆိုရင် အဲဒီလူကြီးရဲ့ မျိုးဆက် ဖြစ်မှာပဲ... မရှိဘူး ဆိုရင်တော့...”
ထျန်းမူယန်က အပြုံးကို ဆက်လက် ထိန်းသိမ်းထားရင်း တွေးလိုက်၏။ ထို့နောက် သူက ဝူယုကို တစ်ချက် လှမ်းကြည့်လိုက်၏။
“ကျုပ် သဘောပေါက်ပါပြီ...”
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သူ အံ့အားသင့်ခဲ့ရသည်က ထျန်းရှောင်လု၏ အလွန် လှပသော ရုပ်ရည်ကြောင့် မဟုတ်ချေ။ ထိုအတွက် အကြောင်းရင်း သုံးခု ရှိပေသည်။
ပထမတစ်ချက်... မိန်းကလေးမှာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားကာ လောကသခင် အဆင့်၌ ရှိနေပေသည်။
ဒုတိယ တစ်ချက်... သူမကို မြင်မြင်ချင်း ကောင်းချီခံ တစ်ယောက်ကို မြင်တွေ့လိုက်ရသလို ထူးဆန်းသည့် ခံစားချက်ကို ခံစားခဲ့ရသည်။ သူမက ကောင်းချီးခံ တစ်ယောက် ဖြစ်သည်။ ထို့အပြင်... ယင်းခံစားချက်က အလွန် ထင်ရှားကာ ကျင်းကျူးထက်ပင် သာလွန်လိမ့်မည် ဖြစ်သည်။
တတိယ တစ်ချက်... ဧဒင်၏ ကျေးဇူးဖြင့် ထိုမိန်းကလေး၏ အကြည့်ထံမှ ခံစားချက်လှိုင်း တစ်ချို့ကို သူ ဖမ်းယူ ရရှိခဲ့သည်။ ၎င်းက အလွန် သန့်စင်ကာ ရက်စက် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များပင် ဖြစ်သည်။ ထိုခံစားချက်ကို ဖမ်းယူရင်း ဝေ့ဝူယင် ကိုယ်တိုင်ပင် ကျောရိုးများထဲ အထိ စိမ့်တက်သွားသလိုပင် ခံစားခဲ့ရသည်။
ထိုအခိုက်တွင်ပင် ဝူယုက ဝေ့တူယင်ကို ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ကာ ပြောလိုက်လေ၏။
“သခင်လေး... ကြည့်ရတာ သူတို့က ကျုပ်ကို မစစ်ဆေးခင် သခင်လေးကို အရင် စစ်ဆေးချင်တာ ထင်တယ်”
***