← Chapters

ကောင်းကင် အင်ပါယာ ချီနည်းလမ်း(၄)

Vol. 65 Ch. 900

ကောင်းကင် အင်ပါယာ ချီနည်းလမ်း(၄)

Vol. 65 Ch. 900

ကောင်းကင် ဖျက်ဆီးသူ သုံးစင်းနှင့် မြေကြီးရှန့်ထို ခြောက်ယောက်ကို ပြင်ဆင်လာသည့် ပုံအရ ထျန်းမျိုးနွယ်မှာ ဝူယုကို တိုက်ခိုက်ရန် ပြင်ဆင်လာကြောင်း ထင်ရှားလှသည်။ သို့သော်လည်း သူတို့က တုန့်ဆိုင်းနေကာ သူ့ကိုသာ အရင် စမ်းသပ်ရန်သာ ဆုံးဖြတ်ခဲ့သည်။ ထိုအချက်က သူတို့စိတ်ထဲတွင် စိုးရိမ်စိတ်များ ရှိနေကြောင်း ထင်ရှားစေသည်။

‘သူတို့က ငါ့ကို ကြောက်နေတာလား...’

အကယ်၍ သူတို့က ကြောက်သည် ဆိုလျှင် သူ ထိုအချက်ကို နင်းကိုင်ရပေလိမ့်မည်။ ဝေ့ဝူယင် စိတ်ထဲမှ ပြုံးလိုက်ရင်း ထျန်းရှောင်လုကို ကြည့်လိုက်၏။

ထိုမိန်းမလှလေးမှာ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကို ထုတ်ဖော် ပြသခဲ့သည်။ သို့သော်လည်း အချိန်နှင့် အမျှ သူမထံမှ အံ့သြမှု၊ လေးစားမှု၊ သံသယ ဖြစ်မှုတို့ ရောနှောနေသည့် ခံစားချက် အငွေ့အသက်များကိုလည်း သူ ဖမ်းယူ ရရှိနေခဲ့သည်။ ဝေ့ဝူယင် ထိုတုန့်ပြန်မှုများနှင့် ရင်းနှီးပေသည်။ ရှင်းလင်းစွာပင် သူမမှာ သူ့တည်ရှိမှု အပေါ် အံ့အားသင့်နေခြင်း ဖြစ်သည်။

“ခင်ဗျားရဲ့ တူမက အတော်လေး ပါရမီ မြင့်မားတာပဲ...”

ဝေ့ဝူယင် ချီးကျူးလိုက်၏။ ချင်းကူးယဉ် ပြီးလျှင် ထိုမိန်းကလေးမှာ သူတွေ့ဖူးသည့် ဒုတိယမြောက် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ပိုင်ရှင် ဖြစ်သည်။

“ဟုတ်ပါတယ်... အဂ္ဂိရတ် အာဏာရှင်ဝေ့ ဘယ်လို သဘောရလဲ... ကျုပ်ရဲ့ တူမလေးက သင်ခန်းစာ တစ်ခု ပေးဖို့ ထိုက်တန်တယ် မလား”

ထျန်းမူယန်က တိုက်တွန်းလိုက်၏။ သူက အတိအလင်း စိန်ခေါ်ဖို့ ကြိုးစားနေတာ ရှင်းလင်းလှပေသည်။

“ကျုပ်က စိန်ခေါ်မှုတွေကနေ ရှောင်ပြေးတတ်တဲ့ လူစား မဟုတ်ဘူး... ဒါပေမဲ့ ကျုပ် အခု အဲဒီလို လုပ်ဖို့ ဆန္ဒ မရှိသေးဘူး”

ဝေ့ဝူယင်၏ အဖြေစကားက ကျန်းကျိရီနှင့် ဟန်ယုဟိုင်တို့ အပါအဝင် အားလုံး၏ အမူအရာများကို ပြောင်းလဲ သွားစေခဲ့၏။ သို့သော်လည်း ဝေ့ဝူယင်၏ စကားက မဆုံးသေးချေ။

“ခင်ဗျားတို့ သိထားတဲ့ အတိုင်း နောက်ခြောက်လ ကြာရင် ရှန့်ထို ညီလာခံ တစ်ခု ကျင်းပဖို့ ရှိတယ်... အဂ္ဂိရတ် တိုက်ပွဲဆိုတာက အချိန်တိုအတွင်း ပြီးနိုင်တဲ့ တိုက်ပွဲမျိုး မဟုတ်ဘူး... ကျုပ်ပြောတာ မှန်တယ် မလား အင်ပါယာ ဧကရာဇ် မူယန်”

“...”

ထျန်းမူယန် တစ်ယောက် တိတ်ဆိတ်သွား၏။ ထျန်းရှောင်လု၏ စိတ်ခံစားချက်များက လျော့ပါးသွားသည်။ သူမ၏ သတ်ဖြတ်လိုစိတ်ပင် အတော်လေး လျော့ကျသွား၏။ ထိုအရာက ဝေ့ဝူယင်ကို အံ့အားသင့် သွားစေခဲ့သည်။ သူမက ဤနေရာမှာ ရှိဖို့ ဝန်လေးနေသလော။ အတင်းအကြပ် တွန်းအားပေး ခံရခြင်းမျိုးလော။

“ကျုပ် ရှန့်ထို ညီလာခံ မတက်နိုင်အောင် ခင်ဗျားတို့ ကြံရွယ်နေတာတော့ မဟုတ်ပါဘူးနော်”

ဝေ့ဝူယင်က မျက်ခုံးကို ပင့်ရင်းမေးလိုက်သည်။ ရှန့်ထို ညီလာခံမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး၏ ပါရမီရှင် အဆင့်အတန်းကို သတ်မှတ်ပေးမည့် ညီလာခံ ဖြစ်သည်။ ထိုအရာက နှစ်ပေါင်းထောင်ချီ အပြောင်းအလဲများကို ဦးတည်စေမည် ဖြစ်လေရာ အလွန်ပင် အရေးကြီးသည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ ထိုအပြောင်းအလဲတွင် အက္ခရာ ကျခဲ့ပေသည်။

ထျန်းမူယန်က ‌ခြောက်ကပ်ကပ် ရယ်မောလိုက်၏။

“မဟုတ်ပါဘူးဗျာ... ကျုပ်က အဂ္ဂိရတ် တိုက်ပွဲ တိုက်ဖို့ စိန်ခေါ်တာမျိုး မဟုတ်ပါဘူး... ဒီအတိုင်း ပြောလိုက်ရုံတင်ပါ... အဂ္ဂိရတ် အဏာရှင်ဝေ့ လုပ်နိုင်တာ နည်းနည်းလောက် သူ့ကို ပြဖို့ပါ”

ဝူယုက မျက်မှောင်ကြုတ်ကာ အေးစက်စက် လေသံဖြင့် ကြားဖြတ် ပြောလိုက်၏။

“ကျုပ်ရဲ့ သခင်လေး လုပ်နိုင်တာကို ပြရမှာ တဲ့လား... သူ လုပ်နိုင်တာတွေကို ခင်ဗျား မကြားဖူးဘူးလား... ယှဉ်ချင်ရင် အဲဒါတွေကို ယှဉ်ပါလား... ဟာသ လာလုပ်နေတယ်”

ဝူယု၏ လေသံက လေးစားမှု ကင်းမဲ့နေ၏။ ကျန်းကျိရီမှာ အံ့သြ ထိတ်လန့်သွားခဲ့သော်လည်း ဟန်ယုဟိုင်၏ အမူအရာက ကျေနပ် နှစ်သိမ့်မှုများနှင့် ပြည့်နှက် သွားခဲ့သည်။

ဝူယု...

မဟာ ဧကရာဇ် ဝူယု...

ထိုသကောင့်သားက သူ့ကိုသာ မလေးစားခြင်း မဟုတ်ချေ။ အင်ပါယာ ကလန်လို အင်အားစုမျိုးကိုပင် မျက်လုံးထဲ မထည့်သူ ဖြစ်သည်။ ထိုအရာက သူ့စိတ်ကို အနည်းငယ် ပေါ့ပါး သွားစေခဲ့၏။

“...”

ထျန်းမူယန်၏ အမူအရာက ပြောင်းလဲ သွားသည်။ အခြားတစ်ဖက်၌ ထျန်းရှောင်လု၏ ခံစားချက်များကတော့ တဖြည်းဖြည်းနှင့် ပြေလျော့သွားသည်။ သူမက ညင်သာစွာ ‌ခေါင်းညိတ်လိုက်၏။ ဝူယု၏ စကားကို သူမ သဘောတူသည်။

ဝူယု ဒီအတိုင်း ပြောချင်တာ လျှောက်ပြောလိုက်ခြင်း မဟုတ်ပါချေ။ ဝေ့ဝူယင်က သူ့ကို ထိုအတိုင်း အတိအကျ ပြောရန် ညွှန်ကြားထားခြင်းဖြစ်ပေသည်။

ထျန်းမူယန်၏ အမူအရာ ပြောင်းလဲ သွားသည်ကို ကြည့်ရင်း ဝေ့ဝူယင် တောင်းပန်ဟန်ဖြင့် ပြုံးလိုက်၏။

“ကျုပ်ရဲ့ အာရုဏ်ဦး စစ်သည် စကားမှားသွားရင် တောင်းပန်ပါတယ်... သူက အဂ္ဂိရတ် တာအို အပေါ် အရမ်းလေးစားတာမလို့ ခံစားချက် ပြင်းထန်သွားတာပါ... နားလည်ပေးပါ”

“နားလည်ပါတယ်လေ...”

ထျန်းမူယန်၏ အမူအရာက အနည်းငယ် သုန်မှုန်နေသည့်တိုင် ခေါင်းညိတ်လိုက်၏။

“လျှို့ဝှက် အာဏာရှင်ဝေ့ရဲ့ အာရုဏ်ဦး စစ်သည်က ထာဝရ ဧကရာဇ်ရဲ့ အဂ္ဂိရတ် သူရဲကောင်း ဖြစ်ခဲ့ဖူးတယ်လို့ ကြားတယ်... ဒီတော့ သူ့အမြင်ကို ကျုပ် နားလည်ပါတယ်”

ဝူယု၏ အဆင့်အတန်းမှာ ထာဝရ ကြယ်တာရာ နယ်မြေသားများ ကြားတွင် အလွန် ကျော်ကြားပေသည်။ များစွာသော လူများမှာ သူ့ကို ပန်းချီကားများဖြင့်ပင် ပုံဖော်၍ ကိုးကွယ်ခဲ့ဖူးသည်။ သူ့အကြောင်း စုံစမ်းရသည်က အလွန်ပင် လွယ်ကူပေသည်။

ဝူယု၏ လျှို့ဝှက် အော်ရာက အနည်းငယ် ကြမ်းကြုတ်သွားကာ မျက်မှောင်ကြုတ် လိုက်သည်။

“ကျုပ် ဘယ်တုန်းကမှ သူ့ရဲ့ အဂ္ဂိရတ် သူရဲကောင်း မဖြစ်ခဲ့ဖူးဘူး... ကျုပ်တို့က...”

ကြားထဲ၌ အနည်းငယ် ရပ်လိုက်ပြီးမှ သူက ဆက်၍ ပြောလိုက်လေ၏။

“ကျုပ်တို့က... မိတ်ဆွေတွေ”

ထာဝရ ဧကရာဇ်နှင့် သူ့အကြားရှိ ဆက်ဆံရေးက ထျန်းမူယန် ပြောသလို မဟုတ်ချေ။ နဂါးငွေ့တန်း ကြယ်တာရာ နယ်မြေ နေ့ရက်များတုန်းက ထာဝရ ဧကရာဇ်မှာ အဂ္ဂိရတ် သူရဲကောင်း မထားခဲ့ဖူးချေ။ သူ့ထံ၌ အစေခံများနှင့် မဟာမိတ်များသာ ရှိပေသည်။

ဝူယုမှာ မဟာမိတ်များထဲမှ တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ အဆင့်အတန်းက ထာဝရ ဧကရာဇ်ထက် နည်းနည်းလေးမျှ လျော့နည်းခြင်း မရှိချေ။ သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ပံ့ပိုးခဲ့ကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့်ပင် ထာဝရ ဧကရာဇ် ထွက်ခွာသွားခဲ့ချိန်တွင် သူက ထာဝရ ကြယ်တာရာ နယ်မြေတွင် လွတ်လပ်စွာ ကျန်နေခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင်နှင့် သူ့အကြားရှိ ဆက်ဆံရေးမှာ ထာဝရ ဧကရာဇ်တုန်းကနှင့် လုံးဝ ခြားနားခဲ့ပေသည်။ သူက ထာဝရ ဧကရာဇ်၏ နောက်လိုက်တစ်ယောက် ဘယ်တုန်းကမှ မဖြစ်ခဲ့ပါချေ။

“မိတ်ဆွေတွေလား...”

ထျန်းမူယန်မှာ ဝူယု၏ စကားကြောင့် အံ့အားသင့် သွားခဲ့၏။ သို့သော်လည်း ဝူယု အမူအရာ တုန့်ပြန်ပုံကို အကဲခတ် ရလျှင် သူတို့ နှစ်ယောက်၏ ဆက်ဆံရေးက မိတ်ဆွေများထက် ပိုမှာ သေချာပေသည်။ ‘သခင်လေး’ ဆိုသည့် အသုံးအနှုန်းကိုတော့ သူ စိတ်ထဲတွင်သာ သိမ်းထားလိုက်၏။ ဝေ့ဝူယင်က သူ၏ သခင်လေး ဆိုလျှင် သခင်ကြီးက မည်သူနည်း။

သို့သော်လည်း အပြင်ပန်းတွင်တော့ သူက ခေါင်းတစ်ချက်သာ ညိတ်လိုက်၏။

“ကျုပ် သဘောပေါက်ပြီ...”

အကယ်၍ ဝေ့ဝူယင်ကို စမ်းသပ်လိုပါက သူ့နောက်ကွယ်ရှိ လူကို မဆန့်ကျင်မိမည့် နည်းလမ်းဖြင့် စမ်းသပ်ရမည် ဖြစ်ကြောင်း သူ သတိကပ် ထားလိုက်သည်။

ငွေရောင် မျက်လုံးများ၊ အာရုဏ်ဦး နေမီးတောက် ဆေးလုံး၊ သက်တံ့တံတား၊ ထာဝရ ကြယ်တာရာ နယ်မြေ၌ မွေးဖွားကြီးပြင်းလာခြင်း၊ အလွန်အမင်း မြင့်မားသည့် အဂ္ဂိရတ် ပါရမီ၊ သေမျိုး တစ်ယောက် အဆင့်အတန်းဖြင့်ပင် ပိုင်ဆိုင်ထားသည့် နည်းလမ်းများနှင့် လက်အောက်ငယ်သားများ... ထိုအချက် အားလုံးက ဝေ့ဝူယင်မှာ ဝူယု၏ လက်အောက်ငယ်သား တစ်ယောက် ဖြစ်ကြောင်း ညွှန်ပြနေသည်။

အရိပ်အမြွက်များကို ဆက်စပ်ရင်း တွေးစရာများက ပိုမို များပြားလာခဲ့၏။ ထာဝရ ဧကရာဇ်က မည်သည့် နေရာကို ရောက်သွားသနည်း။ သူ့ မျိုးဆက်က အဘယ်ကြောင့် ဤနေရာတွင် ကျန်ခဲ့သနည်း။

“အင်ပါယာ ဧကရာဇ် မူယန်... ဒီလိုလုပ်ကြရင် ဘယ်လိုလဲ... ကျုပ်လည်း မိန်းကလေး ရှောင်လုရဲ့ ပါရမီနဲ့ အရည်အချင်းကို သဘောကျမိပါတယ်... ကျုပ်တို့ ပညာချင်း ဖလှယ်လို့ ရပါတယ်... လွန်ခဲ့တဲ့ နှစ်ပိုင်းတုန်းက ထာဝရ နယ်မြေမှာ ဝူယု ကြေညာခဲ့တဲ့ ကိစ္စ ခင်ဗျားတို့ မှတ်မိဦးမှာပါ... အဲဒီ ညီလာခံက လူငယ် မျိုးဆက် တစ်ခုလုံး အတွက် အခွင့်အရေးပါပဲ... တကယ်လို့ မိန်းကလေး ရှောင်လု ဆန္ဒရှိရင် လာပါဝင်လို့ ရပါတယ်... အဲဒီမှာ ကျုပ်တို့ ပညာဖလှယ်လို့ ရတယ်”

“...”

ထျန်းမူယန် တိတ်ဆိတ်သွား၏။ ဝူယု ကြေညာခဲ့သည့် ကိစ္စကို သူ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ ဆယ်နှစ်... နောက်ဆယ်နှစ် အကြာတွင် ဝေ့ဝူယင်မှာ အဂ္ဂိရတ် ညီလာခံ တစ်ခုကို ကျင်းပမည် ဖြစ်သည်။ ထိုပြိုင်ပွဲ၌ သူ့ကို အနိုင်ယူနိုင်သည့် မည်သူမဆို အာရုဏ်ဦး နေမီးတောက် ဆေးလုံး အတွက် ဆေးညွှန်းကို ရပေလိမ့်မည်။

“...”

ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထို့နောက် သူက ဝူယုကို လက်ဟန်ခြေဟန် ပြလိုက်၏။ ဝူယုက တုန့်ဆိုင်းခြင်း မရှိပဲ အနန္တ ဧကရာဇ်ကျမ်းကို ထုတ်ယူလိုက်သည်။

ကျမ်းစာအုပ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင် ဖျက်ဆီးသူ သုံးစင်းထက်မှ အစွမ်းထက် အော်ရာများစွာကို တုန်လှုပ် သွားစေခဲ့၏။ ထျန်းမူယန်၏ အမူအရာပင်လျှင် သိသိသာသာ ပြောင်းလဲ သွား၏။

“အဆုံးမဲ့ ကောင်းကင် ကျမ်းစာ...”

ဝေ့ဝူယင်က ပြုံးလိုက်သည်။

“ခင်ဗျားတို့ အင်ပါယာ မျိုးနွယ်ရဲ့ အဆုံးမဲ့ ကောင်းကင် ကျမ်းစာက အနန္တ ဧကရာဇ်ကျမ်းနဲ့ အတော်လေး ဆင်တူတယ်လို့ ကျုပ် ကြားဖူးတယ်... ကျုပ်အထင် တူညီတဲ့ ရင်းမြစ် တစ်ခုတည်းက ဆင်းသက်လာတာတောင် ဖြစ်နိုင်ချေ ရှိတယ်... ခင်ဗျားတို့ ရောက်လာတာ အဲဒီကျမ်းစာ အတွက် မလား”

ဝေ့ဝူယင်က နောက်တစ်ကြိမ် လက်ကို ဝှေ့ယမ်းလိုက်၏။ ဝူယုက အနန္တ ဧကရာဇ် ကျမ်းစာကို အလိုက်သင့်ပင် ဝေ့ဝူယင် လက်ထဲ ထည့်ပေးလိုက်သည်။

ကောင်းကင်ဖျက်ဆီးသူ သုံးစင်းထက်မှ အော်ရာများမှာ ပိုမို ရိုင်းစိုင်းစွာ လှုပ်ရှားလာကြ၏။ သူတို့က ချက်ချင်းပင် ခုန်ထွက်ကာ ကျမ်းစာကို လုယူဖို့ အဆင်သင့် ဖြစ်နေကြပုံပင် ပေါ်သည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ချက်ချင်းပင် ပြင်းထန်သော ဖိအားများနှင့် လေးပင် လာခဲ့၏။

“ဒီမှာ...”

ဝေ့ဝူယင်က အနန္တ ဧကရာဇ် ကျမ်းစာအုပ်ကို သာမန် စာအုပ် တစ်ခုလို ထျန်းမူယန်ထံ ပစ်ပေးလိုက်သည်။ ထျန်းမူယန်က ရှေ့သို့ တက်လာကာ ဂရုတစိုက်ပင် ဖမ်းဆီးလိုက်၏။ ထို့နောက် သူက စာအုပ်ကို နတ်ဘုရား တစ်ပါးအား ရိုသေမှုမျိုးဖြင့် ကိုင်တွယ်ကာ စစ်ဆေးလိုက်သည်။ အမှောင် ဟင်းလင်းပြင်၏ အအေးဓာတ်ကြောင့် တစ်စုံတစ်ရာ ထိခိုက်မသွားကြောင်း သေချာသော အခါတွင်မှ သူက သက်ပြင်းတစ်ချက် ချလိုက်၏။

ဝှစ်... ဝှစ်... ဝှစ်...

ထိုအခိုက်အတန့်တွင်ပင် အလင်းတန်း သုံးခုမှာ ကောင်းကင် ဖျက်ဆီးသူများထံမှ ထွက်ပေါ်လာကာ အမှောင် ဟင်းလင်းပြင် အတွင်း ပေါ်လာခဲ့၏။ သူတို့က ထျန်းမျိုးနွယ်၏ မြေကြီးရှန့်ထိုများ ဖြစ်သည်မှာ ရှင်းလင်းလှ ပေသည်။ တဒင်္ဂမျှ အချိန်အတွင်းမှာပင် သူတို့မှာ ထျန်းမူယန်၏ လက်ထဲမှ အနန္တ ဧကရာဇ် ကျမ်းစာကို မျောက် ငှက်ပျောသီး တွေ့သလို ဝိုင်းအုံ နေကြပြီ ဖြစ်လေတော့သည်။

***

All Chapters