← Chapters

ကောင်းကင် အင်ပါယာ ချီနည်းလမ်း(၅)

Vol. 65 Ch. 901

ကောင်းကင် အင်ပါယာ ချီနည်းလမ်း(၅)

Vol. 65 Ch. 901

ဝူယုနှင့် ဝေ့ဝူယင်တို့မှာ ထိုမြင်ကွင်းကို တိတ်တဆိတ်ပင် ကြည့်နေကြ၏။ ဝူယုက ရယ်ချင်စိတ်ကို ထိန်းထားရသည့် မျက်နှာပေးဖြင့် ခေါင်းခါလိုက်သည်။

“အဲဒါက ဒီလောက် အရေးကြီးလို့လား...”

သူက အထင်သေးသည့် လေသံဖြင့် ရေရွတ်လိုက်၏။ အကယ်၍ သူတို့သာ သွေးမူလ နည်းလမ်းကို တွေ့မြင်ပါက မည်သည့် အတိုင်းအတာ အထိ ဖြစ်သွားမည်ပင် မသိချေ။ ထိုနည်းလမ်းမှာ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက် ပေသည်။ အမှန်တကယ် အားဖြင့် အနန္တ ဧကရာဇ် ကျမ်းစာမှာ ကြယ်တာရာ အဆင့် အခြေခံ ကျင့်ကြံခြင်း နည်းလမ်း တစ်ခုသာ ဖြစ်ပေသည်။

ရုတ်တရက်... အားလုံးမှာ ဝူယုကို အာရုံစိုက် လာကြ၏။ သူတို့၏ အကြည့်များက အမျိုးမျိုးသော ခံစားချက်တို့နှင့် ပြည့်နှက်နေသည်။ အများစု၌ စိုးမိုးနေသည်ကတော့ သတ်ဖြတ်လိုသည့် အငွေ့အသက်များပင် ဖြစ်လေသည်။

ဝေ့ဝူယင်က ဝူယုကို ပါးစပ်ပိတ်ထားရန် ခြေဟန်လက်ဟန် ပြလိုက်၏။ သို့သော်... သူ၏ အမူအရာသည်လည်း အလားတူပင် ဝူယုကဲ့သို့ ရောင်ပြန်ဟပ် နေသည်။ သူတို့ နှစ်ယောက်စလုံး၏ အမြင်၌ မြေကြီး ရှန့်ထိုများ၏ အပြုအမူများက အတော်လေး ရှက်စရာ ကောင်းနေသည့် ပုံပင်။ မသိပါက သူတို့၏ အမူအရာများက ငှက်ကလေးများကို အစာပစ်ကျွေးကာ အပျင်းပြေ ထိုင်ကြည့်နေကြသလိုပင်။

ဝေ့ဝူယင်က တားဆီးလိုက်သည့်တိုင် ဝူယုက ရပ်တန့်ခြင်း မရှိချေ။ သူက အလွန် အူမြူးနေဟန်ဖြင့် ရယ်ချင်စိတ်ကို ကြိတ်မှိတ်ရင်း...

“တောင်းပန်ပါတယ် သခင်လေး... ဒါပေမဲ့ သူတို့က သူတောင်းစားတွေနဲ့ တူနေလို့ပါ... ဒီအဆင့်နိမ့် ကျင့်စဉ်လေးကို...”

ဝူယု၏ စကား မဆုံးခင်မှာပင် ဝေ့ဝူယင်က သူ့ကို စိုက်ကြည့်လိုက်၏။ ဝူယုက ပခုံးတစ်ချက် တွန့်လိုက်ကာ တိတ်ဆိတ်သွားသည်။ သူက အာရုံပြောင်ဟန်ဖြင့် ခေါင်းကို မော့လိုက်ကာ ဟိုကြည့်ဒီကြည့်ဖြင့် စကားဆက် မပြောတော့ချေ။ ထိုအပြုအမူ အရ... ဝူယုမှာ ဝေ့ဝူယင်ကို ကြောက်ရွံ့သည်မှာ ထင်ရှားလှပေသည်။

ဝေ့ဝူယင်က ထျန်းမူယန်နှင့် အခြား မြေကြီး ရှန့်ထို သုံးယောက်တို့ ဘက်ကို လှည့်လိုက်၏။ သူတို့က ယောက်ျား နှစ်ယောက်နှင့် မိန်းမ တစ်ယောက်တို့ ဖြစ်ကာ အလွန် ကျော်ကြားသည့် အင်ပါယာ ဧကရာဇ်များ ဖြစ်ကြပေသည်။ ဝေ့ဝူယင်နှင့် ဝူယုတို့၏ အပြုအမူများကို ကြည့်ရင်း မြေကြီး ရှန့်ထို သုံးယောက်၏ အမူအရာများက အနည်းငယ် ထူးဆန်းသွား၏။

“အင်ပါယာ ဧကရာဇ် မူယန်... ကျုပ် ပြောတာ မှန်ရဲ့လား... ခင်ဗျားတို့ အဲဒီ ကျမ်းစာ အတွက် ရောက်လာတာ မလား... အဲဒါကို လိုချင်ရင် ကျုပ်တို့ အလဲအလှယ် လုပ်လို့ ရပါတယ်... ခင်ဗျားဘက်က စျေးဖြတ်လို့ ရပါတယ်... ကျုပ်လူရဲ့ မလေးစားတဲ့ အပြုအမူကြောင့် တောင်းပန်တဲ့ သဘောပါ”

“...”

ထျန်းမူယန် အပါအဝင် မြေကြီး ရှန့်ထိုများမှာ တိတ်ဆိတ် နေကြ၏။ ဝေ့ဝူယင်၏ စကားလုံးများက ဟင်းရွက်ကန်စွန်း အရောင်းအဝယ် လုပ်သလို ပေါ့ပေါ့ပါးပါး နိုင်လှရာ သူတို့ကို မျက်စိလည်စေ၏။

“ဒါနဲ့ ကြည့်ရတာ အဲဒီ ကျင့်စဉ်က သူတို့အတွက် တန်ဖိုးရှိတဲ့ပုံပဲနော်...”

ရုတ်တရက်... စီတက ဝင်ရောက်ပြောဆိုလာ၏။ လေသံအရ... သူမမှာ ဝေ့ဝူယင် သတိလက်လွတ် ရောင်းချလိုက်မှာ စိုးရိမ်နေဟန် ရသည်။

မြေကြီးရှန့်ထိုများ၏ အကြည့်များက မိန်းကလေး အပေါ် ရွေ့လျားသွား၏။ သူတို့၏ မျက်လုံးများက အနည်းငယ် အေးစက် သွားသည်။ ထိုကျင့်စဉ်က အမှိုက်ဆိုလျှင်ပင် တန်ဖိုးရှိနေဆဲ ဖြစ်သည်ဟု သူမက ဆိုလိုချင်သည်လား။

အင်ပါယာ ဧကရာဇ် တစ်ယောက်၏ ဒေါသ အော်ရာက ရိုင်းစိုင်းစွာပင် ပေါက်ကွဲ ထွက်ပေါ်လာ၏။ သူတို့က ထျန်းမျိုးနွယ်ဝင်များ ဖြစ်သည်။ ကျင့်စဉ်မှာ သူတို့ မျိုးနွယ်၏ အမွေအနှစ် တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ဝံ့ကြွားစွာ ကြေညာပြီး အတင်းအကြပ် ရယူရန် ရောက်ရှိလာခြင်း ဖြစ်သည်။ သူ ဝူယုကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်သော်လည်း ချက်ချင်းပင် ကိုယ့်ကိုယ်ကို ပြန်လည် ဟန့်တားလိုက်သည်။ အကယ်၍ တိုက်ခိုက်လိုက်ပါက သူတို့ စကားလုံးများကို အတည်ပြုရာ ရောက်သွားပေလိမ့်မည်။

ထျန်းမျိုးနွယ်၏ မြေကြီးရှန့်ထိုများမှာ တိတ်တဆိတ်ပင် ဝိညာဥ်အာရုံဖြင့် ဆွေးနွေး နေကြ၏။ အချိန်နှင့် အမျှ သူတို့၏ အမူအရာများက ပြောင်းလဲ နေသည်။ အဆုံးသတ်၌ ထျန်းမူယန်က ဝေ့ဝူယင်တို့ဘက်ကို ပြန်လှည့် လိုက်၏။

“အရောင်းအဝယ် လုပ်မယ် ဆိုလည်း ရပါတယ်... ဒါပေမဲ့ ကျုပ်တို့ အရင် ဒီကျင့်စဉ်ရဲ့ တန်ဖိုးကို အကဲဖြတ် ရဦးမယ်... နောက်ပြီး အဆုံးမဲ့ ကောင်းကင် ကျမ်းစာနဲ့ တူမတူရောပေါ့လေ... အတိအကျ ပုံစံတူပွားထားတာ ဆိုရင်တော့ အရောင်းအဝယ်ဖို့ နည်းနည်း ရယ်စရာ ကောင်းသွားမယ် မလား”

ထျန်းမူယန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။ ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။

“ခင်ဗျား ပြောတာ မှန်တယ်... ဒါပေမဲ့ မလိုဘူးဗျ... ခင်ဗျားတို့ရဲ့ အဆုံးမဲ့ ကောင်းကင် ကျမ်းစာကို ကျုပ်ရဲ့ စီနီယာ တစ်ယောက်က ဆေးဖော်စပ်ဖို့ လေ့လာဖူးတယ်... အဲဒါနဲ့ ယှဉ်ရင် အနန္တ ဧကရာဇ် ကျမ်းစာက ပိုပြီး အဆင့်မြင့်တယ် လို့ ကျုပ်ကို ပြန်ပြောဖူးတယ်... ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့ နှစ်ထောင်ချီက ကိစ္စ ဆိုတော့ အင်းပေါ့လေ ဘယ်ပြောနိုင်မှာလဲ... ဒါပေမဲ့ အတိအကျ မတူတာတော့ သေချာတယ်... ဒီလိုလုပ်ရင် ဘယ်လို သဘောရလဲ... နောက်ဆယ်နှစ် အဂ္ဂိရတ် ညီလာခံကျ ခင်ဗျားတို့ ကျုပ်ကို တန်ရာတန်ကြေး ‌ပေးပေါ့... ခင်ျားတို့ တန်တယ် ထင်သလောက် ပေးလို့ ရပါတယ်”

“...”

အင်ပါယာ ဧကရာဇ်များမှာ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားကြ၏။ ယနေ့၌ ဖြစ်ပျက်နေသမျှက အိပ်မက်ဆန်နေသလိုပင် သူတို့ ခံစားနေရသည်။ ဘာတွေ ဖြစ်နေသနည်း။

ဝေ့ဝူယင်က အပြုံးဖြင့်ပင် ထျန်းရှောင်လုဘက်ကို လှည့်လိုက်၏။

“မိန်းမလှလေး ထျန်းရှောင်လု... မင်းလေးနဲ့ တွေ့ရတာ တကယ် ဝမ်းသာပါတယ်... ကျုပ်တို့ အနာဂတ်မှာ ထပ်ဆက်ဆံနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်”

ထျန်းရှောင်လု၏ ရန်လိုမှုများမှာ ကုန်ဆုံးလုသ‌လောက် ရှိနေခဲ့ပြီ ဖြစ်သည်။ သူမက ဝေ့ဝူယင်ကို စိတ်ဝင်စားသည့် မျက်ဝန်းများနှင့် ကြည့်လိုက်၏။ အခြားလူများ မမြင်နိုင်လျှင်ပင်... အပြင်လူ တစ်ယောက် အနေဖြင့် မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း သူမ အတိအကျ သိပေသည်။

“ကျုပ်က အခုတစ်လော အရေးကြီးတဲ့ အစီအရင် တစ်ခုကို လေ့ကျင့်ရင်း တန်းလန်း ဖြစ်နေတာ မလို့ ခွင့်ပြုကြပါဦး... အဂ္ဂိရတ် ညီလာခံမှာ အားလုံးနဲ့ ပြန်တွေ့ကြဖို့ မျှော်လင့်ပါတယ်... ကျုပ်ကို အားမနာပါနဲ့... အစစ်အမှန် ဒြပ်စင်ဂိုဏ်းနဲ့ ကိစ္စရှိသေးရင်လည်း ဆက်ရှင်းကြပါ...”

ထိုကဲ့သို့ ပြောပြီးနောက် ဝေ့ဝူယင်က လေးစားမှု ပြသည့် အနေဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။ ပိုင်လင်က အလိုက်သင့်ပင် နောက်တစ်ကြိမ် မီးဖီးနစ် အသွင်ပြောင်းခြင်းကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူတို့မှာ တိတ်တဆိတ်ပင် ပြန်လည် ထွက်ခွာ သွားကြ၏။ အနန္တ ဧကရာဇ် ကျမ်းကတော့ ထျန်းမျိုးနွယ်များ၏ လက်ထဲ၌ ကျန်ရစ်ခဲ့လေပြီ ဖြစ်လေတော့သည်။

“…”

သို့သော်လည်း... ကျမ်းစာကို ကိုင်ထားသည့် ထျန်းမူယန်၏ လက်ပုံစံကတော့ အနည်းငယ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်တို့က အမှိုက်တစ်စလို ဆက်ဆံပြီး နောက်တွင် ထိုကျမ်းစာ အပေါ် သူ၏ တန်ဖိုးထားမှုများက မသိမသာပင် လျော့ကျသွားခဲ့ပြီ ဖြစ်သည်။

ဝူယုက အနန္တ ဧကရာဇ် ကျမ်းစာကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် ထျန်းမျိုးနွယ်ဝင်များကို ကြည့်လိုက်သည်။ သူတို့ အကြည့်ချင်း ဆုံသွားကြ၏။ ထိုအကြည့်များမှ တစ်ဆင့် ရန်လိုမှုများကို ဝူယု ခံစား မိပေသည်။ သူက အနည်းငယ် ပြုံးလိုက်၏။

ထို့နောက်... ဘာစကားမှ မပြောတော့ပဲ ဝေ့ဝူယင် နောက်ကို လိုက်ပါ သွားခဲ့တော့၏။ သူ၏ အမူအရာက အင်ပါယာ ဧကရာဇ်များ အ‌ပေါ် နည်းနည်းလေးမှ စိတ်မဝင်စားတော့သည့်ပုံပင်။

အင်ပါယာ ဧကရာဇ်များမှာ ဝူယု၏ အပြုအမူကို သတိပြုမိကြရာ ခံပြင်း ဒေါသထွက် သွားကြ၏။ အင်ပါယာ ဧကရာဇ် လူအိုကြီး တစ်ယောက်မှာ လက်သီးကို ခပ်တင်းတင်း ဆုပ်ကာ အံကြိတ်လိုက်မိသည်။ သို့သော်လည်း တိုက်ခိုက်၍ မဖြစ်ကြောင်း သူတို့ ကောင်းစွာ သဘောပေါက် ပေသည်။

အင်ပါယာ ဧကရာဇ်များမှာ သူတို့၏ အကြည့်များကို အနန္တ ဧကရာဇ် ကျမ်းစာပေါ် ပြန်လည် ပို့လွှတ်လိုက်သည်။ ထိုအခိုက်၌ သူတို့၏ မျက်လုံးများက စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်လေသည်။

အဆုံးမဲ့ ကောင်းကင် ကျမ်းစာမှာ သူတို့ကို အင်ပါယာ မျိုးနွယ် ဖြစ်စေခဲ့သည့် ကျင့်စဉ် ဖြစ်သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး၏ အုပ်စိုးသူ ဖြစ်စေခဲ့သည့် ကျင့်စဉ် ဖြစ်သည်။ ထိုကျင့်စဉ် အတွက် သူတို့ အလွန် ဂုဏ်ယူ ခဲ့ရသည်။ သို့သော်လည်း... ဝေ့ဝူယင်က အနန္တ ဧကရာဇ် ကျမ်းစာမှာ ပိုမို၍ သာလွန်သည်ဟု ပြောသွားခဲ့သည်။ သို့တိုင်အောင် သူတို့က ထိုကျင့်စဉ်ကို အမှိုက်တစ်စလို ဆက်ဆံသွားခဲ့သည်။ စွန့်ပစ် ပစ္စည်း တစ်ခုလို သူတို့လက်ထဲ ထားရစ်ခဲ့သည်။ စျေးတောင် ကြိုက်သလောက်ပဲပေးဟု ပေါ့ပေါ့တန်တန် ပြောခဲ့သည်။

ထျန်းမူယန်မှာ ငြိမ်းချမ်းရေး လမ်းစဉ်ကို ရွေးချယ်ကာ ဝေ့ဝူယင်၏ နောက်ခံကို စုံစမ်းရန် အရင် ကြိုးစားခဲ့သည့်တိုင် သူတို့ထံ၌ တိကျသည့် အမိန့်တစ်ခု ပါလာခဲ့ပြီး ဖြစ်သည်။ သူတို့က အင်ပါယာ ကာကွယ်သူ၏ထံမှ တိုက်ရိုက် ညွှန်ကြားချက်နှင့် ဤနေရာကို ရောက်ရှိလာခြင်း ဖြစ်ကာ ဒြပ်စင် နယ်မြေကို ဖျက်ဆီးမိလျှင်ပင် အနန္တ ဧကရာဇ် နည်းလမ်းနှင့် ဝူယုကို အပါခေါ်လာရန် ညွှန်ကြားခံခဲ့ရပြီး ဖြစ်သည်။

သို့သော်လည်း ဝေ့ဝူယင်တို့ ပြောနေသည့် စကားကို ကြားရပြီး နောက်တွင်တော့ သူတို့၏ အစီအစဉ်က ပျက်ရွင်း သွားခဲ့သည်။ ဝူယုက အရေးကြီးသည့်တိုင် နောက် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို စဉ်းစားဖို့ လိုပေသေးသည်။

ဟန်ယုဟိုင်မှာ ဝေ့ဝူယင်နှင့် ဝူယုတို့ မည်သည့် လှည့်ကွက်များ သုံးသွားကြောင်း နားမလည်နိုင်သေးချေ။ သူတို့က အဘယ်ကြောင့် အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ပေါပေါပဲပဲ ပေးပစ်ခဲ့ကြောင်း သူ စဉ်းစား မရချေ။ သို့သော်လည်း... ဝေ့ဝူယင်နှင့် ဝူယုတို့၏ အမူအရာ အရ ဆိုလျှင် ထိုအင်ပါယာ ကောင်းကင်ချီ နည်းလမ်းက သိပ် အထင်ကြီးစရာ ကောင်းပုံ မပေါ်ချေ။

သူ ဖြူရော်စွာ ပြုံးလိုက်မိ၏။ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ကျင့်ကြံခွင့် ရရှိရန် သူ ဘယ်နှစ်ည အိပ်မက်ခဲ့ရနသည်း။ သူ ဝူယုကို ဘယ်နှစ်ခါ မနာလို ဖြစ်ခဲ့ရသနည်း။ သို့သော်လည်း ယခုတွင်တော့...

ဟန်ယုဟိုင် ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။ ထို့နောက် သူက နောက်ပြန်လှည့်ကာ ဝေ့ဝူယင်တို့ နောက်ကို လိုက်ရန် ဟန်ပြင်လိုက်လေ၏။

အခြားတစ်ဖက်၌ ကျန်းကျိရီမှာ ငေးကြောင် နေခဲ့၏။ မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း သူမ နားမလည်နိုင်သေးချေ။ သို့သော်လည်း အင်ပါယာ မျိုးနွယ်၏ အလေးအနက် ထားသည့် အရာကို ဝူယုနှင့် ဝေ့ဝူယင်တို့ ပေါ့ပေါ့ပါးပါး ပြုမူသွားသည်ကို သူမ သတိထားမိပေသည်။ သူမက ထိုနေရာတွင်ပင် ဆက်နေကာ ထျန်းမျိုးနွယ် မည်ကဲ့သို့ ပြုမူမည်ကို စောင့်နေလိုက်သည်။

“သူက တကယ်ပဲ အဆုံးမဲ့ ကောင်းကင် ကျမ်းစာကို လေ့လာဖူးတဲ့ တစ်ယောက်ယောက်နဲ့ သိတာလား...”

ထျန်းမျိုးနွယ်၏ မိန်းကလေး အင်ပါယာ ဧကရီ တစ်ယောက်က မထိန်းချုပ်နိုင်ပဲ ရေရွတ်လိုက်၏။ သူမက အနက်ရောင် ဆံပင်ရှည်များနှင့် လှပသူ တစ်ယောက် ဖြစ်ကာ ထျန်းမျိုးနွယ်၏ သင်္ကေတ ဖြစ်သည့် ရွှေအိုရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည်။

သူမ၏ မေးခွန်းက အင်ပါယာ ဧကရာဇ်တိုင်း သိချင်နေသည့် မေးခွန်းပင် ဖြစ်လေသည်။ အထူးသဖြင့် ထျန်းမူယန်ပင်။

အဆုံးမဲ့ ကောင်းကင် ကျမ်းစာကို လေ့လာဖူးသူတိုင်းမှာ သူတို့ကိုယ်တိုင် ပြုစုပျိုးထောင်ထားသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များသာ ဖြစ်သည်။ အင်ပါယာ မျိုးနွယ်မှာ သူတို့အားလုံးကို လျှို့ဝှက် ကျိန်စာများဖြင့် ထိန်းချုပ် ထားပေသည်။

သို့သော်လည်း... ချွင်းချက် အနေဖြင့် သူစိမ်း တစ်ယောက်တော့ ရှိခဲ့ဖူးပေသည်။ ထာဝရ ဧကရာဇ်ပင်။

***

All Chapters