← Chapters

ကောင်းကင် အင်ပါယာ ချီနည်းလမ်း(၅)

Vol. 65 Ch. 902

ကောင်းကင် အင်ပါယာ ချီနည်းလမ်း(၅)

Vol. 65 Ch. 902

ထာဝရ ဧကရာဇ်...

မှန်သည်။ သူတို့ ထာဝရ ဧကရာဇ်ကို အဆုံးမဲ့ ကောင်းကင် ကျမ်းစာကို လေ့လာခွင့် ပေးခဲ့ဖူးသည်။ ထိုစဉ် အခါက ထာဝရ ဧကရာဇ်မှာ ပထမဆုံး အဂ္ဂိရတ် ရှန့်ထို ဖြစ်သည်။ သူက အဆုံးမဲ့ ကောင်းကင် ကျမ်းစာကို ‌လေ့လာကာ လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖော်စပ်ပေးမည်ဟု ပြောသော အခိုက်၌ သူတို့ မည်ကဲ့သို့ ငြင်းနိုင်ပါမည်နည်း။

“...”

ထျန်းမူယန်၏ မျက်လုံးများမှာ တဖြည်းဖြည်း ဝေးကွာသွားသည့် ပိုင်လင်၏ ပုံရိပ်ကို ငေးကြည့် နေခဲ့၏။ ဝေ့ဝူယင်မှာ အဂ္ဂိရတ် စွမ်းရည်ကို ထုတ်ဖော်ပြသသွားခြင်း မရှိသည့်တိုင် ထိုစကားလုံးများ၏ တာသွားမှုက ကြီးမားလွန်းသည်။ သူက သူ့နောက်ခံကို မသိမသာ လှစ်ဟာပြသ သွားခြင်းဖြစ်သည်။

မီးဖီးနစ်၊ နယ်ခြား အဂ္ဂိရတ် ရှန့်ထို တစ်ဦး၊ သက်တံ့တံတား၊ ထာဝရ ဧကရာဇ်နှင့် အတူ ရှိဖူးသည့် ဝူယု၊ သူ့ ကဲ့သို့ ငွေရောင် မျက်လုံးများ၊ အာရုဏ်ဦး နေမီးတောက် ဆေးလုံး၊ သေမျိုး တစ်ယောက် ထံမှ လျှို့ဝှက် ဆန်းကြယ်သည့် ခံစားချက်...

ထိုအချက် အားလုံးက တစ်ခုတည်းသော ကောက်ချက်ကို ညွှန်ပြနေပေသည်။ ထိုအရာကား ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ်၏ တိုက်ရိုက် မျိုးဆက် ဖြစ်နေသည် ဆိုခြင်းပင်။

ထျန်းမူယန် ပိုမို၍ သေချာ လာခဲ့၏။ ထိုပုဂ္ဂိုလ်ကြီးမှာ သူ့မျိုးဆက်ကို မွေးရပ်မြေထံ ပို့ကာ ကြီးထွား စေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း အကာအကွယ်မဲ့တော့ မဟုတ်ချေ။ သေမျိုး တစ်ယောက်က အကြောင်းရင်းမဲ့ ထိုကဲ့သို့ အင်အားမျိုးကို ပိုင်ဆိုင်စရာ အကြောင်းမရှိချေ။ ဝူယုလို ပုဂ္ဂိုလ်မျိုးကို အမိန့်ပေးနိုင်စရာ မရှိချေ။ ထိုကဲ့သို့ ရှေးဟောင်းသားရဲ ပိုင်လိမ့်မည် မဟုတ်ချေ။

ထိုကဲ့သို့ တွေးနေသည်က ထျန်းမူယန် တစ်ယောက်တည်းသာ မဟုတ်ပါချေ။ အင်ပါယာ ဧကရာဇ်တိုင်း တူညီစွာပင် ယူဆ နေခဲ့ကြခြင်း ဖြစ်သည်။

အင်ပါယာ ဧကရာဇ် လူအိုကြီးက သက်ပြင်းရှည် တစ်ချက် ချလိုက်၏။

“ခင်ဗျား မှန်တယ် မူယန်...”

ချီးကျူးစကား ဖြစ်သည့်တိုင် ထိုစကားလုံးများက ထျန်းမူယန်ကို မ‌ပျော်ရွှင်စေချေ။ ထို့အစား သူက ပင့်သက် တစ်ချက်သာ ရှိုက်လိုက်၏။ ကိစ္စများက ယခုလောက် ရှုပ်ထွေးလာလိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

ဝှစ်... ဝှစ်...

ရုတ်တရက် ပုံရိပ် နှစ်ခုမှာ နယ်မြေ ချိပ်ပိတ်ခြင်း ဝင်္ကပါ၏ အပြင်ဘက်၌ ပေါ်လာခဲ့၏။ ကျန်းကျိရီ အပါအဝင် မြေကြီး ရှန့်ထို အားလုံးမှာ သူတို့ ရောက်ရှိ လာမှုကို သတိထားမိသွားသည်။ ချက်ချင်းပင် များပြားလှသည့် ဝိညာဥ် အာရုံများမှာ ထိုနှစ်ယောက်ကို ဝန်းရံသွားကာ စစ်ဆေးလိုက်ကြ၏။

ပုံရိပ် နှစ်ခု အနက် တစ်ခုမှာ လျှို့ဝှက် အော်ရာကို ထုတ်ဖော်ထားကာ အခြား တစ်ယောက်ကို စေ့စေ့စပ်စပ်ပင် ကာကွယ်ထား၏။

“နှုတ်ဆက်ပါတယ်... ကျွန်မ မာ့ဆုကျင်းပါ... ရွှေရောင် အသက်နန်းတော် တတိယ ကိုင်းခွဲက လက်ထောက် အုပ်ချုပ်ရေးမှူးဟောင်းပါ... နှောက်ယှက်မိရင် တောင်းပန်ပါတယ်”

သူမကတော့ မာ့ဆုကျင်းပင် ဖြစ်လေတော့သည်။ သူမ၏ နောက်တွင် ရှိနေသူက အလွန်အမင်း အားနည်းကာ သေအံ့မူးမူး ဖြစ်နေသည့် မာ့ကျန်းမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။

“မာ့ကျန်း...”

ထျန်းမူယန်၏ အမူအရာက မာ့ကျန်း၏ အခြေအနေကို ကြည့်ကာ တုန်လှုပ် သွားခဲ့၏။ သူက ကြယ်တာရာ နယ်မြေ၏ အသက် အကြီးဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် အင်ပါယာထက်ပင် စီနီယာ ကျ‌သေးသည်။ ထိုလူအိုကြီးမှာ နှစ်သောင်းပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့ကာ ခေတ်ပေါင်း များစွာကို မှီခဲ့သူ ဖြစ်သည်။

သို့‌သော်လည်း ယခုတွင်တော့ သူက မျက်တောင် တစ်ခပ်စာ အတွင်း သေသွားတော့မည့်ပုံ ပေါ်လေသည်။

ဝှစ်...

အင်ပါယာ ဧကရာဇ် လူအိုကြီးမှာ အရှေ့သို့ ပျံသန်းသွားကာ မာ့ဆုကျင်း နံဘေး၌ ပေါ်လာခဲ့၏။ မိန်းကလေးမှာ မဟာမြင်း လောကနယ်မြေမှ ထွက်ခွာကာ ဟင်းလင်းပြင် ဂိတ်တံခါး အမျိုးမျိုးကို သုံး၍ ဤနေရာသို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ သူမ၏ မျက်လုံးများမှာ စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက်နေကာ ရင်မှာ တဒိတ်ဒိတ် ခုန်နေခဲ့၏။

အင်ပါယာ ဧကရာဇ် လူအိုကြီးက မာ့ကျန်း၏ နဖူးကို ထိလိုက်သည်။ မာ့ဆုကျင်း မတားချေ။ လက်ရှိ အခြေအနေထက် ပိုဆိုးစရာလည်း မရှိတော့ချေ။ တစ်ခဏ ကြာပြီးနောက် အင်ပါယာ ဧကရာဇ် လူအိုကြီး၏ မျက်လုံးများက မယုံကြည်နိုင်သည့် ခံစားချက်များနှင့် ပြည့်နှက် သွားခဲ့၏။

“အသက်ရင်းမြစ်က ကုန်နေပြီ... ဝိညာဥ် သက်တမ်းကလည်း အကန့်အသတ်ကို ရောက်နေပြီ... မိတ်ဆွေကြီး... ဘာတွေ ဖြစ်ခဲ့တာလဲ...”

အင်ပါယာ ဧကရာဇ် လူအိုကြီးမှာ မာ့ကျန်းထက် ပိုမို၍ ငယ်ရွယ်ပေသည်။ သို့သော်လည်း ခံစားချက် အရိပ်အငွေ့ သမ်းနေသော မျက်လုံးများ အရ သူတို့ အကြား၌ ဆက်ဆံရေးများ ရှိခဲ့သည်မှာ ထင်ရှားလှပေသည်။

မာ့ကျန်းက အားနည်းစွာပင် ပြုံးလိုက်၏။

“ဘဝဆိုတာ ရွေးချယ်မှု တစ်ခုပါပဲ...”

“...”

အင်ပါယာ ဧကရာဇ် လူအိုကြီးက မာ့ကျန်းကို ဝမ်းနည်းစွာဖြင့် ကြည့်ကာ လက်ကို ပြန်ရုတ်လိုက်သည်။ ထို့နောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

“ကျင့်ကြံခြင်း လမ်းစဉ် ဆိုတာက အဆက်မပြတ် တိုက်ခိုက်ဖို့၊ သိမ်းပိုက်ဖို့နဲ့ ကြီးပွား ချမ်းသာဖို့ ဆန္ဒတစ်ခုပါပဲ”

ထို့နောက် သူတို့ နှစ်ယောက် ခံစားချက်ချင်း ထပ်တူညီစွာဖြင့် ကြည့်လိုက်၏။

“ကျင့်ကြံခြင်းက တကယ် ခက်ခဲတယ်...”

ထိုအခိုက်၌ အင်ပါယာ ဧကရာဇ်များ၊ ကောင်းကင် ဖျက်ဆီးသူများထက်ရှိ သင်္ဘောသားများ အပါအဝင် ကျန်းကျိရီနှင့် မာ့ဆုကျင်းတို့ ပင်လျှင် ပြင်းထန်သည့် သံဝေဂလှိုင်းများကို ခံစားလိုက်ရသည်။ လူအိုကြီး နှစ်ယောက်၏ စကားလုံးများကို သူတို့ နှလုံးသားထဲမှ ခံစားမိပေသည်။

သူတို့ ကျင့်ကြံကြသည်။ ပိုမို ကြီးမားသော အကန့်အသတ်များကို တက်လှမ်းကြသည်။ ထိုနေရာများကို ရောက်ပြန်တော့လည်း နောက်ထပ် ပန်းတိုင်များ ထပ်ပေါ်လာပြန်သည်။ ကျင့်ကြံခြင်းက ခက်ခဲသည်။ သို့သော်လည်း ဆက်လက် လျှောက်လှမ်းလိုသည့် သူတို့ ဆန္ဒက အဆုံးမဲ့လှပေသည်။

မာ့ဆုကျင်းက အံကို တင်းတင်းကြိတ်ကာ အတွေးထဲမှ လျှင်မြန်စွာ ရုန်းထွက်လိုက်၏။

“ကျွန်မတို့ ဝေ့ဝူယင်ကို တွေ့ချင်ပါတယ်... ကျေးဇူးပြုပြီး ဝင်ခွင့်ပြုပါ”

သူက မာ့ကျန်းကို ပွေ့ပိုက်ရင်း အသက်အင်အားများကို ပို့လွှတ်ကာ အခြေအနေကို တည်ငြိမ်ရန် ကြိုးပမ်း လိုက်၏။

လွန်ခဲ့သည့် ရက်ပိုင်း အတွင်းမှာပင် မိန်းကလေးမှာ ဖခင် ဖြစ်သူ အတွက် သက်တမ်း သုံးထောင်ခန့်ကို ဆုံးရှုံးခံခဲ့ပြီး ဖြစ်သည်။ သူမ၏ အသွင်သဏ္ဌာန်က ဆက်လက် နုပျိုနေဆဲ ဖြစ်သည့်တိုင် လက်ကျန် သက်တမ်းက ငါးထောင်အောက်ပင် လျော့နည်း နေခဲ့ပြီ ဖြစ်သည်။ ထိုအရာက လျှို့ဝှက် ဝိညာဥ် အဆင့် ကျင့်ကြံသူ တစ်ယောက် အတွက်တော့ သက်တမ်း တစ်ဝက် ဖြစ်ပေသည်။

“...”

အာလုံးမှာ မာ့ဆုကျင်း၏ ရည်ရွယ်ချက်ကို နားလည် လိုက်ကြ၏။ သို့သော်လည်း မာ့ကျန်းကို မည်သည့် အရာမှ မကယ်တင်နိုင်တော့ကြောင်း သူတို့ အားလုံး သဘောပေါက် ပေသည်။ ယခုအချိန်ထိ မာ့ကျန်း မသေသေးခြင်းမှာ မာ့ဆုကျင်း၏ ကိုယ့်ကိုယ်ကို စတေးမှုများကြောင့်ပင် ဖြစ်သည်။ အကယ်၍ သူမသာ မရှိပါက မာ့ကျန်းမှာ သူ့ကိုယ်သူ တစ်မိနစ်မျှပင် ဆက်လက် ထိန်းထားနိုင်တော့မည် မဟုတ်ချေ။

ဝှစ်...

ရုတ်တရက် မြေကြီးရှန့်ထို အဆင့် တစ်ယောက်မှာ မာ့ဆုကျင်းတို့ အနားသို့ ရောက်ရှိလာခဲ့၏။ သူမက မိန်းကလေး တစ်ယောက် ဖြစ်ကာ ဝိုင်နီရောင် ဆံပင်ရှည်များနှင့် ပတ္တမြားလို မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ မြေကြီးရှန့်ထို တစ်ယောက် အနေဖြင့် သူမက အတော်လေး လှပသူ တစ်ယောက် ဖြစ်ပေသည်။

“ငါ သူတို့ကို ခေါ်သွားလိုက်မယ်...”

မိန်းကလေးက ပြောလိုက်၏။ ထို့နောက် သူမက မတုန့်မဆိုင်းပင် မာ့ဆုကျင်းနှင့် မာ့ကျန်းတို့ကို ဆုပ်ကိုင်ကာ ဝေ့ဝူယင် ထွက်ခွာသွားရာ အရပ်ထံ ဥက္ကာပျံ တစ်ခုလို ပျံသန်း သွားတော့သည်။

“...”

အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားကြ၏။ မိန်းကလေး အင်ပါယာ ဧကရာဇ် တစ်ယောက်က အေးစက်စက် နှာခေါင်း ရှုံ့လိုက်သည်။

“ဒီခွေးမ...”

ထို့နောက် သူမက မတုန့်မဆိုင်းပင် နောက်မှ လိုက်သွား၏။

“...”

ကျန်းကျိရီ တစ်ယောက် စိတ်ရှုပ်ထွေးသွားသည်။ ဘာတွေ ဖြစ်နေသနည်း။

ထျန်းမူယန်နှင့် လူအိုကြီးတို့မှာလည်း တုန့်ဆိုင်းခြင်း မရှိချေ။ သူတို့က ချက်ချင်းပင် မာ့ဆုကျင်းတို့ နောက်ကို လိုက်ရန် ဦးတည်လိုက်သည်။ ခပ်လှမ်းလှမ်းသို့ ရောက်မှ ထျန်းမူယန်က ထျန်းရှောင်လုဘက်သို့ လှည့်ကာ အော်ဟစ်လိုက်၏။

“ကောင်းကင် ဖျက်ဆီးသူထဲ ပြန်ဝင်ပြီး ဟင်းလင်းပြင် ဂိတ်တံခါးကနေ ပြန်တော့”

“...”

ထျန်းရှောင်လုက အချိန် အတန်ကြာ သူတို့ကို ‌ငေးကြည့် နေခဲ့၏။ ထို့နောက် သူမက အနီးဆုံး ကောင်းကင် ဖျက်ဆီးသူထံ ပြန်လည် ပျံသန်းကာ ဝင်ရောက် ပျောက်ကွယ် သွားခဲ့တော့သည်။

မကြာခင်မှာပင် မြေကြီးရှန့်ထို အားလုံးမှာ ဝိုင်နီရောင် ဆံပင်ပိုင်ရှင် မိန်းကလေးနောက်သို့ သည်းကြီးမည်းကြီး လိုက်သွားကြပြီ ဖြစ်လေတော့သည်။

***

All Chapters