← Chapters

မာ့ကျန်း၏ အခြေအနေ

Vol. 65 Ch. 903

မာ့ကျန်း၏ အခြေအနေ

Vol. 65 Ch. 903

လွန်ခဲ့သည့် တစ်မိနစ်ခန့်က...

ဝှစ်...

ဝူယုမှာ နောက်မှ လိုက်လာရင်း ဝေ့ဝူယင်ကို လိုက်မှီလာခဲ့သည်။ သူ၏ မျက်နှာထက်၌ အပြုံးတစ်ခု ရှိနေခဲ့၏။

“ဒီနေ့ တကယ် ပျော်စရာ ကောင်းတာပဲ...”

ဝူယုမှာ ရယ်မောရင်း ပြောလိုက်၏။ ထိုအင်ပါယာ မျိုးနွယ်သားများ ဖြစ်ပျက်သွားသည့် မျက်နှာများကို သူ ရှင်းလင်းစွာပင် မှတ်မိနေသေးသည်။ အနန္တ ဧကရာဇ် ကျမ်းစာကို ဆုံးရှုံးလိုက်ရသော်လည်း ဘယ်လိုပဲ ဖြစ်ဖြစ် အန္တရာယ် တစ်ခုကို ပေါ့ပေါ့ပါးပါး ရှောင်လွှဲနိုင်ခဲ့သည့် အပြင် ရန်သူများ၏ ခံစားချက်များကိုလည်း အရူးလုပ်နိုင်ခဲ့ရာ ထိုအရာက တန်သည်ဟု ဆိုနိုင်ပေသည်။

“နည်းနည်းပေါ့ဗျာ...”

ဝေ့ဝူယင်က ပြုံးလိုက်သည်။ သူ ဝမ်မင်ယာကို ပွေ့ဖက်ထားဆဲ ဖြစ်ကာ အသက် အင်အားများကို သူမထံ ပို့လွှတ်ပေးနေခဲ့သည်။

“ဒါနဲ့ သခင်လေး ဘယ်လို သိတာလဲ...”

ဝူယုက ဆက်လက် ထိန်းမထားနိုင်တော့ဟန်ဖြင့် မေးလိုက်၏။ ထျန်းရှောင်လုနှင့် စိန်ခေါ်ပွဲ အကြောင်း စကားပြော နေစဉ် အတွင်း ဝေ့ဝူယင်က သူ့ထံ ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ကာ ဇာတ်လမ်း တစ်ခု ဆင်ဖို့ တိုင်ပင်ခဲ့သည်။ ထိုအရာက အင်ပါယာ မျိုးနွယ်ကို မလေးမစား ဆက်ဆံရန် ဖြစ်သည်။ အထူးသဖြင့်... အနန္တ ဧကရာဇ်ကျမ်းကိုပါ လုံးဝ အမှိုက်တစ်စလို ဆက်ဆံဖို့ပင်။

အင်ပါယာ မျိုးနွယ်မှာ တိုက်ပွဲ အတွက် အဆင်သင့် ပြင်လာခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်တို့ ထွက်ပြေးလျှင်ပင် သူတို့ထံ၌ ခြေရာခံ အမဲလိုက်ရန် နည်းလမ်းများ ရှိမှာ သေချာသည်။ သို့တိုင်အောင် သူတို့က အစပိုင်း၌ ထိန်းထိန်းသိမ်းသိမ်း ပြုမူကာ စစ်ဆေးဖို့သာ အရင် ကြိုးပမ်းခဲ့သည်။ ထိုအချက်က သူတို့ထံတွင် စိုးရိမ်နေသည့် အရာ ရှိနေကြောင်း သိသာစေသည်။

“သူတို့က ကျုပ်ကို ထာဝရ ဧကရာဇ်ရဲ့ မျိုးဆက်လို့ ထင်နေတာ...”

ဝေ့ဝူယင်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီတော့ ကျုပ်တို့ဘက်ကလည်း အဲဒါကို အားသာချက်လို ဆွဲကိုင်ရတာပေါ့ဗျာ... သူတို့ အဲဒီလို ယုံကြည်သွားမယ် ဆိုရင် ကျုပ်တို့ အတွက် မမြင်နိုင်တဲ့ ဒိုင်းကာ တစ်ခု ရသွားသလိုပဲ... ဒီကြယ်ကွင်းပြင်မှာ ကျုပ် ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တာပေါ့... ထာဝရ အစည်းအရုံးတောင် နောက်တွန့်ချင် တွန့်သွားမှာပေါ့လေ”

ဝူယုက ခေါင်းညိတ်လိုက်၏။ သူ မရယ်ပဲ မနေနိုင်တော့ချေ။ ဤကြယ်တာရာ နယ်မြေသားများမှာ တကယ် အတွေးများလွန်းလှသည်။ ထာဝရ ဧကရာဇ်၌ ကလေး မရှိချေ။ အကယ်၍ ကလေးရှိမည် ဆိုလျှင်လည်း အယ်ဗန် မျိုးစပ်များသာ ဖြစ်ပေလိမ့်မည်။

ထာဝရ ဧကရာဇ် စိတ်ဝင်စားခဲ့သည့် တစ်ဦးတည်းသော မိန်းကလေးက အထွတ်အမြတ် အယ်ဗန် ဧကရီ ဖြစ်သည်။ ထို့အပြင်... သူက ကလေးယူရမည်ကို စိတ်မဝင်စားချေ။

“ထာဝရ အစည်းအရုံးက...”

စကားပြောရန် ပြင်လိုက်ပြီးမှ ဝူယုမှာ လမ်းခုလတ်တွင် ရပ်တန့်သွား၏။ သူ၏ မျက်လုံးများက အလွန် ထက်ရှသွားကာ အဝေးကို လှမ်းကြည့်လိုက်သည်။ ဟန်ယုဟိုင် နောက်မှ လိုက်လာသည်ကို သူ အစောကြီးတည်းက သိပေသည်။

သို့သော်လည်း... သူ့နောက်တွင်ကား မ‌ရေမတွက်နိုင်သော အစွမ်းထက် အော်ရာများမှာ ကြောက်မက်ဖွယ် အမြန်နှုန်းများနှင့် ဤနေရာတည့်တည့်ကို ဦးတည်၍ ချဉ်းကပ် လာနေခဲ့ပြီ ဖြစ်သည်။

“ကြည့်ရတာ သခင်လေးရဲ့ ဒိုင်းကာလည်း မကူညီနိုင်တော့ဘူး ထင်တယ်”

အေးစက်စက် ရေရွတ်လိုက်ရင်း ဝူယု၏ အော်ရာက လျှင်မြန်စွာ မြင့်တက် လာခဲ့တော့၏။ သူက တတိယမြောက် မဟာ အသွင်ပြောင်းခြင်းကို ထုတ်ဖော်ကာ ရန်သူများကို မျက်နှာချင်းဆိုင်ခဲ့ပြီး ဖြစ်ပေသည်။

အတိတ်ရှိ အမှားများမှ တစ်ဆင့် ဝူယု သင်ယူခဲ့ပြီး ဖြစ်သည်။ သူ ရန်သူကို နောက်တစ်ကြိမ် ဘယ်တော့မှ ပေါ့ပေါ့တန်တန် ရင်ဆိုင်တော့မည် မဟုတ်ပါချေ။

လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ရင်း တိုက်ခိုက်ရန် အဆင်သင့် ပြင်လိုက်ချိန်တွင်ပင် စိတ်ထဲ၌ အသံတစ်ခုကို သူ ကြားလိုက်ရ၏။

“ခဏနေဦး... ကျုပ် လက်စွပ် တစ်ကွင်းကို အာရုံခံမိတယ်”

ဝေ့ဝူယင်၏ အမူအရာက စိတ်ဝင်စားခြင်းများနှင့် ပြည့်နှက်နေ၏။ သူ လက်အောက် ငယ်သားများနှင့် မိတ်ဆွေများကို လက်စွပ်များ ဖြန့်ဝေ ပေးခဲ့ဖူးသည်။ လျှင်မြန်စွာ နီးကပ်လာသည့် အလင်းတန်းများထဲတွင် ထိုလက်စွပ်များထဲမှ တစ်ခုကို သူ အာရုံခံမိသည်။ သို့သော် ဘယ်တစ်ယောက်လည်း ဆိုတာကိုတော့ သူ မသိပါချေ။

“သူတို့က ကောင်းကင် ဖျက်ဆီးသူတွေကို ခေါ်မလာဘူး...”

ဝေ့ဝူယင်က နောက်ထပ် အသေးစိတ် အချက်အလက် တစ်ခုကို ပြောပြလိုက်၏။ နောက်ဆက်တွဲနှင့် ပတ်သက်၍ ဝူယုကို တကူးတက ရှင်းပြစရာ မလိုပါချေ။ အကယ်၍ သူတို့သာ တိုက်ခိုက်ရန် ရောက်ရှိလာခြင်းဆိုပါက ကောင်းကင် ဖျက်ဆီးသူများကို ခေါ်လာလိမ့်မည် ဖြစ်သည်။ ဝူယုက နားလည် သဘောပေါက်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။

“နောက်ပြီး သူတို့က အမြင့်ဆုံး အမြန်နှုန်းနဲ့ ချဉ်းကပ်လာနေတာ မဟုတ်ဘူး”

သူတို့က မြေကြီး ရှန့်ထိုများ ဖြစ်သည်။ အကယ်၍ သူတို့သာ ဆန္ဒရှိပါက ထိုအကွာအဝေးကို မျက်တောင် တစ်ခပ်စာ အတွင်း ရောက်ရှိလာနိုင်သည်။ ရှင်းလင်းစွာပင် သူတို့မှာ ဝေ့ဝူယင်တို့ အထင်လွဲသွားမည်ကို စိုးရိမ်နေသည်။

ဝူယုက မျက်တောင်ကြုတ်ကာ အလင်းတန်းများကို သေချာစိုက်ကြည့်လိုက်၏။ ထို့နောက် သူက လေ့လာ တွေ့ရှိချက်ကို ဝေ့ဝူယင်အား ပြောပြလိုက်သည်။

“အင်ပါယာ ဧကရာဇ် လူအိုကြီးက သင်္ကေတ ငါးခု မြေကြီးရှန့်ထို တစ်ယောက်ပဲ... သူတို့က ဒီလောက် အထင်ကြီးစရာ ကောင်းတဲ့ပုံ မပေါ်ပါဘူး”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ အင်ပါယာ မျိုးနွယ် ဝူယု‌နောက်ကို အဘယ်ကြောင့် အသည်းအသန် လိုက်ချင်နေကြောင်း သူ သဘောပေါက်လိုက်ပြီ ဖြစ်သည်။ ဝူယု၏ ကျင့်ကြံခြင်း အဆင့်အတန်းက အလွန်ပင် မြင့်မားလွန်းလှသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်ရှိပြီးနောက်၌ သူ မြေကြီး ရှန့်ထိုများစွာနှင့် ဆုံတွေ့ခဲ့သည်။ သူတို့ထဲက အများစုက လျှို့ဝှက် သင်္ကေတ သုံးခုနှင့် အောက်တွင်သာ ရှိကြပေသည်။

ဝေ့ဝူယင် ကိုယ့်ကိုယ်ကို အဆင်သင့် ပြင်ကာ ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ချက်ချင်း ထုတ်ဖော်နိုင်အောင် အသင့်လုပ်ထားလိုက်သည်။ အင်ပါယာ မျိုးနွယ်မှာ အန္တရာယ် မပြုလောက်ဟု ယူဆ၍ ရသည့်တိုင် မည်သည့် ကိစ္စတွင် မဆို ချွင်းချက် ရှိစမြဲ ဖြစ်သည်။ ဤသည်က အမှား မခံနိုင်သည့် အခြေအနေ ဖြစ်လေရာ သူ့ဘက်က အကုန် ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပေသည်။

ဝှစ်... ဝှစ်... ဝှစ်...

အလင်းတန်းများမှာ တစ်ယောက်ပြီး တစ်ယောက် ဝေ့ဝူယင်နှင့် မိုင်ဆယ်ဂဏန်းခန့် အကွာတွင် ရပ်တန့် သွားကြ၏။

သူတို့ကို ဦးဆောင်၍ လာနေသူက ဝိုင်နီရောင် ဆံနွယ်များနှင့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမက လက်ထဲတွင်တော့ ဝူယု ရင်းနှီးပြီးသား ပုံရိပ် နှစ်ခုကို သယ်ဆောင်ထား၏။

သူတို့၏ နောက်တွင်တော့ အင်ပါယာ ဧကရာဇ် လူအိုကြီး၊ မိန်းကလေး အင်ပါယာ ဧကရီ၊ ထျန်းမူယန်နှင့် အခြား ချောမောသော လူငယ် တစ်ယောက် ပါလာသည်။ သူတို့ အားလုံးမှာ ရောင်စုံ ကြယ်များ ပါဝင်သည့် အင်ပါယာ ဝတ်စုံများကို ဝတ်ဆင်ထား၏။ သို့သော်လည်း ကြယ်အရေအတွက်မှာ ကွာခြားလှကာ ထျန်းမူယန်ထံ၌ အများဆုံး ပါဝင်နေပေသည်။ ထိုကြယ်များက အင်ပါယာ ဧကရာဇ်များ အကြားတွင်ပင် အဆင့်အတန်း ကွာဟမှု ရှိကြောင်း ဖော်ပြနေပေသည်။

ဝိုင်နီရောင် ဆံနွယ်ပိုင်ရှင် မိန်းကလေးနှင့် အခြားမြေကြီးရှန့်ထိုအဆင့် တစ်ယောက်ကတော့ ကောင်းကင် ဧကရာဇ်များ ဖြစ်သည်။ သူတို့က တော်ဝင် သွေးမျိုးဆက် မဟုတ်သည့် မြေကြီး ရှန့်ထိုများ ဖြစ်သည်။

ဝိုင်နီရောင် ဆံနွယ်ပိုင်ရှင် မိန်းကလေးမှာ လှပ ကြည်လင်ကာ အချိုးအစား ကျနသည့် ရုပ်ရည်ကို ပိုင်ဆိုင် ထားသည်။ သူမထံ၌ တည်ငြိမ်ကာ ဉာဏ်ကောင်းပုံ ပေါ်သည့် မျက်ဝန်းတစ်စုံ ရှိ၏။

အခြား ကောင်းကင် ဧကရာဇ်ကတော့ ငယ်ရွယ်ပုံ ပေါ်သည့် လူငယ်လေး တစ်ယောက် ဖြစ်သည်။ သူက ထူထဲသော မျက်ခုံးများနှင့် ချောမွေ့သည့် အသားအရည်ကို ပိုင်ဆိုင်ထား၏။ သူ၏ ခန္ဓာကိုယ်က ကြွက်သားများနှင့် အချိုးအစား ကျနလှကာ အဖြူရောင်၊ အပြာရောင်၊ ရွှေရောင် ရောနှောသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။

“သခင်လေး... ဟိုနှစ်ယောက်က မာ့ကျန်းနဲ့ သူ့သမီး မာ့ဆုကျင်းတို့ပဲ”

ဝူယုက ပြောလိုက်၏။ ဝေ့ဝူယင်မှာ ထိုနာမည်များနှင့် ရင်းနှီးပြီးသား ဖြစ်သည့်တိုင် လက်ရှိ အချိန်ထိ ဆုံတွေ့ဖူးခြင်းတော့ မရှိသေးချေ။

“မာ့ကျန်းနဲ့ မာ့ဆုကျင်းလား...”

ဝေ့ဝူယင် အံ့အားသင့် သွားခဲ့၏။ မာ့ကျန်း ဘာဖြစ်လို့နည်း။ သို့သော်လည်း... အပြင်ပန်းတွင်တော့ သူက အေးစက်စက် အမူအရာကို ဆင်မြန်းကာ ထျန်းမူယန်ကို စိုက်ကြည့်လိုက်သည်။

“ဒါက ဘာသဘောလဲ အင်ပါယာ ဧကရာဇ် မူယန်...”

သူ၏ လေသံက အကြောက်အလန့် ကင်းမဲ့ကာ ရဲရင့်မှုများနှင့် ပြည့်နှက်နေ၏။ ဝူယုကလည်း အလားတူပင် ပြုမူနေကာ ပြင်းထန်သည့် လျှို့ဝှက် အော်ရာကို ထုတ်လွှတ်ထားသည်။ အဆုံးမဲ့ကောင်းကင် ကြယ်တာရာ နယ်မြေ၏ နံပတ်တစ် အင်အားစုမှ မြေကြီး ရှန့်ထို ခြောက်ယောက်နှင့် ရင်ဆိုင်နေရသည့်တိုင် သူ၏ အမူအရာက အကြောက်အလန့် ကင်းမဲ့နေသည်။

“နားလည်မှု လွဲတာပါ...”

ထျန်းမူယန်က ဖြူရော်စွာ ပြုံးရင်း ခေါင်းခါလိုက်၏။ တစ်ချိန်တည်း၌ သူ ဝေ့ဝူယင်တို့၏ တုန့်ပြန်မှုကို ကြည့်ရင်း အံ့အားသင့် သွားခဲ့သည်။ သူတို့ အရှိန်အဟုန်နှင့် ချဉ်းကပ်လာသည့်တိုင် ထိုနှစ်ယောက်မှာ မည်သည့် စိုးရွံ့မှု ထိတ်လန့်မှု အရိပ်အယောင်ကိုမှ မပြချေ။

ဝိုင်နီရောင် ဆံနွယ်နှင့် မိန်းကလေးက လေးစားသည့် အမူအရာဖြင့် လက်နှစ်ဖက် ယှက်ကာ နှုတ်ဆက်လိုက်သည်။

“အာဏာရှင် အင်ပါယာဝေ့... သူတို့ နှစ်ယောက်က ရှင့်ကို အရေးတကြီး တွေ့ချင်တယ် ဆိုလို့ ကျွန်မ ခေါ်လာခဲ့ပေးတာပါ”

ထို့နောက် သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ မာ့ဆုကျင်းနှင့် မာ့ကျန်းတို့မှာ ဝေ့ဝူယင်ထံသို့ ပျံသန်း သွားခဲ့ကြသည်။

“...”

မြေကြီး ရှန့်ထို အဆင့်များမှာ ငြိမ်သက်စွာပင် ထိုမြင်ကွင်းကို စောင့်ကြည့် နေကြ၏။ သို့သော်လည်း မိန်းကလေး အင်ပါယာ ဧကရီကတော့ စိတ်ထဲမှ ကြိတ်ကာ နှာခေါင်းရှုံ့လိုက်သည်။ ဝေ့ဝူယင်ကို အာဏာရှင် အင်ပါယာ အဖြစ် သုံးလိုက်ခြင်းက ဖင်ကို ပြေးနမ်းလိုက်ခြင်း ဖြစ်ကြောင်း သူမ သိပေသည်။

အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဆိုသည့် ဝေ့ဝူယင်၏ နာမည်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် မဟာ စက်ဝန်း ကြယ်ကွင်းပြင်၌ ပျံ့နှံ့ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အာဏာရှင်နှင့် အင်ပါယာ ဆိုသည့် အသုံးအနှုန်း နှစ်ခုမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ လူမှု အသိုင်းအဝိုင်းတွင် အလွန် အရေးကြီးသည့် နာမ်စားများဖြစ်သည်။

အာဏာရှင် ဆိုသည့် နာမည်မှာ လျှို့ဝှက် အာဏာရှင် အဆင့်နှင့် ချိတ်ဆက်နေသည်။ ၎င်းက တန်ခိုးရှင် အင်အားစုကြီးများ၏ အုပ်စိုးသူများသာ ရောက်ရှိနိုင်သည့် ကျင့်ကြံခြင်း အဆင့်ကြီး တစ်ခုလုံးကို ကိုယ်စား ပြုပေသည်။ တစ်ချိန်တည်း၌ အင်ပါယာ ဆိုသည့် နာမည်က အဆုံးမဲ့ ကောင်းကင်၏ အုပ်စိုးသူ မျိုးနွယ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထျန်းမူယန် ပင်လျှင် ဝေ့ဝူယင်ကို “အာဏာရှင် အင်ပါယာ” ဆိုသည့် နာမည် သုံး၍ ခေါ်ဆိုရန် ငြင်းဆန်ခဲ့သည်။

“နင် ‌သောက်ပါးစပ်ကို ပိတ်ထားရင် ကောင်းလိမ့်မယ် ယန်ချောင်ယွီ...”

မိန်းကလေး အင်ပါယာ ဧကရီက ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ရင်း ပြောလိုက်၏။ ယန်ချောင်ယွီဟု ခေါ်သည့် ဝိုင်နီရောင် ဆံနွယ်ပိုင်၏ အမူအရာက အနည်းငယ် သုန်မှုန်သွားသည်။ သို့သော်လည်း... သူမက နည်းနည်းလေးမျှ တင်စီး မခံပါချေ။

“ထျန်းလင်းယု... နင်က တကယ် ကလေးဆန်တာပဲ... နင့်အဆင့်အတန်းနဲ့ မကိုက်ညီဘူး”

ထျန်းလင်းယုက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

“နင်ကတော့ နင့်အဆင့်အတန်းနဲ့ ကိုက်ညီပါတယ် ယန်ချောင်ယွီ... ဘယ်သူ့တွေ့တွေ့ ဖင်ပြေးလျက်လိုက်တာ ချည်းပဲ”

သူတို့အားလုံး ယန်ချောင်ယွီ မည်ကဲ့သို့ ပြုမူခဲ့သည်ကို ရှင်းလင်းစွာ မြင်နိုင်ခဲ့ပေသည်။ မည်မျှ အရှက် ကင်းမဲ့လိုက်သနည်း။

***

All Chapters