← Chapters

ဖြေရှင်းရန် နည်းလမ်း

Vol. 65 Ch. 904

ဖြေရှင်းရန် နည်းလမ်း

Vol. 65 Ch. 904

အခြားတစ်ဖက်၌ ဝူယုက မာ့ကျန်းတို့ နှစ်ယောက်ကို ပိုင်လင် ကျောထက်သို့ ပို့ပေးလိုက်၏။ ပိုင်လင်က နိဗာန မီးတောက်များကို သိမ်မွေ့အောင် ပြုပြင်လိုက်ကာ သူတို့ နှစ်ယောက်ကို လက်ခံလိုက်သည်။

မာ့ဆုကျင်းမှာ ပင့်သက် တစ်ချက် ရှိုက်လိုက်မိ၏။ သူမမှာ လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်သာ ဖြစ်လေရာ ယန်ချောင်ယွီ၏ ဖမ်းဆုပ်မှုကို ခုခံနိုင်စွမ်း မရှိခဲ့ချေ။ ကံကောင်းထောက်မစွာပင် သူတို့ထံ၌ ဆိုးရွားသည့် ရည်ရွယ်ချက် မရှိခဲ့ပါချေ။

သို့သော်လည်း ဝေ့ဝူယင်ကို မြင်လိုက်ရသော အခိုက်၌ သူမ၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ နှလုံးသားက တဒိတ်ဒိတ် တုန်ရီသွားကာ ခန္ဓာကိုယ် အပူရှိန်မှာ မြင့်တက် လာခဲ့၏။

ငွေရောင် မျက်လုံးများမှ အစ၊ ချောမောလှသည့် မျက်နှာ၊ ကြည်လင်သည့် အသားအရေ၊ ယောက်ျား ပီသသည့် ခန္ဓာကိုယ် ဖွဲ့စည်းပုံ အဆုံး... ထိုလူငယ်မှာ ပြီးပြည့်စုံလွန်းလှသည်။

‘ထျန်းရီဝူတောင်မှ သူ့လောက် မခန့်ညားဘူး...”

သူမ တွေးလိုက်မိ၏။ မြေကြီး ရှန့်ထို အားလုံးမှာ တိတ်ဆိတ် နေကြကာ ဝေ့ဝူယင် လုပ်မည့် အရာကို စောင့်ကြည့် နေကြသည်။

လက်ရှိ မာ့ကျန်း၏ အခြေအနေက အလွန် ကြောက်စရာ ကောင်းပေသည်။ အသက်ရင်းမြစ်မှာ လုံးဝ ခမ်းခြောက်နေကာ ဝိညာဥ် သက်တမ်းမှာလည်း အကန့်အသတ်ကို ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ သူက တစ်ဝက်သေနေခဲ့ပြီဟုပင် ဆိုနိုင်ပေသည်။

နာမည်ကျော် မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင်... အထူးသဖြင့် ဒဏ္ဍာရီလို ဖြစ်နေသည့် ပုဂ္ဂိုလ် တစ်ယောက်က မည်ကဲ့သို့ ကူညီနိုင်မည်ကို သူတို့ ကြည့်လိုကြသည်။ ထို့အပြင် သူက ထာဝရ ဧကရာဇ်နှင့် အမှန်တကယ် ချိတ်ဆက်မှု ရှိနေမလား သူတို့ ဆန်းစစ်လိုကြသည်။

ဝေ့ဝူယင်မှာ မြေကြီးရှန့်ထိုများ၏ အကြည့်များကို ခံစားမိ၏။ သူ ထိုအကြည့်များကို လျစ်လျူလိုက်ကာ မာ့ကျန်းကိုသာ ကြည့်လိုက်သည်။ ထိုလူအိုကြီးမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် ဖြစ်ကာ ခန္ဓာကိုယ်ကို လျှို့ဝှက် စွမ်းအင်များနှင့် ဆက်သွယ်ထားသည်။ ထို့ကြောင့်ပင် လူအိုကြီး၏ အခြေအနေနှင့် ပတ်သက်၍ သူ ဘာကိုမှ မဖမ်းဆုပ်နိုင်ပါချေ။

ဝူယုက မာ့ကျန်း၏ ပခုံးကို ထိကာ အခြေအနေကို ဝေ့ဝူယင် ကိုယ်စား စစ်ဆေးလိုက်၏။ မာ့ကျန်းမှာ သူ့ အခြေအနေ အကြောင်း စကားပြောနိုင်ခြင်းပင် မရှိတော့ချေ။ သူ၏ အသက်ရှူသံများက အလွန်ပင် ဖျော့တော့နေကာ မျက်ဖြူဆိုက်လု နီးနီးဖြစ်နေခဲ့ပြီ ဖြစ်သည်။

စက္ကန့် အနည်းငယ် ကြာပြီးနောက် ဝူယုက မျက်မှောင်ကြုတ်လိုက်၏။

“သခင်လေး... သူ့ရဲ့ အသက်ရင်းမြစ်က အကြီးအကျယ် ထိခိုက်ထားတာ... ဘယ်လို အသက်အင်အားကို ထိန်း မထားနိုင်တော့ဘူး... သူ့ခန္ဓာကိုယ် ပျက်စီးနှုန်းကလည်း အရမ်း မြန်နေပြီ”

“...”

ဝေ့ဝူယင်က တစ်ခဏမျှ စဉ်းစားလိုက်၏။

“ထာဝရ ပြန်လည် မွေးဖွားခြင်းဆေးဆို အဆင်ပြေလား...”

သူ စဉ်းစား၍ ရမိသလောက်က ထိုဆေးလုံးသာ ဖြစ်ပေသည်။ သို့သော်လည်း ဝူယုက ခေါင်းခါလိုက်၏။

“ထာဝရ ပြန်လည် မွေးဖွားခြင်းဆေးက ခန္ဓာကိုယ်နဲ့ ကျင့်ကြံခြင်းကိုပဲ ပြန်တည်ဆောက် ပေးနိုင်တာ... အသက်ရင်းမြစ်ကို ပြန်ကုသ မပေးနိုင်ဘူး... နောက်ကျသွားပြီ”

အသက်ရင်းမြစ်မှာ လူတစ်ဦး၏ အသက်အင်အားများကို သိုလှောင်ပေးထားသည့် ဗဟိုနေရာ ဖြစ်သည်။ ကျင့်ကြံသူ ဖြစ်စေ၊ သေမျိုး ဖြစ်စေ... သူတို့ထံတွင် အသက်ရင်းမြစ်များ ရှိပေသည်။ ကျင့်ကြံခြင်း အဆင့်များကို တစ်ခါချိုးဖျက်တိုင်း သက်တမ်းက နောက်တစ်ဆင့်ကို ခုန်တက်သွားသည်။ သေမျိုးတစ်ပိုင်း အဆင့်ကို ရောက်ရှိလျှင် ကျင့်ကြံသူ တစ်ယောက်၏ အသက်ရင်းမြစ်မှာ လျှို့ဝှက် အဆင့်သို့ မြင့်တက်သွားကာ ပျမ်းမျှ နှစ်ပေါင်း နှစ်သောင်း အသက်အင်အားကို ရရှိလာနိုင်ပေသည်။

“နောက်ပြီး သူ့ရဲ့ ဝိညာဥ်အင်အားကလည်း အကန့်အသတ်ကို ရောက်နေပြီ”

ဝူယုမှာ ထိုစကားများကို ပွင့်ပွင့်လင်းလင်းပင် ပြောနေခြင်း ဖြစ်လေရာ အားလုံး ရှင်းလင်းစွာပင် ကြားနိုင်ပေသည်။

ဝေ့ဝူယင်က ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးအကြောင်း ပြောသော အခိုက်၌ အားလုံး၏ မျက်လုံးများက ခံစားချက် အမျိုးမျိုးဖြင့် တောက်ပသွားခဲ့ကြသည်။

ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးမှာ ထာဝရ ဧကရာဇ်၏ အမွေအနှစ် တစ်ခု ဖြစ်ကာ ကျင့်ကြံသူ တစ်ယောက်၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက် ပေးနိုင်သည်။ ၎င်းက အဆင့်ကိုး ထုတ်ကုန် တစ်ခု ဖြစ်ကာ ဖော်စပ်ရ အလွန် ခက်ခဲသည်။ ၎င်းက အဆင့်ကိုး သေမျိုး အဂ္ဂိရတ် အာဏာရှင် အများစု မဖော်စပ်နိုင်သည့် ဆေး ဖြစ်ပေသည်။

ဝှစ်...

ကျန်းကျိရီမှာ နောက်ဆုံးမှ နေ၍ ရောက်ရှိလာ၏။ သူမက ဟန်ယုဟိုင် နံဘေးကို သွား၍ ရပ်ကာ အဖြစ်အပျက်များကို စိတ်ဝင်တစားဖြင့် စူးစမ်း နေလိုက်သည်။

မာ့ဆုကျင်းက ဝေ့ဝူယင်ကို မျှော်လင့်နေသည့် မျက်ဝန်းများနှင့် ကြည့်လိုက်သည်။

“ကျွန်မ... ကျွန်မ တစ်ခုခု ကူညီပေးရမလား...”

ဖခင်ဖြစ်သူက ဝေ့ဝူယင် ရောက်ရှိလာလျှင် ကိစ္စ အားလုံး ပြေလည်သွားလိမ့်မည်ဟု သူမကို ပြောခဲ့ဖူးသည်။ ထို့ကြောင့်ပင် အရာအားလုံး ပုံအောကာ သူမ ‌ရောက်အောင် လာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင်ကတော့ လုံးဝ ဆွံ့အ နေခဲ့၏။ သူ ဘာလုပ်ပေးရမည်နည်း။ ဤသည်က သူ့ဘဝ တစ်လျှောက်လုံး တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသည့် ပြဿနာ ဖြစ်သည်။

ထို့အပြင် သူက သေမျိုး တစ်ယောက်သာ ဖြစ်သည်။ အသက်ရင်းမြစ်နှင့် ဝိညာဥ်သက်တမ်း ကုန်ဆုံးခြင်းက သူ့ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည်။ ထို့အပြင် လူအိုကြီးမှာ သေမျိုး အဆင့် မဟုတ်ချေ။ လျှို့ဝှက် အာဏာရှင် တတိယ အဆင့် ဖြစ်သည်။ မြေကြီးရှန့်ထိုများပင် လက်မှိုင်ချထားရသည့် အရာကို သူက ဘာလုပ် ပေးနိုင်မည်နည်း။

သို့သော်လည်း... လေ့လာနေကြသူများ၏ အကြည့်များကို သူ သိပေသည်။ အကယ်၍ သူသာ ဘာမှ မတတ်နိုင်ပါက သူတို့က ကောက်ချက်များ ချကြတော့မည် ဖြစ်သည်။ ထို့အပြင်... လက်ရှိ သူတို့၏ အမြင်၌ သူက ထာဝရ ဧကရာဇ်နှင့် ဆက်စပ် ပတ်နေသူ တစ်ယောက် ဖြစ်သည်။ ထိုပြဿနာကို သူ မဖြေရှင်း နိုင်လျှင်ပင် ထာဝရ ဧကရာဇ်ကတော့ ကျိန်းသေပင် ဖြေရှင်းနိုင်ပေလိမ့်မည် ဖြစ်သည်။ အကယ်၍ သူသာ ငြင်းဆိုလိုက်ပါက ထာဝရ ဧကရာဇ်နှင့် ပတ်သက်မှု မရှိကြောင်း အားလုံး သံသယဝင်သွားလိမ့်မည် ဖြစ်သည်။

“...”

ဝူယုက အဓိပ္ပာယ်ပါသည့် မျက်လုံးများနှင့် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။ ထိုလူငယ် တွေးနေသည့် အရာကို သူကိုယ်တိုင်လည်း တွေးနေခြင်း ဖြစ်သည်။

ပြဿနာက အချိန်ကိုက်ပင် ပေါ်ထွက် လာခဲ့ခြင်းကပင်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်၌ ဝေ့ဝူယင် အကြောင်း သူ အသိဆုံး ဖြစ်သည်။ ငွေရောင် မျက်လုံးနှင့် ကြောက်မက်ဖွယ် အဂ္ဂိရတ် ပါရမီတို့ကို ပိုင်ဆိုင်ထားသည်မှ လွဲ၍ သူက ထာဝရ ဧကရာဇ်နှင့် ဘာဆို ဘာမှ မသက်ဆိုင်ချေ။

ဝေ့ဝူယင် မျက်လုံးကို မှိတ်ကာ စိတ်စွမ်းရည်များကို ပြင်းထန်စွာ အလုပ်ပေးလိုက်၏။

‘ဖြေရှင်းဖို့ နည်းလမ်း လိုတယ်... စဉ်းစားစမ်း ဝေ့ဝူယင်... စဉ်းစားစမ်း...”

ဝိညာဥ် သက်တမ်း၊ အသက်ရင်းမြစ်တို့နှင့် ပတ်သက်၍ သူ့တွင် ဘာဗဟုသုတမှ မရှိချေ။ ၎င်းတို့၏ ယေဘုယျ ရည်ရွယ်ချက်နှင့် မည်သို့မည်ပုံ လုပ်ဆောင်သည်တို့လောက်ကိုသာ နားလည်ပေသည်။ ထိုနှစ်မျိုး စလုံးက လူတစ်ယောက်၏ ရှင်သန်မှု အတွက် ကြီးမားစွာ အရေးပါပေသည်။

အကယ်၍ သာမန် အသက်အင်အား ကုန်ဆုံးခြင်းမျိုး ဆိုပါက သူ ဧဒင် အမှတ်သားထဲမှ စွမ်းရည်များကို လွှဲပေးရ ရပေသေးသည်။ သို့သော်လည်း... ဤသည်က လုံးဝ ခြားနားသည့် ပြဿနာ ဖြစ်သည်။ မာ့ဆုကျင်းမှာ သူမ၏ အသက် အင်အား နှစ်ထောင်ချီကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... မာ့ကျန်း၏ အသက်ကို အနည်းငယ်လေး ဆွဲဆန့်နိုင်ရုံမှ လွဲ၍ ဘာအသုံးဝင်ခဲ့သနည်း။

“သူ့မှာ အချိန် ဘယ်လောက် ကျန်သေးလဲ...”

ဝေ့ဝူယင် ဝူယုကို မေးလိုက်၏။ ဝူယုက မျက်မှောင်ကြုတ်ရင်း နောက်တစ်ကြိမ် ထပ်မံ စစ်ဆေး လိုက်သည်။ ထို့နောက် သူက အဖြေပေးလိုက်၏။

“မကြာတော့ဘူး... အများဆုံး သုံးနာရီပဲ”

“ဘာ...”

မာ့ဆုကျင်း၏ ခန္ဓာကိုယ် ကလေးက တုန်ရီသွားသည်။ သူမက ကပျာကယာပင် နောက်ထပ် အသက် အင်အားများကို မာ့ကျန်းထံ လွှဲပြောင်းပေးရန် ပြင်လိုက်၏။

သို့သော်လည်း လက်တစ်ဖက်က သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ တားဆီးလိုက်သည်။ လက်ရှိ အချိန်အထိ မိန်းကလေးမှာ အသက်အင်အား နှစ်ပေါင်း လေးထောင်ခန့်ကို အသုံးပြုထားပြီး ဖြစ်သည်။ ဆက်လက်၍ ပို့လွှတ်နေပါက သူမ၏ အသက်ရင်းမြစ်တွင် ဒဏ်ဖြစ်သွားပေလိမ့်မည်။

သူမအား တားဆီးလိုက်သူမှာ ဝေ့ဝူယင်မှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။ သူ မာ့ဆုကျင်းကို အသုံးမဝင်သည့် ကိစ္စများကို ဆက်လုပ်ခြင်းဖြင့် အသက်အင်အားများ မဖြုန်းတီးစေလိုတော့ချေ။ မာ့ဆုကျင်းက ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ငွေရောင် မျက်လုံးများထဲမှ တစ်ဆင့် သူမ မျှော်လင့်ချက်ကို ရှာဖွေ လိုက်သည်။

သူမမှာ မာ့ကျန်း၏ နောက်ဆုံး ကလေး ဖြစ်သည်။ သူ၏ အချစ်ဆုံး ဖြစ်သည်။ သူ့ထံမှ ချစ်ခြင်း မေတ္တာ၊ ဂရုစိုက်မှုများကို အခြား ကလေးငယ်များထက် ပိုမို ရရှိခဲ့သည်။ အခြားကလေးများ သေမျိုးအဆင့်ဖြင့် အဆုံးသတ် ရချိန်တွင် သူက သူမကို လျှို့ဝှက် အာဏာရှင် အဆင့် ဖြစ်အောင် ပြုစုပျိုးထောင် ပေးခဲ့သည်။

သူမ အလွန် ကံကောင်းခဲ့သည်။ ဖခင်ဖြစ်သူနှင့် အတူ ကြီးပြင်းခဲ့ရသည်။ သူက သူမကို သင်ကြားပေးခဲ့သည်။ လေ့ကျင့်ပေးခဲ့သည်။ တွန်းအားပေးခဲ့သည်။ သူမက သူ၏အကြီးမားဆုံး အမွေအနှစ် ဖြစ်သလို သူက သူမ အချစ်ရဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

“ကျေးဇူးပြုပြီး...”

မိန်းကလေး၏ မျက်ဝန်းများမှာ စိုဆွတ်လာ၏။

“ကျေးဇူးပြုပြီးတော့ သူ့ကို ကယ်ပေးပါ... ရှင် လိုချင်တာ ဘာပဲ ဖြစ်ဖြစ် ပေးပါ့မယ်... ကျေးဇူးပြုပြီး...”

“...”

မြေကြီးရှန့်ထိုများမှာ ထိုအရာ အားလုံးကို ဆိတ်ငြိမ်စွာ ကြည့်နေခဲ့၏။ နှစ်ပေါင်းထောင်ချီ အသက်ရှင်သန်ခဲ့ပြီး နောက်တွင် ထိုခံစားချက်များကို သူတို့ နားလည်ပေသည်။ သူတို့ အထဲက မည်သူက အဖေ၊ အမေ၊ သားသမီး၊ ချစ်သူ တစ်ယောက်ယောက်ကို မဆုံးရှုံးဖူးလို့နည်း။

ဝူယုက သက်ပြင်းတစ်ချက် လိုက်၏။ သူ ဇနီးဖြစ်သူ ကျွင်းနာကို ပြန်လည် အမှတ်ရလိုက်သည်။ သူမ သူ့ရင်ခွင်ထဲ လှဲလျောင်း ငြိမ်သက်စွားသည့် အချိန်ကို သူ ထင်ထင်ရှားရှားပင် အမှတ်ရ နေခဲ့သေးသည်။

မာ့ဆုကျင်း၏ လက်ကောက်ဝတ်ကို ကိုင်ထားသည့် ဝေ့ဝူယင်၏ လက်များမှာ အနည်းငယ် တုန်ရီသွား၏။

“အကိုကြီး...”

သူ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ နာကျင်မှုများမှာ သူ့ရင်ဝဆီတွင် အစိုင်အခဲ တစ်ခုလို စုဝေး လာခဲ့၏။ နှလုံးသားက မွမ်းကြပ်သွားသလို သူ ခံစားလိုက်ရသည်။

ဝေ့ဝူယင် မာ့ဆုကျင်း၏ လက်ကို လွှတ်ပေးလိုက်၏။ ထို့နောက် နောက်ကို အနည်းငယ် ဆုပ်လိုက်ကာ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။ လက်ဖနှောင့်များမှာ သွေးမရှိတော့သလို ဖြူရော် သွား၏။ ရုတ်တရက် အသိစိတ် ပင်လယ်ဆီမှ တူနှင့် ထုသလို တဒုတ်ဒုတ် အသံများကို သူ ကြားလိုက်ရလေသည်။ သူ ဘာလုပ်ရမှန်း မသိ ဖြစ်သွားစဥ်မှာပင်...

“ရှင်က တာအိုရဲ့ သီလ မဟုတ်ဘူး.. သူက မလျော်ကန်ဘူး”

ရုတ်တရက် အသံတစ်ခုကို သူ ကြားလိုက်ရ၏။ ၎င်းက အလွန် နူးညံ့ သိမ်မွေ့ကာ ရင်းနှီးလှပေသည်။ ထိုအရာ စစ်ဝိညာဥ်၏ အသံ ဖြစ်ကြောင်း ဝေ့ဝူယင် ချက်ချင်းပင် မှတ်မိလိုက်လေ၏။

***

All Chapters