← Chapters

ဖြေရှင်းရန် နည်းလမ်း (၂)

Vol. 65 Ch. 905

ဖြေရှင်းရန် နည်းလမ်း (၂)

Vol. 65 Ch. 905

ထိုအရာက ဝေ့ဝူယင် စစ်ဝိညာဥ် ငါးသန်း ပေး၍ ဝယ်ယူခဲ့သည့် ကောင်းကင် စစ်ဝိညာဥ်ပင် ဖြစ်လေသည်။ စတင် ဝယ်ယူခဲ့သည့် နေ့ကတည်းက စ၍ ၎င်းမှာ သူ့ အသိစိတ် ပင်လယ် အတွင်း ကပ်ပါးကောင် တစ်ကောင်လို မှီတွယ်နေကာ စိတ်စွမ်းအင်များကို စုပ်ယူ နေခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင် ခပ်မြန်မြန်ပင် စိတ်ကိုယ်ပွား တစ်ခု ဖန်တီးလိုက်ကာ အသိစိတ် ပင်လယ်ထဲကို ဝင်ရောက် လိုက်၏။ မကြာခင်မှာပင် ဧဒင်၏ အမြစ်ကြီးများ အကြား ခိုအောင်း နေသည့် ရွှေရောင် ဥတစ်လုံးကို သူ တွေ့ရှိ လိုက်ရသည်။ ၎င်းက မူလက အတိုင်း မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည့်တိုင် စော‌စောက စကားပြောလိုက်သည်မှာ ရှင်းလင်းပေသည်။

“တာအိုရဲ့ သီလဆိုတာ ဘာလဲ...”

ဝေ့ဝူယင် တိုက်ရိုက်ပင် မေးလိုက်၏။ ကောင်းကင် စစ်ဝိညာဥ်ဥက ချက်ချင်း ပြန်မဖြေချေ။ ၎င်းက ရေငတ်နေသည့် ဆင်တစ်ကောင် အလား စိတ်စွမ်းအင်များကိုသာ စုပ်ယူလိုက်၏။ ပြင်းထန်သည့် ခေါင်းကိုက်မှုကို ဝေ့ဝူယင် နောက်တစ်ကြိမ် ခံစားလိုက်ရသည်။ တစ်ခဏ အတွင်းမှာပင် သူ၏ စိတ်စွမ်းအင်များမှာ လေးပုံတစ်ပုံခန့် ကုန်ဆုံး သွားခဲ့ပြီ ဖြစ်သည်။

“ဒဏ္ဍာရီလာ တည်ရှိမှု တစ်ခုပါ... မသက်ဆိုင်ပါဘူး...”

မိန်းကလေးက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ သူမ၏ အသံက အနည်းငယ် မောပန်းနေပုံ ပေါ်သည်။ စကားအနည်းငယ် ပြောရုံဖြင့်ပင် စုပ်ယူထားသည့် စိတ်စွမ်းအင်များက ကုန်ဆုံးသွားသည့်ပုံ ပေါ်၏။

“ခင်ဗျား ပြောချင်တာ တစ်ခုခု ရှိလို့လား...”

ကောင်းကင် စစ်ဝိညာဥ် ဆိုတာက ဘာလဲ ဝေ့ဝူယင် မသိချေ။ သို့သော်လည်း ၎င်းက ဉာဏ်ကောင်းကာ ဗဟုသုတ ရှိ‌လောက်သည်ဟု သူ ခန့်မှန်း မိပေသည်။ အသိစိတ် ပင်လယ်က နောက်တစ်ကြိမ် စိတ်စွမ်းအင်များကို စုပ်ယူလိုက်ပြန်လေ၏။

“တစ်ခါတစ်ရံမှာ အရိုးရှင်းဆုံးအဖြေက အထိရောက်ဆုံးပဲ... အများကြီး မတွေးနဲ့...”

ထိုကဲ့သို့ ပြောပြီးနောက်၌ ရွှေရောင်ဥမှာ နောက်တစ်ကြိမ် ပြန်လည် မှေးမှိန်သွား၏။ ၎င်းက တုတ်တုတ်မျျပင် လှုပ်ရှားခြင်း မရှိတော့ချေ။

“...”

ဝေ့ဝူယင် တစ်ယောက် တိတ်ဆိတ်သွား၏။ အတန်ကြာပြီးနောက်၌ သူ၏ စိတ်ကိုယ်ပွားက ဉာဏ်အလင်း ပွင့်ဟန်ဖြင့် လင်းလက်သွားသည်။

“ခင်ဗျား မှန်တယ်... ကျုပ်က တာအိုရဲ့ သီလ မဟုတ်ဘူး... ကျုပ် တွေးနေတဲ့ နည်းလမ်းတွေက မှားနေခဲ့တာပဲ...”

သူက အနားသို့ တိုးကပ်သွား၍ အနမ်းတစ်ချက် ပေးလိုက်ရာ ရွှေရောင် ဥကလေးမှာ အနည်းငယ် တုန်ရီသွား၏။ ထို့နောက်... သူ့ကိုယ်ပွားက ဖျပ်ခနဲ ပျောက်ကွယ်သွားတော့သည်။

အပြင်လောက၌ ဝေ့ဝူယင်က တောက်ပစွာ ပြုံးလိုက်၏။

“ကျုပ် သူ့ကို မကယ်နိုင်ဘူး... ဒါပေမဲ့ ကယ်နိုင်တဲ့ လူကိုတော့ သိတယ်”

“ဟမ်...”

မြေကြီးရှန့်ထိုများမှာ လျှင်မြန်စွာပင် တုန့်ပြန်လာကြ၏။ ဝေ့ဝူယင်က ထာဝရ ဧကရာဇ်ကို ရည်ညွှန်းခြင်းလော။ သူက ထိုပုဂ္ဂိုလ်ကြီးကို ဆက်သွယ်တော့မည်လော။

သို့သော်လည်း... ဝေ့ဝူယင်က မာ့ကျန်းကိုသာ တောက်ပသည့် အပြုံးနှင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“အဲဒါက ခင်ဗျား ကိုယ်တိုင်ပဲ...”

ထို့နောက် သူက ရှန့်ထို လက်စွပ်ထဲမှ ကျောက်စိမ်း သေတ္တာလေး တစ်လုံးကို ထုတ်ယူလိုက်လေတော့၏။ ဝေ့ဝူယင်၏ လုပ်ဆောင်ချက်က အားလုံးကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေခဲ့သည်။

မြေကြီးရှန့်ထို အားလုံးမှာ မည်သည့် ဒဏ္ဍာရီလာ ပစ္စည်း တစ်ခု ထွက်ပေါ်လာမည်ကို သိလိုကြရာ ‌ရှေ့သို့ အနည်းငယ်ပင် ယောင်ယမ်း တိုးလိုက်မိကြသည်။ ထိုပစ္စည်းက မာ့ကျန်း၏ ပြဿနာကို ဖြေရှင်း ပေးနိုင်မည်လော။ သူတို့ သိထားသလောက် ဆိုလျှင် ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်း မရှိချေ။ လျှို့ဝှက် မြေကြီး အဆင့် ထုတ်ကုန်များပင် ထိုကဲ့သို့ မလုပ်နိုင်ချေ။ အခြေအနေကို ယာယီ တည်ငြိမ်အောင် လုပ်၍ ရသည့် နည်းလမ်းများ ရှိသည့်တိုင် ဝိညာဥ်သက်တမ်းနှင့် ပတ်သက်၍ ဖြေရှင်းရန် အတွက်မူ သီအိုရီပင် မရှိပါချေ။

ထို့အပြင် သူတို့ ပိုမို၍ စိတ်ဝင်စားနေသည့် အရာ တစ်ခု ရှိ၏။ ၎င်းက... မာ့ဆုကျင်းနှင့် မာ့ကျန်းတို့ ဝေ့ဝူယင်ထံ တန်းတန်းမတ်မတ် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ နာမည်ကျော် အဂ္ဂိရတ် ရှန့်ထို လေးယောက်ထဲမှ တစ်ယောက် မဟုတ်ချေ။ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့် တစ်ယောက်သာ ဖြစ်သည်။ ထို့အပြင် သူက လျှို့ဝှက် အာဏာရှင် အဆင့်ကိုပင် မရောက်သေးချေ။ မာ့မျိုးနွယ်မှာ ဝေ့ဝူယင်၏ မူလဇစ်မြစ်နှင့် ပတ်သက်၍ တစ်ခုခု သိထား၍လော။

ကျောက်စိမ်း သေတ္တာကလေးမှာ လေးထောင့် သဏ္ဌာန် ရှိကာ မျက်နှာပြင်ထက်၌ လှပသော ပန်းပျောက်တို့ဖြင့် တန်ဆာဆင်ထား၏။ လျှို့ဝှက်သည့် အပြာရောင် အလင်းတစ်ခုက သေတ္တာကို ဖောက်ထွင်း၍ အပြင်ကိုပင် ထွက်ပေါ်နေသည်။

ဝေ့ဝူယင်မှာ မည်သည့် အရာကိုမှ လျှို့ဝှက် လုပ်ဆောင်နေခြင်း မရှိချေ။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ မာ့ကျန်း၏ ပခုံးကို ကိုင်လှုပ်လိုက်၏။

“ဟေ့လူကြီး...”

ရုတ်တရက်... မာ့ကျန်း၏ မျက်လုံးများက အသိစိတ် ပြန်ဝင်လာဟန်ဖြင့် တောက်ပလာခဲ့သည်။ သူက မျက်လုံးများကို ပင့်ကြည့်လိုက်ကာ ဝေ့ဝူယင်ကို တွေ့လိုက်ရ၏။ သူ့ မျက်လုံးများထဲ၌ အံ့အားသင့်သည့် အငွေ့အသက်များ ဖြတ်ပြေးသွားခဲ့သည်။ နောက်ဆုံး၌ ထိုလူငယ်ထံ သူ ရောက်ရှိခဲ့ပြီ ဖြစ်လေသည်။

“ဝေ့... ဝေ့... လား...”

မာ့ကျန်းက အားယူရင်းမေးလိုက်၏။ သူ၏ ခန္ဓာကိုယ်က အရှိန်အဟုန်နှင့် ပျက်စီးယိုယွင်း နေကြောင်းသူ ခံစားမိပေသည်။ သည်အတိုင်းသာ ဆက်သွားပါက သူ နာရီပိုင်းပင် ခံနိုင်တော့မည် မဟုတ်ချေ။

မာ့ဆုကျင်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်ရည်များ ယိုစီးကျလာခဲ့၏။ ဖခင် ဖြစ်သူ နံဘေးသို့ ပြေးလွှားသွားရန် ဟန်ပြင်လိုက်သော်လည်း အစွမ်းထက်သည့် လက်တစ်ဖက်က သူမကို တားဆီးထားသည်။ မိန်းကလေးက မော့ကြည့်လိုက်ရာ ဝူယုကို တွေ့လိုက်ရ၏။ ဝူယုက သူမကို ခေါင်းခါပြလိုက်သည်။

“ဒီမှာပဲနေ...”

တစ်ချိန်တည်း၌... အခြား မြေကြီး ရှန့်ထိုများမှာ ထိုမြင်ကွင်းကို စိတ်ဝင်စားစွာပင် ကြည့်နေကြ၏။ မာ့ကျန်းက ဖြည်းညင်းစွာပင် ခေါင်းကို လှည့်ကြည့်လိုက်သည်။ သူ မြင်ရသမျှက ရွှေသွေးရောင် မီးတောက်များပင် ဖြစ်သည်။ ဝိညာဥ်အာရုံကို ထုတ်ဖော်နိုင်ခြင်း မရှိလေရာ သူ ဘာကိုမှ မြင်နိုင်စွမ်း မရှိချေ။ သို့တိုင်အောင် သူက မာ့ဆုကျင်း ရပ်နေသည့် နေရာကို တိကျစွာပင် ငေးကြည့် နေခဲ့၏။

“သူ ဒီကို ခေါ်လာခဲ့တာလား..”

မာ့ကျန်းက ပြုံးလိုက်သည်။ သို့သော်လည်း သူ့အပြုံးက မပီပြင်သလို လေသံကလည်း အလွန် တိုးလျော့ လွန်းလှသည်။

ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူ ဧဒင်အင်အားဖြင့် လူအိုကြီး၏ အသိစိတ် ပင်လယ် ပြိုကျမှုကို အတိုင်းအတာ တစ်ခု အထိ လျော့ကျစေခဲ့ခြင်း ဖြစ်သည်။ သူ့ အစီအစဉ် အလုပ်ဖြစ်ရန် လူအိုကြီး အသိစိတ် ရှိနေမှ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက သူ ကိုယ်တိုင်လည်း ဘာမှ တတ်နိုင်လိမ့်မည် မဟုတ်ပါချေ။

“စီနီယာကျန်း... ခင်ဗျား အသက်ရှင် ဆက်ရှင်ချင်ရင် ကျုပ် ပြောတာကို နားထောင်... အားလုံးက ခင်ဗျား တစ်ယောက်တည်း အပေါ်ပဲ မူတည်နေတယ် နားလည်လား...”

ဝေ့ဝူယင်က အချိန် မဖြုန်းတော့ချေ။ ဖြုန်းစရာ အချိန်လည်း မရှိတော့ချေ။ သူ ပေးအပ်သည့် အခွင့်အရေးကို မာ့ကျန်း ဖမ်းဆုပ်နိုင်ဖို့ တစ်ခုသာ မျှော်လင့်မိပေသည်။

သူတို့ထံတွင် အချိန် သုံးနာရီသာ ရှိသည်။ မာ့ကျန်း၏ သေခြင်း ရှင်ခြင်းက သူ့ကိုယ်တိုင်၏ လက်ထဲတွင်သာ ရှိပေသည်။ ထိုသုံးနာရီ အတွင်း သူ မြေကြီးရှန့်ထို အဆင့်ကို တက်လှမ်းရပေလိမ့်မည်။ အခြား ‌‌ရွေးချယ်စရာ မရှိတော့ချေ။

အသက်ရင်းမြစ်နှင့် ဝိညာဥ် သက်တမ်းတို့မှာ ကျင့်ကြ့ခြင်း အခြေခံနှင့် ကြီးမားစွာ စပ်ယှက်နေသည်။ အကယ်၍ သူသာ မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းနိုင်ပါက ထိုပြဿနာကို အလိုအလျောက် ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။ ကောင်းကင် စစ်ဝိညာဥ် ပြောသလို တစ်ခါတစ်ရံ အရိုးရှင်းဆုံး အဖြေက အခက်ခဲဆုံး ပြဿနာများကို ဖြေရှင်းနိုင်ပေသည်။

ဝေ့ဝူယင် ကျောက်စိမ်း သေတ္တာကို ဖွင့်လိုက်၏။ ထိုအထဲ၌ အေးခဲနေသည့် အရည်များ ရှိနေခဲ့ကာ ၎င်းတို့က ပျားဖယောင်းတစ်ခုလို ဖြစ်တည်သည်။ မြေကြီး ရှန့်ထိုများမှာ ဝိညာဥ်အာရုံကို အလုအယက် ဆန့်ထုတ်ကာ အရည်များကို အကဲခတ်ရန် ကြိုးစားလိုက်ကြ၏။ သို့သော်လည်း သူတို့၏ ဝိညာဥ်အာရုံကို တစ်စုံတစ်ရာက တားဆီးထားသည်။ ပျားဖယောင်း၏ အထက်၌ ငွေရောင် ချိပ်စည်း တစ်ခု ရှိနေကာ ထူးဆန်းသော သင်္ကေတများက ပိတ်ပင် တားဆီးထားသည်။

ဝေ့ဝူယင်က အေးခဲနေသည့် အရည်များကို ဂရုတစိုက် ထုတ်ယူလိုက်၏။ ထိုအရာက ချိုက်လျှို့ယန်၏ လက်စွပ်ထဲတွင် ရှိသမျှ အဖိုး အတန်ဆုံးသော ထုတ်ကုန်ပင် ဖြစ်သည်။ ပထမ၌ ဝေ့ဝူယင် ထိုရတနာကို ဝူယုကို ပေးရန် စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဝူယုမှာ လျှို့ဝှက် အာဏာရှင် တတိယ အဆင့်ကို တိုက်ရိုက်ပင် ဖြတ်ကျော်ကာ စတုတ္ထ အဆင့်ကို ကိုယ်ပိုင် အရည်အချင်းဖြင့် တက်လှမ်းနိုင်ခဲ့သည်။

ဝေ့ဝူယင် ချိပ်စည်းကို ထိကာ ဝိညာဥ်စွမ်းအင်များကို ဖျားဖယောင်းအတွင်းသို့ ပို့လွှတ်လိုက်၏။ မီးနှင့် ထိတွေ့လိုက်ရသကဲ့သို့ ပျားဖယောင်းမှာ စတင် အရည်ပျော်လာပါ အရည်စက်များ စီးကျလာသည်။

ဘုန်း...

အလွန်အမင်း ပြင်းထန်သည့် လျှို့ဝှက် စွမ်းအင်များမှာ အရည်စက်များထံမှ မုန်တိုင်း တစ်ခုလို ထွက်ပေါ်လာ၏။

“ဘာလဲ...”

ဟန်ယုဟိုင် အပါအဝင် မြေကြီး ရှန့်ထို အားလုံးမှာ ယောင်ယမ်းကာ နောက်သို့ ဆုတ်လိုက်မိကြသည်။ ဝူယုက ဝေ့ဝူယင်၏ နောက်ကျောဘက်၌ ရပ်ကာ ကျောကုန်းကို လက်ဖြင့် နောက်မှ ထိထားလိုက်၏။

ဝေ့ဝူယင်မှာ အရည်စက်များထံမှ စွမ်းအင် ထုတ်လွှတ်မှုကို မနည်း ခုခံထားရ၏။ သူက မာ့ကျန်း၏ မေးစေ့ကို လှမ်းဆွဲကာ ပါးစပ်ကို ဖွင့်၍ အရည်စက်များကို သွန်းလောင်းချလိုက်သည်။ မာ့ကျန်း၏ မျက်လုံးများမှာ အကန့်အသတ် ရောက်အောင် ပြူးကျယ် သွားခဲ့၏။

“အဘိုးကြီး... ကျုပ်ကို စိတ်ပျက်အောင် မလုပ်နဲ့...”

ဝေ့ဝူယင်က အံကို တင်းတင်းကြိတ်ကာ ပြောလိုက်၏။ ထို့နောက် မာ့ကျန်း၏ နဖူးကို ထိလိုက်သည်။ တစ်ဆက်တည်းပင် သူက ရှန့်ထို လက်စွပ်ထဲမှ စစ်ဝိညာဥ် နှစ်သန်းနှင့် ဆက်သွယ်လိုက်၏။ ပြီးသည်နှင့် စစ်ဝိညာဥ် တစ်ထောင်ကို ဧဒင် အင်အားနှင့် အတူ မာ့ကျန်း၏ အသိစိတ် ပင်လယ်ထဲ ပို့လွှတ် လိုက်လေသည်။

ထို့နောက် သူက မာ့ကျန်းကို ထိုစစ်ဝိညာဥ်များအား သန့်စင်နိုင်အောင် ကူညီ ပေးလိုက်၏။ စစ်ဝိညာဥ်များ၏ အံ့ဖွယ် အကျိုးသက်‌ရောက်မှုများ အနက် တစ်ခု ဖြစ်သည့် ဉာဏ်အလင်း ပွင့်ခြင်း ဖြစ်စဉ်ကို ဖော်ဆောင်နိုင်အောင် သူက ကူညီပေးနေခြင်းပင် ဖြစ်လေသည်။ ထို့အပြင် ၎င်းတို့မှာ ဝိညာဥ်များကို ပြုစု ပျိုးထောင်ရာ၌ အလွန် အသုံးဝင်လေရာ မာ့ကျန်း၏ ဝိညာဥ်သက်တမ်း အပေါ် တစ်စုံတစ်ရာ သက်ရောက် နိုင်လိမ့်မည် ဖြစ်သည်။

ဟူး... ဟူး...

မာ့ကျန်း၏ အရေပြားမှာ အမျိုးမျိုးသော လျှို့ဝှက် သင်္ကေတများနှင့် စတင် တောက်ပလာ၏။ ၎င်းတို့က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အလွန် လျှင်မြန်စွာပင် ဖုံးအုပ်သွားသည်။ မျက်သားများပင် လွတ်ကင်းခြင်း မရှိတော့ချေ။

“ဝူယု...”

ဝေ့ဝူယင် အော်ဟစ်လိုက်၏။ ဝူယုက ချက်ချင်းပင် လှုပ်ရှားကာ ဝိညာဥ်အင်အားများကို ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထဲ ပို့လွှတ်လိုက်သည်။ ဝေ့ဝူယင် ထိုဝိညာဥ်အင်အားများကို အဂ္ဂိရတ် ဧဒင် အင်အားနှင့် ရောနှောကာ စစ်ဝိညာဥ်များကို ဖြိုခွဲလိုက်၏။

ထိုအခိုက်၌ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေးကြောများမှာ ထောင်ထ နေခဲ့ပြီ ဖြစ်သည်။ သူ့အတွက် လျှို့ဝှက် အဆင့် ဝိညာဥ်အင်အားများကို ဆက်သွယ်ရန် အလွန် ဖိအား ကြီးမားလှကြောင်း သိသာလှသည်။ သို့မှတစ်ပါး သူ၏ မျက်နှာအမူအရာက အရာရာ ထိန်းချုပ်မှု ‌အောက်တွင် ရှိနေသည့် အလား တည်ငြိမ်နေဆဲ ဖြစ်သည်။

“အခုပဲ...”

ဝေ့ဝူယင် အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းသည့် အသံများမှာ မာ့ကျန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။

ဝူယုက ဝေ့ဝူယင်ကို ဆုပ်ကိုင်ကာ နောက်သို့ အလွန် လျှင်မြန်စွာ ဆုတ်ခွာသွားသည်။ ဝူယုမှာ မာ့ဆုကျင်းနှင့် ပိုင်တို့ အပါအဝင် လူအားလုံးကိုပါ ဆွဲခေါ်သွား၏။ သူက နောက်ဖက် မိုင်ရာပေါင်း များစွာ အကွာတွင် ပြန်လည် ပေါ်လာခဲ့သည်။

မြေကြီး ရှန့်ထို အားလုံး၏မျက်လုံးများမှာ မထိန်းချုပ် နိုင်အောင် ကျဉ်းမြောင်း သွား၏။ ထိုအသံများကို သူတို့ အလွန်အမင်း ရင်းနှီးပေသည်။ ၎င်းတို့က လျှို့ဝှက် ဝိညာဥ် ဟိန်းဟောက်သံများပင်။

“သူက မြေကြီး ခြေချခြင်းထဲ ဝင်နေပြီ...”

ထျန်းမူယန်က အော်ဟစ် လိုက်၏။ ထို့နောက် သူက ထူးဆန်းသော ဖြစ်စဉ်ထဲ ဆွဲအသွင်းခံရမှာ ကြောက်လန့်သည့် အလား မိုင်ရာပေါင်းများစွာ တိုင်အောင် ဆုတ်ခွာ သွားခဲ့လေတော့သည်။

***

All Chapters