ရှန့်ထို ဖန်ဆင်းရှင်
Vol. 65 Ch. 906
“မဖြစ်နိုင်တာ...”
အင်ပါယာ ဧကရာဇ် လူအိုကြီးမှာ သူ့အမြင်အာရုံကို မယုံကြည်နိုင် ဖြစ်နေပုံ ရ၏။ ဝေ့ဝူယင်က မာ့ကျန်းကို ဘာလုပ်လိုက်သနည်း။ ထိုဆေးရည်က အဘယ်နည်း။
မြေကြီး ရှန့်ထို အားလုံးမှာ မယုံကြည်နိုင်အောင် ဖြစ်နေကြသည့်တိုင် သူတို့၏ လှုပ်ရှားမှုများကတော့ နည်းနည်းလေးမျှ နှောင့်နှေးခြင်း မရှိပါချေ။ သူတို့က မာ့ကျန်း၏ ခန္ဓာကိုယ်နှင့် မိုင်ရာပေါင်းများစွာ အကွာအဝေးကို ဆုတ်ခွာ လိုက်ကြ၏။ မြေကြီး ခြေချခြင်းမှာ သူတို့ အဖျားခတ် ခံနိုင်သည့် တော်ရုံတန်ရုံ ဖြစ်စဉ် တစ်ခု မဟုတ်ချေ။ ထိုဖြစ်စဉ်ကို ဝင်ရောက် မစွက်ဖက်သင့်ကြောင်း သမိုင်းက သူတို့ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သင်ကြားခဲ့ပြီး ဖြစ်သည်။
ဘုန်း...
နက်ရှိုင်းသည့် ပေါက်ကွဲသံ တစ်ခုမှာ မာ့ကျန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ မြေကြီး ရှန့်ထိုများ၏ အမူအရာများက ပိုမို၍ စိတ်လှုပ်ရှား လာခဲ့ကြ၏။
ဝူယုက ဝေ့ဝူယင်ကို အံ့သြဟန်ဖြင့် တစ်ချက် ကြည့်လိုက်မိသည်။ ဝေ့ဝူယင် ဘာလုပ်လိုက်သည် ထိုဆေးရည်က ဘာဖြစ်သည်ကို သူ ကိုယ်တိုင်လည်း မသိချေ။ သို့သော်လည်း အော်ရာ ထုတ်လွှတ်မှု အရဆိုလျှင်... ထိုဆေးရည်မှာ သူ သောက်သုံးခဲ့သည့် လျှို့ဝှက် မြေကြီး အထွတ်အထိပ် အဆင့် လောကမူလ ဆေးရည်ထက် ကျော်လွန်နေကြောင်း ထင်ရှားလှသည်။
ဝေ့ဝူယင်က ဆေးရည် အကြောင်း သိုဝှက် မထားပါချေ။ သူက အားလုံး ကြားနိုင်အောင် ပွင့်ပွင့်လင်းလင်းပင် စကားပြောလိုက်၏။
“အဲဒါက လျှို့ဝှက်လောက အဆင့် ဝိညာဥ်နှိုးဆော်ခြင်း ဆေးရည်ပါ...”
“ဘာကြီး...”
မြေကြီး ရှန့်ထိုများမှာ ပါးစပ် အဟောင်းသားဖြစ်သွားကြ၏။ လျှို့ဝှက် လောက အဆင့်... ထိုအရာက...
ဘုန်....
ထိုအခိုက်တွင်ပင် မာ့ကျန်း၏ ခန္ဓာကိုယ်မှာ ကောင်းကင်ပေါ် ဥက္ကာပျံ တစ်ခုလို ထိုးတက်သွားကာ ပျောက်ကွယ် သွားခဲ့တော့သည်။
...
ဒြပ်စင်နယ်မြေ အတွင်းရှိ အမှောင် ဟင်းလင်းပြင် တစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက်နေ၏။ သို့သော်လည်း အားလုံး၏ စိတ်များကတော့ အမျိုးမျိုးသော အတွေးများ၊ ခံစားချက်များနှင့် ယောက်ယပ်ခပ် နေကြသည်။ တစ်ဦးတည်းသော ပုဂ္ဂိုလ်သာလျှင် တည်ငြိမ်ကာ ယုံကြည်ချက် အပြည့်အဝ ရှိသည့် အပြုံးတစ်ခုကို ဆင်မြန်းထား၏။ ဝေ့ဝူယင်မှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။
သူက ခါးကို ဆန့်တန်း၍ ရပ်နေခဲ့ကာ လက်နှစ်ဖက်ကို နောက်ပစ် ထားခဲ့သည်။ သူ၏ မျက်လုံးများက အနည်းငယ် စိတ်လှုပ်ရှားသည့် အငွေ့အသက် အချို့ဖြင့် တောက်ပနေ၏။ ထိုအခိုက်၌ သူက စီတ၏ လောကနယ်မြေ အစွန်းတွင် ရပ်နေခြင်း ဖြစ်လေရာ အားလုံး ထင်ရှားစွာ မြင်နိုင်ကြပေသည်။
မြေကြီး ခြေချခြင်း ဖြစ်စဉ်မှာ အချိန်ကာလ ကွာခြားမှု များစွာ ရှိသည့် ဖြစ်စဉ် တစ်ခု ဖြစ်သည်။ အချို့အတွက် ရက်ပိုင်း၊ လပိုင်းမျှသာ ကြာမြင့်သော်လည်း အချို့မှာမူ နှစ်နှင့်ချီ၍ပင် အချိန်ယူ ကြရသည်။ ဝူယုကတော့ ထိုဖြစ်စဉ် အတွက် အချိန်အနည်းငယ်သာ ကြာမြင့် ခဲ့ပေသည်။
လက်ရှိ မာ့ကျန်း၏ အခြေအနေက အခြား ကျင့်ကြံသူများနှင့် အလွန် ကွာခြားလှပေသည်။ သူ့ထံတွင် သက်တမ်း သုံးနာရီသာ ကျန်ရှိပေတော့သည်။ ထိုအချိန်အတွင်း သူ အောင်မြင်ရန် လိုအပ်သည်။ အချိန် တစ်မိနစ်မျှ စွန်းခဲ့လျှင်ပင်... သူ့ကို ဆီးကြိုနေမည့် အရာက သေခြင်းတရားသာ ဖြစ်ပေသည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ သက်တမ်း အရင့်ဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်သည့် မာ့ကျန်းမှာ နောက်ဆုံး အခိုက်အတန့်တွင် အဆင့်တက်နိုင်ပါမည်လော။ ထိုမေးခွန်းက မြေကြီးရှန့်ထိုတိုင်း၏ နှုတ်ခမ်းဖျားတွင် ရှိနေကြ၏။ သူတို့က ဝိညာဥ်အာရုံဖြင့် အကြိတ်အနယ် ဆွေးနွေး နေကြကာ တစ်ခါတစ်ရံ ဝေ့ဝူယင်ကို လှမ်းလှမ်းကြည့်ကြသည်။ လူငယ်လေး၏ နှုတ်ခမ်းထက်ရှိ အပြုံးကတော့ အောင်မြင်ရန် အပြည့်အဝ ယုံကြည်ချက် ရှိနေပုံ ပေါ်သည်။
ထျန်းမူယန်ကတော့ မာ့ကျန်း၏ ရလဒ်ကိုပင် စိတ်မဝင်စားတော့ချေ။ ဝေ့ဝူယင် ဝိညာဥ်နှိုးဆော်ခြင်း ဆေးရည်ကို ထုတ်လိုက်ပြီး ကတည်းက သူ၏ သံသယ အားလုံးက အရည်ပျော် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
ထိုအရာက လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် မဟုတ်ချေ။ လျှို့ဝှက် လောက အဆင့် ထုတ်ကုန် တစ်ခု ဖြစ်သည်။ အကျိုးသက်ရောက်မှုနှင့် အဆင့်တို့ကို သူ တိတိကျကျ မသိသည့်တိုင် ဝေ့ဝူယင်က မတုန့်မဆိုင်းပင် ယင်းထုတ်ကုန်ကို အသုံးပြုကာ မာ့ကျန်း အတွက် မြေကြီး ခြေချခြင်း ဖြစ်စဉ်ကို ဆင့်ခေါ် ပေးခဲ့သည်။
“တို့ဘာလုပ်ကြမလဲ...”
ထျန်းလင်းယုက ထျန်းမူယန်ထံသို့ ဆက်သွယ်လိုက်၏။ မြင်တွေ့နေရသမျှ အားလုံးက ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ် မဟုတ်လျှင်ပင် အခြား လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်နှင့် အဆက်အသွယ် ရှိနေကြောင်း ဖော်ပြ နေသည်။ ထာဝရ ဧကရာဇ် ကိုယ်တိုင် ဖြစ်ဖို့ကတော့ ပိုမို၍ ရာခိုင်နှုန်း များပေသည်။ သူတို့နှစ်ယောက်၏ မျက်လုံးများက အကြောင်းရင်း မရှိပဲ ဆင်တူလိမ့်မည် မဟုတ်ချေ။
ထို့အပြင် သူက ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် သေမျိုး တစ်ယောက်မျှသာ ရှိသေးသည်။ နောက်ခံ ကောင်းကောင်း မရှိသည့် သေမျိုး တစ်ယောက်မှာ ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် နောက်လိုက်၊ ရတနာများကို မည်သည့် နည်းလမ်းနှင့်မျှ ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။ သူက ဤနေရာကို ရောက်လာခြင်း ဖြစ်လေရာ ရည်ရွယ်ချက် တစ်ခုခုတော့ ရှိရပေလိမ့်မည်။
ထျန်းမူယန်မှာ ထျန်းလင်းယု ခံစားနေရသည့် အရာများကို နားလည်ပေသည်။ သူက လက်ထဲရှိ အနန္တ ဧကရာဇ် ကျမ်းကို ငုံ့ကြည့်လိုက်၏။ လွန်ခဲ့သည့် လပိုင်းအတွင်း၌ သူတို့ဂိုဏ်း၏ ခေါင်းဆောင်များစွာမှာ အနန္တ ဧကရာဇ် ကျမ်းစာအကြောင်း စုစည်းရမိသမျှ အချက်အလက်များကို အခြေခံ၍ အရေးကြီးသည့် ကောက်ချက် တစ်ခု ချခဲ့ကြသည်။ ထိုအရာကား...
အင်ပါယာ ကောင်းကင်ချီ နည်းလမ်းမှာ အင်ပါယာ မျိုးနွယ်ပိုင် အဆုံးမဲ့ ကောင်းကင် ကျင့်ကြံခြင်း နည်းလမ်း၏ ရှေးဟောင်း မူလ ဖြစ်လိမ့်မည် ဟု။
သူတို့ ထိုကိစ္စ အပေါ် အလွန် အလေးအနက် ထားခဲ့သည်။ ထိုကျမ်းစာကို ရအောင် ယူဖို့ အစီအစဉ်များ ချမှတ်ခဲ့သည်။ အင်အားကြီး စစ်တပ် တစ်ခုကိုပင် ပြင်ဆင်ခဲ့သည်။
သို့သော်လည်း ဝေ့ဝူယင်တို့၏ သဘောထားကို သိခဲ့ရချိန်၌ သူတို့၏ ရည်ရွယ်ချက် ရယ်စရာပင် ကောင်းနေခဲ့သေးသည်။ ဝေ့ဝူယင်၏ အမြင်၌ ထိုကျင့်စဉ်က မည်မျှ တန်ဖိုးမဲ့လိုက်သနည်း။ မြေကြီး ရှန့်ထို အဆင့်ကို ရောက်ခါစ ဝူယုပင်လျှင် ၎င်းကို ဂရုစိုက်ပုံ မပေါ်ချေ။
ထျန်းမူယန် ပင့်သက် တစ်ချက် ရှိုက်ထုတ်လိုက်မိ၏။
“ငါတို့ စောင့်ကြည့်ကြတာပေါ့... အင်ပါယာ မျိုးနွယ်က ဒီကိစ္စကို ဆွေးနွေးပြီး ဆုံးဖြတ်မှာပါ... အခုတော့ ဝေ့ဝူယင်နဲ့ ပြဿနာ မဖြစ်အောင် ရှောင်သင့်တယ်... တကယ်လို့ သူသာ ထာဝရ ဧကရာဇ်ရဲ့ သား ဒါမှမဟုတ် မြေး ဖြစ်နေမယ် ဆိုရင် ငါတို့ အကျိုးဆက်ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”
“...”
ထျန်းလင်းယုမှာ ကြီးမားသည့် ဖိအားများကို ခံစားလိုက်ရ၏။ ထာဝရ ဧကရာဇ်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ပထမဆုံး အဂ္ဂိရတ် ရှန့်ထို ဖြစ်သလို ပထမဆုံး လောက အဂ္ဂိရတ် ရှန့်ထိုလည်း ဖြစ်သည်။ သူ၏ အဂ္ဂိရတ် ပါရမီက အလွန် ကြောက်စရာ ကောင်းလွန်းသည်။ သူ ပျောက်ကွယ်သွားခဲ့တာ ကြာပြီ ဖြစ်သည့်တိုင် ယခုထိ လူအများ၏ ကိုးကွယ် ခံနေရဆဲ ဖြစ်သည်။
“မင်းကြီး ဘယ်လို စဉ်းစားမလဲ ငါတို့ စောင့်ကြည့်ကြမယ်”
ထျန်းမူယန်က အသံကို နှိမ့်ရင်း ထပ်ပြောလိုက်၏။ သူက ထျန်းလင်းယုကို စိတ်ရှည် သည်းခံရန် သတိပေးလိုက်ခြင်းပင် ဖြစ်သည်။ သို့သော်လည်း... သူကိုယ်တိုင်၏ စိတ်ထဲတွင် စိုးရိမ်စိတ် တစ်ချို့ ရှိနေခဲ့သည်။
ထာဝရ ဧကရာဇ်ထံတွင် လောကရှန့်ထို အဆင့်ကို တက်လှမ်းကာ လျှို့ဝှက် ကျိန်စာများကို ချိုးဖျက်နိုင်သည့် လျှို့ဝှက်ချက်များ ရှိသည်ဟု သူ ကြားဖူးသည်။ အကယ်၍ ထိုအရာကိုသာ ဆုပ်ကိုင်နိုင်ပါက ယန်ချောင်ယွီတို့လို ကောင်းကင် ဧကရာဇ်များမှာ လွတ်လပ်ခွင့်ကို ပြန်လည် ရရှိသွားကြလိမ့်မည် ဖြစ်သည်။ သူတို့က တော်ဝင် သွေးမျိုးဆက်များ မဟုတ်ချေ။ အမျိုးမျိုးသော ထိန်းချုပ်မှုများနှင့် လျှို့ဝှက် ကျိန်စာများကြောင့်သာ အင်ပါယာ မျိုးနွယ်နှင့် ပူးပေါင်း နေကြခြင်း ဖြစ်သည်။ အများစု ထင်ထားကြသလို သူတို့က လွတ်လပ်ခြင်း မရှိပါချေ။
အခြားတစ်ဖက်၌ ဝူယုကတော့ ဝေ့ဝူယင် မည်သူ ဖြစ်ကြောင်း ရှင်းလင်းစွာ သိပေသည်။ သူ ဝေ့ဝူယင်ကို အနန္တ ဧကရာဇ်ဂိုဏ်းကို ရောက်ပြီးမှ သိရှိခဲ့ခြင်း မဟုတ်ချေ။ ထို့မတိုင်ခင် နှစ်ပေါင်းများစွာတည်းက လုံချန်မှာ ဝေ့ဝူယင်ကို လိုက်ရှာ နေခဲ့ခြင်းဖြစ်သည်။ သူက နေသွေးနီနီဂိုဏ်းသို့ သွားရောက်ကာ ထိုလူငယ် အကြောင်း အမျိုးမျိုးသော အချက်အလက်များကိုပင် ရှာဖွေခဲ့သည်။ ထိုအရာ အားလုံးက နာ့ရှင်းရီ အတွက် လက်စားချေလိုသည့် ဆန္ဒ တစ်ခုနှင့် ဖြစ်သည်။
သူတို့ သိထားသမျှ ဝေ့ဝူယင်၏ ဇာတ်ကြောင်းက ရှင်းလင်းပေသည်။ သူက ဂျိုးငှက်နီဟု ခေါ်သည့် မြို့ငယ်လေး တစ်ခုတွင် သာမန်ဘဝဖြင့် ကြီးပြင်းခဲ့သည်။ နောက်ပိုင်း ရန်သူများ၏ တိုက်ခိုက်မှုဖြင့် ထွက်ပြေးခဲ့ရကာ နေသွေးနီနီဂိုဏ်းကို ရောက်ရှိခဲ့သည်။
ထိုဂိုဏ်းတွင် အပြင်စည်းဂိုဏ်းသား တစ်ယောက် အနေဖြင့် စတင်ခဲ့ပြီး အဓိက တပည့် တစ်ယောက် ဖြစ်လာသည် အထိ တက်လှမ်းနိုင်ခဲ့သည်။ ထို့နောက် အောင်မြင်မှု အဆင့်ဆင့်ကို ကျော်ဖြတ်ကာ အနန္တ ဧကရာဇ်ဂိုဏ်းကို ရောက်ရှိခဲ့သည်။ မည်သည့် အမှားအယွင်းမှ မရှိချေ။
သို့သော်လည်း ဝေ့ဝူယင် လျှို့ဝှက်လောက အဆင့် ဆေးရည် တစ်မျိုးကို ထုတ်ဖော် လိုက်ချိန်တွင်တော့ သူ ကိုယ်တိုင် စိတ်ရှုပ်ထွေးမှုများကို စတင် ခံစားလာရသည်။ ဝေ့ဝူယင်က အမှန်ကတယ် ထာဝရ ဧကရာဇ်နှင့် ဆက်စပ်နေသလော။ ထိုအရာက လုံးဝ မဖြစ်နိုင်ကြောင်း သူ သိပေသည်။ ဤသို့ဆိုလျှင် သူက မည်သူနှင့် ဆက်စပ် နေသနည်း။
အခြားတစ်ဖက်၌ ဝေ့ဝူယင်မှာ အေးအေးဆေးဆေးပင် ဆက်လက် ရပ်နေခဲ့၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အလွန် ကြီးမားသည့် နာကျင်မှုများကို ခံစားနေရပေသည်။ ဝူယု၏ ဝိညာဉ်အင်အားကို အသုံးပြု၍ မာ့ကျန်း အတွက် စစ်ဝိညာဥ်များကို ဖြိုခွဲ သန့်စင်ပေးခဲ့ပြီး နောက်တွင် သူ၏ ခွန်အားများမှာ ကုန်ဆုံးသလောက် နီးပါး ဖြစ်သွားခဲ့သည်။ စစ်ဝိညာဥ် တစ်ထောင်က မည်သည့် အတိုင်းအတာ အထိ သက်ရောက်မည်မှန်း မသိသည့်တိုင် ထိုအရာက မာ့ကျန်း၏ ဝိညာဥ်ကို အရေးကြီးသည့် အခိုက်အတန့်တွင် တည်ငြိမ်အောင် လုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
ထို့အပြင် သူ စိတ်စွမ်းအင်များကိုလည်း မမျှော်မှန်းနိုင်သည့် အတိုင်းအတာ ပမာဏ တစ်ခု အထိ သုံးထားရသည်။ သူ မောပန်းနေပြီ ဖြစ်သည်။ အလွန်အမင်း မောပန်းနေချေပြီ။ ကံမကောင်းစွာပင် အင်အားကြီး ပရိသတ်များရှေ့၌ သူ တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းထားရန် လိုအပ်ပေသည်။
ချပ်... ချပ်... ချပ်...
အချိန်များက တရွေ့ရွေ့ပင် ဖြတ်ကျော် နေခဲ့လေ၏။
***