ရှန့်ထို ဖန်ဆင်းရှင် (၂)
Vol. 65 Ch. 907
အချိန်တစ်နာရီ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ မာ့ဆုကျင်းမှာ မာ့ကျန်း ပျောက်ကွယ်သွားသည့် နေရာကို မျက်တောင် မခပ် ငေးမောကြည့်နေဆဲပင်။ သူမ၏ မျက်လုံးများမှာ စိုးရိမ်စိတ်များဖြင့် ပြည့်နှက် နေ၏။ ဝေ့ဝူယင်က မာ့ကျန်း အတွက် မြေကြီး ခြေချခြင်းကို ဆင့်ခေါ်ပေးခဲ့သည် ဆိုလျှင်ပင် ကျော်ဖြတ်ရန် လိုအပ်နေသေးဆဲ ဖြစ်သည်။ ပို၍ ဆိုးသည်က မာ့ကျန်းတွင် အချိန် သုံးနာရီသာ ကျန်ရှိခြင်း ဖြစ်သည်။
နှစ်နာရီ...
လေထု၏ တင်းမာမှုက ပိုမို၍ ပြင်းထန်လာ၏။ ကံကောင်းထောက်မတာ တစ်ခုက နောက်ထပ် ပရိသတ်များ တိုးမလာခြင်းပင် ဖြစ်သည်။ ဝူယုမှာ မာ့ကျန်းကို ဆေးရည် ပေးလိုက်သည့် အချိန်ကတည်းက နယ်မြေ ချိပ်ပိတ်ခြင်း အစီအရင်ကို ပြန်လည် အသက်သွင်းခဲ့ပြီး ဖြစ်သည်။
မြေကြီးရှန့်ထို ရှစ်ယောက်မှာ စိတ်လှုပ်ရှားစွာဖြင့် စက္ကန့်များကို ရေတွက် နေခဲ့ကြ၏။ မာ့ကျန်း သေဆုံး မည်လော။ သို့မဟုတ် အောင်မြင်မည်လော။
ဝိညာဉ်သက်တမ်း ကုန်ခါနီး အခြေအနေဖြင့် မြေကြီး ခြေချခြင်းကို ဖြတ်ကျော်ရန် မည်သူမှ မကြိုးစားဝံ့ကြချေ။ ထိုအရာက သူတို့အတွက် အတွေ့အကြုံ အသစ် ဖြစ်သည်။
အချိန် သုံးနာရီ ပြည့်ရန် တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ လူတိုင်း၏ နှလုံးသားများမှာ ပိုမို တင်းကြပ် လာခဲ့ကြ၏။ မာ့ဆုကျင်းမှာ ရင်တဒိတ်ဒိတ် ခုန်နေခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်သည့်တိုင် ခြေလက်များ ပျော့ခွေသွားတော့ မတတ် သူမ ခံစားနေရ၏။
ဖခင်ဖြစ်သူ၏ ထွက်သက် အတွက် သူမ ကြိုတင် ပြင်ဆင်ခဲ့ပြီး ဖြစ်သော်လည်း လက်တွေ့ ရင်ဆိုင်ရချိန်တွင်တော့ ဘယ်လိုမှ ရပ်တည်နိုင်စွမ်း မရှိအောင် ဖြစ်နေခဲ့သည်။
ဝူယုက ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ အကယ်၍ ဝေ့ဝူယင်သာ အောင်မြင်သွားပါက မြေကြီး ရှန့်ထိုများကို ဖန်တီးနိုင်သူ အဖြစ် ကျော်ကြား သွားလိမ့်မည် ဖြစ်သည်။ ထိုဂုဏ်သတင်းနှင့် အတူ မခန့်မှန်းနိုင်လောက်သည့် လေးစားမှုများကို သူ လက်ခံရရှိလိမ့်မည်။
‘တကယ် ဖြုန်းတီးလိုက်တာပဲ...’
ထျန်းလင်းယုကတော့ ခေါင်းကို ခါလိုက်၏။ ထိုလျှို့ဝှက်လောက အဆင့် ဆေးရည်က မည်သည့် အတွက် ရည်ရွယ်စေကာမူ သေခါနီး လူအိုကြီး မာ့ကျန်း အပေါ် ဖြုန်းတီးလိုက်ခြင်း ဖြစ်သည်။
မြေကြီး ရှန့်ထိုများမှာ အမျိုးမျိုးသော ခံစားချက်များကို ရောပြွမ်း ခံစားနေရ၏။ မာ့ကျန်း၏ အဖြစ်က သူတို့အတွက် သံဝေဂ ရစရာလည်း ကောင်းလှသည်။ ကျင့်ကြံခြင်းက ခက်ခဲလှသည်။ တစ်နေ့တစ်ချိန်တွင် သူတို့သည်လည်း အလားတူ အဆုံးသတ်များနှင့် ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။ သူတို့ ပိုမို၍ အသက်ရှည်ရှည် နေချင်သည်။ အမြင့်များကို တက်လှမ်းချင်သည်။ ရည်ရွယ်ချက်နှင့် အိပ်မက်များ နောက်ကို လိုက်လိုသည်။
“ဟား... ဟား...”
ရုတ်တရက် ဝေ့ဝူယင်က ထရယ်လိုက်၏။ မြေကြီး ရှန့်ထိုများမှာ အံ့သြသွားကာ သူ့ကို လှည့်ကြည့်လိုက်သည်။ လူငယ်လေး၏ ငွေရောင် မျက်လုံးများက အလွန်တရာ တောက်ပနေကာ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုများနှင့် ပြည့်နှက် နေခဲ့၏။
စောစောလေးကတင် ခရာတိုထံမှ တစ်ဆင့် ဟင်းလင်းပြင် အပြောင်းအလဲများကို သူ ခံစားမိခဲ့သည်။ ထိုအစစ်အမှန် နဂါး သွေးမျိုးဆက်နှင့် အတူ မမှားယွင်းနိုင်သည့် အချက်တစ်ခုကို သူ သိပေသည်။ ထိုအရာက မာ့ကျန်း အောင်မြင်သွားခဲ့ပြီ ဆိုခြင်းပင်။
“ဟမ်...”
မာ့ဆုကျင်း တစ်ယောက် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူမ၏ ရင်က ပိုမို ပြင်းထန်သော အရှိန်အဟုန်ဖြင့် တဒိတ်ဒိတ် ခုန်လာခဲ့သည်။ ဝေ့ဝူယင်က အဘယ်ကြောင့် ရယ်ရနေသနည်း။ အဘယ်ကြောင့် စိတ်လှုပ်ရှားနေသနည်း။
ဘုန်း...
ရုတ်တရက် ဒြပ်စင် နယ်မြေ တစ်ခုလုံးမှာ တုန်ခါမှု တစ်ခုကို ခံစားလိုက်ရ၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် မာ့ကျန်း ရပ်တည်ခဲ့သည့် နေရာ၌ ဟင်းလင်းပြင် အလင်းတန်းများ ဝန်းရံလာကာ ပုံရိပ် တစ်ခု ပေါ်လာခဲ့၏။ အားလုံး၏ မျက်လုံးများက ထိုပုံရိပ်ပေါ် ကျရောက်သွားကာ မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက် သွား၏။ သူက မာ့ကျန်းမှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။
“အဖေ...”
မာ့ဆုကျင်းက မယုံကြည်နိုင်မှု၊ စိတ်လှုပ်ရှားမှုတို့ ရောနှော ပြည့်နှက်နေသည့် လေသံဖြင့် အော်ခေါ်လိုက်၏။ ထို့နောက် သူမမှာ မာ့ကျန်းထံ အဆုံးစွန်သော အမြန်နှုန်းဖြင့် ပြေးလွှား သွားခဲ့တော့သည်။ ယခုတစ်ကြိမ်တွင်တော့ သူမကို မည်သူမှ မတားဆီးတော့ချေ။
မာ့ကျန်းမှာ သေအံ့မူးမူး အခြေအနေ၌ ဆက်လက် ရှိမနေပါတော့ချေ။ ထို့အပြင်... သူ၏ မျက်နှာမှာ ဆယ်စုနှစ် နှစ်ခုလောက် ပြန်ငယ်ရွယ်သွားသလို ထင်ရ၏။ သူက အိုမင်းရင့်ရော်နေဆဲ ဖြစ်သည့်တိုင် ယခင်ကလို သေခြင်းတရားများ၏ အငွေ့အသက်များနှင့် ဝန်းရံ မနေတော့ချေ။
“ငါ အောင်မြင်သွားတာလား...”
မာ့ကျန်းမှာ မယုံကြည်နိုင်သလို ခံစားလိုက်ရ၏။ ဤသည်က သူ အိပ်မက် မက်နေခြင်းလော။
“အဖေ...”
မာ့ဆုကျင်းက ခန္ဓာကိုယ် တစ်ခုလုံးဖြင့် ဝူယုထံ ပြေးဝင်ကာ ကျစ်ကျစ်ပါအောင် ဖက်ထားလိုက်သည်။ မာ့ကျန်းမှာ ကြောင်အနေဆဲ ဖြစ်သည့်တိုင် သမီးဖြစ်သူကို ပြန်လည် ဖက်ကာ နှစ်သိမ့် ပေးလိုက်၏။
စိတ်ခံစားချက်များကို ပြန်လည် တည်ငြိမ်ရန် အတွက် သူ အချိန် ကြာမြင့်စွာ ယူလိုက်ရသည်။ နောက်ဆုံး၌ အရာအားလုံးက အမှန်တရား ဖြစ်ကြောင်း သူ ဖြည်းညင်းစွာ လက်ခံ လာနိုင်ခဲ့၏။ သူ မျက်ရည်များဝဲလာကာ သမီးဖြစ်သူကို ခပ်တင်းတင်း ပြန်ဖက်လိုက်သည်။ သမီးကလေးအား ချစ်ခြင်းမေတ္တာအပြည့်ဖြင့် မဖက်ခဲ့ရသည်မှာ အလွန်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
ဖခင်နှင့် သမီး ပြန်လည် ဆုံစည်းမှုက အလွန်ပင် ကြည်နူးဖွယ်ရာ ကောင်းလှ၏။ မြေကြီး ရှန့်ထိုများမှာ ထိုမြင်ကွင်းကို အံ့အားသင့်မှုများနှင့် အတူ ငေးကြည့် နေမိခဲ့ကြသည်။
“အလုပ်ဖြစ်သွားတယ်ပေါ့...”
ဝူယုက မှတ်ချက် ချလိုက်၏။ ထို့နောက် သူ ဝေ့ဝူယင်ကို ကြည့်လိုက်မိသည်။ ဝေ့ဝူယင်၌ ကြီးမားသည့် နောက်ခံ မရှိသည်မှာ သူ အသိဆုံး ဖြစ်သည်။ လူငယ်ကလေးမှာ ထိုထုတ်ကုန်ကို ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ အမွေအနှစ်များထဲမှ ရရှိလာခြင်းလော။
ယန်ချောင်ယွီက မာ့ကျန်း အနားသို့ ပျံသန်းလာခဲ့သည်။ သူမ၏ လုပ်ရပ်က အခြား မြေကြီး ရှန့်ထိုများကို ငေးကြောင် နေရာမှ ပြန်လည် နိုးထ လာစေခဲ့၏။ စောကနလေးတင် မာ့ကျန်းမှာ မာ့ကျန်းမှာ သေအံ့မူးမူး ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ထိုအရာက သူတို့ လုံးဝ မျှော်လင့်မထားခဲ့သည့် ပဉ္စလှည့် ပြကွက် တစ်ခုလိုပင်။
မြေကြီးရှန့်ထို တစ်ပါး ပေါ်ထွက်ရန်မှာ အလွန် ခက်ခဲသည့် ကိစ္စ တစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံ မြေကြီး ရှန့်ထိုများ မမွေးဖွားသည့် အချိန်မှာ ရာစုနှစ်နှင့်ပင် ချီ၍ ကြာမြင့်တတ်သည်။ သို့သော်လည်း... ယခုတွင်တော့ သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ လပိုင်းအတွင်း မြေကြီးရှန့်ထို နှစ်ယောက် မွေးဖွးလာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူတို့ နှစ်ယောက်စလုံးက ဝေ့ဝူယင် ဆိုသည့် ကျင့်ကြံသူ တစ်ယောက်နှင့် ချိတ်ဆက်နေသည်။
ဝှစ်...
ယန်ချောင်ယွီမှာ မာ့ကျန်းဘေးနားသို့ ရောက်ရှိလာခဲ့၏။ သူမ၏ မျက်လုံးများက ပျော်ရွှင်မှု အငွေ့အသက်များကို ရည်ရွယ်ချက် ရှိရှိ ထုတ်ဖော်ထားကာ နှစ်ဖက်ကို ယှက်ရင်း ပြောလိုက်လေသည်။
“ဂုဏ်ပြုပါတယ်... တတိယ အုပ်ချုပ်ရေးမှူးမာ့... ရှင့်ရဲ့ အောင်မြင်မှုက ရွှေရောင် အသက်နန်းတော်ကို အမြင့်ရောက်စေမှာ သေချာပါတယ်”
ထို့နောက် သူမက ဝေ့ဝူယင်ဘက်သို့ လှည့်လိုက်သည်။
“အာဏာရှင် အင်ပါယာဝေ့ရဲ့ နည်းလမ်းတွေက တကယ် လေးစားလောက်ပါတယ်... နာမည်ကျော်နေတဲ့ အတိုင်း တကယ် ထိုက်တန်ပါတယ်... ကျွန်မ တကယ်ပဲ အံ့အားသင့်...”
ရုတ်တရက် နောက်နားမှ ပြင်းထန်သည့် လျှို့ဝှက်အော်ရာ တစ်ခုကို ခံစားလိုက်ရရာ ယန်ချောင်ယွီ၏ အမူအရာက မှောင်မည်း သွား၏။ ထိုအရာက ထျန်းမူယန် ဖြစ်ကြောင်း သတိထားမိလိုက်ရာ သူမ၏ အမူအရာက နောက်တစ်ကြိမ် ပြောင်းလဲ သွားသည်။
ယန်ချောင်ယွီ အသက်ပြင်းပြင်း ရှူလိုက်ကာ ဝေ့ဝူယင်ကို ပြုံးပြလိုက်၏။ ထို့နောက် မတုန့်မဆိုင်းပင် နောက်သို့ ဆုတ်သွားခဲ့သည်။
ဝေ့ဝူယင် ထိုမြင်ကွင်းကို ကြည့်ကာ ထျန်းမျိုးနွယ် အတွင်းတွင်လည်း သဘောထား ကွဲပြားမှုများ ရှိနေကြောင်း အကဲခတ်လိုက်နိုင်၏။ ယန်ချောင်ယွီမှာ အခွင့်အရေး တစ်ခု ရှာဖွေရန် ကြိုးပမ်းခဲ့ကာ ထျန်းမူယန်က အတင်းအကြပ် နောက်ပြန်ဆုတ်စေခဲ့သည်။ စဉ်းစားစရာများ ပိုမို များပြားလာပြီဟု ဝေ့ဝူယင် တွေးလိုက်မိ၏။ သို့သော်လည်း ယခုတွင်တော့ အချိန်မကျသေးချေ။
ဝေ့ဝူယင် မာ့ကျန်းထံ ဂုဏ်ယူကြောင်း ဆက်သွယ် ပြောဆိုလိုက်၏။ အခြားလူများကလည်း မာ့ကျန်းကို အသီသီး ဂုဏ်ပြုစကားများ ပြောဆိုကြသည်။ ဤနေရာ၌ ရှိနေသည့် မြေကြီး ရှန့်ထိုများ အားလုံးမှာ မာ့ကျန်းနှင့် ဆက်သွယ်မှု တစ်ခုခု ရှိကြဖူးသူများချည်းသာ ဖြစ်သည်။
ဝေ့ဝူယင်က ထိုနေရာတွင် ဆက်မနေတော့ချေ။ သူက အခြားလူများကို ပြန်လည် စုစည်းကာ ပိုင်ပေါ်၏ ကျောပေါ်သို့ တက်လိုက်၏။
“ပြီးရင် ကျုပ် မူလဂြိုဟ်ပေါ်မှာ ရှိနေမယ်...”
ထိုကဲ့သို့ ပြောပြီးနောက် သူက ပိုင်လင်ကို အချက်ပြလိုက်သည်။ ပိုင်လင်က အော်ဟစ်သံ တစ်ချက် ပေးကာ မူလဂြိုဟ်ထံ ပျံသန်းသွားတော့သည်။
ဝူယုနှင့် ဟန်ယုဟိုင်တို့မှာ နောက်မှ လိုက်သွားကြ၏။ ကျန်းကျိရီကတော့ အိပ်ရှင်တစ်ယောက် အနေဖြင့် ဧည့်သည်များနှင့် ဆက်လက် နေရစ်ရန် ဆုံးဖြတ်ခဲ့သည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ သက်တမ်း အရင့်ဆုံး သေမျိုး တစ်ပိုင်း အရှင် အဆင့် မာ့ကျန်းမှာ နောက်ဆုံးသော အခိုက်အတန့်၌ မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်း သွားခဲ့ပြီ ဖြစ်သည်။ ထိုကိစ္စက အလွန် ကြီးကျယ် ခမ်းနားသည့်တိုင် မြေကြီး ရှန့်ထို အားလုံး၏ စိတ်ထဲတွင်တော့ စကားလုံး တစ်ခုတည်းသာလျှင် တောမီးတစ်ခုလို အရှိန်အဟုန်ဖြင့် လောင်ကြွမ်း နေခဲ့၏။
ရှန့်ထိုဖန်ဆင်းရှင်...
ထာဝရ ဧကရာဇ်၏ တစ်ခေတ်က ထိုနာမည်မှာ အလွန် ကျော်ကြားခဲ့ဖူးသည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ပထမဆုံးသော အဂ္ဂိရတ် ရှန့်ထို တစ်ယောက် အနေဖြင့် လူတိုင်းက သူ့ကို ရှန့်ထိုဖန်ဆင်းရှင် ဟု တင်စား ခေါ်ဝေါ် ခဲ့ကြသည်။ ထို့နောက်... ကြယ်တာရာ နယ်မြေတွင် မယုံကြည်နိုင်လောက်သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့လေသည်။
ယနေ့တွင်တော့ ထိုသံသရာမှာ နောက်တစ်ကြိမ် တစ်ကြော့ပြန်လည်တော့မည်ပုံ ရလေသည်။
***