ရွှေရောင် အသက်နန်းတော်၏ ပဋိပက္ခ
Vol. 65 Ch. 908
မကြာခင်မှာပင် ဒြပ်စင်နယ်မြေမှာ ပုံမှန် ပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ နယ်မြေ ချိပ်ပိတ်ခြင်း အတားအဆီးကို မဖယ်ရှား ရသေးသည့်တိုင် အင်ပါယာ မျိုးနွယ်နှင့် ကောင်းကင် ဖျက်ဆီးသူများမှာ မာ့ကျန်း မြေကြီးရှန့်ထို ဖြစ်လာပြီးနောက် တစ်ခဏ အတွင်းမှာပင် ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။ သူတို့ ဤနေရာတွင် ဆက်နေစရာ အကြောင်း မရှိတော့ချေ။
ထို့အပြင်... ဝေ့ဝူယင်နှင့် ပတ်သက်၍ ဘာလုပ်လုပ် ဆင်ခြင်ရတော့မည် ဖြစ်ကြောင်း သူတို့ သဘောပေါက်ခဲ့ပြီး ဖြစ်ပေသည်။ ထာဝရ ဧကရာဇ် မဟုတ်လျှင်ပင် ထိုလူငယ်၏ နောက်ခံက အလွန် ကြောက်စရာ ကောင်းမှာ သေချာသည်။
အဂ္ဂိရတ် ပညာရှင်များမှာ အလွန် ရင်ဆိုင်ရ ခက်ခဲသည်။ အဆုံးစွန်သော ချမ်းသာ ကြွယ်ဝမှုများနှင့် အတူ သူတို့မှာ ထိပ်တန်း အစီအရင်များ၊ အဆောင်များကို ဝယ်ယူနိုင်ကြသည်။ အဂ္ဂိရတ် သူရဲကောင်းများကို ပြုစု ပျိုးထောင် နိုင်ကြသည်။ သို့သော်လည်း သူတို့နှင့် ပတ်သက်သည့် ကြောက်ဖို့ အကောင်းဆုံး အန္တရာယ်က ဖျက်ဆီးခြင်း ဆေးတောင့်များ ဖြစ်သည်။ ဝေ့ဝူယင်မှာ လျှို့ဝှက်လောက အဆင့် ဆေးရည်ကို မတုန့်မဆိုင်းပင် ထုတ်သုံးခဲ့လေရာ သူ့ထံတွင် ထိုအဆင့် ဖျက်ဆီးခြင်း ဆေးတောင့် မရှိဟု မည်သူ ပြောနိုင်ပါမည်နည်း။
ဥပမာအားဖြင့် ထာဝရ ကြယ်အလင်း ဆေးတောင့်မှာ သာမန် အဆင့်ကိုး ဆေးတောင့် တ်စခုသာ ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ လျှို့ဝှက်ဝိညာဥ် အဆင့်များကိုပင် ထိခိုက်အောင် လုပ်နိုင်သည်။ အကယ်၍ လျှို့ဝှက်လောက အဆင့် ဆေးတောင့် တစ်ခု ဆိုပါက ကြယ်တာရာ နယ်မြေ တစ်ခုလုံး ပျောက်ကွယ် သွားလေမလားပင် မပြောတတ်ပါချေ။
မူလဂြိုဟ်၊ လှပသော ခြံဝန်းကလေးထဲ၌...
ဝေ့ဝူယင်မှာ ကိုယ်လုံးထီး ချွတ်ကာ တင်ပျဉ်ချိတ် ထိုင်နေခဲ့၏။ သွေးကြောများ ထောင်ထနေကာ ကြွက်သားများမှာ အကန့်အသတ် ရောက်သည် အထိ တင်းမာ နေသည်။ အလွန် သန့်စင်သည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်တိုင် ကြီးမားစွာ ထိခိုက်ထားကြောင်း သိသာလှပေသည်။
ဝမ်မင်ယာမှာ ဝေ့ဝူယင် အနီးတွင် ထိုင်ကာ အဆင့်မြင့် ကြယ်တာရာ ကျောက်တုံးများကို သုံး၍ အမတေများကို စုပ်ယူ နေခဲ့၏။ သို့သော်လည်း သူမမှာ စိတ်ဖြောင့်ပုံ မပေါ်ပဲ ဝေ့ဝူယင်ကိုသာ ခဏခဏ လှည့်ကြည့် နေခဲ့သည်။ တစ်ချိန်တည်း၌ စီတကတော့ ဝေ့ဝူယင် နံဘေးတွင် ထိုင်ကာ လိုအပ်ပါက ကူညီရန် အဆင်သင့် ပြင်ထားခဲ့သည်။
“ဘယ်လိုနေသေးလဲ...”
ဝူယုက စိုးရိမ်စွာဖြင့် မေးလိုက်၏။ သေမျိုး ကျင့်ကြံသူ တစ်ယောက် အတွက် လျှို့ဝှက်အာဏာရှင် အဆင့် ဝိညာဥ်အင်အားများကို ထိန်းချုပ် ရသည်မှာ အလွန်တရာ ခက်ခဲလှသော ကိစ္စတစ်ရပ် ဖြစ်ပေသည်။ အကယ်၍ ဝေ့ဝူယင် နေရာတွင် သာမန် သေမျိုး တစ်ယောက်သာ ဆိုပါက ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲ၍ပင် သွားလောက်ပြီ ဖြစ်သည်.
“ကျုပ် အဆင်ပြေတယ်... ဒါပေမဲ့ အချိန်နည်းနည်း လိုတယ်”
ဝေ့ဝူယင်က ပြန်ဖြေလိုက်၏။ စစ်ဝိညာဉ်များကို မာ့ကျန်း အတွက် လျှင်မြန်စွာ သန့်စင်ရန် အန္တရာယ် များသည့် ဖြတ်လမ်းနည်း တစ်ခုကို သူ သုံးခဲ့ရသည်။ ကံကောင်းထောက်မစွာပင် ထိုနည်းလမ်းက အောင်မြင်ခဲ့သည်။ ထို့အပြင် အင်ပါယာ မျိုးနွယ်ထံမှ လိုချင်သည့် အရာကို သူ ရယူနိုင်ခဲ့သည်။ သူတို့က သူ့ကို အင်အားကြီး နောက်ခံ တစ်ခုခု ပိုင်ဆိုင်ထားသည်ဟု ယူဆသွားလောက်ပြီ ဖြစ်သည်။ ထိုယူဆချက်ကပင် သူနှင့် ဝူယုကို အချိန်ကာလ တစ်ခု အထိ လုံခြုံ စေလိမ့်မည် ဖြစ်သည်။
ဤနေရာက အနန္တ ဧကရာဇ်ဂိုဏ်း မဟုတ်သလို ထာဝရ ကြယ်တာရာ နယ်မြေလည်း မဟုတ်ချေ။ သူ့ကို အလေးထားကာ ကာကွယ်ပေးမည့် အဖွဲ့အစည်းများ မရှိချေ။ သူ ထာဝရ နယ်မြေနှင့် ဒြပ်စင် နယ်မြေ နှစ်ခုကိုသာ ရောက်ရှိခဲ့ပြီး နှစ်နေရာလုံးတွင် ကြမ်းတမ်း ခက်ထန်သည့် လုပ်ကြံ သတ်ဖြတ်မှုများနှင့် ရင်ဆိုင် ခဲ့ရသည်။ ထို့အပြင် အင်ပါယာ ကလန်သည်ပင် ကိုယ်ပိုင် ရည်ရွယ်ချက်နှင့် ရောက်ရှိလာခဲ့သည်။ ထိုအချက်များက မဟာစက်ဝန်း ကြယ်ကွင်းပြင်၌ ရှင်သန်ရန် မည်မျှ အန္တရာယ်များကြောင်း ဖော်ပြနေသည်။
ဝေ့ဝူယင်ထံတွင် ရွေးချယ်စရာ အချို့ ရှိခဲ့သည်။ ပထမ တစ်ခုက ကြယ်ကွင်းပြင်၏ ထိပ်သီး အင်အားစု တစ်ခုခုနှင့် ပူးပေါင်းရန် ဖြစ်သည်။ ထိုအရာက အရိုးရှင်းဆုံး စဉ်းစားမှု ဖြစ်ကာ သူ၏ အဂ္ဂိရတ် ပါရမီနှင့် ဆိုပါက မည်သည့် အဖွဲ့ကို မဆို ဝင်ရောက်ရန် လွယ်ကူပေလိမ့်မည်။ သို့သော်လည်း ထိုအင်အားစုများ မည်မျှ တင်းကြပ်ကြောင်း တွေ့မြင်ပြီး နောက်တွင် လှောင်အိမ် တစ်ခု အတွင်း ပိတ်လှောင်ခံထားရသလို သူ မနေချင်တော့ချေ။
ထို့အပြင် သူ မည်သည့် လျှို့ဝှက် ကျိန်စာကိုမှ မဆိုချင်ပေ။ ၎င်းအား ဖျက်ဆီးနိုင်သည့် နည်းလမ်းများ ရှိသည့်တိုင် လက်ရှိ သူ၏ အဂ္ဂိရတ် စွမ်းရည်ဖြင့် မလုံလောက်သေးချေ။
ဒုတိယ ရွေးချယ်စရာက ဆက်လက် ပုန်းအောင် နေရန် ဖြစ်သည်။ ထိပ်တန်း အင်အားစုများကို ရှောင်ရှားကာ လွတ်လပ်သည့် ကျင့်ကြံသူ တစ်ယောက် အဖြစ် နေထိုင်ရန် ဖြစ်သည်။ သို့သော်လည်း ထိုရွေးချယ်မှုတွင် အန္တရာယ်များ ရှိကြောင်း သူ လက်တွေ့ ကြုံခဲ့ရပြီ ဖြစ်သည်။ ဝူယု၏ အကူအညီနှင့် အတူ သူ သာမန် ရန်သူများကို ရင်ဆိုင်ကောင်း ရင်ဆိုင်နိုင်သည့်တိုင် အင်ပါယာ မျိုးနွယ်နှင့် အစစ်အမှန် မွေးဖွားခြင်းတို့မှာ ဘယ်လိုမှ မကျော်ဖြတ်နိုင်သည့် အတားအဆီးများဖြစ်သည်။
ထို့ကြောင့်ပင် သူက တတိယ နည်းလမ်းကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။
ဝူက သက်ပြင်းတစ်ချက် ချကာ ကောင်းကင်ရှိ နယ်မြေ ချိပ်ပိတ်ခြင်း အစီအရင်ကို လှမ်းကြည့်လိုက်၏။ ၎င်းက အစွန်းပိုင်းများတွင် စတင် ပြိုကျ နေခဲ့ပြီ ဖြစ်သည်။ လောင်စာ ကုန်သွားခဲ့ပြီ ဖြစ်လေရာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ ၎င်းကို ဆက်လက် ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ချေ။
အကြမ်းဖျဉ်း တစ်နာရီခန့် ကြာမြင့်ပြီးနောက် ဝေ့ဝူယင်၏ ကြွက်သားများမှာ တဖြည်းဖြည်း ပြန်လည် ပြေလျော့ သွားခဲ့၏။ စီတက ဂရုတစိုက်ပင် ဝေ့ဝူယင်ကို အင်္ကျီတစ်ထည် ပြန်ဝတ်ပေးလိုက်သည်။ ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်လိုက်ရာ အလွန် လျှင်မြန်စွာ ရွေ့လျားနေသည့် ပိုင်လင်၏ ပုံရိပ်ကို တွေ့ရသည်။ သူမက လှည့်ပတ် ပျံသန်းကာ ကင်းစောင့် နေခြင်းပင် ဖြစ်၏။
ထို့အပြင်... ပိုင်လင်မှာ တစ်ယောက်တည်း မဟုတ်ချေ။ လင်းရှန်းရှန်းနှင့် အတူတူ ဖြစ်သည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းချုပ် လင်းရှန်းရှန်းမှာ သူမ၏ အဆင့်အတန်းကို နှိမ့်ချကာ သူ့ အစေခံ အဖြစ် လိုလိုလားလား အမှုထမ်း လိမ့်မည်ဟု ဝေ့ဝူယင် ထင်မှတ် မထားခဲ့ချေ။
ထို့အပြင်... လင်းရှန်းရှန်းမှာ အလွန် လှပကာ အသက်ရှူ မှားလောက်အောင် ဆွဲဆောင်မှု ရှိသူ တစ်ယောက် ဖြစ်သည်။ ထိုအရာကပင် သူမကို အစေခံအဖြစ် လက်ခံလိုက်သည့် အဓိက အကြောင်းရင်းလည်း ဖြစ်သည်။ ထိုမျှ လှပကာ အဆင့်အတန်း မြင့်မားသည့် အစေခံ တစ်ယောက် ဘယ်ယောက်ျားက မလိုချင်မည်နည်း။
“သခင်လေး... မာ့ကျန်းနဲ့ မာ့ဆုကျင်းတို့ ရောက်နေပြီ...”
ဝူယုက ဂြိုဟ်၏ အနားသတ်ကို လှမ်းကြည့်ရင်း ပြောလိုက်၏။ သူတို့ ထိုနေရာ၌ စောင့်နေခဲ့ကြသည်မှာ တစ်နာရီ နီးနီး ကြာသွားခဲ့ကြပြီ ဖြစ်သည်။
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်ကာ သူတို့ကို ခေါ်ဆောင်ရန် အချက်ပြလိုက်၏။ ဝူယုက ပျံသန်း သွားကာ မကြာခင် ထိုနှစ်ယောက်နှင့် အတူ ခြံဝန်းထဲ ပြန်လည် ရောက်ရှိလာခဲ့သည်။ ဝူယုမှာ ထိုသားအဖ နှစ်ယောက် မည်မျှ ရုပ်တူကြောင်း တွေးလိုက်မိ၏။ သားအဖ ဖြစ်ကြောင်း ဆွေမျိုး စပ်ပြစရာပင် မလိုချေ။
မာ့ကျန်းမှာ ရောက်လျှင် ရောက်ချင်းပင် လက်နှစ်ဖက်ကို ယှက်၍ ဝေ့ဝူယင်ကို လေးနက်စွာ ဦးညွှတ်လိုက်၏။ ထိုအရာက သူ၏ အနက်ရှိုင်းဆုံးသော ကျေးဇူးတင်မှုနှင့် လေးစားမှုတို့ကို ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ သမီးဖြစ်သူကလည်း အလားတူပင် လိုက်လံ လုပ်ဆောင်၏။ စောစောပိုင်းက စိုဆွတ် နေခဲ့သော သူမ၏ မျက်ဝန်းများမှာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်ကာ ပျော်ရွှင်မှုများနှင့် အစားထိုး သွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်က သူတို့ နှစ်ယောက်ကို ကြည့်ကာ ဖော်ရွေစွာပင် ပြုံးပြလိုက်၏။
“ကျုပ် ခင်ဗျားကို အဘိုးကြီးကျန်းလို့ ခေါ်ရင် စိတ်မရှိဘူး မလား”
“မရှိပါဘူး...”
မာ့ကျန်းက အပြုံးနှင့် တုန့်ပြန်လိုက်သည်။ ဝေ့ဝူယင်မှာ သူ့ အသက်သခင် ကျေးဇူးရှင် ဖြစ်သည်။ သူ့ထံတွင် မိခင်ပေးသည့် အသက် မရှိတော့ချေ။
‘အဘိုးကြီးကျန်း’ မဆိုထားနှင့် ‘လုံမလေးကျန်း’ဟု ပြောင်နောက် ခေါ်လျှင်ပင် သူ ကျေကျေနပ်နပ် လက်ခံမည် ဖြစ်သည်။ ထို့အပြင်... အဘိုးကြီးကျန်း ဟူသော အသုံးအနှုန်းက မလေးစားရာ မကျပဲ ရင်းနှီးမှုကို ကိုယ်စားပြုသည်ဟု သူ ခံစားရသည်။
“ခင်ဗျားလည်း ကျုပ်ကို ဝေ့ဝူယင်လို့ ခေါ်နိုင်တယ်... ဂုဏ်ပုဒ်တွေ ဘာတွေ မလိုဘူး”
ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါးပင် လက်နှစ်ဖက်ကို ပိုက်ကာ ရှေ့တိုးလာရင်း မာ့ကျန်း၏ အခြေအနေကို လှည့်ပတ် စစ်ဆေး လိုက်၏။ အဆုံးမဲ့ ရင်းမြစ်များ ပိုင်ဆိုင်ထားသည့် မာ့ကျန်းလို လူတစ်ယောက်က အဘယ်ကြောင့် မြေကြီး ရှန့်ထို အဆင့်ကို မတက်လှမ်းနိုင်ခဲ့ကာ သူ အနည်းငယ် အံ့သြနေမိသည်။
“ဒါနဲ့... လျှို့ဝှက် သင်္ကေတ ဘယ်နှစ်ခုနဲ့ ခင်ဗျား အဆင့်တက်ခဲ့တာလဲ...”
ဝေ့ဝူယင်က မေးလိုက်၏။ တစ်ဆက်တည်းပင် သူက ဆက်ပြောလိုက်သည်။
“မပြောချင်လည်း ရပါတယ် ကိစ္စ မရှိဘူး”
ဝူယုကလည်း မာ့ကျန်းကို ကြည့်လိုက်၏။ စမ်းသပ်မှု အနည်းငယ် ပြုလုပ်လိုက်ရုံဖြင့်ပင် မာ့ကျန်း၏ လျှို့ဝှက် သင်္ကေတ အဆင့်ကို သူ ပြောနိုင်ပေသည်။ သို့သော်လည်း...သူ ထိုကဲ့သို့ လုပ်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် မာ့ကျန်းက အတော်လေး ထူးခြားသည်ဟု သူ ခံစားရသည်။
မာ့ဆုကျင်းမှာလည်း ထိုအရာကို သိချင် နေခဲ့၏။ သူ ဖခင် ဖြစ်သူကို ထိုအကြောင်း မမေးရသေးချေ။ မိန်းကလေး၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပလာခဲ့၏။
မာ့ကျန်းက ရယ်မာလိုက်သည်။
“ဘာကိစ္စ မပြောနိုင်ရမှာလဲဗျာ... ကျုပ် ဒီနေရာကို ရောက်လာရတာ ခင်ဗျားကြောင့်ပါပဲ... ခင်ဗျားက ကျုပ်ရဲ့ ရှန့်ထိုဖန်ဆင်းရှင်ပဲ မဟုတ်လား...”
ထို့နောက် သူက ဖြည်းညင်းစွာပင် လျှို့ဝှက်ဝိညာဥ်နှင့် ဆက်သွယ်ကာ လျှို့ဝှက် အော်ရာ အနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။
ဝေ့ဝူယင်မှာ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ သောင်းပေါင်း များစွာသော လျှို့ဝှက် သင်္ကေတမ အရိပ်များကို တွေ့ရ၏။ ကောင်းကင်ဘုံ နတ်မျက်လုံးများက အသုံးဝင်နေတာကို မြင်ရတော့ သူ ကျေနပ် သွားခဲ့သည်။ သို့သော်လည်း... ကံမကောင်းစွာပင် သင်္ကေတ ဘယ်နှစ်မျိုး ရှိသည်ကိုတော့ သူ မရေတွက်နိုင်ချေ။
သို့သော်လည်း ဝူယုနှင့် မာ့ဆုကျင်းတို့၏ အမူအရာများကတော့ ကြီးမားစွာ ပြောင်းလဲ သွားခဲ့ကြ၏။ ဝူယုမှာ မျက်လုံးများ ပြူးကျယ်သွားကာ မာ့ဆုကျင်းကတော့ လုံးဝ ဆွံအနေ၏။ သူတို့၏ အမူအရာများမှ တစ်ဆင့် မာ့ကျန်း၏ လျှို့ဝှက် သင်္ကေတ အဆင့်က သာမန် မဟုတ်နိုင်ကြောင်း ဝေ့ဝူယင် ခန့်မှန်းလိုက်နိုင်၏။ အထူးသဖြင့် လျှို့ဝှက် သင်္ကေတ ရှစ်ခု ပိုင်ရှင် ဝူယုပင် ထိုကဲ့သို့ တုန့်ပြန်နေသည့် အခြေအနေတွင် ဖြစ်ပေသည်။
“...”
ကံမကောင်းစွာပင် ဝေ့ဝူယင်၊ စီတနှင့် ဝမ်မင်ယာတို့ကတော့ မျက်စိသူငယ် နားသူငယ်ဖြင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ သူတို့ အဖြစ်က မာ့ကျန်းကိုယ်တိုင် သူ့အဆင့်ကို ထုတ်ပြောမှသာ သိနိုင်မည့် အဖြစ်မျိုးပင်။
မာ့ကျန်းက သဘောကျဟန်ဖြင့် တဟားဟား ရယ်မောလိုက်၏။ သူ၏ ရယ်မာသံတွင် ရှုပ်ထွေးပွေလီသည့် ခံစားချက်များ မပါပဲ ကလေးငယ် တစ်ယောက် အလိုချင်ဆုံး ဆုလာဒ်တစ်ခု ရလိုက်သလို ရိုးရှင်းလှသည်။
“ကျုပ် အဆင့်မတက်နိုင်ခဲ့တဲ့ အကြောင်းပြချက် တစ်ခု ရှိပါတယ်... အဲဒါက သေရင်မြေကြီး ရှင်ရင် ရွှေထီးဆိုပြီး နှလုံးသွင်းခဲ့လို့ပဲ”
ထိုကဲ့သို့ ပြောပြီးနောက် မာ့ကျန်းက လက်ဖဝါးကို ဖြန့်လိုက်၏။ သေမျိုးများ ပင်လျှင် မြင်နိုင်စွမ်း ရှိသည့် လှပသော သင်္ကေတ ကိုးခုက ထင်ရှားစွာပင် ဖွဲ့စည်းလာခဲ့သည်။ ၎င်းတို့က ပြိုင်စံရှားသည့် ပုံသဏ္ဌာန်များကို ပိုင်ဆိုင်ထားကာ လုံးဝ ကွာခြားလှ၏။
“သင်္ကေတ ကိုးခု...”
ဝေ့ဝူယင် မယုံကြည်နိုင်ဟန်ဖြင့် ဝူယုကို လှမ်းကြည့်လိုက်၏။ ဝူယုက အတည်ပြုဟန်ဖြင့် သူ့ကို ခေါင်းညိတ်ပြလိုက်သည်။
မကြာခင်မှာပင် ဝေ့ဝူယင်၊ စီတနှင့် ဝမ်မင်ယာတို့၏ မျက်လုံးများက တဖြည်းဖြည်း ပြူးကျယ် လာခဲ့လေတော့သည်။
နိုးထခြင်း အဆင့် ရည်ရွယ်ချက်...
လျှို့ဝှက်လမ်းစဉ် ကိုးရပ်...
နောက်ဆုံး၌ မာ့ကျန်း မြေကြီးရှန့်ထို အဆင့်ကို မတက်ရောက်နိုင်ခဲ့ရသည့် အကြောင်းရင်းအား သူတို့ နားလည် သွားခဲ့ပြီ ဖြစ်လေတော့သည်။
***