ကျင့်ကြံရန် အချိန်
Vol. 65 Ch. 909
ဝူယုမှာ မာ့ကျန်းကို အံ့အားသင့်စွာ ကြည့်နေမိ၏။ လျှို့ဝှက် ရည်ရွယ်ချက် တစ်ခုကို ပြီးပြည့်စုံစွာ နားလည်ခြင်း... ထိုအရာက ရူးသွပ်ဖွယ်ရာ ကောင်းလွန်းသည်။
သူ ကိုယ်တိုင်ပင်လျှင် မြင့်မားလှသည့် ပါရမီ၊ ထိပ်တန်း အဂ္ဂိရတ် အာဏာရှင်များ၏ ပံ့ပိုးမှု၊ အလုပ်ကြိုးစားမှုတို့ ပေါင်းစပ်ကာ သင်္ကေတ ရှစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထာဝရ သူရဲကောင်း၊ အစစ်အမှန် ဒြပ်စင်ဂိုဏ်းတို့နှင့် ယှဉ်ဆိုင် အနိုင်ယူခဲ့ပြီး နောက်တွင် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းပြီဟုပင် ယူဆခဲ့သည်။ သို့သော်လည်း မာ့ကျန်းမှာ သင်္ကေတ ကိုးခုကို ဖွဲ့စည်းကာ တစ်ထောင်ထက် ပိုမြင့်သည့် အခြားတောင် တစ်တောင် ရှိကြောင်း သက်သေပြခဲ့သည်။
သို့သော်လည်း အံ့အားသင့်စရာတော့ မရှိပါချေ။ မာ့ကျန်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် မွေးဖွား ကြီးပြင်းလာသူ ဖြစ်သည်။ ဤနေရာရှိ ကျင့်ကြံခြင်း ပတ်ဝန်းကျင်မှာ နဂါးငွေ့တန်း ကြယ်ကွင်းပြင်ထက် အဆ သောင်းချီ မဟုတ်လျှင်ပင် အဆထောင်ချီ ပိုမို ကောင်းမွန်သည်။ ထူထပ် သိပ်သည်းသည့် လျှို့ဝှက် အမတေများနှင့် အလင်းရောင်ပြန် ခါးပတ်များ အပါအဝင် သူ လက်ခံ ရရှိသည့် ကျင့်ကြံခြင်း ရင်းမြစ်များမှာ ဝူယုထက် အဆပေါင်းများစွာ ပိုမို သာလွန်သည်။
“ဂုဏ်ယူပါတယ်... အဘိုးကြီးကျန်း...”
ဝေ့ဝူယင်က ပင့်သက်တသ်ချက် ရှိုက်ရင်း ပြောလိုက်၏။ မာ့ကျန်းက ဂုဏ်ယူစွာဖြင့် ပြုံးလိုက်ရင်း လက်ဝါးထက်မှ လျှို့ဝှက် သင်္ကေတများကို ပြန်လည် သိမ်းဆည်း လိုက်သည်။
“ကျေးဇူးတင်ပါတယ်... ဝေ့ဝူယင်... ခင်ဗျားရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ကျုပ် ဒီအဆင့်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး”
ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။
“ကျုပ်က ခင်ဗျားကို တွန်းအားပေးလိုက်ရုံတင်ပါ... ခင်ဗျားကိုယ်တိုင် မလုပ်နိုင်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”
မာ့ကျန်း၏အပြုံးက နွေးထွေးခြင်းများနှင့် ပြည့်နှက်သွား၏။ ဝေ့ဝူယင် အပေါ် သူ၏ လေးစားခြင်းများက ပိုမို၍ တိုးလာခဲ့သည်။ ထိုလူငယ်လေး အပေါ် သူ ရင်းနှီးမြှပ်နှံခဲ့သည်မှာ မမှားယွင်းခဲ့ပါချေ။
မာ့ဆုကျင်း၏ မျက်လုံးများမှာ ဂုဏ်ယူမှု အငွေ့အသက်များနှင့် ပြည့်နှက် နေ၏။ ရွှေရောင်အသက်နန်းတော်၏ ကျင့်ကြံသူ တစ်ယောက် အနေဖြင့် မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ မြေကြီး ရှန့်ထိုများ၏ စံချိန်စံနှုန်းများ အကြောင်းကို သူမ ကောင်းစွာ သိရှိထားပေသည်။ ခြေတစ်လှမ်းတည်းဖြင့်ပင် ဖခင် ဖြစ်သူမှာ အောင်မြင်မှုများစွာကို ရယူလိုက်ခြင်း ဖြစ်သည်။
သူမက ဝေ့ဝူယင်ကို ကြည့်လိုက်မိ၏။ ထိုလူငယ်လေးမှာ ဖခင်ဖြစ်သူ၏ အသက်ကို ကယ်တင်လိုက်ရုံသာ မက မြင့်မားသည့် အဆင့်အတန်းတစ်ခုကိုပါ တွန်းပို့လိုက်ခြင်း ဖြစ်သည်။ သူက ချောမောရုံမျှသာ မက ယုံကြည်၍လည်း ရသည်။ ထူးဆန်းသည့် ခံစားချက် တစ်ခုမှာ သူမ ရင်ဘတ် အတွင်း၌ ဖွဲ့စည်း လာခဲ့၏။
ရုတ်တရက်... သူမ တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် ပြောလိုက်၏။
“ဝေ့ဝူယင်... ကျွန်မတို့ဆီမှာ အဖြစ်အပျက် တစ်ခု ဖြစ်...”
မိန်းကလေး၏ စကားမဆုံးခင်မှာပင် မာ့ကျန်းက သူမလက်ကို လှမ်းဆွဲလိုက်သည်။
“ဘာဖြစ်သွားလို့လဲ...”
ဝေ့ဝူယင်က မာ့ကျန်းကို ကြည့်လိုက်၏။ မာ့ကျန်းက အပြုံးဖြင့်သာ တုန့်ပြန်လိုက်သည်။
“စိတ်ပူစရာ မလိုပါဘူး... ရွှေရောင် အသက်နန်းတော်ရဲ့ အတွင်းရေး ကိစ္စပါ... ကျုပ်တို့ ကိုင်တွယ်နိုင်ပါတယ်”
“...”
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ သို့သော်လည်း မာ့ကျန်းမှာ ယုံကြည်ရသူ တစ်ယောက်ဟု သူ ခံစားရသည်။ ထို့အပြင် သူက သင်္ကေတ ကိုးခု မြေကြီးရှ့န်ထို တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ တိုင်တွယ်နိုင်သည်ဟု ဆိုလျှင် သူ တကယ် ကိုင်တွယ်နိုင်၍ ဖြစ်ပေလိမ့်မည်။
နာရီ အနည်းငယ် စကားပြောကြပြီးနောက် ဝေ့ဝူယင်မှာ ရွှေလေလံပွဲ အပါအဝင် များစွာသော ကိစ္စများကို သိရှိလာရ၏။ ဝူယုနှင့် ခြားနားစွာပင် မာ့ကျန်း၏ အချက်အလက်များမှာ ပိုမို အသေးစိတ်ကျကာ စုံလင်လှသည်။ စကားပြောရင်း ဝေ့ဝူယင်မှာ မာ့ကျန်းနှင့် ပိုမို နီးကပ်လာသလို ခံစားလိုက်ရသည်။ ထိုလူအိုကြီးမှာ တော်ရုံမျှသာ မက စကားပြောရလည်း လွယ်ကူသည်။ ထို့အပြင် အလုပ်အပေါ် သဘောထားမှာလည်း သူနှင့် တူသည်။
ဆွေးနွေးဝိုင်းကို အဆုံးသတ်ပြီး မကြာခင်မှာပင် မာ့ကျန်းတို့ သားအဖမှာ ဒြပ်စင် နယ်မြေမှ ပြန်လည် ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ သူတို့ ထွက်ခွာသွားပြီးနောက်၌ ဝူယုက မျက်မှောင်ကြုတ်ကာ ဝေ့ဝူယင်ကို ကြည့်လိုက်၏။
“သခင်လေး... ရွှယ်ရီဖေး ဒုက္ခရောက် နေနိုင်တယ်”
မာ့ကျန်းက မည်သည့် အရိပ်အမြွက်မှ မပြသည့်တိုင် မာ့ဆုကျင်းကတော့ ရွှယ်ရီဖေး အကြောင်း ပြောတိုင်း အနည်းငယ် အမူအရာ ပြောင်းလဲ သွားခဲ့သည်။ သိသာခြင်း မရှိသည့်တိုင် ဝူယုကဲ့သို့ မြေကြီးရှန့်ထို အဆင့် တစ်ယောက်၏ မျက်လုံးမှ မည်ကဲ့သို့ ပြေးလွတ်မည်နည်း။
“လူအိုကြီးကျန်းကတော့ ရွှေရောင် အသက်နန်းတော်ရဲ့ အတွင်းရေး ပြဿနာလို့ ပြောသွားတာပဲ... ဒါကြောင့် ကျုပ် သူ့ကို ကိုယ်တိုင် ဖြေရှင်းခိုင်းလိုက်တာ”
ဝူယုက ကောင်းကင်ကို မော့ကြည့်လိုက်၏။ ရွှယ်ရီဖေးမှာ သူ အယုံကြည်ရဆုံး လက်အောက်ငယ်သား တစ်ယောက် ဖြစ်သည့် သွေးပန်းပဲဖို အင်ပါယာ၏ တိုက်ရိုက် သွေးမျိုးဆက် တစ်ယောက် ဖြစ်သည်။ သူတို့ အကြား၌ ဆက်နွယ်မှုများ ရှိပေသည်။ အကယ်၍ သူမသာ တစ်ခုခု ဖြစ်ပါက...
ဝေ့ဝူယင်မှာ ဝူယု၏ ခံစားချက်များကို ရိပ်မိ၏။ ထို့နောက် သူက သက်ပြင်းတစ်ချက် ချလိုက်ရင်း...
“ခင်ဗျား စိုးရိမ်နေရင် သူတို့နဲ့ လိုက်သွားလိုက်ပါ... အားလုံး အဆင်ပြေအောင် လုပ်ခဲ့”
ဝူယုက အံ့သြသွားကာ ဝေ့ဝူယင်ကို ပြန်ကြည့်လိုက်၏။
“သခင်လေး တကယ်ပြောနေတာလား...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။
“ကျုပ်က အဆင်ပြေတယ်... ကျုပ် ဒီမှာ ဆက်ရှိနေလိမ့်မယ်ဆိုတာ ဘယ်သူမှ သိတာ မဟုတ်ဘူး... အင်ပါယာ မျိုးနွယ်ကလည်း ချက်ချင်း ပြန်လာမယ် မထင်ဘူး... နောက်ပြီး တစ်ရက် နှစ်ရက် အတွင်း ကျုပ် ထွက်သွားပြီ ဆိုတဲ့ ကောလဟလ လွှင့်လိုက်မယ်... အခု ကျုပ် အေးအေးဆေးဆေး လုပ်စရာတွေ ရှိတယ်”
ဝူယုက ဝေ့ဝူယင်ကို ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ထို့နောက် သူက ကောင်းကင်သို့ ပျံတက်ကာ ပျောက်ကွယ်သွားသည်။ မကြာခင်မှာပင် နယ်မြေ ချိပ်ပိတ်ခြင်း ဝင်္ကပါကြီးက တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။
ဝေ့ဝူယင် အကြောဆန့်လိုက်၏။ အရိုးများက အတော်လေး ညောင်းချိနေသလို သူ ခံစားရသည်။ အမြင်အာရုံ ဆုံးရှုံးပြီး ကတည်းက အဂ္ဂိရတ် ထုတ်ကုန်၊ ကျင့်စဉ်၊ အစီအရင်များနှင့် ပတ်သက်၍ သူ တွေးမိခဲ့တာ များစွာ ရှိပေသည်။ ဤသည်က အနည်းငယ် ကျင့်ကြံရမည့် အချိန် ဖြစ်ပေသည်။
...
ဒြပ်စင်နယ်မြေမှာ ပုံမှန် တည်ငြိမ်မှုကို ပြန်လည် ရရှိခဲ့ပြီ ဖြစ်သည်။ နယ်မြေ ဝင်္ကပါ ပိတ်ထားခဲ့မှုနှင့် ပတ်သက်၍ စီးပွားရေး ကျဆင်းမှုများ၊ တုန်လှုပ် ချောက်ချားမှုများစွာ ကြုံတွေ့ခဲ့ရသည့်တိုင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းက ကြေညာချက် တစ်ခုကို ထုတ်ပြန်ကာ ဖြေရှင်းခဲ့သည်။ သူတို့က ကြီးကျယ် ခမ်းနားသည့် ပုဂ္ဂိုလ် တစ်ယောက်ကို ကြိုဆိုရန်နှင့် အတွင်းရေး ပြဿနာများကို ဖြေရှင်းရန် နယ်မြေဝင်္ကပါကို ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။ ယခုတွင်တော့ ထိုပုဂ္ဂိုလ် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ရာ သူတို့က ဝင်္ကပါကို ပြန်လည် ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။
မကြာခင်မှာပင် ဧည့်သည် ပုဂ္ဂိုလ်က မည်သူ ဖြစ်ကြောင်း သတင်းများ ပေါက်ကြားလာခဲ့သည်။ သူက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရှေးဟောင်း ရွေးချယ်ခံ တစ်ဖြစ်လည်း နာမည်ကျော် မဟာသေမျိုး အဂ္ဂိရတ် အာဏာရှင် ဝေ့ဝူယင်ပင် ဖြစ်လေသည်။ ထိုပေါက်ကြားမှုက ဒြပ်စင်နယ်မြ တစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့သည်။
ထိုနာမည်ကျော် ပုဂ္ဂိုလ်ကို တွေ့ချင်ကြသူများမှာ မနည်းမနောလှချေ။ သူနှင့် တွေ့ဆုံ ရင်းနှီးခွင့် ရပါက ထိုအရာက ကြီးမားသည့် အခွင့်အရေး တစ်ခု ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ ဝေ့ဝူယင်မှာ ပြန်လည် ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင်... အင်ပါယာ မျိုးနွယ် ရောက်ရှိလာမှုနှင့် ကုန်းလော့၏ သေဆုံးမှု သတင်းများမှာလည်း မသေချာ မရေရာစွာ ပျံ့နှံ့နေပေသည်။ မကြာခင်မှာပင် ဒုတိယမြောက် သတင်းကို ပြင်ပ ကလန်များနှင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းတို့က အတည်ပြုခဲ့သည်။ ထို့အပြင် ပြင်ပမျိုးနွယ်များ ဓားပြတိုက်ခံရကာ အကြီးအကျယ် ဆုံးရှုံးခဲ့ရသည် ဆိုသည့် သတင်းပါ ပျံ့နှံ့လာခဲ့သည်။
အချို့ကလည်း ထိုသတင်းမှာ ကုန်းလော့ သေဆုံးမှုကို ဖုံးတွယ်ရန် ရည်ရွယ်ချက် ရှိရှိ ဖြန့်ခြင်းဟု ယူဆ နေကြသည်။ ထို့အပြင် ကုန်းလော့မှာ ဝေ့ဝူယင်ကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည့် အတွက် ဝေ့ဝူယင်၏ အဂ္ဂိရတ် ရှန့်ထို ဝူယုက ပြန်လည် သတ်ဖြတ်ခဲ့သည် ဆိုသည့် သီအိုရီ တစ်ခုပင် ပျံ့နှံ့လာခဲ့သည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒြပ်စင် နယ်မြေ အတွင်းရှိ လူများမှာ မကြာခင် အပြောင်းအလဲကြီး တစ်ခု ဖြစ်တော့မည် ဖြစ်ကြောင်း ခံစားနေခဲ့မိကြတော့သည်။
***