← Chapters

မှော်မြို့တော်

Vol. 50 Ch. 690

မှော်မြို့တော်

Vol. 50 Ch. 690

"ငါက ဘယ်နေရာကို တည်နေရာပြောင်းရွှေ့နိုင်လဲ"

ယဲ့ချန်က စစ်ဧကရာဇ်အရှိန်အဝါဖြင့် တစ်ဖက်လူကို ဖိနှိပ်ကာ မေးလိုက်ခြင်းဖြစ်သည်။

"မင်းက ငွေမပေးဘူးဆိုရင် ကျပန်းနေရာတစ်ခုကို ရောက်သွားနိုင်ပြီး ကျွန်ပိုးကောင်တွေလက်ချက်နဲ့ သေသွားရင်လည်း ကံကို အပြစ်တင်ရလိမ့်မယ်။ ငါ့ကို မိစ္ဆာရွှေနှစ်ပြားပေးတဲ့အတွက် မှော်မြို့တော်ကို ပို့ပေးမယ်"

မိန်းမကြီးက ဖော်လံဖားအပြုံးမျိုးဖြင့် ဖြေလိုက်သည်။

"မရဏနန်းတော်က အခြားနေရာတစ်ခုနဲ့ ဆက်သွယ်ထားတာလား။ မှော်မြို့တော် ဟုတ်လား။ တိုက်တန်ခေါင်းဆောင်ရဲ့အလောင်းကို မရဏနန်းတော်မှာ ချိတ်ပိတ်ထားတယ်ဆိုတာက လိမ်ဆင်ကြီးများ ဖြစ်နေမလား။ ဒီနေရာမှာ လျှို့ဝှက်ချက် ကြီးကြီးမားမား တစ်ခုရှိရမယ်"

ယဲ့ချန်က အနည်းငယ် မျက်ခုံးပင့်လိုက်မိသော်လည်း စကားတစ်ခွန်းမှ ထပ်မပြောခဲ့ပေ။ သူက သံသယအတွေးများ ဖြစ်ပေါ်လာကာ ခဏတာစဥ်းစားပြီးနောက် စုံစမ်းရန် ဆုံးဖြတ်လိုက်၏။ သူက မရဏနန်းတော်တွင် တိုက်တန်အလောင်းကို မြင်ရမည်ဟု ထင်ထားသော်လည်း အမှန်တရားက ပြောင်းလဲနေသည်။ တိုက်တန်ခေါင်းဆောင်သာ မသေသေးလျှင် နှစ်ပေါင်းသောင်းချီကြာအောင် မည်သည့်နေရာ၌ ပုန်းကွယ်နေမည်နည်း။ ထိုရန်သူက ကြယ်သခင်တစ်ယောက်နှင့် ယှဥ်နိုင်သော ကျင့်ကြံသူမျိုးဖြစ်ကာ ပုန်းအောင်းပြီး အကြံထုတ်နေသည်ဆိုလျှင် ကောင်းကင်မူလကြယ်အတွက် သေချာပေါက် အန္တရာယ်ကြီး ဖြစ်ပေလိမ့်မည်။ သူက တည်နေရာပြောင်း အစီအရင်အတွင်း ဝင်ရောက်လိုက်သောအခါ မိန်းမကြီးက ထူးဆန်းစွာပြုံး၍ ၎င်းကို စတင်လိုက်သည်။

အနက်ရောင်အလင်းတစ်ခု ထွက်ပေါ်လာကာ လေဟာနယ်က စတင်တွန့်လိမ်လာ၍ အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ ဤကြာချိန်အရ အစီအရင်၏ အခြားထွက်ပေါက်သည် ကောင်းကင်မူလကြယ်၌ မဖြစ်နိုင်သောကြောင့် ယဲ့ချန်က ရင်ထိတ်နေခဲ့သည်။ အစီအရင်၏ဦးတည်ရာကို မသိသည့်အပြင် ကြာချိန်အရ အလွန်ဝေးကွာသော နေရာတစ်ခုသို့ ဦးတည်နေခြင်းဖြစ်သည်။ အချိန်တစ်ခုအကြာတွင် သူက မျက်လုံးများ ဖွင့်ကြည့်လိုက်သောအခါ အနက်ရောင်အဆောက်အအုံများ မရေမတွက်နိုင်အောင်ရှိနေသော မြို့ကြီးတစ်ခုကို မြင်လိုက်ရသည်။ ကျဥ်းမြောင်းမှောင်မိုက်သော လမ်းများထက်တွင် နတ်ဆိုးအရှိန်အဝါကိုယ်စီ ပိုင်ဆိုင်ထားသော ကျင့်ကြံသူများရှိနေပြီး အများစုက သရုပ်မှန်ကို ဖုံးကွယ်ရန်အတွက် ဝတ်ရုံရှည်များကို ဝတ်ဆင်ထားကြသည်။ သူတို့က သူ့ကို မြင်သော်လည်း တစ်ချက်သာကြည့်၍ လျစ်လျူရှုသွားကြသည်။ ခဏတာစဥ်းစားပြီးနောက် သိုလှောင်လက်စွပ်အတွင်းမှ အလားတူဝတ်ရုံရှည်တစ်ထည်ကို သူက ထုတ်ယူဝတ်ဆင်လိုက်သည်။

"ဒါက ဟိုမိန်းမကြီးပြောလိုက်တဲ့ မှော်မြို့တော်လား"

ယဲ့ချန်က စိတ်ထဲမှရေရွတ်ရင်း အရာရာကိုစူးစမ်းကာ လျှောက်လှမ်းလာခဲ့သည်။ ဤနေရာ၌ မျိုးနွယ်ပေါင်းစုံရှိနေသဖြင့် သူက အချို့ကို မြင်ပင်မမြင်ဖူးချေ။ သို့သော် လူသားမျိုးနွယ်ဝင်များ၏ အရေအတွက်က အများဆုံးဖြစ်နေခဲ့သည်။ အပုပ်နံ့များက အချိန်တိုင်း ထွက်ပေါ်နေပြီး လမ်းဘေးဝဲယာတွင် အလောင်းများ ရှိနေခဲ့သည်။ မည်သို့သေဆုံးသွားမှန်း မသိရသော်လည်း တန်ဖိုးရှိသောအရာမှန်သမျှက ဖြုတ်ယူခံထားရကာ အလောင်းများစုက ပုပ်သိုးနေပြီး မြက်ပင်များ ဖုံးလွှမ်းနေသည်။ လမ်းပေါ်ရှိ ကျင့်ကြံသူများကလည်း တစ်ယောက်ကိုတစ်ယောက် သတိထားနေပြီး အကြည့်များက ဓားသွားများပမာ ထက်ရှနေသည်။

ဝတ်ရုံနက်နှစ်ယောက်က ယဲ့ချန်ထံ တည့်တည့်မတ်မတ်လှမ်းလာနေပြီး ဖုံးကွယ်ထားသော မျက်နှာများသည် ကြမ်းကြုတ်၍ အကျည်းတန်သည်။ သူတို့ထံမှ လက်တံရှည်များ ထွက်နေသဖြင့် မည်သည့်မျိုးနွယ်မှန်း သူက မသိရသော်လည်း ရန်လိုမှုကို ခံစားရသဖြင့် နတ်ဆိုးချီများ ထုတ်ဖော်လိုက်သည်။ သူ၏အရှိန်အဝါကို အာရုံခံမိသောအခါ ထိုလူများက သံပြားတစ်ခုကို ကန်မိပြီဖြစ်ကြောင်း နားလည်သွားကာ ချာခနဲလှည့်ထွက်၍ လူအုပ်များအကြား ပြန်လည်တိုးဝင်သွားခဲ့သည်။ မှော်မြို့တော်က မည်သို့သောနေရာဖြစ်ကြောင်း မသိရသေးသော်လည်း သူ၏စိတ်ထဲတွင် ပတ်ဝန်းကျင်က အလွန်ဗြောင်းဆန်နေသည်ဟု ခံစားနေရသည်။ လမ်းဘေးတွင် ဆိုင်ခန်းများ ခင်းကျင်းထားပြီး သူတစ်ခါမှမမြင်ဖူးသော ကုန်ပစ္စည်းများကို ခင်းကျင်းရောင်းချနေသည်။ သွေးအရိုးခေါင်းများ၊ ရုန်းများထွင်းထားသည့် ရေဘဝဲလက်တံများ၊ နတ်ဆိုးအရှိန်အဝါ ထွက်ပေါ်နေသော အမျိုးအမည်မသိ သားရဲအရိုးများ စသည်တို့ဖြစ်ကြသည်။ သူက ရှေ့ဆက်လာခဲ့ပြီး ရင်ပြင်တစ်ခုသို့အရောက်တွင် ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် တုန်လှုပ်သွားခဲ့သည်။ အနက်ရောင်ကောင်းကင်တွင် ကြယ်များ မှိတ်တုတ်မှိတ်တုတ်ရှိနေသော်လည်း ဒါဇင်ချီသော အနက်ရောင်အရာကြီးများက မြေပြင်မှ မီတာထောင်ချီအထက်တွင် မျောလွင့်နေသည်။ ၎င်းတို့အတွင်းမှ ကျွန်ပိုးကောင်များ ဝင်ထွက်သွားလာနေသောကြောင့် နတ်ဆိုးအသိုက်များ ဖြစ်နိုင်သည်။

"ဒီနေရာက ဘယ်လိုနေရာမျိုးလဲ။ ကောင်းကင်မူလကြယ်နဲ့ ဘယ်လောက်ဝေးလဲ"

ယဲ့ချန်သည် မှော်မြို့တော်နှင့် ကောင်းကင်မူလကြယ်ကို ဆက်သွယ်ထားသော ခရီးသွားလမ်းကြောင်းကို တွေးမိလိုက်သဖြင့် စိတ်လေးလံလာသည်။ ဤကျွန်ပိုးကောင်များနှင့် နတ်ဆိုးများက ကောင်းကင်မူလကြယ်သို့ အချိန်မရွေးလာရောက် တိုက်ခိုက်နိုင်စွမ်းရှိသည်။ ဤနေရာတွင် ခွန်အားက ဖိနှိပ်ခံထားရပြီး စစ်ဧကရာဇ်တစ်ယောက်၏ ခွန်အားအလုံးစုံကို ထုတ်ဖော်ရန် မဖြစ်နိုင်သကဲ့သို့ ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်နိုင်သော်လည်း ကန့်သတ်ခံထားရသည်။ ဤနေရာက မှော်မြို့တော်၏ အစွန်အဖျားသာဖြစ်ပြီး အတွင်းပိုင်း၌ မည်သို့ရှိနေမည်ကို သူက မတွေးတတ်ပေ။ သူက လူစီးကြောင်းအတိုင်း ရှေ့ဆက်တိုးလာပြီး ဤနေရာအကြောင်း ပိုမိုသိချင်လာခဲ့သည်။ အကယ်၍ ကောင်းကင်မူလတိုက်ကြီးသာ ပြင်ပရန်စွယ်များကို ဖယ်ရှားနိုင်ခဲ့လျှင် ဤနေရာမှ နတ်ဆိုးများက ပြဿနာဖြစ်လာနိုင်ပြီး ကောင်းကင်နတ်ဆိုးများက ကျူးကျော်လာပေလိမ့်မည်။ ကံကောင်းသည်မှာ ကျင့်ကြံသူအများစုက ရွှမ်အဆင့်နှင့် တာအိုနတ်အဆင့်များသာ ဖြစ်နေပြီး စစ်ဧကရာဇ်အဆင့်များ နည်းပါးနေခြင်း ဖြစ်သည်။

ယဲ့ချန်က အတွေးနက်ရင်း လမ်းလျှောက်လာစဥ် အဝေးတစ်နေရာ၌ ရုတ်ရုတ်သဲသဲဖြစ်နေကာ ပုံရိပ်အချို့ ပြေးလွှားနေသည်။ တစ်ယောက်ယောက်က ထွက်ပြေးနေပုံရပြီး ကျန်ငါးယောက်က လိုက်ဖမ်းနေသဖြင့် ပတ်ဝန်းကျင်၌ တည်ငြိမ်မှု ပျက်ပြားသွားခဲ့သည်။ မည်သည့်အရာဖြစ်နေကြောင်း စူးစမ်းလိုသဖြင့် သူက လမ်းဘေးမှ အမိုးတစ်ခုသို့ ခုန်တက်ကာ စစ်ဆေးလိုက်သည်။ အခြားကျင့်ကြံသူများကလည်း ဖြစ်ပေါ်လာသော တိုက်ပွဲကို စပ်စုနေကြသည်။

"ဘန်း ဘန်း ဘန်း"

တိုက်ခိုက်သံများ ထွက်ပေါ်လာကာ ချီများက ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာသဖြင့် စပ်စုနေသူများ၏ ခန္ဓာကိုယ်အား ထိမှန်ကုန်သည်။ အားနည်းသူများမှာ နာကျင်စွာအော်ဟစ်၍ မြေပြင်သို့လဲကျသွားကာ အစွမ်းထက်သူများက ဒဏ်ရာအနည်းငယ်ရသွား၍ ကံဆိုးသူမောင်ရှင်များက တစ်ကိုယ်လုံးပေါက်ကွဲ သေဆုံးသွားကြ၏။ အချိန်တိုအတွင်း သွေးသံရဲရဲဖြစ်သွားသောကြောင့် မှော်မြို့တော်က အမှန်တကယ်ဗြောင်းဆန်နေကြောင်း ယဲ့ချန်က နားလည်လိုက်သည်။ လမ်းပေါ်တွင် ပေါ်တင်လူသတ်နေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ အရေးယူရန် ထွက်ပေါ်မလာခဲ့ကြပေ။

"ဘန်း ဘန်း ဘန်း"

တိုက်ခိုက်နေသူအားလုံးက စစ်ဧကရာဇ်များဖြစ်ကာ အကြိမ်အနည်းငယ် တိုက်ကွက်ဖလှယ်ပြီးနောက် ထွက်ပြေးလာသူက လှစ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

"အကြွင်းမဲ့အရိပ်ကျင့်စဥ် လာပြန်ပြီလား။ လိုက်ကြစမ်း"

လိုက်ဖမ်းနေကြသူများ၏ ခေါင်းဆောင်က အမိန့်ပေးလိုက်သောအခါ ဝိညာဥ်အသိစိတ်များက ဧရာမနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ထွက်ပြေးသွားသူကို လိုက်ဖမ်းခဲ့သည်။ ယဲ့ချန်က နယ်ခံများ၏စကားကို နားလည်နေခဲ့သဖြင့် အံ့သြသွားပြီး ဘာသာစကားက အနည်းငယ်အကြမ်းဖျင်းဆန်သော်လည်း ကောင်းကင်မူလကြယ်၏ ဘာသာစကားနှင့် အလွန်ဆင်တူသည်။ သူက ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်သောအခါ လမ်းကြိုလမ်းကြား၌ ထွက်ပြေးနေသည့် ပုံရိပ်တစ်ခုကို ခပ်ဝါးဝါးတွေ့လိုက်ရ၏။ ထိုလူ၏လျှို့ဝှက်ကျင့်စဥ်က လိုက်ဖမ်းနေသူများကို လှည့်စားနိုင်ခဲ့သော်လည်း သူ၏အကြည့်အောက်မှ ပြေးမလွတ်ခဲ့ပေ။ သူက ဤဖြစ်စဥ်၏ အကြောင်းအရင်းကို မသိသော်လည်း ခဏတာစဥ်းစားပြီးနောက် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

"ဘယ်ရောက်သွားတာလဲ"

ယဲ့ချန်က အမိုးများပေါ်တွင် ခုန်ပျံကျော်လွှားရင်း လိုက်လာခဲ့ပြီး မြေပြင်သို့ ဆင်းသက်လိုက်ချိန်၌ တစ်ဖက်လူ၏အရှိန်အဝါက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် အေးစက်စက်အလင်းတစ်ခုက ဝတ်ရုံရှည်ကို ထိုးဖောက်၍ သူ၏လည်ပင်းထံ ဝင်ရောက်လာခဲ့သည်။ သေရေးရှင်ရေးအခြေအနေတွင် သူက ကောင်းကင်ဓားပျံကို ဖွဲ့စည်း၍ ပစ်ခတ်လိုက်သည်။ ၎င်းက သူ၏အတွေးတစ်ချက်တွင် လေထဲ၌ လှပစွာကွေ့ဝိုက်သွားပြီး ကျောဘက်သို့ ရောက်ရှိသွားခဲ့သည်။ အလင်းတန်းက သူ၏လည်ပင်းနှင့် ဆံချည်တစ်မျှင်စာအဝေး၌ ရပ်တန့်သွားသကဲ့သို့ ဓားပျံကလည်း တစ်ဖက်လူ၏ နဖူးအနားတွင် ရပ်တန့်နေခဲ့သည်။

"....."

ဆွဲငင်အားပါဝင်သော မိန်းကလေးအသံတစ်ခု ထွက်ပေါ်လာသော်လည်း ယဲ့ချန်က နားမလည်ခဲ့ပေ။

"မင်း ဘာတွေပြောနေတာလဲ"

တစ်ဖက်လူက မိန်းကလေးဖြစ်နေသောကြောင့် သူက အံ့သြသွားကာ ကောင်းကင်မူလကြယ်၏ ဘာသာစကားဖြင့် မေးလိုက်သည်။

"နင် ဘယ်သူလဲ။ ဘာကြောင့် ငါ့နောက်ကို လိုက်နေတာလဲ"

မိန်းမပျို၏အသံက ကြမ်းရှရှ ထွက်ပေါ်လာခဲ့သည်။

"ငါက ဖြတ်သွားဖြတ်လာတစ်ယောက်ပါပဲ"

သူက ပခုံးတွန့်ပြလိုက်ပြီး တစ်ဖက်လူ၏ဘာသာစကားက ကျွမ်းကျင်ခြင်းမရှိသော်လည်း သူနားလည်ရန်အတွက် လုံလောက်နေခဲ့သည်။

"ငါ့ကို အမှန်အတိုင်း ပြောစမ်း၊ မဟုတ်ရင် သတ်ပစ်လိုက်မယ်"

သူမက အေးစက်စက်နှာခေါင်းရှုံ့ကာ သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လာသည်။ သို့သော် သူမက စစ်ဆေးရုံသာဖြစ်၍ အမှန်တကယ် သတ်ဖြတ်လိုခြင်းမရှိကြောင်း ယဲ့ချန်က ခန့်မှန်းနိုင်ခဲ့သဖြင့် ပြန်လည်မတိုက်ခိုက်ခဲ့ပေ။ တစ်ဖက်လူက အဆင့်ခြောက်စစ်ဧကရာဇ်တစ်ယောက် ဖြစ်သော်လည်း အမှန်တကယ်တိုက်ခိုက်လျှင် သူက အနိုင်ယူနိုင်ပေသည်။

"မင်းရဲ့လက်နက်ကို အရင်သိမ်းပေးလို့ရမလား။ ငါက မင်းအပေါ်မှာ မကောင်းတဲ့အကြံ မရှိပါဘူး"

သူ၏စကားအဆုံးတွင် ကောင်းကင်ဓားပျံက လှုပ်ရှားသွားကာ သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာ၍ ဆံချည်မျှင်တစ်ချောင်းက မြေပြင်သို့ ပြတ်ကျသွားခဲ့သည်။ ယဲ့ချန်၏နောက်တွင် ရှိနေသော မိန်းမပျိုက သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသဖြင့် တစ်ဖက်လူကလည်း သူမကို ခြိမ်းခြောက်နိုင်ကြောင်း နားလည်လိုက်သည်။ ထို့အပြင် ယဲ့ချန်က လျှို့ဝှက်စွာ ဖုံးကွယ်ထားပုံပေါ်သောကြောင့် အမှန်တကယ်တိုက်ခိုက်လျှင် အနိုင်ရရန် ယုံကြည်ချက်မရှိပေ။ သူမက ခဏတာတုံ့ဆိုင်းသွားပြီးနောက် သူ၏လည်ပင်းထက်မှ ဓားမြှောင်ကို ဖယ်ရှားလိုက်သည်။ သို့သော် သူမက အရှိန်အဝါကို ထုတ်လွှတ်ထားသဖြင့် ယဲ့ချန် တစ်ခုခုလှုပ်ရှားမည်ဆိုလျှင် သေချာပေါက် တိုက်ခိုက်ပေလိမ့်မည်။

မိန်းမပျိုက ဓားမြှောင်ကို ရုတ်သိမ်းလိုက်သည်နှင့်တပြိုင်နက် ကောင်းကင်ဓားပျံကလည်း လေထဲတွင် ပျောက်ကွယ်သွားကာ ယဲ့ချန်က နောက်လှည့်လာခဲ့လေသည်။

All Chapters