မရဏကြယ်
Vol. 50 Ch. 691
မိန်းမပျို၏အသွင်က လူသားတစ်ယောက်နှင့် ဆင်တူသော်လည်း အနည်းငယ်ကွဲပြားနေပြီး နီညိုရောင် ဆံပင်ရှည်များကို ခါးအထိ ဖြန့်ချထားသည်။ နားရွက်များက ချွန်နေပြီး မျက်ဝန်းများကလည်း နီညိုရောင်ဖြစ်ကာ အသားအရေက ဖြူဆွတ်နေပြီး မျက်နှာထားက အလွန်လှပသည်။ တင်းကျပ်ပြောင်လက်နေသော သားရေစကပ်တစ်ထည်ကို ဝတ်ဆင်ထားသဖြင့် ကောက်ကြောင်းများ ပေါ်လွင်နေပြီး ရင်ဘတ်မှ ယုန်နှစ်ကောင်က ရုန်းထွက်လိုဟန်ဖြင့် ဖောင်းကြွဖုထစ်နေသည်။ သားရေဖိနပ်ရှည်တစ်စုံကို ဝတ်ဆင်ထားသော်လည်း တောင့်တင်းဖြောင့်စင်းသော ပေါင်တံများက တစ်ဝက်ခန့် ထွက်ပေါ်နေသည်။ သူမက အလှလေးတစ်ယောက်ဟု သတ်မှတ်ခံရနိုင်သော်လည်း သာမန်လူများနှင့်ကွာခြားသည်မှာ အလွန်ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်တစ်ခုကို ပိုင်ဆိုင်ထားသည်။
ယဲ့ချန်သည် တစ်ဖက်လူက မိန်းကလေးပင်ဖြစ်လင့်ကစား၊ အထင်မသေးဝံ့ပေ။ သူမ၏တစ်ကိုယ်လုံးတွင် လက်နက်များပြည့်နှက်နေပြီး ဓားမြှောင်အပြင် ဆံပင်ရှည်များကို သာမန်လူများက ၎င်း၏အလှကြောင့် လျစ်လျူရှုထားမည်ဖြစ်သော်လည်း သူ၏မသိစိတ်က အလွန်အစွမ်းထက်သော လူသတ်လက်နက်ဖြစ်ကြောင်း ခံစားနေရသည်။ ထိုဆံပင်အပြင် သားရေစကပ်နှင့် သားရေဖိနပ်ရှည်များအတွင်းလည်း လက်နက်များရှိနေသည်ကို အာရုံခံမိခဲ့သည်။
"နင်က ငါ့ကို ဘာလို့လိုက်နေတာလဲ"
မိန်းမပျိုက ယဲ့ချန်ကို စိုက်ကြည့်လိုက်ချိန်တွင် သူငယ်အိမ်အတွင်း၌ သေးငယ်သော အစက်အပြောက်တစ်ခု ဖြစ်တည်လာသည်။ အကြည့်ချင်းဆုံသွားသောအခါ ယဲ့ချန်သည် သူ၏အသိစိတ်ကို အပ်တစ်ချောင်းဖြင့် ထိုးဆွနေသကဲ့သို့ နာကျင်သွားရသည်။ သူမက အသိစိတ်ကို တိုက်ခိုက်၍ သတင်းအချက်အလက်များ ရယူလိုနေသဖြင့် သူ၏မျက်ဝန်းအတွင်း ကြယ်ကိုးလုံးထွက်ပေါ်လာကာ တန်ပြန်လိုက်သည်။ သူမက အောင်မြင်ကာနီးအချိန်တွင် အဖြူရောင်အလင်းတစ်ခု မျက်စိကျိန်းစပ်လောက်အောင် တောက်ပလာသည်။ ထိုအလင်းက သူမ၏စိတ်ကို ပြန်လည်တိုက်ခိုက် ထိုးဖောက်လိုက်သဖြင့် ခန္ဓာကိုယ်က မသိစိတ်၏စေ့ဆော်မှုအရ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။ သူမက ယဲ့ချန်ကို သတိထားလိုက်သကဲ့သို့ ကြောက်စိတ်ဖြစ်ပေါ်လာသည်။
မိန်းမပျို၏အမည်က ကျိရန်ရွယ်ဖြစ်ပြီး စကြဝဠာအတွင်းရှိ ထူးခြားသော မျိုးနွယ်တစ်ခုဖြစ်သည့် အရိပ်လူသတ်သမားမျိုးနွယ်မှဖြစ်သည်။ ၎င်းက အဆင့်သုံးမျိုးနွယ်တစ်ခုဖြစ်ကာ ပင်မလူသားမျိုးနွယ်၏ အခွဲတစ်ခုဖြစ်သော်လည်း ထိပ်တန်းမျိုးနွယ်ကြီးတစ်ခု ဖြစ်သည်။ မျိုးနွယ်ဝင်တိုင်းက မွေးရာပါလုပ်ကြံသူများဖြစ်ကာ ချောင်းမြောင်းတိုက်ခိုက်ခြင်းနှင့် လုပ်ကြံခြင်း၌ အလွန်ပါရမီရှိသည်။ သူမက ယဲ့ချန်အပေါ် အသုံးပြုလိုက်သော ကျင့်စဥ်မှာ တစ်ဖက်လူ၏အသိစိတ်ကို ထိုးဖောက်၍ သိလိုသမျှကို မေးမြန်းနိုင်သော အရိပ်မျိုးနွယ်၏ လျှို့ဝှက်ကျင့်စဥ်ဖြစ်သည်။ သို့သော်လည်း ယဲ့ချန်၏အသိစိတ်က အလွန်အစွမ်းထက်နေမည်ဟု မျှော်လင့်မထားသောအခါ ဒဏ်ရာရလုနီးပါးပင် ဖြစ်သွားခဲ့သည်။ သူမက ယဲ့ချန်အပေါ် အလွန်သတိထားနေပြီး အရိပ်မျိုးနွယ်၏ကျင့်စဥ်ကို တန်ပြန်နိုင်သည်မှာ အဆင့်နှစ်မျိုးနွယ်များနှင့် အဆင့်သုံးမျိုးနွယ်အနည်းစုသာ ဖြစ်သည့်အပြင် တစ်ဖက်လူ၏ခွန်အားက သူမထက် သာလွန်ကြောင်း ခံစားနေရသည်။
ယဲ့ချန်သည်လည်း ကျိရန်ရွယ်ကို စပ်စုနေပြီး သူမထံမှ နတ်ဆိုးအရှိန်အဝါ ခံစားရသော်လည်း နတ်ဆိုးမျိုးစေ့နှင့် သက်ဆိုင်ခြင်းမရှိပေ။ သူက ဤနေရာအကြောင်း ဘာမှမသိထားသဖြင့် တစ်ယောက်ယောက်ထံမှ သတင်းအချက်အလက်များကို ရယူရပေလိမ့်မည်။ ထိုအချိန်တွင် ဝိညာဥ်အသိစိတ်အချို့ နီးကပ်လာကြောင်း သူက ခံစားလိုက်ရသည်။
"နောက်ကလိုက်လာနေကြပြီ။ သွားကြစို့"
သူက သတိပေး၍ လေပေါ်သို့ ခုန်တက်လိုက်၏။ ကျိရန်ရွယ်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ တစ်ဖက်လူက သူမအပေါ်ရန်လိုနေလျှင် တိုက်ခိုက်ပြီးဖြစ်ပေလိမ့်မည်။ ယဲ့ချန်က သူမကို လက်ရှိအခြေအနေမှ ကယ်တင်ပေးနိုင်ချေရှိသောကြောင့် တစ်ချက်စဥ်းစားကာ ကိုယ်ပျောက်ကျင့်စဥ်ကို အသုံးပြု၍ နောက်မှလိုက်ပါလာခဲ့သည်။
ပုံရိပ်နှစ်ခုက မှော်မြို့တော်၏အခြားတစ်ဖက်သို့ ထွက်ခွာသွားစဥ် ကျင့်ကြံသူငါးယောက် ရောက်ရှိလာကြပြီး ကွဲပြားခြားနားသော အသွင်အပြင်ကိုယ်စီနှင့်ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူက သုံးမီတာမြင့်ပြီး အနက်ရောင်အကြေးခွံများ ဖုံးအုပ်နေသည့် ဧရာမဦးခေါင်းကို ပိုင်ဆိုင်ထားသည်။ အစွယ်ရှည်ကြီးနှစ်ချောင်းက အထက်သို့ မြင့်တက်နေသကဲ့သို့ နှာခေါင်းကြီးကလည်း မြေပြင်သို့ ထိလုနီးပါး ရှည်လျားနေသည်။ နဂါးဘုရင်သာ ရှိနေလျှင် ဤကျင့်ကြံသူမှာ ကောင်းကင်မူလကြယ်ပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက သုတ်သင်ဖယ်ရှားခံလိုက်ရသည့် နတ်ဆိုးဆင်မျိုးနွယ်ဝင်ဖြစ်ကြောင်း သိပေလိမ့်မည်။
"ခေါင်းဆောင် ဟိုမိန်းမ ထွက်ပြေးသွားပြီ။ ကျုပ်တို့ သခင်ကြွယ်ကို ဘယ်လိုရှင်းပြကြမလဲ"
လူသားမျိုးနွယ်တစ်ယောက်က နတ်ဆိုးဆင်ရှန်းရွယ်ကို မေးလိုက်ခြင်းဖြစ်သည်။ ရှန်းရွယ်က မြေပြင်ကို နှာမောင်းဖြင့် တရှုံ့ရှုံ့အနံ့ခံကာ အမိန့်ပေးလိုက်သည်။
"သူမနဲ့အတူ ယောက်ျားတစ်ယောက် ရှိနေတယ်။ ထွက်ပေါက်လက်မှတ်က တစ်စောင်ကို မိစ္ဆာရွှေငါးသောင်းတန်တယ်။ သူတို့မှာ ပိုက်ဆံမရှိတဲ့အတွက် အပြင်ကိုထွက်နိုင်မှာ မဟုတ်သလို အတွင်းမြို့ကိုလည်း ဝင်နိုင်မှာမဟုတ်ဘူး။ သူတို့က အပြင်မြို့ထဲမှာ အချိန်အကြာကြီး ပုန်းအောင်းနေနိုင်မယ်လို့ မထင်ဘူး၊ ဆက်ရှာကြစမ်း"
ထို့နောက် သူ၏ဝိညာဥ်အသိစိတ်က ပုံရိပ်တစ်ခုကို ဖန်တီးလိုက်သောအခါ ၎င်းက ယဲ့ချန်နှင့် အတိအကျတူညီနေကာ မည်သို့သောကျင့်စဥ်ကို အသုံးပြုလိုက်ကြောင်း မသိရပေ။ သို့သော် သူက နှာမောင်းဖြင့် ယဲ့ချန်ကျန်ရစ်ခဲ့သော ချီစွမ်းအင်အကြွင်းအကျန်ကို အာရုံခံလိုက်ရုံဖြင့် ရုပ်သွင်ကို ခန့်မှန်းနိုင်ခဲ့သည်။
"ဒါက သူမနဲ့အတူရှိနေတဲ့ ကောင်ပဲ။ နှစ်ယောက်လုံးကို လိုက်ရှာကြစမ်း။ မင်းက သခင်ကြွယ်ရဲ့လက်ထဲကနေ သူမကို ခေါ်သွားချင်တာလား။ အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်"
ရှန်းရွယ်က ယဲ့ချန်၏ပုံရိပ်ကို စိုက်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်ပြီး နောက်လိုက်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။
မြို့စွန်တစ်နေရာတွင် ပတ်ဝန်းကျင်က အလွန်ညစ်ပတ်နေပြီး မြက်ပင်များထူထပ်နေကာ အပုပ်နံ့များ လေထဲတွင် ပျံ့နှံ့နေသည်။ ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သော်လည်း ကျိရန်ရွယ်ကမူ နေသားကျနေဟန်ဖြင့် ပတ်ဝန်းကျင်ကို ဂရုမစိုက်ခဲ့ပေ။
"နင်က မရဏကြယ်ကို အခုမှရောက်ဖူးတာလား"
ကျိရန်ရွယ်က ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်ကာ အမူအရာကို သတိထားမိသဖြင့် မေးလိုက်ခြင်းဖြစ်သည်။ သူမက အချိန်တိုင်း သတိကပ်နေပြီး သူ့ကို အလစ်မပေးရဲသဖြင့် စောင့်ကြည့်နေခဲ့သည်။
"ဟုတ်တယ်"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ သားရေစကပ်နှင့်လှပနေသော ကျိရန်ရွယ်က ညနတ်သမီးတစ်ယောက်ပမာ ထင်မှတ်ရသည်။ ထို့အပြင် သူမ လမ်းလျှောက်လိုက်တိုင်း ခြေသံ လုံးဝမကြားရကြောင်း တွေ့ရှိခဲ့သဖြင့် အတော်ဆုံးလုပ်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်။
"နင်က ဘယ်နေရာကလဲ"
ကျိရန်ရွယ်က စပ်စုလိုက်သော်လည်း ယဲ့ချန်က ပြောရန်သင့်မသင့် တုံ့ဆိုင်းနေသောကြောင့် ခေါင်းယမ်းလိုက်သည်။
"ထားပါ၊ နင်မပြောချင်ရင်လည်း ပြောမနေပါနဲ့။ ငါက လိုက်ဖမ်းခံနေရတဲ့ သူတစ်ယောက်နော်။ ပြဿနာဖြစ်မှာကို မကြောက်ဘူးလား။ ငါ့ကိုလိုက်ဖမ်းနေတဲ့သူတွေထဲမှာ နတ်ဆိုးဆင်မျိုးနွယ်ဝင်တစ်ယောက် ပါနေတယ်။ သူက နင့်ရဲ့ရုပ်သွင်ကို အခုအချိန်မှာ သိသွားလောက်ပြီဆိုတော့ နင်လည်း ပစ်မှတ်ဖြစ်နေပြီ"
ကျိရန်ရွယ်၏စကားကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူမက သူ့ကို လိမ်ရန် အကြောင်းမရှိသောကြောင့် နတ်ဆိုးဆင်မျိုးနွယ်၏စွမ်းရည်အရ သူ၏မျက်နှာ ထွက်ပေါ်သွားပြီး ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ရသည်။
"ငါ အခုထွက်သွားလိုက်ရင် နင် ပြဿနာတက်သွားနိုင်တယ်နော်"
ကျိရန်ရွယ်၏ မျက်ဝန်းအတွင်း၌ ကောက်ကျစ်သော အရိပ်အယောင်တချို့ ထင်ဟပ်သွားခဲ့သည်။ ရန်သူများ၏ပစ်မှတ်က ယဲ့ချန်ဖြစ်သွားလျှင် သူမအတွက် ထွက်ပြေးနိုင်မည့် အခွင့်အလမ်း ပိုတိုးလာနိုင်ချေရှိသည်။
"နင်ထွက်သွားချင်ရင်လည်း ငါက မတားပါဘူး။ ဒါပေမယ့် ငါ့ဝိညာဥ်အသိစိတ်က နင့်ကို မှတ်သားထားလိုက်ပြီ။ နင်ဘယ်လောက်ဝေးဝေး နင်ရှိတဲ့နေရာကို အာရုံခံနိုင်တယ်။ ငါသာ ဖမ်းခံလိုက်ရပြီဆိုရင် ကိုယ့်အသက်ကိုကယ်ဖို့အတွက် နင့်ကို ဖော်ထုတ်လိုက်ရမှာပဲ"
ယဲ့ချန်က လှောင်ပြုံးကလေးနှင့် ပြန်လည်ခြိမ်းခြောက်လိုက်သည်။
"နင်က ငါ့ထက်တောင် ပိုပြီးကောက်ကျစ်သေးတယ်"
ကျိရန်ရွယ်က သူ့ကို မျက်စောင်းထိုးလိုက်သည်။
"နင်နဲ့ ငါ့ကြားမှာ ဘာပြဿနာမှမရှိဘဲ ရန်မဖြစ်ချင်ဘူး။ ငါတို့အပေးအယူတစ်ခု လုပ်ကြမလား။ ပြီးရင် ကိုယ့်လမ်းကို ဆက်လျှောက်ကြတာပေါ့"
ယဲ့ချန်က ကမ်းလှမ်းလိုက်သည်။
"ဘာလဲ"
ကျိရန်ရွယ်က မျက်ခုံးပင့်၍ တစ်ချက်ကြည့်လိုက်သည်။ သူမ၏စိတ်ထဲတွင် ယဲ့ချန်က စိတ်ဝင်စားစရာလူတစ်ယောက်ဖြစ်ကြောင်း ခံစားနေရသည်။
"ငါက နင်ထွက်ပြေးနိုင်ဖို့ ကူညီပေးမယ်။ နင်က ငါ့ကို မရဏကြယ်အကြောင်း သိထားသမျှ ပြောပြရမယ်"
"ဒီလောက်ရိုးရှင်းတာလား"
ကျိရန်ရွယ်သည် အပေးအယူက ခက်ခဲမည်ဟု ထင်ထားသော်လည်း ယဲ့ချန်၏တောင်းဆိုချက်က ရိုးရှင်းလွန်းနေသည်။
"ငါက နင်သိထားသမျှ အကုန်သိချင်တယ်"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။
"ငါထွက်ပြေးနိုင်ဖို့ ဘယ်လိုကူညီရမယ်ဆိုတာကို နင် တွေးထားလို့လား"
ကျိရန်ရွယ်က ဆံပင်ကို တစ်ချက်သပ်လိုက်ပြီး ဤအပေးအယူက သူမအတွက် အရှုံးမရှိကြောင်း တွေးနေခဲ့သည်။
"ငါက သူတို့ကို မျှားခေါ်သွားပြီး နင်ထွက်ပြေးနိုင်ဖို့ အချိန်ဆွဲပေးမယ်ဆိုရင် အဆင်ပြေလား"
ယဲ့ချန်က ခဏတာစဥ်းစားပြီး အဖြေပေးလိုက်သည်။ သူက မရဏကြယ်က မည်သို့သောနေရာဖြစ်ကာ ကောင်းကင်မူလကြယ်နှင့် ဆက်သွယ်ထားသော လမ်းကြောင်းရှိနေသည့် အကြောင်းအရင်း၊ နတ်ဆိုးများ စုဝေးနေရသည့် အကြောင်းအရင်းစသည်တို့ကို ကျိရန်ရွယ်မှတဆင့် အဖြေရှာချင်ခဲ့သည်။ သူမအတွက် ဤအချက်အလက်များက အရေးမပါနိုင်သော်လည်း သူ့အတွက် အလွန်ရေးကြီးနေသည်။ သူမက အရိပ်မျိုးနွယ်ဝင်တစ်ယောက် ဖြစ်သောကြောင့် သာမန်ကျင့်ကြံသူများထက် ပို၍သိထားနိုင်သည်။
"ငါက ဒီလောက်လွယ်လွယ်နဲ့ ထွက်ပြေးလို့ရရင် အစောထဲက လွတ်သွားပြီပေါ့ဟယ်"
သို့သော် ကျိရန်ရွယ်က ခါးသက်သက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။
"ကြည့်ရတာ နင်က မှော်မြို့တော်အကြောင်း ဘာမှမသိဘူး ထင်ပါတယ်။ ဒီမြို့မှာ နတ်ဆိုးကျင့်ကြံသူတွေ မရေမတွက်နိုင်အောင်ရှိပြီး အတွင်းမြို့နဲ့ အပြင်မြို့ဆိုပြီး ပိုင်းခြားထားတယ်။ မြို့ထဲက ထွက်ချင်တယ်ဆိုရင် စျေးအရမ်းကြီးတဲ့ လက်မှတ်တစ်စောင်လိုအပ်ပြီး ငါ့မှာ ပိုက်ဆံမရှိဘူး။ မြို့ထဲကထွက်သွားရင်လည်း မလုံခြုံဘူး။ မြို့ပြင်မှာ နတ်ဆိုးပေါင်းစုံရှိနေပြီး မြို့နဲ့ဝေးလေလေ ပိုပြီးအစွမ်းထက်လေလေဖြစ်တဲ့အပြင် နတ်အစေခံတွေလည်း မနည်းမနောရှိတယ်။ ဒါကြောင့် မြို့ထဲကထွက်ပြီးရင်လည်း ပြန်ပြေးလာရဦးမှာပဲ"
ယဲ့ချန် စိတ်ရှုပ်သွားပုံရသောကြောင့် သူမက တစ်ချက်ပြုံး၍ ရှင်းပြလိုက်၏။
"ဒါဆိုရင် ထွက်ပြေးဖို့ နည်းလမ်းမရှိဘူးလား"
အခြေအနေကဤမျှချောင်ပိတ်နေမည်ဟုယဲ့ချန်ကထင်မထားခဲ့ပေ။
"ငါ့ကိုလိုက်ဖမ်းနေတဲ့ လူငါးယောက်ကို အတွင်းမြို့တော်ရဲ့ မင်းမျိုးနွယ်တစ်ယောက်က အမိန့်ပေးထားတာပဲ။ သူက အဆင့်တစ်ဆယ် စစ်ဧကရာဇ်တစ်ယောက်ဖြစ်ပြီး ရာချီတဲ့ စစ်ဧကရာဇ်အဆင့်နောက်လိုက်တွေ ပိုင်ဆိုင်ထားတယ်။ ငါက မှော်မြို့တော်မှာရှိနေသရွေ့ အနှေးနဲ့အမြန် ဖမ်းဆီးခံရလိမ့်မယ်"
ကျိရန်ရွယ်က သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဒါဆိုရင် ဘာဆက်လုပ်ဖို့ စီစဥ်ထားလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ မေးလိုက်ခြင်းဖြစ်သည်။
"ငါတို့က ပုန်းနေရလိမ့်မယ်။ ပုန်းလို့မရတဲ့နေ့ ရောက်လာပြီဆိုရင်တော့ သူသေကိုယ်သေ တိုက်ခိုက်ရုံပဲပေါ့"
ကျိရန်ရွယ်က ခါးသက်သော အမူအရာဖြင့် ပခုံးတွန့်ပြလိုက်၏။
"နင်က သူ့ကို ဘယ်လိုစော်ကားခဲ့လို့လဲ"
ယဲ့ချန်က အကြောင်းအရင်းကို စုံစမ်းလိုက်လေသည်။