စကြဝဠာ၏ ပြည်ထောင်များ
Vol. 50 Ch. 692
"မရဏကြယ်ပေါ်မှာ မြို့ခုနစ်မြို့ရှိပြီး နတ်ဆိုးကျင့်ကြံသူပေါင်း ဘီလီယံချီနဲ့ မျိုးနွယ်ပေါင်းသောင်းချီ နေထိုင်ကြတယ်။ ကြယ်သခင်တစ်ယောက်နဲ့ နတ်အစေခံတွေ ရာချီရှိပြီး အစွမ်းထက်ကြယ်တစ်ခု ဖြစ်တယ်။ ငါတို့အရိပ်မျိုးနွယ်နေထိုင်တဲ့ ကြယ်ကိုတော့ မိုးကြိုးကြယ်လို့ခေါ်ပြီး ကောင်းကင်နတ်ဆိုးတွေ သိမ်းပိုက်တာ ခံလိုက်ရတယ်။ ငါက ကောင်းကင်နတ်ဆိုးတစ်ကောင်ရဲ့ အကျဥ်းသားဖြစ်ပြီး သူတို့က ငါ့မျိုးနွယ်ဝင်တွေရဲ့ကိုယ်ထဲမှာ နတ်ဆိုးမျိုးစေ့တွေ စိုက်ပျိုးခဲ့ကြတယ်။ သူတို့အားလုံးကို ကောင်းကင်နတ်ဆိုးတွေက ထိန်းချုပ်လိုက်ပြီး ငါတစ်ယောက်တည်းကသာ နတ်ဆိုးမျိုးစေ့ကို ပြန်လည်ဝါးမျိုပြီး လွတ်မြောက်နိုင်ခဲ့တယ်"
"နင်က နတ်ဆိုးမျိုးစေ့ကို ဝါးမျိုနိုင်တာလား"
ကျိရန်ရွယ်၏စကားကြောင့် ယဲ့ချန်က အလွန်အံ့သြသွားသည်။ နတ်ဆိုးမျိုးစေ့ကို ဝါးမျိုနိုင်သူမှာ လူနည်းစုဖြစ်သောကြောင့် သူမ ရှင်သန်ရသည့် အကြောင်းအရင်းက ထူးဆန်းနေသည်။ သူမကိုယ်တိုင်လည်း အခြားမျိုးနွယ်ဝင်များကဲ့သို့ နတ်ဆိုးမျိုးစေ့၏ ထိန်းချုပ်မှု မခံရသည့် အကြောင်းအရင်းကို မသိချေ။
"ဒါဆိုရင် မရဏကြယ်ကိုရော ကောင်းကင်နတ်ဆိုးတွေ အုပ်ချုပ်တာလား"
"မဟုတ်ဘူး။ မရဏကြယ်ကိုအုပ်ချုပ်တဲ့ မျိုးနွယ်က သွေးနတ်ဆိုးမျိုးနွယ်လို့ခေါ်ပြီး ကောင်းကင်နတ်ဆိုးမျိုးနွယ်လိုမျိုး အဆင့်နှစ်မျိုးနွယ်တစ်ခု ဖြစ်တယ်။ သွေးနတ်ဆိုးအရေအတွက်က အလွန်နည်းပါးပြီး စကြဝဠာတစ်ခုလုံးမှာ ထောင်ချီသာရှိပေမယ့် သက်တမ်းအလွန်ရှည်ပြီး ကြယ်ပေါင်းသိန်းချီကို ထိန်းချုပ်ထားတယ်။ သူတို့လက်အောက်မှာ မရေမတွက်နိုင်တဲ့ နတ်ဆိုးကျင့်ကြံသူတွေရှိပြီး မရဏကြယ်ပေါ်မှာဆိုရင် ကောင်းကင်နတ်ဆိုးတွေလည်း မယှဥ်နိုဂ်ဘူး။ ဒါပေမယ့် မျိုးနွယ်နှစ်ခုက သဘောတူညီချက်လုပ်ထားပြီး ကြယ်ရဲ့ဒေသတစ်ခုကို ငှားရမ်းထားတဲ့အတွက် ကောင်းကင်နတ်ဆိုးတွေမှာလည်း အတော်အသင့် အာဏာရှိတယ်"
ယဲ့ချန်၏အမေးကို ကျိရန်ရွယ်က အသေးစိတ်ဖြေလိုက်သည်။ မရဏကြယ်သခင်က သွေးနတ်ဆိုးမျိုးနွယ်ဝင် တစ်ယောက်ဖြစ်သည်ဟူသော သတင်းအချက်အလက်က သူ့အတွက် အရေးကြီးနေသည်။
"မရဏကြယ်က သွေးပြည်ထောင်ရဲ့နယ်စပ်မှာရှိပြီး သွေးပြည်ထောင်က ကြယ်အဖွဲ့အစည်းတစ်ခုကို အုပ်ချုပ်တယ်။ နယ်စပ်ကိုကျော်လွန်သွားရင် ထာဝရပြည်ထောင်လို့ခေါ်တဲ့ အစွမ်းထက်အင်အားစုတစ်ခု တည်ရှိပြီး အဆင့်တစ်မျိုးနွယ် ရှင်းဟွမ်တွေ အုပ်ချုပ်ကြတယ်။ ထာဝရပြည်ထောင်ရဲ့ပိုင်နက်က အဆုံးအစမရှိ ကျယ်ဝန်းပြီး သွေးပြည်ထောင်ထက် အများကြီးကြီးမားလို့ အကျယ်အဝန်းအတိအကျကို မသိနိုင်ဘူး"
ကျိရန်ရွယ်သည် ထွက်ပြေးသော်လည်း မလွတ်မြောက်နိုင်ဟု နားလည်ထားသဖြင့် ယဲ့ချန်ကို သူမသိထားသမျှ အိတ်သွန်ဖာမှောက် ပြောပြနေသည်။ ကောင်းကင်မူလကြယ်သည် ထာဝရပြည်ထောင်၏နယ်စပ်မှ ကြယ်တစ်လုံးဖြစ်နိုင်ပြီး သူက နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခြင်း ဖြစ်နိုင်သည်။ ဤစကြဝဠာကြီးက အဆုံးအစမရှိဟု ယဲ့ချန်က ခံစားနေရပြီး သူနေထိုင်သော ကြယ်က မရေမတွက်နိုင်သော ကြယ်များအကြားမှ တစ်လုံးသာဖြစ်သည်။ သူ့အရင်ဘဝတွင် ကောင်းကင်မှ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော ကြယ်များ၏အရေအတွက်ကို တွေးကြည့်ဖူးသော်လည်း အမှန်တကယ်၌ အဖြေမရှိပေ။ စကြဝဠာအတွင်း၌ မရေမတွက်နိုင်သော ကြယ်များရှိကာ ပြည်ထောင်များက အုပ်ချုပ်ပြီး ၎င်းတို့၏ပိုင်နက်က အလွန်ကျယ်ဝန်းကြောင်းကိုလည်း သိလာရသည်။ ကောင်းကင်မူလကြယ်သည် ထာဝရပြည်ထောင်၏ အစွန်အဖျားဖြစ်နိုင်ပြီး တစ်နေ့တွင် ကောင်းကင်နတ်ဆိုးများသာ ကျူးကျော်လာလျှင် ဖုန်မှုန့်ပမာ ချက်ချင်းဖျက်ဆီးခံလိုက်ရနိုင်သည်။ ကံကောင်းသည်မှာ ၎င်းက သွေးပြည်ထောင်၏နယ်စပ်တွင် ရှိနေခြင်းဖြစ်ပြီး သွေးနတ်ဆိုးမျိုးနွယ်က ကောင်းကင်နတ်ဆိုးမျိုးနွယ်နှင့် ရန်သူမဟုတ်သော်လည်း ကြားနေသာဖြစ်ပြီး ထာဝရပြည်ထောင်နှင့် စစ်မက်ဖြစ်ပွားနေခြင်း မရှိပေ။ ကျိရန်ရွယ်ထံမှ သိခဲ့ရသော သတင်းအချက်အလက်များက တုန်လှုပ်စရာကောင်းလွန်းသောကြောင့် ယဲ့ချန်က အသက်ပြင်းပြင်းရှူလိုက်မိသည်။
"အရိပ်မျိုးနွယ်ရဲ့ အထွတ်အထိပ်အခြေအနေမှာ ကြယ်သခင်သုံးယောက်၊ နတ်အစေခံငါးရာကျော်နဲ့ စစ်ဧကရာဇ်အဆင့်တွေ မရေမတွက်နိုင်အောင် ရှိခဲ့ပေမယ့် ကောင်းကင်နတ်ဆိုးတွေကို မတွန်းလှန်နိုင်ခဲ့ဘူး"
ကျိရန်ရွယ်၏မျက်နှာတွင် ဝမ်းနည်းစိတ်များ ထင်ဟပ်လာသော်လည်း လျင်မြန်စွာဖြင့် အေးစက်စက်ဖြစ်သွားခဲ့သည်။ ပြည်ထောင်များကြားမှ စစ်ပွဲတွင် ယဲ့ချန်မဆိုထားနှင့်၊ ကောင်းကင်မူလကြယ်သည်ပင် ဖုန်မှုန့်ပမာ သေးငယ်လှသည်။ စကြဝဠာအတွင်း စိတ်ကူးမရနိုင်လောက်အောင် အင်အားကြီးသော အဖွဲ့များရှိနေကာ အရိပ်မျိုးနွယ်သည်ပင် ဖျက်ဆီးခံလိုက်ရသောကြောင့် သူက အန္တရာယ်ဟူသော ခံစားချက်ကို ပြင်းပြင်းထန်ထန် ခံစားနေရသည်။ လက်ရှိတွင် သူထမ်းထားရသော တာဝန်က မည်မျှလေးလံကြောင်း နားလည်သွားခဲ့ပြီး ကောင်းကင်မူလကြယ် ဆက်လက်ရှင်သန်ရန်အတွက် လက်ရှိအင်အားက မလုံလောက်ပေ။ ယခုအချိန်အထိ ဖျက်ဆီးမခံရသေးသည်မှာ ကံကောင်းမှုကြောင့်ဖြစ်နေပြီး ကောင်းကင်နတ်ဆိုးများအတွက် အရေးစိုက်စရာမလိုသောကြောင့် ဖြစ်ပေလိမ့်မည်။ ပြည်ထောင်များအတွက် ကြယ်လေးတစ်လုံးက ပြောပလောက်စရာမဟုတ်သဖြင့် ထည့်တွက်မည် မဟုတ်ချေ။
"ကောင်းကင်နတ်ဆိုးတွေက မရဏကြယ်ပေါ်မှာ သွေးပြည်ထောင်ရဲ့စည်းမျဥ်းကို လိုက်နာရတယ်။ သူတို့က ထာဝရပြည်ထောင်နဲ့ စစ်ဖြစ်နေတဲ့အတွက် နောက်ထပ်ရန်သူ တိုးမလာချင်ဘူး။ ဒါကြောင့် ဒီကြယ်ပေါ်မှာတော့ သူတို့က စိတ်ထင်တိုင်းသောင်းကျန်းဖို့ မဖြစ်နိုင်ဘူး။ သွေးနတ်ဆိုးမျိုးနွယ်ရဲ့ လက်အောက်မှာ မျိုးနွယ်ပေါင်းစုံက ကျင့်ကြံသူတွေရှိပြီး ဆက်ဆံရေးက ရှုပ်ထွေးတယ်။ ကောင်းကင်နတ်ဆိုးတွေရဲ့ အင်အားက ဒီနေရာမှာ နတ်အစေခံအနည်းငယ်သာရှိပေမယ့် ကျန်မျိုးနွယ်ဝင် နတ်အစေခံတွေကတော့ ရာချီတယ်"
ကျိရန်ရွယ်က မရဏကြယ်၏ လက်ရှိအခြေအနေကို ရှင်းပြလိုက်သောကြောင့် ယဲ့ချန်က ခေါင်းညိတ်ပြလိုက်၏။ ကျင့်ကြံသူများက ကြယ်သခင်၏အမိန့်ကို နာခံကြသော်လည်း ကိုယ်ပိုင်ရန်ငြှိုးများရှိပြီး အချင်းချင်းနာခံကြမည် မဟုတ်ပေ။ ထို့အပြင် နတ်ဆိုးကျင့်ကြံသူများက စိတ်ဆတ်လွယ်သောကြောင့် ပဋိပက္ခများဖြစ်ရန် အလွန်လွယ်ကူသည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်က အစွမ်းထက်သော်လည်း ဤနေရာတွင် ဧည့်သည်ဖြစ်သည့်အပြင် သူတို့ကို သဘောမကျသော မျိုးနွယ်များလည်း ရှိသောကြောင့် ကန့်သတ်ခံထားရပေလိမ့်မည်။
"ကောင်းကင်နတ်ဆိုးတွေက ဘာကြောင့် မရဏကြယ်ရဲ့ဒေသတစ်ခုကို ငှားရမ်းထားတာလဲ"
ယဲ့ချန်က ထပ်မံစုံစမ်းလိုက်သည်။ မရဏကြယ်က သွေးပြည်ထောင်၏နယ်စပ်တွင်ရှိပြီး ကောင်းကင်မူလကြယ်နှင့် ဆက်သွယ်ထားသော လမ်းကြောင်းတစ်ခုရှိနေသဖြင့် ဂရုစိုက်ရန် လိုအပ်သည်။
"ငါလည်း မသိဘူး။ ငါသိသမျှကတော့ ကောင်းကင်နတ်ဆိုးတွေက အခြားမျိုးနွယ်ဝင်တွေကို ဖမ်းဆီးပြီး အခြားနေရာတွေကို ပို့ဆောင်တတ်ကြတယ်။ တချို့ကတော့ နတ်ဆိုးမျိုးစေ့တွေ ထည့်သွင်းခံလိုက်ရပြီး ဒီမှာ နေထိုင်ရတယ်"
ကျိရန်ရွယ်က ခေါင်းယမ်းပြလိုက်သည်။ ကောင်းကင်နတ်ဆိုးများ၏ ရည်ရွယ်ချက်က မျိုးပွားရန်ဖြစ်နိုင်သောကြောင့် ယဲ့ချန်က ရင်ထိတ်သွားပြီး ဦးရေပြားပင် ကျိန်းစပ်လာခဲ့သည်။ ဤကိစ္စက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး နတ်ဆိုးမျိုးစေ့မှ ပေါက်ဖွားလာသော ကောင်းကင်နတ်ဆိုးတိုင်းက အနည်းဆုံး စစ်ဧကရာဇ်အဆင့်ဖြစ်သောကြောင့် ဤအတိုင်း ဆက်လက်ဖြစ်ပွားနေလျှင် အရေအတွက်က ကြောက်မက်ဖွယ်ကောင်းအောင် တိုးပွားလာပေလိမ့်မည်။ သို့သော် သူက အလေးအနက်စဥ်းစားလိုက်သောအခါ တစ်ခုခုလွဲချော်နေကြောင်း သတိထားမိလိုက်သည်။ အကယ်၍ ကောင်းကင်နတ်ဆိုးမျိုးနွယ်သာ မရေမတွက်နိုင်အောင် မျိုးပွားနိုင်နေလျှင် ပြည်ထောင်တိုင်း၌ သူတို့၏အရေအတွက်က သန်းရာထောင်ချီနေပေလိမ့်မည်။ ၎င်းမျိုးနွယ်၏ မျိုးပွားနှုန်းက ရှင်းဟွမ်မျိုးနွယ်ထက် ပို၍မြန်ဆန်နေလျှင် စကြဝဠာတစ်ခုလုံး သူတို့လက်အောက် ကျရောက်သွားပေလိမ့်မည်။ ထို့ကြောင့် မျှတသော စကြဝဠာ၏တာအိုအရ မည်သည့်မျိုးနွယ်မှ အဆုံးမရှိ မျိုးပွားနိုင်စွမ်းမရှိသောအခါ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ လူဦးရေကလည်း တစ်နည်းနည်းဖြင့် ထိန်းချုပ်ခံထားရနိုင်သည်။
"မရဏကြယ်ကနေ ဘယ်လိုမှထွက်ပြေးလို့ မရနိုင်ဘူးလား"
ယဲ့ချန်က တစ်လုံးချင်း မေးလိုက်ခြင်းဖြစ်သည်။
"ငါသာ ထွက်ပြေးနိုင်စွမ်းရှိရင် အစောထဲက ထွက်သွားပြီပေါ့။ ငါက ဒီကြယ်ကနေ ထွက်သွားချင်ရင် လမ်းကြောင်းတစ်ခုကနေ ထွက်ခွာရမှာဖြစ်လို့ အနည်းဆုံး မင်းမျိုးနွယ်အဆင့်အတန်းတစ်ခုနဲ့ မိစ္ဆာရွှေတစ်သိန်း လိုအပ်တယ်။ မင်းမျိုးနွယ်အဆင့်အတန်းရဖို့ မပြောနဲ့ ၊ဒီငွေပမာဏကတောင် ရှာဖို့ မဖြစ်နိုင်ဘူး"
ကျိရန်ရွယ်က စိတ်ဓာတ်ကျနေဟန်ဖြင့် ခေါင်းယမ်းပြလိုက်သည်။
"မိစ္ဆာရွှေတစ်သိန်းက ဘာမှမဟုတ်ပါဘူး။ မင်းမျိုးနွယ်အဆင့်အတန်းရဖို့ပဲ ကြိုးစားရမှာပါ"
ယဲ့ချန်က သူ၏သိုလှောင်အိတ်ကို တစ်ချက်စစ်ဆေး၍ ရေရွတ်လိုက်သည်။ သူ၏ပိုင်ဆိုင်မှုတွင် မိစ္ဆာရွှေသန်းချီနှင့် ခရမ်းရောင်ရွှေထောင်ချီ ရှိနေခဲ့သည်။ မရဏကြယ်တွင်လည်း ဤငွေကြေးစနစ်ကို အသုံးပြုမည်ဟု သူက မျှော်လင့်မထားပေ။
"နင့်မှာ တကယ်ရှိတာလား။ ဒါဆိုရင် အရမ်းချမ်းသားတာပဲ။ မိစ္ဆာရွှေတစ်သိန်းက မရဏကြယ်ပေါ်မှာဆိုရင် မင်းမျိုးနွယ်တွေတောင် ချက်ချင်းထုတ်ပေးနိုင်တဲ့ ပမာဏမျိုး မဟုတ်ဘူး။ ဆည်းဆာရွှေ၊ မိစ္ဆာရွှေ၊ ခရမ်းရောင်ရွှေနဲ့ နဂါးရွှေက သွေးပြည်ထောင်ရဲ့ ငွေကြေးစနစ်ဖြစ်ပြီး ထာဝရပြည်ထောင်မှာဆိုရင်တော့ ကြယ်သလင်းကျောက်၊ ကြယ်အမြုတေနဲ့ ကြယ်အဆီအနှစ်ကို အသုံးပြုကြတယ်"
ကျိရန်ရွယ်က အံ့သြလွန်းသဖြင့် မျက်ဝန်းလေးများ ဝိုင်းစက်သွားခဲ့သည်။ သူမ၏စကားကြောင့် ယဲ့ချန်လည်း အံ့သြသွားခဲ့ပြီး မယုံနိုင်ဖြစ်နေရသည်။ ထာဝရပြည်ထောင်၌ ကြယ်သလင်းကျောက်များကို ငွေအဖြစ် အသုံးပြုသောကြောင့် ကောင်းကင်မူလကြယ်တွင် တွေ့ရခြင်းက မထူးဆန်းသော်လည်း သွေးပြည်ထောင်၏ ငွေကြေးများရှိနေခြင်းက ထူးဆန်းနေသည်။
"ဒီငွေကို ဘယ်လိုရှာကြတာလဲ"
ယဲ့ချန်က အချက်တစ်ခုကို တွေးမိလိုက်သဖြင့် အတည်ပြုရန် ထပ်မေးလိုက်သည်။
"သွေးပြည်ထောင်က နတ်ဆိုးသားရဲလို့ခေါ်တဲ့ မျိုးနွယ်တစ်ခုကို မွေးမြူထားတယ်။ သူတို့က အရာရာတိုင်းကို ဝါးမျိုပြီး ကြီးထွားလာတဲ့နောက်မှာ သတ်ဖြတ်လိုက်ပြီဆိုရင် မိစ္ဆာရွှေလိုမျိုး ငွေကြေးတွေဟာ ခေါင်းထဲက ထွက်ပေါ်လာတယ်"
သူမ၏စကားကြောင့် ယဲ့ချန်ထင်နေသည့် အချက်က မှန်ကန်နေပြီဖြစ်သည်။ ကောင်းကင်မူလကြယ်ပေါ်ရှိ ဝိညာဥ်သားရဲများက သွေးပြည်ထောင်၏ နတ်ဆိုးသားရဲများ ဖြစ်ပေလိမ့်မည်။ ၎င်းတို့ကို ကောင်းကင်မူလကြယ်ပေါ်သို့ ခေါ်ဆောင်လာသည်မှာ ကြယ်သခင်ရှင်း သို့မဟုတ် အခြားတစ်ယောက်လားဟူသော မေးခွန်းက သူ၏စိတ်ထဲတွင် ဖြစ်ပေါ်လာသည်။ အတိတ်တွင် ရှင်းရွှမ်က သွေးပြည်ထောင်သို့ရောက်ခဲ့ပုံပေါ်ပြီး ဝိညာဥ်သားရဲများကို နတ်ဆိုးသားရဲများကို အခြေခံ၍ ဖန်တီးခဲ့ခြင်းဖြစ်နိုင်သည်။ ဆည်းဆာရွှေ၊ မိစ္ဆာရွှေ စသည်တို့၏တန်ဖိုးက မရဏကြယ်ပေါ်တွင် မည်မျှအရာရောက်မည်ကို သူက သိချင်စိတ်ဖြစ်ပေါ်လာသည်။ ၎င်းတို့က အမှန်တကယ် တန်ကြေးရှိနေလျှင် သူ့အတွက် အထောက်အပံ့ဖြစ်ပေလိမ့်မည်။
ယဲ့ချန်က မိစ္ဆာရွှေတစ်သိန်း ထုတ်ပေးနိုင်သည်ဟု ပြောလာသောအခါ ကျိရန်ရွယ်က အလွန်အံ့သြနေခဲ့သည်။ အကယ်၍ ယဲ့ချန်၏သိုလှောင်အိတ်အတွင်း မိစ္ဆာရွှေသန်းချီနှင့် ခရမ်းရွှေထောင်ချီရှိကြောင်း သိသွားလျှင် သူမ၏ခံစားချက်များ ဗြောင်းဆန်သွားပေလိမ့်မည်။