← Chapters

မိုရန်

Vol. 50 Ch. 694

မိုရန်

Vol. 50 Ch. 694

သွေးပြည်ထောင်သည် ထာဝရပြည်ထောင်လောက် မကြီးမားဘဲ ကောင်းကင်နတ်ဆိုးမျိုးနွယ်အောက် အရေအတွက်နည်းပါးသော်လည်း စကြဝဠာအတွင်း ရပ်တည်နိုင်နေသည်မှာ မရဏအလင်းမျှော်စင်၏ အခန်းကဏ္ဍလည်း ပါဝင်နေသည်။ အတွင်းမြို့တော်၏ မြို့ရိုးများပေါ်တွင် မျှော်စင်စုစုပေါင်း ရာချီရှိသောကြောင့် နတ်အစေခံပေါင်းထောင်ချီ လာရောက်တိုက်ခိုက်လျှင်ပင် ကြယ်ကျောက်အရေအတွက် လုံလောက်နေသရွေ့ တိုက်ခိုက်နိုင်ပေသည်။ ဤကြယ်က သွေးပြည်ထောင်၏ နယ်စပ်သာဖြစ်ပြီး အတွင်းပိုင်းရှိ ကြယ်များဆိုလျှင် လွန်စွာအစွမ်းထက်နိုင်သဖြင့် ယဲ့ချန်က အံ့သြနေရသည်။ အတွင်းမြို့တော်၏ဝင်ပေါက်တွင် အရပ်ငါးမီတာမြင့်သော နတ်ဆိုးများက ဆူးချွန်တပ်တင်းပုတ်ကြီးများ ကိုင်ဆောင်ကာ မတ်တပ်ရပ်နေပြီး ဝင်ရောက်လိုသူများကို စစ်ဆေးနေကြသည်။ တံခါး၏ဘေးဘယ်ညာတွင် မီတာနှစ်ဆယ်ကျော်မြင့်သော ကျောက်တုံးကြီးနှစ်ခုအထက်၌ မရဏအလင်းမျှော်စင်တစ်ခုစီ ရှိနေသည်။ သို့သော် သူက အသေအချာစစ်ဆေးလိုက်သောအခါ ၎င်းတို့က ကျောက်တုံးများအဖြစ် အသွင်ယူထားသော ကျောက်ဘီလူးမျိုးနွယ်ဝင်များဖြစ်ကြောင်း သိလိုက်ရသည်။ ခန္ဓာကိုယ်အား ရစ်ခွေထားသည့်တိုင် မီတာနှစ်ဆယ်ကျော် အမြင့်ရှိသော​ကြောင့် မတ်တပ်ရပ်လိုက်လျှင် အနိမ့်ဆုံး မီတာငါးဆယ်ကျော်ပေလိမ့်မည်။ သူတို့၏ကျောထက်တွင် မျှော်စင်များကို လက်နက်များသဖွယ် တပ်ဆင်ထားသောကြောင့် ရွေ့လျားစစ်တပ်ကြီးများနှင့် တူညီကာ အချိန်တိုင်း တိုက်ခိုက်နိုင်ပေသည်။ စစ်ပွဲစတင်ဖြစ်ပွားလျှင် သူတို့က ဧရာမစက်ယန္တရားကြီးများကဲ့သို့ ဖြတ်သန်းသွားသမျှ နေရာတိုင်းကို ဖျက်ဆီးပေလိမ့်မည်။ နတ်အစေခံတစ်ယောက်ပင် ထိုမျှော်စင်နှစ်ခုကြောင့် အပြင်းအထန် ထိခိုက်သွားနိုင်သည်။ မရဏကြယ်၏ စစ်အင်အားဖြင့် နှိုင်းယှဥ်ရလျှင် ကောင်းကင်မူလကြယ်က အားနည်းလွန်းနေသည်။

လမ်းတလျှောက်တွင် ယဲ့ချန်သည် ကျိရန်ရွယ်ထံမှတဆင့် မရဏကြယ်၏ဘာသာစကားကို သင်ကြားခဲ့ပြီး နာရီဝက်သာ အချိန်ယူခဲ့ရသည်။ သူ၏စိတ်က အလွန်ထက်မြက်နေပြီဖြစ်သောကြောင့် ကြားဖူးမြင်ဖူးသမျှကို မမေ့တော့သဖြင့် လျင်မြန်စွာ သင်ယူနိုင်စွမ်း ရှိလာခဲ့သည်။

"မင်းမျိုးနွယ်တွေက တရားဝင်အထောက်အထားရှိရင် စိတ်ကြိုက်ဝင်ထွက်နိုင်တာလား"

ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။

"မှန်တယ်။ နင့်မှာ အထောက်အထားရှိသရွေ့ လူတစ်ဒါဇင်လောက်ကိုတောင် ခေါ်သွားပေးနိုင်စွမ်း ရှိတယ်"

ကျိရန်ရွယ်က ခေါင်းညိတ်ပြသည်။

"အတွင်းမြို့တော်ကိုဝင်ဖို့ နည်းလမ်းရှာရမယ်"

ယဲ့ချန်က ပိုက်ဆံကို ချွေတာလိုသောကြောင့် နည်းလမ်းရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ သူ၏ဝိညာဥ်အသိစိတ်က အဝေးတစ်နေရာရှိ လူစုကို သတိထားမိလိုက်သဖြင့် ထောက်လှမ်းလိုက်သည်။ ကျင့်ကြံသူများစွာက အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားသော်လည်း တေလေဂျပိုးတစ်ကောင်၏ ရုပ်သွင်မျိုးရှိသူ တစ်​ယောက်အနီးတွင် စုဝေးနေကြသည်။ သူက အနီးရှိ မိန်းမလှတစ်ယောက်ကို ဆွဲဖက်ကာ ရင်ဘတ်ကို လက်ကမြင်းလျက်ရှိသည်။ ထိုကျင့်ကြံသူက တာအိုနတ်အဆင့်တစ်ဆယ် ကျင့်ကြံသူဖြစ်သောကြောင့် ယဲ့ချန်က အလွယ်တကူ စစ်ဆေးနိုင်ခဲ့သည်။

"ယောကျ်ားတစ်ယောက်အတွက် မိစ္ဆာရွှေနှစ်သောင်းနဲ့ မိန်းမတစ်ယောက်အတွက် မိစ္ဆာရွှေငါးသောင်း ပေးရမယ်"

ထိုလူက မောက်မာစွာ ပြောလိုက်ခြင်းဖြစ်သည်။

"ဒီစျေးက များလွန်းပါတယ် သခင်လေးချိုး။ ကျုပ်တို့မှာ ပိုက်ဆံအများကြီးမရှိလို့ စျေးလျှော့ပေးပါလား"

ပတ်ဝန်းကျင်ရှိ လူကြီးလူငယ်ပေါင်းစုံက ချိုးရဲကို တောင်းပန်တိုးလျှိုးနေကြသည်။

"မင်းတို့က အတွင်းမြို့တော်ကိုရောက်ရင် တစ်နှစ်အတွင်းမှာ မိစ္ဆာရွှေသုံးသောင်း အနည်းဆုံး ရှာဖွေနိုင်တယ်။ မိန်းမလှတွေဆိုရင် အနည်းဆုံး တစ်သိန်းက ပြေးမလွတ်ဘူး။ တကယ်လို့ မိန်းကလေးတွေက ငါလိုချင်တာကိုပေးမယ်ဆိုရင် ပြန်ပြီးစဥ်းစားပေးမယ်လေ"

ချိုးရဲက ကောက်ကျစ်စွာပြုံးလိုက်ပြီး အနီးရှိ မိန်းမပျိုကို ဆွဲလားရမ်းလား ပြုလုပ်နေသည်။ သူမက ရှက်ရွံ့နေသော်လည်း သူ့ကိုမလွန်ဆန်ရဲသဖြင့် နေထိုင်ရခက်ခဲနေသည်။ ဤလူစုက အတွင်းမြို့တော်သို့ ဝင်ရောက်ကာ ပိုက်ဆံရှာလိုသူများဖြစ်ပြီး မိန်းကလေးများက ခန္ဓာကိုယ်အားရောင်းချရန် ဝန်မလေးသော်လည်း ဝင်ကြေးက များလွန်းသဖြင့် ဝင်ပေါက်အပြင်၌ ပိတ်ဆို့နေခြင်းဖြစ်သည်။

"နင် မိန်းမယုတ် အတွင်းမြို့တော်ကို ဘာလို့ ဒီလောက်သွားချင်နေရတာလဲ။ ပြန်လာစမ်း"

ထိုအချိန်တွင် လူငယ်တစ်ယောက် ရောက်ရှိလာပြီး ထိုမိန်းမပျိုအား ချိုးရဲလက်အတွင်းမှ ဆွဲထုတ်လိုက်သည်။ သူမက အလန့်တကြားအော်ဟစ်၍ ရုန်းကန်လိုက်သောကြောင့် အဝတ်အစားများ ပြေလျော့သွားကာ မမြင်အပ်သည်များ ထွက်ပေါ်လာခဲ့သည်။

"မင်းက ဘယ်သူလဲ။ ဒီသခင်လေးရဲ့လူကိုများ လုယူချင်နေသေးတယ်"

ချိုးရဲက စော်ကားခံလိုက်ရသည်ဟု ခံစားရသောကြောင့် ထိုလူငယ်၏မျက်နှာကို ရိုက်ထုတ်လိုက်သည်။ သူက တာအိုနတ်အဆင့်တစ်ဆယ်ဖြစ်ကာ လူငယ်က အဆင့်တစ်ဖြစ်သောကြောင့် အင်အားချင်းကွာခြားနေသောအခါ လူငယ်၏နှုတ်ခမ်းများ ဖူးယောင်လာကာ သွေးများ ပန်းထွက်လာခဲ့သည်။

"ငါက သူ့ယောက်ျား"

လူငယ်က အေးစက်စက်ဖြေလိုက်သည်။

"ဟား ဟား ရယ်လိုက်ရတာကွာ။ သူမက အတွင်းမြို့တော်ကိုရောက်သွားရင် ဘယ်သူ့မိန်းမမှ မဟုတ်တော့ဘူး။ မင်းက ဒါလေးတောင် နားမလည်ဘူးလား။ မင်းမိန်းမက အလှလေးဆိုတော့ ဒီလိုစုတ်ပြတ်နေတဲ့ အပြင်မြို့မှာ နေထိုင်မယ့်အစား မင်းမပေးနိုင်တဲ့ ကြွယ်ဝချမ်းသာမှုမျိုးကို ရှာဖွေဖို့ အတွင်းမြို့တော်ကို သွားသင့်တယ်။ မရဏကြယ်ပေါ်မှာ ပိုက်ဆံနဲ့အာဏာရှိရင် လုပ်ချင်တာလုပ်လို့ရပြီး မင်းကိုသတ်လိုက်ရင်တောင် ဘယ်သူမှတားမှာမဟုတ်ဘူး။ ငါက မင်းကိုသတ်ဖို့အတွက် လက်ညစ်ပတ်မခံချင်ဘူး။ ငါက ပိုက်ဆံရှာဖို့ပဲ စိတ်ဝင်စားတာကို ကျေးဇူးတင်လိုက်။ ဘယ်နေ့သေမလဲဆိုတာကို စောင့်ဆိုင်းနေရမယ့် အပြင်မြို့တော်အစား သူမက အတွင်းမြို့တော်မှာ ချမ်းချမ်းသာသာနေရမှာကို ခွင့်ပြုရမယ်။ မဟုတ်ရင် သူမက မင်းနဲ့အတူ ဆင်းဆင်းရဲရဲနေရမှာလား"

ချိုးရဲက အော်ဟစ်လှောင်ပြောင်လိုက်ရင်း မိန်းမပျို၏ခန္ဓာကိုယ်ကို အသားယူလျက်ရှိသည်။

"မိုရန် ငါ့ကိုမေ့ပြီး ထွက်သွားလိုက်ပါတော့"

လင်းရှောင်ဟူသော မိန်းမပျိုက မြေပြင်တွင်လဲကျနေသည့် လူငယ်ကို ဝမ်းနည်းစွာကြည့်ကာ နှင်ထုတ်လိုက်သည်။ ထိုလူငယ်က ချိုးရဲကို မုန်းတီးစွာစိုက်ကြည့်ပြီး လက်သီးဆုပ်လိုက်မိသဖြင့် လက်ဝါးမှ သွေးများပင် စီးကျလာသည်။ ထို့နောက် သူက တိတ်ဆိတ်စွာဖြင့် မတ်တပ်ရပ်လိုက်ပြီး အဝေးသို့ လေးလံသောခြေလှမ်းများနှင့် ထွက်ခွာသွားခဲ့သည်။ ဤမြင်ကွင်းကြောင့် ယဲ့ချန်သည် မရဏကြယ်က ဥပဒေကင်းမဲ့သော နေရာတစ်ခုဖြစ်ကြောင်း နားလည်လိုက်ပြီး အာဏာနှင့် ပိုက်ဆံသာရှိလျှင် စိတ်ကြိုက်သောင်းကျန်းနိုင်ကြောင်း နားလည်လိုက်သည်။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သော နေရာမျိုးဖြစ်ကာ အားနည်းသူများက အသတ်ခံလိုက်ရလျှင်ပင် သနားခံရမည် မဟုတ်ချေ။ ထွက်ခွာသွားသော မိုရန်ကို တစ်ချက်ကြည့်၍ ယဲ့ချန်က တစ်ခုခုခံစားလိုက်ရသဖြင့် ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်၏။ သူက မိုရန်၏မျိုးနွယ်ကို မသိပေ။ မိုရန်၏မျက်လုံးများက သွေးနီရောင်ဖြစ်ကာ လက်နှစ်ဖက်က ကျားလက်ဝါးကဲ့သို့ ကြီးမားပြီး ခန္ဓာကိုယ်က ဝက်ဝံတစ်ကောင်ပမာ တုတ်ခိုင်သန်မာသည်။

"နင်က အတွင်းမြို့တော်ကိုဝင်ဖို့ ချိုးရဲကို အသုံးချမလို့လား"

ကျိရန်ရွယ်က ​မေးလိုက်ခြင်းဖြစ်သည်။ ဤနည်းမှလွဲလျှင် အခြားနည်းလမ်းမရှိကြောင်းကို ယဲ့ချန်လည်း သိပေလိမ့်မည်။ မရဏကြယ်ပေါ်တွင် မင်းမျိုးနွယ်များစွာရှိပြီး အချို့က ချိုးရဲကဲ့သို့ ချမ်းသာသော သခင်လေးများဖြစ်ကာ အပိုဝင်ငွေရှာဖွေရန်အတွက် ဤလုပ်ငန်းကို လုပ်ကိုင်တတ်ကြသည်။

"သူနဲ့အတူလိုက်သွားရင် ပိုက်ဆံသက်သာလိမ့်မယ်။ ဒါပေမယ့် အတွင်းမြို့တော်ကိုမဝင်ခင် ငါ လုပ်စရာတစ်ခု ရှိသေးတယ်။ ငါနဲ့အတူလိုက်ခဲ့"

ယဲ့ချန်က စကားအဆုံးတွင် ဆန်းကျယ်စွာပြုံးပြီး အဝေးသို့ ပျံသန်းသွားလိုက်သည်။ ကျိရန်ရွယ်က သူ၏ရည်ရွယ်ချက်ကို မသိသော်လည်း တိတ်တဆိတ် လိုက်ပါလာခဲ့သည်။ မိုရန်သည် အပြင်မြို့တော်၏လမ်းများပေါ်တွင် ဝမ်းနည်းစွာ လျှောက်လှမ်းနေခဲ့သည်။ လင်းရှောင်နှင့် သူက နတ်ဆိုးမျက်လုံးမျိုးနွယ်ဝင်များဖြစ်ကာ အတူတကွကြီးပြင်းလာကြပြီး ဆယ်စုနှစ်ချီအောင် အတူနေထိုင်ခဲ့သည်။ မိဘများ သေဆုံးသွားပြီးနောက် သူတို့တွင် အားကိုးရာမရှိသောကြောင့် မိုရန်က သူမကို ညစ်ပတ်ဆိုးရွားသော ပတ်ဝန်းကျင်မှ ကယ်တင်နိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ သို့သော်လည်း အချိန်သာကုန်သွားခဲ့ပြီး မျှော်လင့်ချက်က တဖြည်းဖြည်းဝေဝါးလာခဲ့သည်။ အတွင်းမြို့တော်သို့ဝင်ရောက်ရန် လိုအပ်သော ပိုက်ဆံက များပြားလွန်းနေကာ မင်းမျိုးနွယ်များ၏ နောက်လိုက်ဖြစ်လာရန်ကလည်း စစ်ဧကရာဇ်အဆင့်သို့ရောက်ရန် လိုအပ်သည်။ သို့သော်လည်း သူက အသက်၂၅နှစ် ရောက်လာသည့်တိုင်အောင် တာအိုနတ်အဆင့်တစ်သို့သာ ရောက်ရှိနိုင်ခဲ့သည်။ နတ်ဆိုးမျက်လုံးမျိုးနွယ်တွင် အသက်သုံးဆယ်မတိုင်ခင် စစ်ဧကရာဇ်အဆင့်သို့ မရောက်လျှင် ခန္ဓာကိုယ်က အိုမင်းလာကာ ကျင့်ကြံရန် ပိုမိုခက်ခဲလာမည့်အပြင် သက်တမ်းကလည်း နှစ်ခြောက်ဆယ်အထိ လျော့ကျသွားပေလိမ့်မည်။ စစ်ဧကရာဇ်အဆင့်သို့ရောက်မှသာ ဘဝသစ် ပြန်လည်စတင်နိုင်ပြီး သက်တမ်းနှစ်ရာချီအထိ နေထိုင်နိုင်မည်ဖြစ်သည်။

မိုရန်၏ပါရမီက ထူးချွန်သောကြောင့် ဆေးပင်အချို့၏ အထောက်အပံ့ကိုသာရလျှင် စစ်ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်သော်လည်း အပြင်မြို့တော်မှ ထွက်ခွာနိုင်ရန်အတွက် ပါရမီတစ်ခုတည်းဖြင့် မလုံလောက်ချေ။ အပြင်မြို့တော်ရှိ ဘီလီယံချီသော လူဦးရေတွင် စစ်ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်သော အရေအတွက်က အလွန်နည်းပါးသည်။ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်၌ အဖွဲ့အစည်း၏အောက်ခြေတွင် ရှင်သန်နေရသည့် ဘဝကို လင်းရှောင်က သည်းမခံနိုင်တော့ပေ။ ဤအချက်ကိုသိသောအခါ မိုရန်က နာကျင်စွာ ခံစားခဲ့ရပြီး နောက်ဆုံးတွင် လမ်းခွဲခဲ့ရသောအခါ ငယ်စဥ်မှ စတင်ရှိလာခဲ့သော အချစ်နှင့် သံ​ယောဇဥ်က ရက်စက်သော အမှန်တရားအောက်တွင် ဖျက်​ဆီးခံလိုက်ရသည်။

"မင်းတို့က ဘယ်သူတွေလဲ"

မိုရန်က တောင်ကြားတစ်ခု၏ အဝင်ဝသို့ ရောက်သောအခါ ပုံရိပ်နှစ်ခု ရုတ်တရက်ပေါ်လာသဖြင့် သတိကြီးသွားခဲ့သည်။ ထိုနှစ်ယောက်က ယဲ့ချန်နှင့် ကျိရန်ရွယ်ဖြစ်ပြီး မိုရန်၏အခြေအနေကြောင့် ယဲ့ချန်က အနည်းငယ် သနားစိတ်ဝင်သွားခဲ့သည်။ သူက မရဏကြယ်ပေါ်တွင် ကိုယ်ပိုင်အားစုတစ်ခု တည်ဆောက်လိုသောကြောင့် မိုရန်မှစတင်ရန် ရွေးချယ်လိုက်၏။ သူက ဇနီးဖြစ်သူ၏သစ္စာဖောက်ခြင်း ခံခဲ့ရသောကြောင့် နှလုံးသားအတွင်းမှ နာကျင်မှုကို ခန့်မှန်းနိုင်ရန် မလွယ်ပေ။ ယဲ့ချန်က သူ့ကို လက်စားချေရန် အခွင့်အရေးတစ်ခုပေးလိုက်လျှင် မိုရန်က သူ၏နောက်လိုက်ဖြစ်လာရန် တုံ့ဆိုင်းနေမည် မဟုတ်ချေ။

"မင်းက မိုရန်လို့ ခေါ်တယ်မလား"

ယဲ့ချန်က တည်ငြိမ်စွာ မေးလိုက်သည်။ မိုရန်၏မျက်ဝန်းအတွင်း၌ သူငယ်အိမ်များက ဘီးလုံးပမာ လည်ပတ်နေ၍ နာကျင်မှုနှင့် ဒေါသအပြင် မြင့်မြတ်မှုတစ်ခု ထင်ဟပ်နေသည်။

"ဟုတ်တယ်"

မိုရန်က ခေါင်းညိတ်လိုက်သော်လည်း ယဲ့ချန်အပေါ် သတိထားနေခဲ့သည်။ ယဲ့ချန်က စစ်ဧကရာဇ်အဆင့်ဖြစ်ကြောင်း အာရုံခံမိသဖြင့် တိုက်ခိုက်ခံရလျှင် ရှင်သန်နိုင်မည်မဟုတ်ပေ။ လင်းရှောင်က အတွင်းမြို့တော်သို့ ဝင်ရောက်သွားသောအခါ သူ၏နှလုံးသားက သေသွားသော်လည်း ဤဘဝမျိုးဖြင့် အဆုံးမသတ်လိုခဲ့ပေ။ သူက အတွင်းမြို့တော်သို့ ဝင်ရောက်ကာ လူညံ့တစ်ယောက်မဟုတ်ကြောင်း သက်သေပြလိုနေဆဲပင် ဖြစ်သည်။

"တကယ်လို့ မင်းက အစွမ်းထက်သူတစ်ယောက်ဖြစ်ချင်ရင် ငါ့နောက်လိုက် လုပ်ရမယ်"

ယဲ့ချန်၏ မျက်လုံးတွင် ဒန်တန်အတွင်းမှ ကြယ်ကိုးလုံး ထွက်ပေါ်လာကာ အဆက်မပြတ် လည်ပတ်နေခဲ့သည်။ မိုရန်က သူနှင့် အကြည့်ချင်းဆုံသွားသောအခါ ၎င်းတို့က ရုတ်တရက်တောက်ပလာပြီး သန်မာချင်လျှင် ယဲ့ချန်နောက်လိုက်ရန် ဝိညာဥ်သို့ တီးတိုးပြောဆိုနေခဲ့သည်။ သူက ယဲ့ချန်မည်သူဖြစ်ကြောင်းနှင့် မည်သည့်နောက်ခံရှိကြောင်း မသိသော်လည်း ယဲ့ချန်နောက်လိုက်၍ သေရမည်ဆိုလျှင်ပင် လက်ခံလိုစိတ်များ ဖြစ်ပေါ်လာသည်။ သူက ဘဝတလျှောက်လုံး ကျွန်ဖြစ်ရလျှင်တောင် နောင်တရမည်မဟုတ်ပေ။ သူ၏ဇနီးသည်က သစ္စာဖောက်သွားသောအခါ ဤလောကကြီးကို အင်မတန်မုန်းတီးနေပြီဖြစ်သည်။ ထို့နောက် သူက ယဲ့ချန်ရှေ့တွင် အရိုအသေပေးကာ စကားတစ်ခွန်းမှမဆိုဘဲ ယဲ့ချန်နှင့် ကျိရန်ရွယ်ကို တောင်ကြားအတွင်း ဦးဆောင်ခေါ်သွားခဲ့လေသည်။

All Chapters