မိုရန်၏စွမ်းရည်
Vol. 50 Ch. 695
ကျိရန်ရွယ်သည် ယဲ့ချန်က မိုရန်ကို နောက်လိုက်တစ်ဦးဖြစ်လာအောင် သိမ်းသွင်းနိုင်ခဲ့သောကြောင့် အံ့သြသွားသော်လည်း တစ်ဖက်လူ၏အင်အားအ ရများစွာ အထင်မကြီးခဲ့ပေ။ မိုရန်၏လမ်းပြမှုဖြင့် သူတို့က တောင်ကြားအတွင်းရှိ စုတ်ပြတ်နုံချာသော အခန်းငယ်လေးတစ်ခုထံ လမ်းကျဥ်းလေးများမှတဆင့် ရောက်ရှိလာကြသည်။ အလင်းရောင်ကောင်းစွာမရသည့်အပြင် အပုပ်နံ့များလည်း ထွက်ပေါ်နေသောကြောင့် နေထိုင်ရန် သင့်တော်သည့်နေရာ မဟုတ်ပေ။ ယဲ့ချန်သည် အခန်းငယ်ကိုကြည့်ရင်း မိုရန်၏ဇနီးသည် ထွက်ခွာသွားသော အကြောင်းအရင်းကို နားလည်လိုက်သည်။ မည်သူမှ ဆင်းရဲမှုဒဏ်ကို သည်းမခံနိုင်သော်လည်း မိုရန်၏အမှားလည်း မဟုတ်ပေ။ သူက မိုရန်နှင့်မျက်နှာချင်းဆိုင်၌ ရပ်လိုက်ပြီး ညာလက်သို့ ဒန်တန်အတွင်းမှ ဝိညာဥ်တစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။ ၎င်းက နတ်ဆိုးစွမ်းအင်များ ပါဝင်နေသောကြောင့် အနက်ရောင်မြူခိုးနှင့် တူညီနေပြီး ပြင်းပြင်းထန်ထန် လှုပ်ရှားနေသည်။ ၎င်းထံမှ သန့်စင်သော စွမ်းအင်ပမာဏကို ခံစားရသဖြင့် မျက်ခြေမပြတ်စောင့်ကြည့်နေသည့် မိုရန်ရောကျိ ရန်ရွယ်ပါ မျက်တောင်မခတ်မိတော့ပေ။ မှော်မြို့တော်တွင် ဆေးလုံးများ၊ ဆေးပင်များကဲ့သို့ ကျင့်ကြံခြင်းအရင်းအမြစ်များက ရှားပါးလွန်းသောကြောင့် ၎င်းကိုမြင်သောအခါ မိုရန်၏ရင်တွင်း၌ ဝါးမျိုချင်စိတ်များ ထိန်းချုပ်မရအောင် ထွက်ပေါ်လာခဲ့သည်။
"ဒါကို ဝါးမျိုလိုက်"
မိုရန်၏ သဘောထားကို နားလည်သော ယဲ့ချန်က တစ်ချက်ပြုံးကာ ဝိညာဥ်ကို သူ၏ကိုယ်တွင်းသို့ ပေါင်းစည်းပေးလိုက်သည်။ ၎င်းက ခန္ဓာအတွင်း ထိုးဖောက်လာသောအခါ သူက နာကျင်သွားပြီး ကြောက်မက်ဖွယ်စွမ်းအင်ပမာဏကြောင့် ပေါက်ကွဲမတတ် ခံစားနေရသည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်က သူ၏ခန္ဓာကိုယ်တွင်း ဝင်ရောက်လာပြီး နာကျင်မှုကို လျော့ပါးသွားစေရန် ကူညီ၍ ပေါင်းစည်းမှုကို အရှိန်မြှင့်လိုက်သည်။
"ဝေါင်း"
မိုရန်က ဟိန်းဟောက်၍ နာကျင်မှုကိုသည်းခံနေရင်း စွမ်းအင်များကို စုပ်ယူနေသည်။ သူက စွမ်းအင်အနည်းငယ်ကို စုပ်ယူလိုက်တိုင်း ပြင်းထန်စွာနှိပ်စက်ခံနေရသကဲ့သို့ နာကျင်ရသော်လည်း အတိတ်မှပုံရိပ်များကို တွေးမိသောအခါ မပြောပလောက်တော့ပေ။ သူက ငယ်စဥ်ထဲက ခက်ခက်ခဲခဲရှင်သန်လာရပြီး အကြိမ်ပေါင်းများစွာ အနိုင်ကျင့်ခံခဲ့ရသည့်အပြင် ဇနီးသည်၏သစ္စာဖောက်မှုကိုပါ ခံစားခဲ့ရသည်။ သူက မှော်မြို့တော်အပြင်ပိုင်းတွင် တစ်သက်လုံးနေထိုင်သွားရသော အမှိုက်တစ်စ မဖြစ်လိုပေ။ လမ်းဘေးတွင် တိရစ္ဆာန်များပမာ သတ်ဖြတ်ခံထားရသော အလောင်းများအကြောင်း တွေးမိလိုက်သောအခါ နာကျင်မှုကို အံကြိတ်ပြီး သည်းခံခဲ့သည်။ သူက ဝိညာဥ်၏စွမ်းအင်များကို ပိုမိုစုပ်ယူနိုင်ခဲ့ပြီး ကျင့်ကြံဆင့်က တရစပ်တိုးတက်လာကာ မျက်လုံးများအတွင်းမှ အနီရောင်အလင်းနှစ်ခုက အရာရာကိုလောင်ကျွမ်းလိုသော အပူချိန်မျိုးနှင့် ထွက်ပေါ်လာသည်။ မိုရန်၏ကျင့်ကြံဆင့်က တဟုန်ထိုးမြင့်တက်လာပြီး တာအိုနတ်အဆင့်ရှစ်သို့ ရောက်သောအခါတွင်မှ ရပ်တန့်သွားခဲ့သည်။
ယဲ့ချန်သည် နတ်ဆိုးစွမ်းအင်၏ ကိုးဆယ်ရာခိုင်နှုန်းကို မိုရန်၏မျက်လုံးများက စုပ်ယူသွားပြီး တစ်ဆယ်ရာခိုင်နှုန်းသာ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် ရုပ်ခန္ဓာ၏ လက်ခံနိုင်စွမ်းအရ နောက်ထပ်ဝိညာဥ်ကောင်များကို ထပ်မံပေါင်းစပ်ပေးနိုင်ချေ ရှိနေသည်။ ကျိရန်ရွယ်က မယုံကြည်နိုင်စရာမြင်ကွင်းကြောင့် မျက်ဝန်းလေးများ ဝိုင်းစက်နေသည်။ ယဲ့ချန်ဆင့်ခေါ်လိုက်သော အရာအကြောင်း သူမက မသိထားသော်လည်း ၎င်းက ကျင့်ကြံဆင့်ငယ်ခုနစ်ဆင့်ကို တစ်ဆက်တည်း တိုးတက်သွားစေသောကြောင့် ကောင်းကင်ကိုဆန့်ကျင်သော ရတနာတစ်ပါး ဖြစ်နေခဲ့သည်။ ဝိညာဥ်ကောင်ထံမှ နတ်ဆိုးစွမ်းအင်က အဆင့်တစ်မျိုးနွယ်၏ စွမ်းအင်မျိုးဖြစ်နေသော်လည်း ယဲ့ချန်ကမူ အဆင့်သုံး လူသားမျိုးနွယ်ဝင်တစ်ယောက်သာ ဖြစ်သည်။
နတ်ဆိုးဝိညာဥ်ကို စုပ်ယူပြီးနောက် မိုရန်၏ အနာဂတ်လမ်းကြောင်းက ဖြောင့်ဖြူးသွားမည်ဖြစ်ကာ ကျင့်ကြံခြင်းပါရမီ တိုးတက်လာခဲ့သည်။
"ဆရာ"
မိုရန်၏မျက်လုံးမှ အနီရောင်အလင်းက မှေးမှိန်ပျောက်ကွယ်သွားပြီးနောက် သူက ချက်ချင်းဒူးထောက်ကာ ယဲ့ချန်ကို အရိုအသေပေးလိုက်သည်။ သူက ယဲ့ချန်၏ နောက်လိုက်တစ်ယောက်ဖြစ်လာခဲ့ပြီး နတ်ဆိုးဝိညာဥ်ကြောင့် သေချာပေါက် သစ္စာရှိပေလိမ့်မည်။ သို့သော် မိုရန်က မိုရန်ဖြစ်နေဆဲပင်ဖြစ်ကာ သူ၏ခံစားချက်များနှင့် အတွေးများက ပြောင်းလဲသွားခြင်း မရှိပေ။
"မင်းရဲ့ခန္ဓာကိုယ်က နောက်ထပ်ဝိညာဥ်တွေ ပေါင်းစပ်နိုင်သေးတယ်"
ယဲ့ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဆရာ ကျေးဇူးပြုပြီး ကူညီပေးပါ"
မိုရန်က လေးလေးစားစား တောင်းဆိုလိုက်ပြီး အလွန်ဝမ်းသာနေခဲ့ကာ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ နောက်လိုက်ဖြစ်လာကြောင်း နားလည်လိုက်သည်။ တစ်ဖက်လူက စစ်ဧကရာဇ်အဆင့် ကျင့်ကြံသူသာဖြစ်သော်လည်း ကျင့်ကြံဆင့်ကို တရစပ်မြင့်တက်စေသော ရတနာမျိုးကို ဆင့်ခေါ်နိုင်သောကြောင့် သာမန်လူမဟုတ်ကြောင်း သိလိုက်ရသည်။ ထို့နောက် ယဲ့ချန်က နတ်ဆိုးဝိညာဥ်တစ်ကောင်ကို ဆင့်ခေါ်၍ သူ၏ဦးခေါင်းအတွင်း ပေါင်းစပ်ပေးလိုက်သည်။ သူက မိုရန်၏မျိုးဆက်သွေးက မည်သည့်အရာဖြစ်ကြောင်း မသိထားသော်လည်း မျက်လုံးများအတွင်း၌ စွမ်းအားတစ်ခု နက်ရှိုင်းစွာ ပုန်းကွယ်နေကြောင်း နားလည်ထားသည်။ ၎င်းကို အသက်သွင်းနိုင်လျှင် အလွန်အစွမ်းထက်လာမည် ဖြစ်သောကြောင့် မိုရန်၏မျိုးဆက်သွေး အသက်ဝင်လာစေရန် ကူညီပေးရပေလိမ့်မည်။
ယဲ့ချန်သည် နတ်ဆိုးဝိညာဥ်ငါးကောင်ကို မိုရန်၏ဦးခေါင်းအတွင်း ပေါင်းစပ်ပေးလိုက်သောအခါ နာကျင်မှုကြောင့် မျက်နှာက ရှုံ့မဲ့နေသည်။ သူ၏သူငယ်အိမ်များက ပို၍နီရဲလာကာ အပူချိန်က ပွက်ပွက်ဆူနေသော ချော်ရည်များအလား မြင့်တက်လာခဲ့သည်။ ကျိရန်သည် ကြောက်မက်ဖွယ်အရှိန်အဝါကြောင့် နောက်ဆုတ်လိုက်မိပြီး မိုရန်ထံမှ သူမကိုကြောက်လန့်စေသော ဖိအားမျိုး ထွက်ပေါ်လာကြောင်း ခံစားနေရသော်လည်း မည်သည့်အရာမှန်း မသိခဲ့ပေ။
"ဝေါင်း"
မိုရန်၏ကျင့်ကြံဆင့်က တာအိုနတ်အဆင့်တစ်ဆယ်မှတဆင့် ဘုန်းခနဲမြည်ဟီးသွားကာ စစ်ဧကရာဇ်အဆင့်တစ်အထိ ချိုးဖျက်တက်ရောက်သွားခဲ့သည်။ ထိုအချိန်တွင် ဓားပျံက အနည်းငယ်တုန်ခါသွားသောကြောင့် ယဲ့ချန်ပင် စိတ်ထဲမှ အံ့သြသွားရသည်။ မိုရန်၏မျိုးဆက်သွေးက ဓားပျံကို တုံ့ပြန်လာစေသည်အထိ အစွမ်းထက်လွန်းနေသည်။ မိုရန်သည်လည်း သူ၏ကျင့်ကြံဆင့်က စစ်ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားကြောင်း သိလိုက်ရသဖြင့် နာကျင်မှုကို သည်းခံနေသည်။ ဤအောင်မြင်မှုမျိုးကို ယဲ့ချန်က ဆောင်ကျဥ်းပေးခဲ့သောကြောင့် မည်မျှဝမ်းသာနေကြောင်း စကားဖြင့် ဖော်ပြနိုင်မည် မဟုတ်ပေ။
မိုရန်၏မျက်လုံးမှ အပြောင်းအလဲက သူကိုယ်တိုင်ကိုပင် အလွန်တရာ အံ့သြသွားစေခဲ့သည်။ သူ၏မြင်ကွင်းက ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာပြီး အချိန်ခဏအတွင်း အချင်းဝက် တစ်ကီလိုမီတာအတွင်းရှိ ရှိသမျှကို မြင်နိုင်ခဲ့သည်။ ထို့နောက် အပြင်မြို့တော်မှ သွားလာနေသော ကျင့်ကြံသူများ၊ တိုက်ပွဲများကို ကြည်ကြည်လင်လင် မြင်နိုင်ခဲ့ပြီးနောက် အတွင်းမြို့တော်မှ သေရည်သောက်နေသော ကျင့်ကြံသူများနှင့် လူမဆန်သောလုပ်ရပ်များ အပါအဝင် မှော်မြို့တော်တစ်ခွင် မြင်နိုင်စွမ်း ရှိလာသည်။ ထိုအခိုက်တွင် သူ၏စိတ်အခြေအနေက ပြောင်းလဲသွားပြီး အတိတ်မှအမုန်းတရားများက အရက်မူးအိပ်မက်တစ်ခုပမာ ပျောက်ကွယ်သွားခဲ့သည်။ သူက မှော်မြို့တော်၏ အခြေအနေအလုံးစုံကို နားလည်သွားပြီး လင်းရှောင်ကို ရန်လိုစိတ်များ လျော့ပါးလာသည်။ ထိုအစား သူက သူမ၏ရွေးချယ်မှု မှားယွင်းသွားသောကြောင့် ကရုဏာစိတ်တစ်ခုပင် ဖြစ်ပေါ်လာသည်။ သူ၏မျက်လုံးက မရဏကြယ်တစ်ခုလုံးကို မြင်နိုင်သည်အထိ အစွမ်းထက်လာခဲ့ပြီး ကျယ်ဝန်းလှသော စကြဝဠာအထိပါ ရောက်ရှိသွားခဲ့သည်။ ၎င်းက မည်သည့်စွမ်းအင်ကိုမှ အသုံးချခြင်းမရှိဘဲ မျိုးနွယ်အမွေခံ စွမ်းရည်သက်သက်သာ ဖြစ်သည်။
ထိုအချိန်၌ မရဏကြယ်သခင်နှင့် နတ်အစေခံများက တစ်ယောက်ယောက်မှ စောင့်ကြည့်လာကြောင်း ခံစားလိုက်ရသဖြင့် ထိတ်လန့်သွားကြသည်။ သူတို့က တစ်ဖက်လူ၏တည်နေရာကို စစ်ဆေးရန် ကြိုးစားလိုက်သော်လည်း ထိုခံစားချက်က ရုတ်ချည်းပျောက်ကွယ်သွားသဖြင့် မည်သူမှန်း မသိလိုက်ကြပေ။ မိုရန်က အလွန်ရိုကျိုးသောအကြည့်ဖြင့် ယဲ့ချန်ကို ကျေးဇူးတင်စကား ဆိုလာသည်။
"ကျေးဇူးတင်ပါတယ် ကျုပ်အတွက် လုပ်ပေးသမျှအတွက် ထာဝရသစ္စာရှိပါမယ်"
ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"ဆရာ ကျုပ်ရဲ့ကိုယ်ထဲက ဆန်းကျယ်တဲ့စွမ်းရည်တစ်ရပ် အသက်ဝင်လာပြီး လျှို့ဝှက်ကျင့်စဥ်တစ်ခုလည်း အမွေရခဲ့တယ်။ လက်ရှိမှာ မရဏကြယ်တစ်ခုလုံးကို မြင်နိုင်ပြီဖြစ်လို့ ဆရာ သိချင်တာမှန်သမျှ ပြောပြနိုင်ပါတယ်"
မိုရန်က သူ၏စွမ်းရည်ကို ယဲ့ချန်အားပြော ပြလိုက်သောအခါ ယဲ့ချန်က အနည်းငယ်အံ့သြသွားခဲ့သည်။ မိုရန်တွင် အလွန်အသုံးဝင်သော စွမ်းရည်မျိုး အသက်ဝင်လာမည်ဟု သူက ထင်မထားခဲ့ပေ။ ကျိရန်ရွယ်သည်လည်း ယဲ့ချန်နှင့် မိုရန်ကို တစ်လှည့်စီကြည့်လိုက်မိပြီး ဝိညာဥ်အသိစိတ်သက်သက်ဖြင့် ဤမျှအစွမ်းထက်သူကို ရှာဖွေနိုင်သော ယဲ့ချန်အပေါ် ပို၍စိတ်ဝင်စားလာခဲ့သည်။
"မိုရန် မရဏကြယ်ပေါ်မှာ နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုး အရေအတွက်နဲ့ သူတို့ဘာလုပ်နေလဲဆိုတာကို သိချင်တယ်။ အရိပ်မျိုးနွယ်ဝင်တွေ ဘယ်မှာရှိနေလဲ ဆိုတာရောပဲ"
ယဲ့ချန်က ခဏတာစဥ်းစား၍ ညွှန်ကြားလိုက်၏။
"ဟုတ်ကဲ့ ဆရာ။ နတ်အစေခံ ကောင်းကင်နတ်ဆိုးအရေအတွက်က သုံးယောက်ဖြစ်ပြီး တစ်ယောက်က မျိုးနွယ်အသီးသီးက နတ်ဆိုးကျင့်ကြံသူတွေကို သိမ်းသွင်းနေတယ်။ နောက်တစ်ယောက်က ကျွန်ပိုးကောင်တွေကို သားဖောက်နေပြီး နောက်ဆုံးတစ်ယောက်က နတ်ဆိုးမျိုးစေ့တွေကို ကျင့်ကြံသူတွေရဲ့ကိုယ်ထဲ ပေါင်းစပ်နေတယ်။ အရိပ်မျိုးနွယ်ဝင်တွေကတော့ အတွင်းမြို့တော်မှာ ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ စီးပွားရေးကို တာဝန်ယူလုပ်ကိုင်ပေးနေကြတယ်"
မိုရန်က ရိုသေစွာခေါင်းညိတ်၍ မျက်လုံးများက အနီရောင်တောက်ပလာကာ ခဏအကြာတွင် အဖြေပေးလာခဲ့သည်။
"စီးပွားရေး ဟုတ်လား သူတို့က ဘာတွေရောင်းနေကြတာလဲ"
ယဲ့ချန်က ထပ်မံစုံစမ်းလိုက်သည်။
"သူတို့က ဆေးလုံးတွေ၊ လက်နက်တွေ၊ ကျွန်တွေနဲ့ ကြယ်သလင်းကျောက်၊ ကြယ်အမြုတေ၊ ကြယ်အဆီအနှစ်တွေ အများအပြား ရောင်းချနေကြတယ်"
ကြယ်သလင်းကျောက်စသည်တို့က သွေးပြည်ထောင်လိုအပ်သော အရင်းအမြစ်များ ဖြစ်သောကြောင့် ကောင်းကင်နတ်ဆိုးများနှင့် ဆက်ဆံနေရသည့် အကြောင်းအရင်းကို ယဲ့ချန်က နားလည်လိုက်သည်။ အရိပ်မျိုးနွယ်ကိုကယ်တင်ရန် မလွယ်ကူသော်လည်း တစ်ကြိမ်တွင် တစ်လှမ်းတိုးခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ သူက မိုရန်ထံမှ အတွင်းမြို့တော်အကြောင်းကို အလုံးစုံ စုံစမ်းကာ အခွင့်အရေးတစ်ရပ်အဖြစ် ဖန်တီးချင်ခဲ့သည်။ သူက ကောင်းကင်မူလကြယ်တွင်သာ ပိတ်မိနေပါက ကျယ်ဝန်းလှသော စကြဝဠာအကြောင်း သိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူသာ မရဏကြယ်တွင် အင်အားစုတစ်ခုတည်ဆောက်နိုင်လျှင် ကောင်းကင်မူလကြယ်ကိုပါ ကူညီပေးနိုင်ပေလိမ့်မည်။
"မိုရန် ဒီမိစ္ဆာရွှေနှစ်သိန်းကိုယူပြီး အပြင်မြို့တော်မှာ စီးပွားရေး လုပ်စေချင်တယ်။ ပိုက်ဆံများများရှာပြီး နောက်လိုက်တွေ စုဆောင်းပါ"
ယဲ့ချန်က လေးလေးနက်နက်မှာကြား၍ ပိုက်ဆံထုတ်ပေးလိုက်သည်။ မိုရန်၏ လက်ရှိခွန်အားအရ အပြင်မြို့တော်မှ ကျင့်ကြံသူများက အန္တရာယ်မပေးနိုင်ချေ။ အတွင်းမြို့တော်မှ ကျင့်ကြံသူများကို စိုးရိမ်ရသော်လည်း နတ်ဆိုးမျက်လုံးမျိုးနွယ်၏စွမ်းရည်ဖြင့် အန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်ပေလိမ့်မည်။
"ကျုပ် ဘယ်လိုပိုက်ဆံရှာရမှာလဲ"
မိုရန်က မျက်မှောင်ကြုတ်၍ မေးလိုက်ခြင်းဖြစ်သည်။ သူက အပြင်မြို့တော်တွင် ငယ်စဥ်ထဲက နေထိုင်လာခဲ့သောကြောင့် မည်မျှပိုက်ဆံရှာရ ခက်ခဲကြောင်း သိထားလေသည်။