အတွင်းမြို့တော်၏ အခြေအနေ
Vol. 50 Ch. 697
တံခါးစောင့်နှစ်ယောက်နှင့် ကျောက်ဘီလူးနှစ်ကောင်ရှေ့မှ ဖြတ်သန်းကာ ယဲ့ချန်တို့အဖွဲ့က အတွင်းမြို့သို့ ဝင်ရောက်လာကြသည်။ သူက မိုရန်ထံမှ သတင်းအချက်အလက်များ ကြိုရထားသော်လည်း ကိုယ်တိုင်မြင်ရခြင်းနှင့် ကွဲပြားနေပြီး မျက်စိရှေ့မှမြင်ကွင်းက အလွန်အမင်း အံ့သြသွားစေခဲ့သည်။ အဖိုးတန်အဆောင်အယောင်များ၏ ခမ်းနားမှုက ဖော်ပြမရလောက်အောင် မြင့်မားပြီး အပြင်မြို့နှင့် တစ်ကမ္ဘာစီဖြစ်နေခဲ့သည်။ ကျယ်ဝန်းသန့်ရှင်းသော လမ်းမကြီးများကို ရွှေဖြင့်ခင်းကျင်းထားပြီး တစ်ယောက်ယောက်က ခြေလှမ်းချလိုက်လျှင် ရေပြင်၌ လမ်းလျှောက်နေသဖြင့် ရွှေရောင်အလင်းများ လှိုင်းကြက်ခွပ်ထသွားခဲ့သည်။ ဤအဖြစ်က အတွင်းမြို့တော်သို့ ပထမဆုံးအကြိမ်ရောက်ဖူးသည့် လင်းရှောင်နှင့် အခြားလူများကို အလွန်အံ့အားသင့်စေခဲ့သည်။
လမ်းမပေါ်တွင် လူများ ပြွတ်သိပ်နေခြင်းမရှိသော်လည်း ခြောက်ကပ်နေခြင်းတော့ မဟုတ်ပေ။ ကောင်းမွန်စွာဝတ်ဆင်ထားသည့် မင်းမျိုးနွယ်များက ခရမ်းရောင်ရွှေလက်ဝတ်ရတနာများကို ဝတ်ဆင်ထားကာ ခေါင်းမော့ရင်ကော့၍ မောက်မာစွာသွားလာနေကြပြီး လောကတွင် အာဏာအရှိဆုံးပုဂ္ဂိုလ်များကဲ့သို့ ပြုမူနေကြသည်။ သူတို့၏နောက်တွင် လျှပ်ပေါ်လော်လှီသော အဝတ်အစားများဝတ်ဆင်ထားသည့် မျိုးနွယ်အသီးသီးမှ မိန်းမလှများ အုပ်စုလိုက်ရှိနေကာ အများစုက ဆွဲဆောင်အားပြင်းပြီး အပြင်မြို့မှ အတွင်းမြို့သို့ဝင်ရောက်ရန် အလှတရားကို အားကိုးခဲ့ရပုံပေါ်သည်။ အတွင်းမြို့၏ဧရိယာက အပြင်မြို့၏တစ်ရာခိုင်နှုန်းသာဖြစ်၍ လူဦးရေးက တစ်ထောင်ပုံတစ်ပုံသာဖြစ်သော်လည်း ၉၉ရာခိုင်နှုန်းသော ကြွယ်ဝမှုများနှင့် ၉၀ ရာခိုင်နှုန်းသော အလှတရားများက ဤနေရာတွင် စုဝေးနေကြသည်။ မင်းမျိုးနွယ်များအတွက် သုခဘုံဖြစ်သော ဤနေရာ၌ ပိုက်ဆံနှင့်အာဏာရှိလျှင် လိုအပ်သမျှ ရနိုင်ပေသည်။
လမ်းဘေးဝဲယာတလျှောက်တွင် ဆောင်ကြာမြိုင်များ ပြည့်နှက်နေပြီး မိန်းမပျိုများက ချိုသာစွာပြုံး၍ ဧည့်သည်ရရေးအတွက် ကြိုးပမ်းနေကြသည်။ ဤမြင်ကွင်းကြောင့် လင်းရှောင်၏စိတ်ထဲတွင် ကြောက်စိတ်နှင့် စိုးရိမ်စိတ် ဖြစ်ပေါ်လာခဲ့သည်။ အတွင်းမြို့တော်သို့ရောက်လျှင် သူမ၏အလှကြောင့် ဤသို့နိမ့်ကျသော အလုပ်မျိုး လုပ်စရာမလိုဟု ထင်ထားပြီး မင်းမျိုးနွယ်တစ်ယောက်ကို အပိုင်ဖမ်းကာ ချမ်းချမ်းသာသာနေရမည်ဟု အပိုင်တွက်ထားခဲ့သည်။ သို့သော် ဆောင်ကြာမြိုင်များတွင် မိန်းမလှများစွာရှိနေပြီး အချို့က သူမထက် ပို၍လှပနေသောအခါ ယုံကြည်မှုများ ပျောက်ကွယ်သွားကာ စိတ်ဓာတ်ကျစပြုလာခဲ့သည်။ ယဲ့ချန်နှင့် ကျိရန်ရွယ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ထွက်ခွာမှုက မိုရန်အတွက် ကောင်းကျိုးဖြစ်စေခဲ့ကြောင်း နားလည်လိုက်၏။ နှစ်အနည်းငယ်ကြာလျှင် သူမက ပြည့်တန်ဆာတစ်ယောက်ဖြစ်လာပြီး အသက်ကြီးသွားလျှင် စွန့်ပစ်ခံရပေလိမ့်မည်။ ကျန်တစ်ဖက်တွင် မိုရန်က လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီး အထွတ်အထိပ်ကျင့်ကြံသူတစ်ယောက် ဖြစ်မလာလျှင်ပင် လင်းရှောင်မော့ကြည့်ရမည့် သူ သေချာပေါက်ဖြစ်ပေလိမ့်မည်။
အတွင်းမြို့တော်၏ အလယ်ပိုင်းသို့ မျှော်ကြည့်လိုက်လျှင် အတန်းလိုက်တည်ဆောက်ထားသော နန်းတော်ကြီးများကို ခမ်းနားစွာ မြင်တွေ့နိုင်သည်။ အမြင့်ဆုံးနန်းတော်က မီတာထောင်ချီမြင့်ကာ တစ်မြို့လုံးကို အထက်စီးမှမြင်နိုင်သော စင်မြင့်ကြီးတစ်ခု ပိုင်ဆိုင်ထားသည်။ ၎င်း၏ပတ်လည်တွင် သွေးတိမ်တိုက်များစုဝေးနေကာ ဝဲကြီးသဖွယ် လှည့်ပတ်နေကြသည်။ မရဏကြယ်ပေါ်တွင် နတ်အစေခံရာချီရှိပြီး မှော်မြို့တော်၌ ၁၆ယောက်ရှိကာ အတွင်းမြို့၌ နန်းတော်ကိုယ်စီ ပိုင်ဆိုင်ထားကြသည်။
"အမြင့်ဆုံးနန်းတော်မှာ ကြယ်သခင်သွေးနတ်ဆိုး နေထိုင်တယ်"
ကျိရန်ရွယ်က ယဲ့ချန်ကို ဝိညာဥ်ဖြင့် ဆက်သွယ်လိုက်ခြင်းဖြစ်သည်။ မှော်မြို့တော်က မရဏကြယ်တစ်ခုလုံး၏ အလယ်ဗဟိုဖြစ်ကာ မြို့ခုနစ်မြို့ကြားတွင် အစွမ်းထက်ဆုံးဖြစ်သည်။ နန်းတော်ကြီးထက်မှ မျက်လုံးတစ်စုံက တစ်မြို့လုံးကို စောင့်ကြည့်နေကြောင်း ယဲ့ချန်က ခံစားလိုက်ရသည်။
"အတွင်းမြို့တော်ကိုရောက်ပြီဆိုတော့ မင်းရဲ့အလုပ်ကို မြန်မြန်ပြောစမ်း"
ချိုးရဲက သူ၏ပိုက်နက်အတွင်း ရောက်သောအခါ ယဲ့ချန်ကို အေးစက်စက်သတိပေးလိုက်သည်။ အကယ်၍ တစ်ဖက်လူကသာ သူ့ကိုလှည့်စားလျှင် ဆိုးဆိုးရွားရွား အဆုံးသတ်စေရမည်ဟု ကျိန်ဆိုလိုက်သည်။
"သီးသန့်ပြောလို့ရလား"
ယဲ့ချန်က လမ်းပေါ်မှလူများကို ဝေ့ကြည့်၍ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ချိုးရဲ၏မျက်နှာက သတိအနေအထားဖြစ်သွားကာ သူ့ကို မယုံသလို စိုက်ကြည့်လာသည်။
"သခင်လေးချိုး ကျုပ်တို့က တစ်ခုခုလုပ်မှာကို စိုးရိမ်နေတာလား။ ဒီနေရာက မင်းရဲ့ပိုင်နက်ဆိုတော့ တစ်ခုခုဖြစ်သွားရင် ချိုးမျိုးနွယ်ရဲ့အစွမ်းနဲ့ဆိုရင် ဘယ်လိုလွတ်မြောက်နိုင်မှာလဲ"
ယဲ့ချန်က မြှောက်ပင့်ပေးလိုက်၏။
"မင်းနားလည်ထားတယ်ဆိုရင် ကောင်းတယ်"
ချိုးရဲက ခေါင်းကိုမော့၍ မောက်မာစွာ ပြောလိုက်သည်။ အကယ်၍ ယဲ့ချန်တို့ကသာ သူ့ကိုအန္တရာယ်ပေးလျှင် ချိုးမျိုးနွယ်၏ခွန်အားအရ လက်စားချေနိုင်ပေလိမ့်မည်။ သူက မျိုးနွယ်အတွင်း၌ များစွာအရေးမပါသော်လည်း တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်သောကြောင့် အခြားလူများက သူ့ကိုထိခိုက်သည်အား ချိုးမျိုးနွယ်က လက်တုံ့မပြန်လျှင် အရှက်ရသွားပေလိမ့်မည်။
"ကျုပ်မှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာရှိတယ်။ သခင်လေးက ဒါကို ရောင်းချပေးမယ်ဆိုရင် အကျိုးအမြတ်ကို ခွဲယူကြတာပေါ့။ ဘယ်လိုသဘောရလဲ"
ယဲ့ချန်က ညာလက်ဝါးကိုဖြန့်လိုက်ပြီး နတ်ဆိုးဝိညာဥ်တစ်ကောင်ကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြလိုက်ပြီး ချက်ချင်းပြန်သိမ်းလိုက်၏။ ချိုးရဲက သန့်စင်သောစွမ်းအင်ကို အာရုံခံမိသောကြောင့် မျက်လုံးများ တောက်ပလာသည်။ ယဲ့ချန်ပြလိုက်သောအရာက နတ်ဆိုးအရှိန်အဝါပိုင်ဆိုင်သော ဆေးတစ်မျိုးဖြစ်နိုင်သည်ဟု ယူဆလိုက်သည်။ သို့သော် သူက ၎င်းကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ခင် တစ်ဖက်လူက ပြန်လည်သိမ်းဆည်းသွားခဲ့သည်။
"ဒီကောင်က သူနဲ့အတူ ဒီရတနာကို ယူလာတာလား။ သူ့ကိုဖမ်းလိုက်ရင် ဘာအကျိုးအမြတ်မှ ခွဲဝေပေးစရာမလိုဘူး။ ပြီးရင် ငါက ကျွန်နှစ်ယောက်ကိုရောင်းချပြီး အမြတ်ထွက်ဦးမယ်"
ချိုးရဲ၏မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
"သခင်လေးချိုး ကျုပ်မှာ ဒီလိုဝိညာဥ်ဆေးတွေ သောင်းချီ ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် လောလောဆယ်တော့ တစ်ခုပဲပါလာတယ်။ ဒီတစ်ခေါက်ပူးပေါင်းတာ အောင်မြင်ရင် ရေရှည်လက်တွဲကြတာပေါ့"
ချိုးရဲ၏ရည်ရွယ်ချက်ကို ယဲ့ချန်က ရိပ်မိသော်လည်း ခပ်တည်တည်ဖြင့် ဟန်ဆောင်လိုက်သည်။ သူ၏စကားကြောင့် ချိုးရဲမှာ တုန်လှုပ်သွားပြီး လောဘစိတ်ကို ချက်ချင်းချွန်းအုပ်လိုက်ရသည်။ အကယ်၍ ယဲ့ချန်၏စကားသာ အမှန်ဖြစ်နေလျှင် ပူးပေါင်းနိုင်သရွေ့ သူက ပိုက်ဆံများအဆုံးမရှိ ရှာဖွေနိုင်မည်ဖြစ်သည်။ ပိုက်ဆံရှိနေလျှင် မိန်းမလှများ စိတ်ကြိုက်ရှာဖွေနိုင်သောကြောင့် ကျိရန်ရွယ်ကိုပင် စိတ်ထဲမရှိတော့ချေ။
"ဟား ဟား ဒါပေါ့။ ပူးပေါင်းတာက အောင်မြင်မှာပါ။ ဒီနေရာက စကားပြောလို့မကောင်းဘူး။ သီးသန့်နေရာတစ်ခုသွားပြီး ဆွေးနွေးကြရအောင်"
ချိုးရဲက စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကိုကြည့်ရှုကာ ပြောလိုက်ခြင်းဖြစ်သည်။ အကယ်၍ ယဲ့ချန်ကသာ အခြားမင်းမျိုးနွယ်များနှင့် ပူးပေါင်းသွားလျှင် သူ့အတွက် ရွှေဥပေးမည့်ငန်းကို လက်လွှတ်ရပေလိမ့်မည်။ ချိုးမျိုးနွယ်က မှော်မြို့တော်တွင် လွှမ်းမိုးနိုင်သော်လည်း အစွမ်းအထက်ဆုံးမျိုးနွယ် မဟုတ်သည့်အပြင် သူကိုယ်တိုင်ကလည်း တိုက်ရိုက်မျိုးဆက်များကြား၌ အရေးမပါပေ။ ထို့ကြောင့်သာ ပိုက်ဆံရှာဖွေရန်အတွက် အပြင်မြို့တော်နှင့် အတွင်းမြို့တော်ကို ကူးသန်းသွားလာနေရခြင်းဖြစ်သည်။
"သွားကြစို့။ မင်းက ဒီနေရာမှာစောင့်ပြီး သူတို့ကို စောင့်ကြည့်ထား။ ဘယ်သူမှ ထွက်ပြေးမသွားစေနဲ့"
ချိုးရဲက ယဲ့ချန်ကိုဖိတ်ခေါ်၍ အဆင့်မြင့်စားသောက်ဆိုင်တစ်ခုထံ ခေါ်ဆောင်သွားခဲ့သည်။ ဆိုင်အပြင်တွင် သူ၏အစေခံကို အမိန့်ပေးကာ လင်းရှောင်နှင့် ကျန်လူများကို စောင့်ကြည့်ရန် အေးစက်စက်ပြောလိုက်သည်။
"ဟုတ်ကဲ့"
အစေခံက ရိုသေစွာခေါင်းညိတ်၍ လင်းရှောင်တို့ကို အေးစက်စက်စိုက်ကြည့်လိုက်သည်။ သူတို့က ကျင့်ကြံဆင့်နိမ့်ကျသောကြောင့် စစ်ဧကရာဇ်တစ်ယောက်ရှေ့မှောက်တွင် အသက်ပင် ဝဝမရှူရဲသောကြောင့် နာခံစွာ ရပ်နေခဲ့ကြသည်။
"ညီအစ်ကို မင်းတို့က အတူတူလာမှာလား။ မင်းတစ်ယောက်တည်းလား"
ထို့နောက် ချိုးရဲက ယဲ့ချန်ဘက်လှည့်ကာ တစ်ချက်ပြုံး၍မေးလိုက်သည်။
"ငါတို့နှစ်ယောက်က အတူတူပဲ"
ယဲ့ချန်က ဖြေလိုက်သည်။
"ကောင်းပြီ"
ယဲ့ချန်က ကျိရန်ရွယ်ကို ချန်မထားရစ်ခဲ့သောကြောင့် ချိုးရဲသည် သူတို့၏ဆက်ဆံရေးမှာ မရိုးရှင်းကြောင်း နားလည်လိုက်သည်။ သူက ရှေ့မှဦးဆောင်၍ စားသောက်ဆိုင်အတွင်းဝင်ရန် လမ်းပြလိုက်သည်။
"သခင်လေးချိုး ရှင်ပြောတော့ အတွင်းမြို့တော်ကိုရောက်ရင် မင်းမျိုးနွယ်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆို၊ သူက ဒီနေရာမှာစောင့်နေတာ မဟုတ်ဘူးလား"
သူတို့သုံးယောက်က အတွင်းသို့ဝင်ကာနီးတွင် လင်းရှောင်က ရုတ်တရက်ပြေးထွက်လာပြီး ချိုးရဲ၏လက်ကိုဆွဲကာ အလောတကြီး မေးမြန်းလိုက်သည်။ အတွင်းမြို့တော်သို့ရောက်သောအခါ သူမ၏ယုံကြည်မှုများ ပျောက်ကွယ်သွားပြီး အနာဂတ်သာယာရေးအတွက် တတ်နိုင်သမျှမြန်မြန် အကောင်အထည်ဖော်ချင်ခဲ့သည်။
"ညစ်ပတ်တဲ့ခွေးမ ဒီသခင်လေးက နင့်ကို အတွင်းမြို့တော်အထိ ခေါ်လာပေးပြီးပြီကို ဘာတွေစောက်စကားများနေတာလဲ ။နင့်ရုပ်ရည်နဲ့ မင်းမျိုးနွယ်တွေကို ဆွဲဆောင်ချင်ရင် အိပ်မက်ထဲမှာပဲရမယ်။ မနက်ဖြန်ကျရင် ဆောင်ကြာမြိုင်ကိုသွားပြီး အလုပ်လုပ်စမ်း။ ဒီသခင်လေးစိတ်ကျေနပ်ရင် ကောင်းကောင်းဆုချမယ်။ မဟုတ်လို့ကတော့ နင့်ကို လင်းတန်ခန်းဆောင်ဆီ ပို့ပစ်မယ်။ အဲ့ဒီနေရာက မင်းမျိုးနွယ်တွေက မိန်းမလှတစ်ယောက်ရဲ့အသားကိုစားရတာ တော်တော်ကြိုက်တယ်လို့ ကြားဖူးတယ်"
ချိုးရဲ၏မျက်နှာက မည်းနက်သွားကာ လင်းရှောင်ကို မြေပြင်ပေါ်လဲကျသည်အထိ လက်ပြန်ရိုက်ချလိုက်သည်။ သူမ၏မျက်နှာထက်တွင် လက်ဝါးရာကြီးထင်သွားပြီး ပါးပြင်က ဖူးယောင်သွားကာ မျက်ရည်များ စီးကျလာခဲ့သည်။ အတွင်းမြို့က သူမထင်ထားသကဲ့သို့ သုခဘုံမဟုတ်သည့်အပြင် အရှင်လတ်လတ်စားသောက်ခံရမည့် အဖြစ်ကို တွေးမိသောအခါ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့သည်။
"ငါတို့တစ်ခုခု လုပ်သင့်လား။ ဘာပြောပြော သူမက မိုရန်ရဲ့ဇနီး မဟုတ်လား"
ကျိရန်ရွယ်က ယဲ့ချန်အနားသို့ကပ်ကာ တီးတိုးမေးလိုက်သည်။
"လူတိုင်းက ကိုယ့်ရွေးချယ်မှုအတွက် နောက်ဆက်တွဲကို လက်ခံရမယ်။ သူမက လူကောင်းမဟုတ်တဲ့အပြင် အခုမှနောင်တရနေလို့လည်း နောက်ကျသွားပြီ။ မိုရန်ကို သစ္စာဖောက်သွားတဲ့ မိန်းမအတွက် ငါတို့ကဘာမှလုပ်စရာ မလိုဘူး။ သူမက မထိုက်တန်ဘူးဆိုတာကို မိုရန်လည်း အနှေးနဲ့အမြန် နားလည်သွားလိမ့်မယ်"
ယဲ့ချန်က မြေပြင်ပေါ်ရှိ လင်းရှောင်ကို အေးစက်စက်ကြည့်ကာ ခေါင်းယမ်းပြလိုက်ပြီး စားသောက်ဆိုင်အတွင်း ဝင်ရောက်သွားခဲ့သည်။ ကျိရန်ရွယ်က ယဲ့ချန်၏ပြတ်သားသော တစ်ဖက်ခြမ်းကို မြင်လိုက်ရပြီး ဤမျှပြတ်သားမည်ဟု ထင်မထားခဲ့ပေ။ သူမက လင်းရှောင်ကို တစ်ချက်သာလှည့်ကြည့်ပြီး ယဲ့ချန်နောက်သို့ လိုက်ပါသွားခဲ့သည်။
ချိုးရန်၊ ယဲ့ချန်နှင့် ကျိရန်ရွယ်က စားသောက်ဆိုင်အတွင်းရောက်သောအခါ ဘေးနှစ်ဖက်၌ လှပသော အစေခံမိန်းကလေးများ စောင့်ကြိုနေကြသည်။ သူတို့က ဝင်ရောက်လာသော ဧည့်သည်များကိုမြင်လျှင် အလွန်ဖော်ရွေသောအမူအရာဖြင့် ပြိုင်တူဦးညွှတ်ကာ ကြိုဆိုလိုက်ကြသည်။
"သခင်လေးချိုး ဒီအစေခံက ရှင့်ကို ဘယ်လိုဝန်ဆောင်မှုမျိုး ပေးရမလဲဟင်"
အလှပဆုံးသော အစေခံမလေးက ရှေ့ထွက်လာကာ ချိုးရဲကို ကြာကြည့်ကြည့်၍ ဆွဲဆောင်လိုက်ခြင်းဖြစ်လေသည်။