← Chapters

မရဏကြယ်မှ လင်းဖန်

Vol. 50 Ch. 698

မရဏကြယ်မှ လင်းဖန်

Vol. 50 Ch. 698

"ငါ့ကို တိတ်ဆိတ်တဲ့ အခန်းတစ်ခု ရှာပေး"

ပုံမှန်ဆိုလျှင် ချိုးရဲက အစေခံမလေးနှင့် ကောင်းကောင်းပျော်ပါးမည်ဖြစ်သော်လည်း ယနေ့တွင် အရေးကြီးကိစ္စ လုပ်စရာရှိနေခဲ့သည်။

"ဒီလမ်းအတိုင်း ကြွပါရှင်"

အစေခံမလေးက သူ၏မျက်နှာထားကြောင့် အကင်းပါးစွာဖြင့် ရှေ့မှဦးဆောင် လမ်းပြလိုက်သည်။ သူက တာအိုနတ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေသဖြင့် စစ်ဧကရာဇ်နှစ်ယောက်နှင့် တစ်ခန်းတည်း အတူရှိနေရမည်ကို စိုးရိမ်နေခဲ့သည်။ တစ်ဖက်မှဘာဖြစ်ဖြစ် တိုက်ခိုက်လာလျှင် သူက သေဆုံးသွားနိုင်သောကြောင့် သူနှင့်ရင်းနှီးသော ဆိုင်ရှင်၏စားသောက်ဆိုင်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ တစ်ခုခုဖြစ်လျှင် ယဲ့ချန်နှင့် ကျိရန်ရွယ်ကို တားမြစ်နိုင်ပေလိမ့်မည်။

စားသောက်ဆိုင်၏ခန်းမက အလွန်ကျယ်ဝန်းပြီး ဆယ်မီတာကျော်မြင့်သော ကြမ်းပြင်ထက်၌ စားပွဲများ အစီအရီချထားသည်။ သို့သော် မှော်မြို့တော်၌ တစ်နှစ်လုံး နေရောင်ပင်မမြင်ရသောကြောင့် ခန်းမအတွင်း၌ အလင်းရောင်က မှိန်ဖျော့နေသည်။ နတ်ဆိုးကျင့်ကြံသူများက အမှောင်ထဲတွင် နေသားကျနေပြီဖြစ်သောကြောင့် ဤအချက်က များစွာအရေးမပါပေ။ ယဲ့ချန်သည် ခန်းမအတွင်း ဝေ့ကြည့်လိုက်သောအခါ ထောင့်တစ်နေရာတွင် အပြင်လူများ မကြားနိုင်စေရန် အစီအရင်တစ်ခုခင်းကျင်း၍ စကားပြောနေသူတစ်စုကို သတိထားမိလိုက်သည်။ သူက ထိုနေရာရှိ လူတစ်ယောက်ကို မြင်လိုက်သောအခါ ခန္ဓာကိုယ်အနေအထားအရ လင်းဖန်ဖြစ်နေသောကြောင့် အနည်းငယ် အံ့သြသွားခဲ့သည်။ လင်းဖန်နှင့် အတူရှိနေသူများထံမှ နတ်ဆိုးအရှိန်အဝါများ ထွက်ပေါ်နေသောကြောင့် ကောင်းကင်နတ်ဆိုးမျိုးစေ့၏ ထိန်းချုပ်ခံထားရသူများ ဖြစ်နိုင်သည်။

"နတ်ဧကရာဇ်က မရဏကြယ်ကို ဘယ်လိုရောက်နေတာလဲ။ သူ့ကို နဂါးဘုရင်က ဖမ်းထားတယ် မဟုတ်ဘူးလား။ လင်းဖန်က ထွက်ပြေးပြီး တည်နေရာလမ်း​ကြောင်းကတဆင့် လွတ်မြောက်လာတာ ဖြစ်နိုင်လား။ နဂါးဘုရင်ရဲ့ခွန်အားနဲ့ဆိုရင် သူက ထွက်ပြေးဖို့မလွယ်ဘူး"

သူက မျက်မှောင်ကြုတ်၍ လေးနက်စွာ စဥ်းစားနေခဲ့သည်။ သို့သော် သူ၏အတွေးအတိုင်း ဖြစ်နိုင်ချေက အလွန်နည်းပါးကြောင်း သိသာနေသည်။

"လင်းဖန်ကရော ငါ့လိုမျိုး ကိုယ်ပွားတစ်ခု ကျင့်ကြံထားနိုင်တာလား။ သူ့ကိုယ်ပွားတစ်ယောက်က နဂါးဘုရင်မဖမ်းဆီးခင် လွတ်မြောက်လာတာလား။ ဒါမှမဟုတ် ရှင်းဟိုင်ကို မတိုက်ခိုက်ခင် အချိန်တည်းက ရောက်နေတာလား"

ယဲ့ချန်က အသေအချာစစ်ဆေးလိုက်ပြီးနောက် ရုပ်သွင်နှင့်အပြုအမူများအရ လင်းဖန်သေချာကြောင်း လက်ခံလိုက်သည်။ တစ်ဖက်လူက အစီအရင်အတွင်း၌ အခြားလူများနှင့် ဆွေးနွေးခန်းဝင်နေသောကြောင့် သူ့ကို သတိမထားမိခဲ့ပေ။

"ဘာဖြစ်လို့လဲ"

ကျိရန်ရွယ်က ယဲ့ချန်၏ ထူးဆန်းသောမျက်နှာထားကို သတိထားမိသဖြင့် စိတ်ချင်းဆက်သွယ်လာခဲ့သည်။

"ရန်သူတစ်ယောက်ကို တွေ့လိုက်လို့ပါ"

ယဲ့ချန်က တစ်လုံးချင်း ဖြေလိုက်သည်။

"သွားရအောင်"

ထို့နောက် သူက ချိုးရဲကိုကြည့်ကာ ပြောလိုက်သည်။ ချိုးရဲက သူ၏မျက်နှာအမူအရာကို သတိမထားမိသည့်အပြင် စိတ်ချင်းဆက်သွယ်နေသည်ကို မသိသောကြောင့် လှေကားထစ်များမှတဆင့် အပေါ်ထပ်သို့ ဦးဆောင်လိုက်သည်။

လင်းဖန်သည် တစ်ခုခုကို အာရုံခံမိသောကြောင့် ခန်းမ၏လှေကားထစ်များထံ အကြည့်ရောက်သွားခဲ့သည်။ အစီအရင်ခင်းကျင်းထားသဖြင့် ရှင်းလင်းစွာ မမြင်နိုင်သောကြောင့် တစ်ချက်လှမ်းကြည့်ရုံသာ ဖြစ်သည်။ ယဲ့ချန်၏ကျောပြင်က ရင်းနှီးနေသည်ဟု ခံစားလိုက်ရသော်လည်း မရဏကြယ်သို့ ရောက်ရှိနေရန် မဖြစ်နိုင်ဟု ကောက်ချက်ချလိုက်၏။ တစ်ဖက်လူက ခန္ဓာကိုယ်ချင်းဆင်သည်ဟု သတ်မှတ်လိုက်သောကြောင့် သူက အရေးမစိုက်တော့ဘဲ ဝိညာဥ်အသိစိတ်ကိုလည်း အသုံးမပြုခဲ့ပေ။

"ညီအစ်ကို ဘာတွေကြည့်နေတာလဲ"

လင်းဖန်၏ဘေးရှိ အနက်ရောင်သံချပ်ဝတ်ကို ဝတ်ဆင်ထားသော တစ်ကိုယ်လုံး မည်းနက်နေသည့် ကျင့်ကြံသူက မေးလိုက်ခြင်းဖြစ်သည်။ သူ၏ခေါင်းထက်ရှိ ရှည်လျားသော ဦးမှင်တစ်စုံမှလွဲလျှင် သာမန်လူတစ်ယောက်နှင့် ဆင်တူပြီး အဆင့်တစ်ဆယ် စစ်ဧကရာဇ်ဖြစ်သည်။

"ဘာမှမဟုတ်ပါဘူး။ အစ်ကိုလောင်ကျန်း သခင်ရွှမ်ကုန်းက ဘာအမိန့်ပေးလိုက်သေးလဲ"

လင်းဖန်က ခေါင်းယမ်းလိုက်၏။

"သခင်က ၂နှစ်အတွင်း ကျိယွမ်ကြယ်ကို သိမ်းပိုက်လိမ့်မယ်။ ငါတို့အနေနဲ့ ထာဝရပြည်ထောင်ရဲ့ ကြယ်အဖွဲ့အစည်းတစ်ခုကိုလည်း တိုက်ခိုက်ရလိမ့်မယ်။ သူက ငါတို့ကို နတ်အစေခံတွေနဲ့ ပူးပေါင်းဆောင်ရွက်စေချင်တယ်"

လောင်ကျန်းက လေးနက်စွာ ဖြေလိုက်၏။

"သခင်ရွှမ်က ဘာလုပ်ချင်နေတာလဲ"

လင်းဖန်က တစ်ခုခုကို စဥ်းစားနေဟန်ဖြင့် မျက်လုံးများ တောက်ပနေသည်။ ထိုအချိန်တွင် သူ၏ညာလက်ရှိ လက်ချောင်းများကြားတွင် ရုန်းတစ်ခုဖြစ်ပေါ်လာကြောင်း လောင်ကျန်းက သတိမထားမိခဲ့ပေ။ ၎င်းက အလွန်သိုသိပ်ပြီး သတင်းစကားများ ပို့ဆောင်ပေးနေသည်ဟု ထင်မှတ်ရသည်။

"သခင်ရဲ့ သူလျှိုတစ်ယောက်ကို ကျိယွမ်ကြယ်က ထုတ်ဖော်နိုင်ခဲ့တယ်။ တိုက်ခိုက်ဖို့ အချိန်ကျရောက်လာပြီ။ ဒါပေမယ့် ဒီကြယ်အဖွဲ့အစည်းမှာ နတ်အစေခံတစ်သောင်းလောက်ပဲရှိပြီး အများစုက ထာဝရပြည်ထောင်ရဲ့ သားရဲစစ်တပ်နဲ့ တိုက်ခိုက်နေရတယ်။ ငါတို့စစ်တပ်တွေကို အချိန်မီရွှေ့ပြောင်းဖို့မဖြစ်နိုင်တော့ စစ်ကူရောက်လာဖို့ဆိုရင် နှစ်ချီကြာသွားနိုင်တယ်။ ကျိယွမ်ကြယ်ကိုတိုက်ခိုက်ဖို့ ခက်ခဲလာပြီး သူတို့က ကောင်းကင်မူလကြယ်နဲ့လည်း အဆက်အသွယ်ရသွားကြပြီ"

လောင်ကျန်းက သက်ပြင်းတစ်ချလိုက်သဖြင့် ဦးမှင်နှစ်ချောင်းက လှုပ်ခါသွားခဲ့သည်။

"ကျိယွမ်ကြယ်မှာ နတ်အစေခံနှစ်ယောက်သုံးယောက်တည်း ရှိတာမဟုတ်လား။ ဘာကြောင့် အရင်မတိုက်ခိုက်ရတာလဲ"

လင်းဖန်က နားမလည်ဟန်ဖြင့် မေးခွန်းထုတ်လိုက်သောအခါ လောင်ကျန်းက စိတ်ရှုပ်သွားပုံပေါ်သည်။ သို့သော် လင်းဖန်ကို မည်သူမှ ဤအကြောင်းမပြောထားဟု တွေးမိလိုက်သောကြောင့် များစွာစဥ်းစားမနေဘဲ ဆက်လက်ရှင်းပြလိုက်သည်။

"ကောင်းကင်မူလကြယ်မှာ နတ်အစေခံဆယ်ယောက်ပဲရှိလို့ ရှင်းပစ်ဖို့ လွယ်ကူတယ်။ ဒါပေမယ့် ကျိယွမ်ကြယ်ရဲ့ရှင်းဟွမ်က ဝိညာဥ်စတေးကျင့်စဥ်ကို အသုံးပြုပြီး မရေမတွက်နိုင်တဲ့ အဆင့်သုံးမျိုးနွယ်ဝင်တွေကို လောင်ကျွမ်းပြီး ကျင့်ကြံသူတစ်ယောက်ရဲ့အင်အားကို ကြယ်သခင်အဆင့်ထက်သာလွန်အောင် ပြုလုပ်ပေးနိုင်နေတယ်"

"ဝိညာဥ်စတေးကျင့်စဥ်"

လင်းဖန်က ထိုကျင့်စဥ်၏အစွမ်းကြောင့် မျက်ခုံးပင့်လိုက်မိသည်။

"သူမက ထာဝရပြည်ထောင်ရဲ့ အဆင့်မြင့်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်နိုင်ပြီး အဆင့်အတန်းအတိအကျကိုသိဖို့ မဖြစ်နိုင်ဘူး။ ငါတို့က ထာဝရပြည်ထောင်ရဲ့ အတွင်းပိုင်းအထိ မရောက်ဖူးဘူးဆိုတော့ သူမရဲ့မျိုးဆက်သွေးအကြောင်း မသိဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျိယွမ်ကြယ်ဟာ ကြယ်တွေအကြားက သွားလာရေးဌာနတစ်ခုသာဖြစ်ပြီး ကြယ်ဝိညာဥ် မပိုင်ဆိုင်ထားဘူး။ တစ်ရက်မှာ ထာဝရပြည်ထောင်အတွင်းပိုင်းကနေ ဝိညာဥ်အပိုင်းအစတစ်ခု ရောက်ရှိလာခဲ့တယ်။ အဲ့ဒီအချိန်က သူမဟာ အရမ်းအားနည်းနေတဲ့အတွက် ငါတို့ကိုလှည့်စားဖို့ ကြယ်သခင်၁၂ယောက်စုစည်းပြီး လျှို့ဝှက်နည်းလမ်းတစ်ခုနဲ့ ကျိယွမ်ကြယ်ကို စကြဝဠာထဲက ဖျောက်ထားလိုက်တယ်"

လောင်ကျန်း၏စကားကို လင်းဖန်က ခေါင်းတညိတ်ညိတ်ဖြင့် စိတ်ဝင်တစား နားထောင်နေသည်။

"ကျိယွမ်ကြယ်က နှစ်ပေါင်းသောင်းချီအောင် ပုန်းအောင်နိုင်ခဲ့ပြီး တစ်ရက်မှာ သခင်ရဲ့ငယ်သားတစ်ယောက်က ကြယ်ယာဥ်တစ်ခုပေါ်မှာ ကျွန်ပိုးကောင်တွေတင်ဆောင်ပြီး ကောင်းကင်မူလကြယ်ဆီ ခရီးဆက်နေတုန်းမှာ အကာအကွယ်ကို မတော်တဆဝင်တိုက်မိခဲ့တယ်။ ဒါကြောင့် ကျိယွမ်ကြယ်က စကြဝဠာထဲမှာ ပြန်လည်ထွက်ပေါ်လာခဲ့တယ်"

ကျိယွမ်ကြယ်က မူလတွင် ရှင်းဟွမ်မရှိသော်လည်း ထာဝရပြည်ထောင်မှ ဝိညာဥ်အပိုင်းအစတစ်ခုက ရှင်းဟွမ်အဖြစ် ဆင့်ကဲတိုးတက်လာသည်ဟူသော သတင်းက တုန်လှုပ်ဖွယ်ကောင်းလှသည်။

"ဒီဖြစ်ရပ်သာမရှိခဲ့ရင် ကျိယွမ်ကြယ်က အခုထိ ပျောက်ကွယ်နေလိမ့်မယ်။ ကြယ်သခင်တွေက တကယ်ဉာဏ်ကောင်းလွန်းခဲ့တယ်။ နှစ်သောင်းချီကြာပြီးတဲ့နောက်မှာ ရှင်းဟွမ်က အစွမ်းပိုထွက်လာပြီး ပတ်ဝန်းကျင်ကြယ်တွေရဲ့ ရှင်းဟွမ်တွေထက် သာလွန်သွားခဲ့တယ်"

လောင်ကျန်းက သက်ပြင်းချရင်း ဆက်ပြောနေခဲ့သည်။ လင်းဖန်က မျက်နှာထားမပြောင်းလဲဘဲ နားထောင်နေသကဲ့သို့ လက်ချောင်းများကြားတွင် ရုန်းများ စီးဆင်းနေသည်။

"အစပိုင်းမှာ သခင်က ကျိယွမ်ကြယ်ကို သိမ်းပိုက်ဖို့အတွက် ကြယ်ယာဥ်၃၅စီးနဲ့ နတ်အစေခံ၂၆ယောက်ကို ဦးဆောင်တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် သူတို့မရောက်ခင်မှာ ရှင်းဟွမ်က ဝိညာဥ်စတေးကျင့်စဥ်နဲ့ မရေမတွက်နိုင်တဲ့ အဆင့်သုံးမျိုးနွယ်ဝင်တွေကို ယဇ်ပူဇော်ပြီး တန်ပြန်တိုက်ခိုက်ခဲ့တယ်။ တစ်ချက်တည်းနဲ့ ကြယ်ယာဥ်၂၀ပျက်စီးသွားပြီး နတ်အစေခံတွေအကုန် အသတ်ခံလိုက်ရတယ်။ သခင်ရွှမ်ကုန်းတောင်မှ အချိန်လေဟာနယ်ချီကို အသုံးချပြီး ထွက်ပြေးနိုင်ခဲ့ပေမယ့် အပြင်းအထန်ဒဏ်ရာရသွားတယ်"

လောင်ကျန်းက ရှင်းပြနေရင်း ကြောက်စိတ်များဖြစ်ပေါ်လာသည်။ ကျိယွမ်ကြယ်၏ရှင်းဟွမ်က အစွမ်းထက်လွန်းနေသောကြောင့် ထိုတိုက်ပွဲတွင် ရှိနေခဲ့လျှင် သူလည်း ပြာကျသွားပေလိမ့်မည်။

"ဒါဆိုရင် နောက်ဆုံးမှာ ဘယ်လိုဖြစ်သွားလဲ"

လင်းဖန်သည်လည်း ကျိယွမ်ကြယ်၏ရှင်းဟွမ်က အလွန်တရာအစွမ်းထက်နေမည်ဟု ထင်မထားခဲ့ပေ။

"ကျိယွမ်ကြယ်ပေါ်မှာ နတ်အစေခံနှစ်ယောက်တည်းရှိတဲ့အတွက် သခင့်ကို မယှဥ်နိုင်ဘူးဆိုတာ ရှင်းဟွမ်က သိထားတယ်။ ဒါကြောင့် သူမက ဝိညာဥ်စတေးကျင့်စဥ်ကို အသုံးချပြီး နောက်တစ်ကြိမ်မတိုက်ခိုက်ရဲအောင် သင်ခန်းစာပေးချင်ပေမယ့် ပြန်ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက မသေးဘူး။ သူမရဲ့စွမ်းအားက တစ်ဝက်ကျော်လောက်ကျဆင်းသွားပြီး ကျိယွမ်ကြယ်ကလည်း ဖုန်းဆိုးမြေလို ဖြစ်သွားခဲ့တယ်"

"ဝိညာဥ်စတေးကျင့်စဥ်နဲ့ ရန်သူကို တိုက်ခိုက်ရင် အသုံးပြုသူကိုလည်း ရှစ်ဆယ်ရာခိုင်နှုန်းလောက် တန်ပြန်ထိခိုက်မယ်ဆိုတာကို သခင်ရွှမ်ကုန်းက တွက်ချက်နိုင်ခဲ့တယ်။ ဒါကြောင့် သူက နတ်အစေခံနှစ်ယောက်ကိုစေလွှတ်ပြီး အဆက်မပြတ် တိုက်ခိုက်စေခဲ့တယ်။ ဒါပေမယ့် ကျိယွမ်ကြယ်မှာ အသက်ကယ်ဝှက်ဖဲတွေရှိနေပြီး မရဏအလင်းမျှော်စင်တစ်ခုနဲ့ ကာကွယ်ထားတယ်။ ဒါကြောင့်သာမဟုတ်ရင် ကျဆင်းနေတဲ့ သစ်တောစောင့်မျိုးနွယ်ဝင် စစ်ဧကရာဇ်သုံးယောက်က နတ်အစေခံနှစ်ယောက်ကို ဘယ်လိုယှဥ်နိုင်ပါ့မလဲ"

ကိစ္စများစွာ ဖြစ်ပျက်ခဲ့ကြောင်း သိလိုက်ရသောကြောင့် လင်းဖန်က တိတ်ဆိတ်နေသည်။

"နတ်အစေခံရွှမ်လင်းကို ဖမ်းဆီးပြီးတဲ့နောက် ငါတို့က ကျိယွမ်ကြယ်အကြောင်း အရာရာကို သိခဲ့ရတယ်။ ရှင်းဟွမ်က ဒီကျင့်စဥ်ကို နောက်တစ်ကြိမ်မသုံးနိုင်အောင်လို့ နတ်အစေခံတွေက လူသားတွေနဲ့ သားရဲတွေကို သတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် မရဏအလင်းမျှော်စင်ကြောင့် ဖြေရှင်းဖို့ခက်ခဲနေတဲ့အပြင် ရှင်းဟွမ်ကလည်း ကြယ်ကျောက်တုံးတွေ အများကြီး စုဆောင်းထားတယ်"

လောင်ကုန်းက ရှည်လျားစွာ ရှင်းပြနေခဲ့လေသည်။

All Chapters