← Chapters

ချိုးရဲကို အညံ့ခံစေခြင်း

Vol. 50 Ch. 699

ချိုးရဲကို အညံ့ခံစေခြင်း

Vol. 50 Ch. 699

"ကျိယွမ်ကြယ်ရဲ့ ရှင်းဟွမ်က ဘယ်သွေးမျိုးဆက်လဲဆိုတာကို လုံးဝ မသိနိုင်ဘူးလား"

"ဟုတ်တယ်။ ထာဝရပြည်ထောင်က အရမ်းကျယ်လွန်းပြီး အလယ်ပိုင်းကို ဘယ်သူမှမရောက်ဖူးဘူး။ ကြယ်သခင်တစ်ယောက်က အမြန်ဆုံး မဟာတာအိုရတနာ ဒါမှမဟုတ် မှော်ယာဥ်ပျံနဲ့ဆိုရင်တောင် နှစ်ပေါင်းထောင်ချီလောက် ခရီးသွားရလိမ့်မယ်။ သူမရဲ့ဇစ်မြစ်ကို ဘယ်သူက သိနိုင်မှာလဲ"

လောင်ကျန်းက လင်းဖန်၏အမေးကို ခါးသက်သက်ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။ ထာဝရပြည်ထောင်၏ပိုက်နက်က အဆုံးအစမရှိကျယ်ဝန်းပြီး အလယ်ပိုင်းသို့ မည်သူမှမရောက်ဖူးကြပေ။ ထို့အပြင် စစ်ဧကရာဇ်များက စကြဝဠာအတွင်း ဖုန်မှုန့်ပမာသေးငယ်ပြီး ရေတွင်းအောက်ခြေမှ ဖားများပမာဖြစ်သည်။

"ထားလိုက်ပါ။ အစ်ကိုလောင်ကို တစ်ခွက်လောက် ဂုဏ်ပြုပါရစေ"

လင်းဖန်က ခေါင်းညိတ်၍ သေရည်ခွက်ကို မြှောက်လိုက်သည်။

"လက်ခံရမှာပေါ့"

လောင်ကျန်းကလည်း ကျေနပ်စွာပြုံး၍ သေရည်ခွက်ချင်းတိုက်လိုက်သည်။

ထိုအချိန်တွင် ယဲ့ချန်တို့သုံးယောက်ကို အစေခံက အပေါ်ထပ်ရှိ သီးသန့်ခန်းတစ်ခုအတွင်း ပို့ဆောင်ပေးခဲ့သည်။ အခန်းက လူဆယ်ယောက် အစည်းအဝေးလုပ်ရသည်အထိ ကျယ်ဝန်းပြီး ခမ်းနားစွာပြင်ဆင်ထားသကဲ့သို့ သေရည်နှင့် အစားအသောက်များ ခင်းကျင်းထားသည်။ ချိုးရဲက မျက်ရိပ်ပြလိုက်သောအခါ အစေခံမလေးက နားလည်မှုရှိစွာဖြင့် ဦးညွှတ်အရိုအသေပေး၍ ထွက်ခွာသွားပြီး အတွင်းမှဆင့်ခေါ်ခြင်းမရှိလျှင် လာရောက်ခွင့်မရှိပေ။ ထို့အပြင် အသံလုံအစီအရင်တစ်ခု ခင်းကျင်းထားသောကြောင့် အပြင်ဘက်မှ ချောင်းနားထောင်ရန်လည်း မဖြစ်နိုင်ပေ။

"ကျုပ်တို့ကို နှောင့်ယှက်မယ့်သူ မရှိတော့ဘူးဆိုတော့ မှော်ဝိညာဥ်ဆေးကို ထုတ်ပြလို့ရပြီလား"

ချိုးရဲက တစ်ချက်ပြုံး၍ ယဲ့ချန်ထံ တောင်းဆိုလိုက်သည်။ သူက တစ်ဖက်လူလောက် သန်မာခြင်းမရှိသော်လည်း သူ၏ပိုင်နက်ဖြစ်နေသောကြောင့် အန္တရာယ်ပေးလာမည်ကို မကြောက်ပေ။ သူ၏မျက်လုံးတွင် လောဘစိတ်များ ထင်ထင်ရှားရှား ထွက်ပေါ်နေသည်။ သို့သော် ယဲ့ချန်က ကျိရန်ရွယ်ကို တစ်ချက်ကြည့်လိုက်သောအခါ သူမက ရုတ်တရက်ပျောက်ကွယ်သွားပြီး ချိုးရဲအနားတွင် ပြန်ပေါ်လာကာ ဝမ်းဗိုက်ကို ဖြတ်ကန်လိုက်သည်။ ဘန်းခနဲမြည်သံနှင့်အတူ သူက ပုစွန်တစ်ကောင်ပမာ ကွေးညွှတ်သွားပြီး အသံတစ်ချက်ပင် မထွက်နိုင်တော့ပေ။

"မင်း....မင်းတို့ ဘာလုပ်တာလဲ"

သူက စကားပြောနိုင်ရန် အချိန်ယူခဲ့ရပြီး နာကျင်လွန်းသဖြင့် အတွင်းအင်္ဂါများကွဲကြေမတတ် ခံစားနေရသည်။ ကျိရန်ရွယ်၏ကန်ချက်က ကြမ်းတမ်းသော်လည်း တစ်ဖက်လူက တာအိုနတ်အဆင့်ဖြစ်နေသောကြောင့် ခွန်အားကို ထိန်းချုပ်ထားသောအခါ တစ်ချက်တည်းဖြင့် သေဆုံးမသွားခဲ့ပေ။

"မင်းတို့က ငါ့ကို ရိုက်ရဲတယ်ပေါ့။ နှစ်​ယောက်လုံး အသေဆိုးနဲ့သေစေရမယ်။ ဒီနေရာက အတွင်းမြို့ဆိုတာကို မမေ့နဲ့။ ချိုးမျိုးနွယ်က မင်းတို့ကို သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး"

ယဲ့ချန်က ဤမြင်ကွင်းကို တည်ငြိမ်စွာကြည့်နေစဥ် ချိုးရဲက ဝမ်းဗိုက်ကို လက်ဖြင့်ကိုင်၍ ခက်ခက်ခဲခဲထရပ်လာကာ ဒေါသတကြီးခြိမ်းခြောက်လိုက်သည်။ သို့သော် သူ၏စကားအဆုံးတွင် ထပ်အကန်ခံလိုက်ရသောကြောင့် ကြမ်းပြင်တွင် ခွေခွေလေး လဲကျသွားခဲ့သည်။ ကျိရန်ရွယ်က သူ၏ခန္ဓာကိုယ်အနှံ့ကန်နေပြီး အရိပ်မျိုးနွယ်ဝင်ဖြစ်သောကြောင့် အလွန်လျင်မြန်နေကာ နောက်ချန်ပုံရိပ်များစွာ ဖြစ်ပေါ်လာသည်။ သူမက စိတ်ထင်တိုင်း ကန်ကျောက်နေသော်လည်း လက်လွန်မသွားစေရန်အတွက် အင်အားကို ထိန်းချုပ်ထားခဲ့သည်။ ချိုးရဲက တစ်ကိုယ်လုံးဖူးယောင်နေပြီး ထပ်ကာထပ်ကာအော်ဟစ်နေရသော်လည်း အံကြိတ်ခံနေပြီး ဆက်တိုက်ကျိန်ဆဲကာ မတောင်းပန်ခဲ့ပေ။

"မင်းတို့ ဒီကိစ္စကို မှတ်ထားစမ်း။ ငါက အနှေးနဲ့အမြန် လက်စားချေမယ်။ သတ္တိရှိရင် ဒီသခင်လေးကိုသတ်လိုက်၊ ပြီးရင် မင်းတို့လည်း အတွင်းမြို့ထဲကနေ ခြေတစ်လှမ်းတောင်ရွေ့နိုင်မှာ မဟုတ်ဘူး"

ချိုးရဲက မြေပြင်တွင် ခွေးသေတစ်ကောင်ပမာ လဲကျနေသော်လည်း ယဲ့ချန်ကို စူးစူးရဲရဲ စိုက်ကြည့်နေသဖြင့် သူက မျက်ခုံးပင့်လိုက်မိသည်။ လူပေါ်ကျော့သခင်လေးဟု ထင်ထားခဲ့ပြီး ရိုက်နှက်ခံရလျှင် တောင်းပန်လာမည်ဟု သူက အထင်သေးခဲ့မိသော်လည်း တစ်ဖက်လူက ထင်ထားသည်ထက် မာကျောနေသည်။ ချိုးရဲက တစ်ကိုယ်လုံးနာကျင်နေသော်လည်း ဆက်တိုက်ကျိန်ဆဲနေပြီး မွေးကတည်းက ဤသို့နှိပ်စက်မခံရဖူးပေ။ သူက လူပေါ်ကျော့တစ်ယောက်ဖြစ်သော်လည်း မင်းမျိုးနွယ်ဝင်တစ်ယောက်ဟူသော မာနဖြင့် တင်းခံနေပြီး ယဲ့ချန်ကို မတောင်းပန်ခဲ့ပေ။

"လုံလောက်ပြီ။ ထပ်မရိုက်နဲ့တော့"

ယဲ့ချန်က လက်ကာပြလိုက်သောအခါ ဒေါသဖောက်ခွဲခွင့်ရခဲ့သော ကျိရန်ရွယ်ကလည်း ရပ်တန့်လိုက်သည်။

"ဒီသခင်လေးက ရန်ငြှိုးကို မှတ်သားထားတယ်။ မင်းတို့ကို ဘယ်သူက အမိန့်ပေးတာလဲပြောရင် လွှတ်ပေးလိုက်မယ်"

ချိုးရဲက သွားတစ်ချောင်းကို ထွီခနဲထွေးထုတ်၍ မေးလိုက်ခြင်းဖြစ်သည်။ နောက်ဆုံးတွင် တစ်ဖက်လူက သူ့ကို ရည်ရွယ်ချက်ရှိရှိ အကွက်ချခဲ့ကြောင်း နားလည်လိုက်သည်။ သူ၏အမြင်တွင် စစ်ဧကရာဇ်နှစ်ယောက်က နောက်ခံမရှိလျှင် သူ့ကိုထိရဲမည်မဟုတ်သောကြောင့် အတွင်းမြို့၏မင်းမျိုးနွယ်ဝင်များ ပါဝင်ပတ်သက်နေပေလိမ့်မည်။ သို့သော်လည်း သူက ဤမျှရိုက်နှက်ခံရသည်အထိ မည်သူ့ကိုစော်ကားမိခဲ့ကြောင်း လုံးဝစဥ်းစားမရပေ။

"မင်းက ငါ့စကားကို နားထောင်မယ်ဆိုရင် ဒီကိစ္စကို မေ့ပစ်ပေးမယ်"

ယဲ့ချန်သည် ချိုးရဲ၏ခြိမ်းခြောက်စကားများကို လျစ်လျူရှုကာ တည်ငြိမ်စွာဖြင့် ကမ်းလှမ်းလိုက်သည်။ တစ်ဖက်လူ၏ ကိုယ်ကျင့်တရားက ပြဿနာရှိနေသော်လည်း အတွင်းမြို့တော်၌ သူ့ကို အကူအညီဖြစ်စေနိုင်သည်။

"မင့်စကားကို နားထောင်စေချင်တာလား။ မင်းက ဘာကောင်လဲ။ ငါက ကျင့်ကြံဆင့်နိမ့်ပေမယ့် ချိုးမျိုးနွယ်ဝင်တစ်ယောက်ဖြစ်တယ်။ အပြင်မြို့တော်က အမှိုက်တွေက ကိုယ့်ကိုကိုယ် မသိတော့ဘူးလား။ တော်တော်ရယ်ရတဲ့ ဟာသပဲ။ မင်းတို့က စစ်ဧကရာဇ်တွေဖြစ်ရင်တောင် ဒီနေရာမှာ စစ်ဧကရာဇ်အဆင့် ကျွန်တွေ အများကြီးရှိတယ်"

ယဲ့ချန်၏စကားကို ကြားသောအခါ ချိုးရဲက ပြက်လုံးတစ်ခုကြားလိုက်ရသကဲ့သို့ မှတ်ယူကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ဒီလိုဆိုမှတော့ လုပ်စရာရှိတာ လုပ်ရမှာပေါ့"

ချိုးရဲကို စကားဖြင့်သိမ်းသွင်းရန် မဖြစ်နိုင်သောကြောင့် ယဲ့ချန်က အားသုံးရန် ဆုံးဖြတ်လိုက်ပြီး နတ်ဆိုးဝိညာဥ်တစ်ကောင်ကို ဆင့်ခေါ်လိုက်၏။ ၎င်းထွက်ပေါ်လာသောအခါ ချိုးရဲ၏မျက်နှာထက်တွင် ရှုပ်ထွေးသွားပုံပေါ်သည်။ ၎င်းက မြူခိုးများကဲ့သို့ ပုံသဏ္ဍာန်မျိုးစုံပြောင်းလဲနေသော်လည်း ထွက်ပေါ်နေသောအရှိန်အဝါအရ စွမ်းအင်က သန့်စင်လွန်းနေသည်။ သူက ယဲ့ချန်ထုတ်ယူလိုက်သော အရာက သူ့ကိုပြခဲ့သော မှော်ဆေးဝိညာဥ်ဆိုသည်ဖြစ်ကြောင်း သေချာနေပြီး ၎င်းမှထွက်ပေါ်နေသော စွမ်းအင်ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။

"လောဘကြီးလွန်းရင် သေတတ်တယ်"

သူက နတ်ဆိုးဝိညာဥ်အကြောင်း မသိသော်လည်း တစ်ချက်ကြည့်ရုံဖြင့် မရိုးရှင်းကြောင်း နားလည်သည်။ ယဲ့ချန်၏ရည်ရွယ်ချက်ကို မသိရသော်လည်း တစ်ခုခုကိုတွေးမိလိုက်သဖြင့် အလွန်ထိတ်လန့်သွားခဲ့သည်။ လက်ရှိအခြေအနေအရ သူ့ကို တစ်ဖက်လူက ရိုက်နှက်ခဲ့သောကြောင့် အေးအေးဆေးဆေး ပြီးဆုံးသွားမည့်ကိစ္စ မဟုတ်ပေ။ သူလွတ်သွားလျှင် တစ်ဖက်လူတွင် ပြဿနာများနိုင်သောကြောင့် ချိုးမျိုးနွယ်ကို ဝင်ပါစေချင်လျှင် သူ့ကို အသက်ချမ်းသာပေးရပေလိမ့်မည်။ ဤအကျိုးဆက်ကြောင့် တစ်ခုတည်းသော ဖြေရှင်းနည်းမှာ သူ၏အတွေးကို ထိန်းချုပ်ရန်ဖြစ်ပေလိမ့်မည်။ စကြဝဠာအတွင်း၌ အထူးနည်းလမ်းများအသုံးပြုကာ ကျင့်ကြံသူများ၏စိတ်ကို ခြယ်လှယ်၍ ရုပ်သေးဖြစ်သွားစေနိုင်သော မျိုးနွယ်များရှိကြောင်း သူက ကြားဖူးနားဝရှိထားသည်။

"မင်းတို့ကို သတ်ပစ်မယ်"

ယဲ့ချန်၏အကြံကို ရိပ်မိသောအခါ ချိုးရဲက ကျားနာတစ်ကောင်ကဲ့သို့ ချက်ချင်းခုန်ထ၍ တိုက်ခိုက်ချင်ခဲ့သည်။ သို့သော် ကျိရန်ရွယ်က စစ်ဧကရာဇ်အရှိန်အဝါဖြင့် ဖိနှိပ်လာသောကြောင့် နေရာမှ တစ်လက်မပင် မရွေ့နိုင်တော့ချေ။ ထို့နောက် ယဲ့ချန်က သူ၏ရင်ဘတ်အတွင်း နတ်ဆိုးဝိညာဥ်ကို ပေါင်းစပ်ပေးလိုက်သောအခါ ရုန်းကန်နေသည့် ချိုးရဲမှာ နာကျင်မှုများ ခံစားလိုက်ရသည်။ သူက မည်မျှရုန်းကန်နေပါစေ၊ ခန္ဓာကိုယ်အတွင်းရှိချီများက နတ်ဆိုးဝိညာဥ်နှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားကြသည်။ အသံလုံအစီအရင်က အရည်အသွေးမြင့်သောကြောင့် သီးသန့်ခန်းအတွင်း ဖြစ်ပျက်နေသည်များကို အပြင်လူများ မသိနိုင်ပေ။

နာရီဝက်ခန့်အကြာတွင် တံခါးခေါက်သံ ထွက်ပေါ်လာပြီး ကျိရန်ရွယ်က ဖွင့်ပေးလိုက်သောအခါ အစေခံတစ်ယောက် ဝင်ရောက်လာပြီး အခန်းကို အကဲခတ်လိုက်သည်။ အခန်းအတွင်း၌ အနည်းငယ်ရှုပ်ပွနေပြီး တိုက်ပွဲဖြစ်ထားသော လက္ခဏာများရှိသော်လည်း ယဲ့ချန်နှင့် ချိုးရဲက စားပွဲတွင်ထိုင်၍ အေးအေးဆေးဆေး စကားပြောနေခဲ့သည်။ သူမ၏ခွန်အားဖြင့် ချိုးရဲမျက်လုံးမှ နတ်ဆိုးဝိညာဥ်အရှိန်အဝါကို အာရုံမခံနိုင်သည့်အပြင် ၎င်းက ရာနှုန်းပြည့် ပေါင်းစပ်သွားပြီဖြစ်သည်။

"ဘာကိစ္စလဲ"

ချိုးရဲက အစေခံကို တစ်ချက်ကြည့်လိုက်ပြီး လေသံမာမာနှင့် မေးလိုက်ခြင်းဖြစ်သည်။

"သခင်လေးရဲ့ငယ်သားက အချိန်ကြာနေပြီဖြစ်လို့ ဒီအစေခံကို လာကြည့်ခိုင်းလိုက်တာပါ"

အစေခံက ရိုသေစွာ ဖြေလိုက်သည်။

"သူ့ကို စောင့်ခိုင်းထားလိုက်"

ချိုးရဲက အမိန့်ပေးလိုက်သောအခါ သူမက အရိုအသေပေး၍ အခန်းအပြင်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ အခန်းတံခါးပိတ်သွားသောအခါ ချိုးရဲက ယဲ့ချန်ကို လေးစားစွာဖြင့် အရိုသေပေးလိုက်၏။

"မင်းမှာ ငယ်သား ဘယ်နှယောက်ရှိလဲ"

"တစ်ယောက်တည်းပါ ဆရာ"

သူက သက်ပြင်းတစ်ချက်ချ၍ ဖြေလိုက်သည်။

"သူ့ကို ခေါ်လိုက်"

"ဟုတ်ကဲ့"

ယဲ့ချန်၏အမိန့်ဖြင့် အခန်းတွင်းသို့ရောက်လာသော ချိုးရဲ၏လက်အောက်ငယ်သားက တစ်နာရီအကြာတွင် နတ်ဆိုးဝိညာဥ်ဖြင့် အတင်းအကျပ် ပေါင်းစပ်ခံလိုက်ရပြီဖြစ်သည်။ သူတို့၏ကျင့်ကြံဆင့်က အနည်းငယ်တိုးတက်လာကာ ချိုးရဲက တာအိုနတ်အဆင့်ခြောက်ဖြစ်လာပြီး သူ၏ငယ်သားက စစ်ဧကရာဇ်အဆင့်သုံးသို့ မြင့်တက်သွားခဲ့သည်။ ချိုးရဲနှင့် သူ၏ငယ်သားကို ထိန်းချုပ်ပြီးနောက် ယဲ့ချန်အတွက် အတွင်းမြို့တော်၌ ခြေကုပ်ရယူရန် မခက်ခဲတော့ပေ။ သူက ချိုးရဲ၏ငယ်သားကို အောက်ထပ်သို့ သွားရောက်စစ်ဆေးခိုင်းခဲ့ပြီး လင်းဖန် ထွက်ခွာသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထို့နောက် သူက နေရောင်အောက်မှသူခိုးကျင့်စဥ်ဖြင့် ရုပ်ရည်သွင်ပြင်အား ပြောင်းလဲကာ ကျိရန်ရွယ် ၊ချိုးရဲတို့နှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။

All Chapters