← Chapters

မုမျိုးနွယ်

Vol. 50 Ch. 700

မုမျိုးနွယ်

Vol. 50 Ch. 700

"မင်းတို့ ကိုယ့်လမ်းကို သွားကြစမ်း"

ချိုးရဲက လင်းရှောင်တို့လူစုကို မောင်းထုတ်လိုက်သည်။ သူ၏အကျင့်စရိုက်အရ ထိုလူများကို မင်းမျိုးနွယ်များနှင့် ဆောင်ကြာမြိုင်တွင် ရောင်းချမည်ဖြစ်သော်လည်း လက်ရှိယဲ့ချန်က သူ့ကို အလုပ်များစွာစေခိုင်းထားသဖြင့် ဂရုစိုက်မနေတော့ပေ။ လင်းရှောင်က ကူကယ်ရာမဲ့စွာဖြင့် ထွက်ခွာသွားရသည်။ အတွင်းမြို့၌ သူမအတွက် အားကိုးရာမရှိသောကြောင့် အပြင်မြို့တော်မှ ဘဝကို ပြန်လည်သတိရသွားခဲ့သည်။ ထိုနေရာ၌ ဘဝက ခက်ခဲကြမ်းတမ်းသော်လည်း မိုရန်က သူမအပေါ် အမြဲတမ်းကောင်းမွန်ခဲ့ပြီး ဂရုစိုက်ပေးခဲ့သည်။ ချိုးရဲက သူတို့ကို မောင်းထုတ်ပြီးနောက် ယဲ့ချန်နေထိုင်ရန်အတွက် အိမ်တစ်လုံးငှားရမ်းပေးပြီးနောက် ယဲ့ချန်စေခိုင်းထားသော အလုပ်အတွက် ထွက်ခွာသွားခဲ့သည်။

မှော်မြို့တော်ရှိ ကောင်းကင်နတ်ဆိုးများက ယဲ့ချန်၏အိမ်နှင့် သုံးလမ်းအကွာတွင်ရှိသော ဧရာမအိမ်ကြီးအတွင်း၌ နေထိုင်ကြပြီး အရိပ်မျိုးနွယ်ဝင်များ ဝင်ထွက်သွားလာနေကာ နတ်ဆိုးမျိုးစေ့ဖြင့် ထိန်းချုပ်ခံထားရသောကြောင့် သူတို့၏စီးပွားရေးကို လုပ်ကိုင်ပေးနေရသည်။ အချိန်တစ်ခုကြာ စစ်ဆေးပြီးနောက် ယဲ့ချန်သည် မှော်မြို့တော်၏ စီးပွားရေးအခြေအနေကို နားလည်သွားခဲ့သည်။ ကောင်းကင်နတ်ဆိုးများဖြစ်စေ၊ အခြားမင်းမျိုးနွယ်ဝင်များဖြစ်စေ ရှားပါးသတ္တုများ၊ ဆေးဝါးများစသည်တို့ကို ပတ်ဝန်းကျင်ကြယ်များမှ ဝယ်ယူကာ လေဟာနယ်လမ်းကြောင်းများမှတဆင့် ကူးသန်းရောင်းဝယ်လျက်ရှိသည်။ မရဏကြယ်အနီးရှိ ကြယ်အချို့တွင် နတ်ဆိုးမီးတောက်ရွှေဟူသော သတ္တုတစ်မျိုးထွက်ပြီး မရဏအလင်းမျှော်စင်တည်ဆောာက်ရာ၌ အရေးကြီးသော ကုန်ကြမ်းတစ်ခုဖြစ်သည်။ မရဏကြယ်က ၎င်းကိုရောင်းချခြင်းဖြင့် ငွေကြေးများစွာရရှိနေသောကြောင့် ချမ်းသာလာခဲ့သောအခါ အခြားကြယ်များမှ ကုန်သည်များက ရတနာများရောင်းချရန်အတွက် ရောက်ရှိလာတတ်ကြသည်။

မရဏကြယ်တစ်ခုလုံးတွင် မင်းမျိုးနွယ်ဝင်ပေါင်းသန်းချီရှိပြီး စစ်ဧကရာဇ်အဆင့် ထောင်ချီသာရှိသော်လည်း အများစုက စစ်ဧကရာဇ်အဆင့် ကျွန်များကို ဝယ်ယူနိုင်ကြသည်။ ချိုးရဲကဲ့သို့ လူပေါ်ကြော့သခင်လေးတစ်ယောက်ပင် စစ်ဧကရာဇ်အဆင့် ကျွန်တစ်ယောက် ပိုင်ဆိုင်ထားသဖြင့် မရဏကြယ်တစ်ခုလုံးဆိုလျှင် အရေအတွက်က လေးငါးသန်းမကပေ။ သွေးပြည်ထောင်ရှိ ဆင်းရဲသောကြယ်များမှ စစ်ဧကရာဇ်များက နေရပ်ကိုစွန့်ခွာလာကြသကဲ့သို့ ကြယ်သခင်အချို့ကလည်း ကျွန်ကုန်သည်အဖြစ် လုပ်ကိုင်နေကြသည်။ နတ်ဆိုးမီးတောက်ရွှေကို ရောင်းချခြင်းဖြင့် မရဏအလင်းကြယ်က စစ်ဧကရာဇ်အဆင့် ကျွန်များစွာကို ဝယ်ယူနိုင်စွမ်းရှိလာသည်။ သို့သော် နတ်အစေခံအဆင့် ကျွန်များက စျေးအလွန်ကြီးပြီး သွေးပြည်ထောင်က ထိန်းချုပ်ထားသောကြောင့် အဆင့်အတန်းအလွန်မြင့်သော မင်းမျိုးနွယ်များသာ ဝယ်ယူခွင့်ရှိသည်။ မရဏအလင်းကြယ်အကြောင်း စုံစမ်းပြီးနောက် ယဲ့ချန်က အလွန်ဝမ်းသာနေပြီး ဤနေရာ၌ မင်းမျိုးနွယ်တစ်ယောက်ဖြစ်၍ အင်အားစုတစ်ခုတည်ထောင်နိုင်လျှင် ကောင်းကင်မူလကြယ်အတွက် များစွာအကူအညီရ​ပေလိမ့်မည်။

အဓိကပြဿနာမှာ မရဏကြယ်ပေါ်၌ ကောင်းကင်နတ်ဆိုးများရှိနေပြီး ယဲ့ချန်၏ဇစ်မြစ်ကို သိသွားလျှင် သေချာပေါက် တိုက်ခိုက်လာပေလိမ့်မည်။ ထို့ကြောင့် သူက အာဏာအဆင့်အတန်းတစ်ခုမရခင် အချိန်အထိ ဂရုတစိုက် ဖုံးကွယ်ထားရပေလိမ့်မည်။ သူက မိုရန်၏စွမ်းရည်ကို လိုအပ်နေသောကြောင့် ချိုးရဲမှတဆင့် အတွင်းမြို့တော်သို့ ဆင့်ခေါ်လိုက်၏။

"ဆရာ"

မိုရန်က ယဲ့ချန်ကို မြင်သောအခါ အလွန်ရိုကျိုးစွာဖြင့် ဦးညွှတ်လိုက်သည်။

"မိုရန် မင်းက မှော်မြို့တော်တစ်ခုလုံးကို မြင်နိုင်တယ်။ ငါ့အတွက် မင်းမျိုးနွယ်တွေရဲ့ သတင်းအချက်အလက်တွေ စုစည်းပေး"

ယဲ့ချန်က ညွှန်ကြားလိုက်သည်။ သူက ဤနေရာတွင် ခြေကုပ်ရယူ၍ ကိုယ်ပိုင်အင်အားစုတည်ဆောက်လိုလျှင် မှော်မြို့တော်အကြောင်း အသေးစိတ် သိထားရပေလိမ့်မည်။

"ဟုတ်ကဲ့"

မိုရန်က ယဲ့ချန်ကို ကူညီနိုင်သည့်အတွက် ပျော်ရွှင်နေကာ သူ၏မျက်လုံးများက နီရဲလာပြီး ပုံရိပ်များ တဖြတ်ဖြတ်ထွက်ပေါ်လာသည်။ နာမည်များ၊ စီးပွားရေးလုပ်ငန်းများ၊ မဟာမိတ်များ၊ ပဋိပက္ခများ၊ ဘဏ္ဍာရေးအခြေအနေများစသည့် မင်းမျိုးနွယ်အားလုံး၏ အသေးစိတ်အချက်အလက်များကို သူက ထုတ်ဖော်နိုင်ခဲ့သည်။ ကောင်းကင်နတ်ဆိုးများကို ဤနေရာတွင် ခေါင်းဆောင်နေသူမှာ ရွှမ်ယုဖြစ်ပြီး ရွှမ်ကုန်း၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်ကာ စစ်ဧကရာဇ်ခြောက်ထောင်ကျော်ကို အုပ်ချုပ်၍ အများစုမှာ အဆင့်တစ်ဆယ်များ ဖြစ်ကြသည်။ တစ်ရက်ကြာအောင် နားထောင်ပြီးနောက် ယဲ့ချန်သည် မိုရန်မှတဆင့် မှော်မြို့တော်အကြောင်း ခရေစေ့တွင်းကျ နားလည်သွားခဲ့သည်။ သူ၏လက်ထဲတွင် ငွေကြေးများစွာမရှိသော်လည်း ဤသတင်းအချက်အလက်များက တစ်မြို့လုံးကို တုန်လှုပ်စေရန်အတွက် လုံလောက်နေသည်။

နှစ်ရက်အကြာတွင် ယဲ့ချန်သည် မိစ္ဆာရွှေသုံးသိန်းအသုံးပြုကာ အဖိုးတန်အဝတ်အစားများ ဝယ်ယူ၍ ရုပ်ရည်သွင်ပြင်ကိုပြောင်းလဲကာ မိုရန်နှင့်အတူ အပြင်ထွက်လာခဲ့သည်။ ကျိရန်ရွယ်အတွက်မူ ရန်သူများမြင်သွားလျှင် ပြဿနာတက်နိုင်သောကြောင့် ငှားရမ်းထားသော ခြံဝန်းအတွင်း ကျန်ရစ်ခဲ့ရသည်။ ချိုးရဲက ယဲ့ချန်အတွက် သာမန်မင်းမျိုးနွယ်တစ်ယောက်၏ အဆင့်အတန်းကို ဝယ်ယူပေးခဲ့သည်။ ထိုလူကိုမူ မိစ္ဆာရွှေအနည်းငယ်ပေး၍ မရဏကြယ်ပေါ်မှ မောင်းထုတ်လိုက်သောကြောင့် သူက အပြည့်အဝ ဟန်ဆောင်နိုင်ပြီဖြစ်သည်။

မှော်မြို့တော်တွင် မုမျိုးနွယ်က ထိပ်တန်းမျိုးနွယ်ကြီးသုံးခုအနက် တစ်ခုဖြစ်ကာ ချိုးမျိုးနွယ်ကို ရင်ဘောင်တန်းနိုင်သော်လည်း လက်ရှိတွင် ဖိနှိပ်ခံရသဖြင့် နိမ့်ပါးနေသည်။ ချိုးမျိုးနွယ်ခေါင်းဆောင်၏ညီမက မှော်မြို့တော်ဝန်နှင့် လက်ထပ်လိုက်သောကြောင့် ချိုးမျိုးနွယ်၏အင်အားက တိုးတက်လာကာ စီးပွားရေးတွင် မုမျိုးနွယ်ကို ယှဥ်နိုင်လာ၏။ သူတို့က မုမျိုးနွယ်ကို နေရာတိုင်းတွင်ဖိနှိပ်ကာ စီးပွားရေးမဟာမိတ်များကို လုယူလိုက်သောကြောင့် လက်ရှိအခြေအနေအထိ နိမ့်ဆင်းသွားစေခဲ့သည်။ မိုရန်နှင့် ယဲ့ချန်သည် မုမျိုးနွယ်အိမ်တော်၏ အဓိကဝင်ပေါက်သို့ ရောက်ရှိလာပြီး ၎င်းက မီတာဆယ်ချီမြင့်မားကာ အနက်ရောင်ရွှေဖြင့် တည်ဆောက်ထားသည်။ အိမ်တော်က ရဲတိုက်ကြီးပမာခမ်းနားနေပြီး ဝင်ပေါက်က ရထားလုံးငါးစီး ဘေးချင်းယှဥ်သွားနိုင်သည်အထိ ကျယ်ဝန်းသည်။ သူက စစ်ဧကရာဇ်တစ်ဒါဇင်ကျော်၏ ရန်လိုသောအရှိန်အဝါများကို အာရုံခံနိုင်ခဲ့သော်လည်း တည်ငြိမ်စွာဖြင့် ဝင်ပေါက်အတွင်း လျှောက်လှမ်းလာခဲ့သည်။

မုအိမ်တော်၏ဝင်ပေါက်တွင် အစေခံနှစ်ယောက် စောင့်ကြပ်နေပြီး ယဲ့ချန်၏အဝတ်အစားများကို မြင်သောအခါ လေးစားသော မျက်နှာထားများ ချက်ချင်းဖြစ်ပေါ်လာသည်။ ဤမျှစျေးကြီးသော အဝတ်အစားများကို တတ်နိုင်သူမှာ အဆင့်အတန်းမြင့်နိုင်သောကြောင့် သူတို့က လျစ်လျူမရှုရဲပေ။ သို့သော် သူတို့က ယဲ့ချန်ကို မရင်းနှီးသည့်အပြင် မျိုးနွယ်ခေါင်းဆောင် မုကုန်း၏ ဧည့်သည်တစ်ယောက်မဟုတ်ကြောင်း နားလည်ထားသည်။

"သခင် ကျေးဇူးပြုပြီး ဘာကိစ္စလဲဆိုတာ မေးခွင့်ရှိမလား"

အစေခံတစ်ယောက်က ရိုရိုသေသေ မေးလိုက်ခြင်းဖြစ်သည်။

"ငါက နတ်မြေအောက်ကြယ်ကနေလာခဲ့တာဖြစ်ပြီး ခေါင်းဆောင်မုနဲ့ စီးပွားရေးအချို့ ဆွေးနွေးချင်လို့ပါ။ ဒါက အသိအမှတ်ပြုကတ်ပါ"

ယဲ့ချန်က တစ်ချက်ပြုံး၍ အလွန်လှပသော ကတ်တစ်ခုကို ထုတ်ပြလိုက်သည်။ သူက ၎င်းကိုရရန်အတွက် မိစ္ဆာရွှေငါးသိန်း အသုံးပြုခဲ့ရသည်။ အကယ်၍ သူကသာ ဤမျှပိုက်ဆံမသုံးလျှင် မုကုန်းနှင့် တွေ့ခွင့်ရမည် မဟုတ်ပေ။

"ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ။ ခေါင်းဆောင်ကို ချက်ချင်းအကြောင်းကြားပေးပါမယ်"

အစေခံက ထိုကတ်ကိုမြင်သောအခါ အလွန်ရိုသေစွာဖြင့် လက်ခံလိုက်ပြီး ယဲ့ချန်ကို ဦးညွှတ်လိုက်သည်။ ဤမျှအဖိုးတန်သော ကတ်ကို ထုတ်ပြနိုင်သူမှာ မရိုးရှင်းကြောင်း သူက နားလည်ထားသည်။

"မင်းက ဒီမှာနေခဲ့ပြီး ဧည့်သည်တွေကို ကောင်းကောင်းဧည့်ခံထားလိုက်"

သူက ကျန်အစေခံတစ်ယောက်ကို ဤသို့မှာကြားကာ အိမ်တော်အတွင်းသို့ အပြေးတစ်ပိုင်း ဝင်ရောက်သွားခဲ့သည်။

"ခေါင်းဆောင်က သခင့်ကို ဧည့်ခန်းထဲမှာတွေ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်"

နာရီဝက်အကြာတွင် သူက ပြန်ထွက်လာပြီး နှိမ့်ချစွာဖြင့် ယဲ့ချန်နှင့်မိုရန်ကို အိမ်တော်အတွင်း ခေါ်ဆောင်သွားခဲ့သည်။ အတိတ်တွင် မုကုန်း၏အဆင့်အတန်းအရ ယဲ့ချန်က မည်မျှကြိုးစားပါစေ၊ တစ်ဖက်လူ၏ အသိအမှတ်ပြုခြင်းမခံရလျှင် လူစိမ်းတစ်ယောက်ဖြစ်သောကြောင့် လက်ခံတွေ့ဆုံမည် မဟုတ်ပေ။ မုကုန်းက သူနှင့်တွေ့ချင်သူတိုင်းအတွက် အချိန်မရှိသော်လည်း လက်ရှိတွင် မုမျိုးနွယ်က နိမ့်ပါးနေသောကြောင့် မည်သည့်စီးပွားရေးကိုမှ လက်လွှတ်မခံနိုင်သောအခါ နတ်မြေအောက်ကြယ်မှ လာသည်ဟူသော ယဲ့ချန်ကို လက်ခံတွေ့ဆုံခဲ့သည်။ မုမျိုးနွယ်၏ဧည့်ခန်းက အလွန်ကျယ်ဝန်းပြီး ခမ်းနားကြီးကျယ်သော်လည်း လူသူလေးပါးခြောက်ကပ်နေသည်။ သက်လတ်ပိုင်းလူတစ်ယောက်က ဧည့်ခန်းအလယ်တွင် နေရာယူထားပြီး ခရမ်းရောင်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသည်။ သူက နှာယောင်ကောက်ကောက်နှင့် အနက်ရောင်မျက်လုံးများကို ပိုင်ဆိုင်ထားကာ ယဲ့ချန်နှင့် မိုရန်ကို အဆက်မပြတ် အကဲခတ်နေခဲ့သည်။

ယဲ့ချန်သည် မုကုန်း၏အကြည့်ကို မကြောက်သောကြောင့် မျက်လုံးချင်းဆုံလိုက်သည်။ မိုရန်က အနည်းငယ်တွန့်ဆုတ်နေသော်လည်း တစ်ဖက်လူရှေ့မှောက်တွင် တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်။ ယဲ့ချန်သည် မုကုန်းမှာ နတ်အစေခံတစ်ယောက်ဖြစ်ကြောင်း အာရုံခံနိုင်သည့်အပြင် ဧည့်ခန်းပတ်ဝန်းကျင်၌ အစွမ်းအထက်အရှိန်အဝါအချို့ ရှိနေသည်ကို သိလိုက်ရ၏။ လက်ရှိတွင် မုမျိုးနွယ်က ကျဆင်းသွားသော်လည်း မှော်မြို့တော်၏ ထိပ်တန်းမျိုးနွယ်တစ်ခုဖြစ်သောကြောင့် အခြေခံအုတ်မြစ် ခိုင်မာပေသည်။

"မင်းတို့က နတ်မြေအောက်ကြယ်က လာတာလား"

မုကုန်း၏အကြည့်က ထက်ရှနေပြီး သတ်ဖြတ်လိုစိတ်တစ်ခု ပုန်းအောင်းတည်ရှိနေသည်။

"မဟုတ်ဘူး"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။ မုကုန်းက တစ်ချက်ကြည့်ရုံဖြင့် အမူအရာများအရ တစ်ဖက်လူသည် နတ်မြေအောက်ကြယ်မှမဟုတ်ကြောင်း သိနိုင်သော်လည်း အမှန်အတိုင်း​ပြောလာမည်ဟု ထင်မထားပေ။

"ကျုပ်က မရဏကြယ်ကပါပဲ။ ခေါင်းဆောင်မုနဲ့ စီးပွားရေးကိစ္စအချို့ ဆွေးနွေးချင်လို့ပါ"

ယဲ့ချန်က တည်ငြိမ်စွာ ကမ်းလှမ်းလိုက်သည်။

"ဟား ဟား တွေ့ကရာလူတွေတောင် ဒီခေါင်းဆောင်နဲ့ စီးပွားရေးကိစ္စ ဆွေးနွေးချင်နေပြီလား။ မင်းက ပိုက်ဆံလေးနည်းနည်းသုံးပြီး ဒီလိုမျိုးအဆင့်အတန်းရှိသယောင် ပြင်ဆင်လာတယ်ပေါ့။ တော်တော်ရယ်ရပါလား"

မုကုန်းက အလွန်ရယ်ရသော ပြက်လုံးတစ်ခု ကြားလိုက်ရသကဲ့သို့ လှောင်ပြောင်ရယ်မောနေခဲ့လေသည်။

All Chapters