← Chapters

မုမျိုးနွယ်ကို ငွေညှစ်ခြင်း

Vol. 50 Ch. 701

မုမျိုးနွယ်ကို ငွေညှစ်ခြင်း

Vol. 50 Ch. 701

မုကုန်းသည် ယဲ့ချန်နှင့် မိုရန်က အဆင့်အတန်းမြင့်သူများမဟုတ်ကြောင်း သိထားပြီး သူ့ကိုအရူးလုပ်ရန် မလွယ်ပေ။

"ကျုပ်က မုမျိုးနွယ်ကောင်းကျိုးအတွက် စီးပွားရေးဆွေးနွေးဖို့ ရောက်လာခဲ့တာပါ။ လက်ရှိမှာ မုမျိုးနွယ်က ကျဆင်းနေပြီး နှစ်ဝက်အတွင်း ဒီပြဿနာကိုမဖြေရှင်းရင် ထိပ်တန်းမျိုးနွယ်ကြီးသုံးခုအတွင်းကနေ ပြုတ်ကျသွားလိမ့်မယ်"

ထုတ်ဖော်ခံလိုက်ရသော်လည်း ယဲ့ချန်က ဒေါသထွက်မသွားဘဲ တည်ငြိမ်နေဆဲပင်ဖြစ်သည်။

"မုမျိုးနွယ်ကို အခြားလူတွေ မှတ်ချက်ပေးဖို့ မလိုအပ်ဘူး"

မုကုန်းက နှာခေါင်းတစ်ချက်ရှုံ့၍ နတ်အစေခံအဆင့်အရှိန်အဝါကို ထုတ်ဖော်ကာ ဖိနှိပ်လိုက်ပြီး မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ထင်ဟပ်နေသည်။ တစ်ဖက်လူက အလွန်အမင်းတည်ငြိမ်နေသောကြောင့်သာ သူက ချက်ချင်းမသတ်ခြင်းဖြစ်ပြီး ကြောက်လန့်သည့် အရိပ်အယောင်ဖြစ်ပေါ်လာလျှင် အလောင်းပင် ကျန်ရစ်မည်မဟုတ်ပေ။

"ကျုပ်သိထားသလောက်ဆိုရင် မုမျိုးနွယ်က အကြွေးပြဿနာ ကြီးကြီးမားမားရှိနေတယ်။ ကျုပ်က ခင်ဗျားကို ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ခု သိထားတယ်"

ယဲ့ချန်က ဖိအားအောက်ရောက်နေသော်လည်း မုကုန်းကို မျက်နှာချင်းဆိုင် စိုက်ကြည့်နေခဲ့သည်။

"ငါက မင်းစကားကို ယုံမယ်လို့ ထင်နေတာလား"

မုကုန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ မုမျိုးနွယ်က အကြွေးနွံနစ်နေသော်လည်း ဤအချက်ကို အခွင့်ကောင်းယူ၍ လှည့်စားလိုလျှင် သူ့ကို အထင်သေးနေခြင်းသာ ဖြစ်ပေလိမ့်မည်။

"ခင်ဗျားမယုံဘူးဆိုတာကို ကျုပ် သိပါတယ်။ ကျုပ်ပြောချင်တာကတော့ မုမျိုးနွယ်က လောလောဆယ် ချိုးမျိုးနွယ်ရဲ့ထောင်ချောက်ထဲကို ရောက်နေတယ်"

ယဲ့ချန်က လက်နှစ်ဖက်နောက်ပစ်၍ တည်ငြိမ်စွာ ပြောလိုက်၏။

"မင်း ငါ့ကို သေချာရှင်းမပြနိုင်ရင် ဒီနေ့အသက်ရှင်ရက် ထွက်သွားဖို့ မစဥ်းစားနဲ့"

မုကုန်းက ယဲ့ချန်ကို အေးစက်စက်စိုက်ကြည့်၍ ခြိမ်းခြောက်လိုက်သည်။

"မုမျိုးနွယ်မှာ ထုတ်လုပ်နှုန်းမြင့်မားတဲ့ နတ်ဆိုးမီးတောက်ရွှေမိုင်းတွင်း ခြောက်ခု ပိုင်ဆိုင်ထားပြီး နှစ်စဥ်တန်ပေါင်းထောင်ချီ ထွက်ရှိနေလို့ မိစ္ဆာရွှေသန်းတစ်ရာနီးပါး ဝင်ငွေရှိတယ်။ မုမျိုးနွယ် စီးပွားရေးကောင်းနေတဲ့အချိန်မှာ ဒီပမာဏက ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်ပေမယ့် ဒီအခြေအနေမှာတော့ ဒီမိုင်းတွင်းတွေကို အားကိုးနေရတယ်။ မိုင်းတွင်းတွေရဲ့ဝင်ငွေက အလွန်အရေးကြီးနေပြီး မုမျိုးနွယ်က ထုတ်လုပ်နှုန်းကို မြှင့်ချင်တယ်ဆိုရင်တောင် မဖြစ်နိုင်ဘူး"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။ သူက မုမျိုးနွယ်အကြောင်း ကောင်းစွာသိနေသဖြင့် မုကုန်း၏မျက်လုံးများ စူးရှလာ၏။ သို့ရာတွင် တစ်ဖက်လူ၏အသိအမြင်က အပေါ်ယံသာဖြစ်ရမည်ဟု ယုံကြည်ထားသည်။ မုမျိုးနွယ်က လက်ရှိအခက်အခဲမှ ရုန်းထွက်လိုလျှင် မုကုန်းက သူ၏ဉာဏ်ပညာဖြင့် နည်းလမ်းရှာဖွေပြီး ဖြစ်ပေလိမ့်မည်။

"ဒီမိုင်းတွင်းတွေရဲ့ ထုတ်လုပ်နှုန်းကြောင့် ချိုးမျိုးနွယ်က မျက်စိကျနေပြီ။ ခေါင်းဆောင်မုက ဒါတွေကို မစွန့်လွှတ်ချင်ပေမယ့် အကြွေးက တံခါးကို လာခေါက်နေတယ်မလား။ လူတွေအများကြီးက မိုင်းတွင်းတွေကို လက်လွှဲပေးဖို့ ဖိအားပေးနေတဲ့ နောက်ကွယ်မှာ ချိုးမျိုးနွယ် ရှိနေတယ်"

"မင်းက ဘာဆိုလိုချင်တာလဲ"

မုကုန်းက စိတ်မရှည်ဖြစ်လာခဲ့သည်။

"ကျုပ်ပြောချင်တာက ခေါင်းဆောင်မုဟာ ချိုးမျိုးနွယ်ရဲ့ ထောင်ချောက်ထဲကို ရောက်နေခဲ့ပြီ"

"ဘာကြောင့် ဒီလိုပြောရတာလဲ"

ယဲ့ချန်၏စကားကြောင့် မုကုန်း၏အမူအရာက အေးခဲသွားသည်။

"ကျုပ်က ခင်ဗျားထင်တာထက် အများကြီးပိုသိထားတယ်။ မုအိမ်တော်ရဲ့အောက်မှာ မြေအောက်ခန်းတစ်ခုရှိပြီး နတ်ဆိုးမီးတောက်ရွှေသန့်စင်နေတာကို အစီအရင်နဲ့ ဖုံးကွယ်ထားတယ်။ ပြီးတော့ ဒီသတ္တုတွေကို ကောင်းကင်နတ်ဆိုးမျိုးနွယ်နဲ့ အရောင်းအဝယ် လုပ်နေတယ်မလား"

ယဲ့ချန်က အဓိပ္ပါယ်ပါပါပြုံး၍ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

"မင်း ဘယ်လိုလုပ်သိနေတာလဲ"

သူ၏စကားအဆုံးတွင် မုကုန်း၏သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာကာ ယဲ့ချန်နှင့် မိုရန်ကို ပစ်မှတ်ထားလိုက်ပြီး လှုပ်ရှားသည်နှင့်တပြိုင်နက် သတ်ပစ်ရန် ပြင်ဆင်လိုက်သည်။

"ခင်ဗျားက ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပါ။ ကျုပ်က ဒီနေရာကိုလာရဲမှတော့ အရံအစီအစဥ်တစ်ခု ရှိတယ်။ နတ်ဆိုးမီးတောက်ရွှေက မရဏအလင်းမျှော်စင်တည်ဆောက်ရေးအတွက် အရေးကြီးလို့ ထိန်းချုပ်ခံထားရတယ်။ သန့်စင်တဲ့နည်းလမ်းကိုတောင် သွေးပြည်ထောင်က တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး ခင်ဗျားက ကောင်းကင်နတ်ဆိုးတွေနဲ့ ခိုးကြောင်ခိုးဝှက်ရောင်းဝယ်နေတာကို သိသွားရင် ပြစ်မှုကြီးတစ်ခု ဖြစ်နေတယ်။ ဒီကိစ္စကိုသာ သွေးပြည်ထောင်က သိသွားရင် ဟဲ ဟဲ"

ယဲ့ချန်က တစ်ချက်ပြုံး၍ မုကုန်းကို စိုက်ကြည့်လိုက်သည်။

"သခင်လေး ကျေးဇူးပြုပြီး ထိုင်ပါဦး။ မင်းကို ငါ ဘယ်လိုခေါ်ရမလဲ"

မုကုန်း၏မျက်နှာက အမူအရာအမျိုးမျိုး ပြောင်းလဲသွားပြီး ယဲ့ချန်အပေါ်မှ ဖိအားကို ပြန်လည်ရုတ်သိမ်းကာ ယဥ်ယဥ်ကျေးကျေး ဖိတ်ခေါ်လိုက်သည်။ တစ်ဖက်လူက ဤအကြောင်းများကို ပွင့်လင်းစွာပြောနေသောကြောင့် မုမျိုးနွယ်ကို ဖျက်ဆီးလိုစိတ်မရှိကြောင်း ပြောနိုင်သည်။ ဖိအား ကွယ်ပျောက်သွားသည်နှင့်တပြိုင်နက် ယဲ့ချန်က မုကုန်းနှင့်မျက်နှာချင်းဆိုင်ရှိ ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်ပြီး မိုရန်က သူ့နောက်တွင် မတ်တပ်ရပ်နေခဲ့သည်။ ဤနေရာမျိုးတွင် သူက ယဲ့ချန်၏ နောက်လိုက်တစ်ယောက်ဖြစ်ကြောင်း ဖော်ပြရပေလိမ့်မည်။

"ကျုပ်က ချန်ရဲပါ"

"ညီလေးချန်က နောက်ထပ်ဘာတွေများ သိထားသေးလဲ"

မုကုန်းက ယဲ့ချန်အပေါ် အခေါ်အဝေါ်ပင် ပြောင်းလဲသွားခဲ့သည်။ တစ်ဖက်လူက မုမျိုးနွယ်အကြောင်း လွန်ကဲစွာသိနေသောကြောင့် ကြောက်စရာကောင်းလွန်းနေပြီး ရန်သူဖြစ်သွားလျှင် အကျိုးဆက်များက ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

"ကျုပ်က နည်းနည်းပဲ သိထားတာပါ။ ကောင်းကင်နတ်ဆိုးရွှမ်ယုက မုမျိုးနွယ်အကြောင်း သက်သေတွေစုဆောင်းထားပြီး ချိုးမျိုးနွယ်သာ သိသွားရင် အကျိုးဆက်ကို ခင်ဗျား စဥ်းစားတတ်ပါလိမ့်မယ်။ ချိုးမျိုးနွယ်ကသာ အကျိုးအမြတ် လုံလုံလောက်လောက်ပေးရင် ဒီကောင်က သေချာပေါက် သစ္စာဖောက်လိမ့်မယ်။ လောလောဆယ်မှာ သူက ထိန်းချုပ်နေပေမယ့် မရဏကြယ်ကနေ ထွက်ပြေးဖို့ အစီအစဥ်ရှိနေရင် မုမျိုးနွယ် ပြဿနာတက်သွားနိုင်တယ်"

ယဲ့ချန်က ကောင်းကင်နတ်ဆိုးများ၏အကြံကို ရှင်းပြလိုက်၏။ မုကုန်းသာ်လည်း အန္တရာယ်ကို ရိပ်စားမိသောကြောင့် မျက်ဝန်းများ၌ စိုးရိမ်စိတ်များ ထင်ဟပ်လာခဲ့သည်။

"ဒါပေမယ့် အစ်ကိုမု စိုးရိမ်စရာမလိုပါဘူး။ ကောင်းကင်နတ်ဆိုးနဲ့ ချိုးမျိုးနွယ်ကြားမှာလည်း ပူးပေါင်းနေတာရှိတဲ့အတွက် ကျုပ်က သူတို့အကြောင်း သဲလွန်စပေးနိုင်တယ်။ ဒါဆိုရင် မုမျိုးနွယ်က ချိုးမျိုးနွယ်ကို တန်ပြန်တိုက်ခိုက်နိုင်လိမ့်မယ်"

ယဲ့ချန်ကလည်း သူ၏အသုံးအနှုန်းကို ပြောင်းလဲလိုက်၏။

"ဒါဆိုရင် ညီလေးချန်က ဘာများလိုချင်ပါသလဲ"

ခဏတာတိတ်ဆိတ်သွားပြီးနောက် မုကုန်း၏စကားသံ ထွက်ပေါ်လာသည်။ တစ်ဖက်လူက ဤအချက်အလက်များကို အလကားပေးမည်မဟုတ်ပေ။ အကယ်၍ သူကသာ ချိုးမျိုးနွယ်ကို တန်ပြန်တိုက်ခိုက်နိုင်လျှင် ဖိအားများအကြား ရောက်နေသော်လည်း အသက်ရှူပေါက်တစ်ခု ရပေလိမ့်မည်။

"ကျုပ်က ကိစ္စတချို့လုပ်ဖို့အတွက် မုမျိုးနွယ်ရဲ့အင်အားကို ငှားချငိပါတယ်။ ဒါကလည်း ခင်ဗျားအတွက် အကျိုးရှိစေရပါမယ်"

ယဲ့ချန်က ဆန်းကျယ်စွာ ပြောလိုက်သည်။ သူ၏စကားကိုကြားသောအခါ မုကုန်းက တိတ်ဆိတ်သွားပြီး သဲလွန်စများကို ဖျောက်ရန်အတွက် အချိန်လဝက်သာကြာနိုင်သော်လည်း ကောင်းကင်နတ်ဆိုးများနှင့် စီးပွားရေးကို ရပ်တန့်လိုက်လျှင် ဝင်ငွေထိခိုက်မည်ဖြစ်သောကြောင့် တစ်ဖက်လူက မုမျိုးနွယ်ကို လည်ပင်းညှစ်နိုင်စွမ်း ရှိနေခဲ့သည်။

"ညီလေးချန်က မုမျိုးနွယ်ကို ဒီအခက်အခဲကနေ ကယ်နိုင်တယ်လို့ ပြောခဲ့တယ်မလား။ ဘယ်လိုအကြံများ စဥ်းစားထားတာလဲ"

မုကုန်းက နတ်အစေခံတစ်ယောက်ဖြစ်သော်လည်း ယဲ့ချန်ကိုမူ ထိုးဖောက်မြင်နိုင်စွမ်း မရှိခဲ့ပေ။ တစ်ဖက်လူက စစ်ဧကရာဇ်တစ်ယောက်သာဖြစ်သော်လည်း အရာရာကို သိနေသောကြောင့် အစွမ်းထက်နောက်ခံတစ်ခုခု ရှိနေနိုင်သည်။

"ခင်ဗျားက မိုင်းတွင်းတစ်ခုကို ရောင်းချင်နေပေမယ့် ဝယ်လက် ရှာမတွေ့သေးဘူးမလား"

"ဟုတ်တယ်"

မုကုန်းက အံ့သြသွားသော်လည်း ခေါင်းညိတ်လိုက်၏။ သူက ဤသတင်းကို လူသိရှင်ကြားထုတ်ဖော်လိုက်လျှင် မုမျိုးနွယ် အလွန်အခက်အခဲဖြစ်နေကြောင်း အပြင်လူများ သိသွားပေလိမ့်မည်။ ထိုသွေးဆာနေသော လောဘအိုးဝံပုလွေများက သူ၏မျိုးနွယ်ကို တတိတိကိုက်ဖဲ့ဝါးမျိုရန် အမြဲမပြတ်ကြံစည်နေကြသဖြင့် ဖုံးကွယ်ထားရသည်။ ယဲ့ချန်က ဤသတင်းကို မည်သို့သိထားကြောင်း သူက နားမလည်သည့်အပြင် မှော်မြို့တော်ဝန်ပင် ဤမျှများစွာ သိနေမည်မဟုတ်ပေ။

"နတ်မြေအောက်ကြယ်က မင်းမျိုးနွယ်ဝင်တစ်ယောက် မရဏကြယ်ကို ရောက်နေတယ်လို့ ကျုပ် သတင်းထားရတယ်။ သူက မိုင်းတွင်းတစ်ခုကို စျေးကြီးကြီးပေးဝယ်ချင်နေပေမယ့် ချိုးမျိုးနွယ်နဲ့ အရင်ဆုံး ဆက်သွယ်ခဲ့မိတယ်။ လေလံစီးပွားရေးကိုသာ လုပ်ကိုင်တဲ့ ချိုးမျိုးနွယ်မှာ မိုင်းတွင်းမရှိတော့ သူက မုမျိုးနွယ်ဆီ မျက်စိကျလာတယ်။ သူပေးတဲ့စျေးနှုန်းက မင်းကို ကျေနပ်စေလိမ့်မယ်။ သူနဲ့ဆက်သွယ်ပြီး အရောင်းအဝယ်လုပ်နိုင်မယ်ဆိုရင် မုမျိုးနွယ်ရဲ့အခက်အခဲက ဖြေရှင်းပြီးဖြစ်သွားလိမ့်မယ်"

ယဲ့ချန်က မိုရန်ထံမှ သိထားသော အချက်အလက်ကို ပြောပြလိုက်သည်။

"ဒီလိုကိစ္စမျိုး တကယ်ရှိတာလား။ ကျုပ်က သူ့ကို ဘယ်လိုဆက်သွယ်ရမလဲ။ သူက ဘယ်မှာနေတာလဲ"

မုကုန်းက စိတ်လှုပ်ရှားနေခဲ့သည်။ ချိုးမျိုးနွယ်က သူ၏မိုင်းတွင်းများကို မျက်စောင်းထိုးနေသည့် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။

"ဒီစာရွက်စာတမ်းတွေထဲမှာ သူ့ရဲ့နေအိမ်၊ နေ့တိုင်းလူပ်နေကျအရာတွေ၊ သွားနေကျနေရာတွေနဲ့ တွေ့ရမယ့်နည်းလမ်းကို ရေးထားတယ်။ ဒါတွေရထားပြီဆိုမှတော့ ခင်ဗျားအရည်အချင်းနဲ့ဆိုရင် အရောင်းအဝယ်လုပ်ဖို့ မခက်လောက်တော့ပါဘူး"

ယဲ့ချန်က စာရွက်တစ်ထပ်ကို ထုတ်ယူလိုက်သည်။ သူ၏နည်းလမ်းက ထိရောက်လွန်းနေသောကြောင့် မုကုန်းမှာ အံ့သြမင်သက်နေသည်။ တစ်ဖက်လူက အရာရာကိုသိနေပြီး မိုင်းတွင်းများအကြောင်းပင် သိထားသောကြောင့် မင်းမျိုးနွယ်ဝင်တစ်ယောက်အကြောင်း စုံစမ်းရန် မခက်ခဲပေ။

"ဒီအချက်အလက်တွေအတွက် ကျုပ်က ညီလေးချန်ကို ဘာပြန်လုပ်ပေးရမလဲ"

အကျိုးအပြစ်များကို စိတ်ထဲမှ တွက်ချက်နေသော မုကုန်းက မေးလိုက်ခြင်းဖြစ်သည်။ သူက ယဲ့ချန်အပေါ် သတိမပေါ့ရဲသဖြင့် အချိန်တိုင်း သတိကပ်နေရသည်။

"ကျုပ်သိထားသလောက်ဆိုရင် ခင်ဗျားက မိုင်းတွင်းတစ်ခုကို မိစ္ဆာရွှေသန်းကိုးဆယ်နဲ့ ရောင်းချင်နေတယ်။ ဒါပေမယ့် ကျုပ်ပြောတဲ့လူက တစ်နှစ်ကို နတ်ဆိုးမီးတောက်ရွှေတန်နှစ်ရာ ထုတ်လုပ်နိုင်တဲ့ မိုင်းတွင်းတစ်ခုကို မိစ္ဆာရွှေသန်းသုံးရာအထိ ပေးလိမ့်မယ်။ ဒီလိုဆိုတော့ မင်းက စျေးနှုန်းသုံးဆနဲ့ ရောင်းချနိုင်တယ်။ အရောင်းအဝယ်ဖြစ်ပြီဆိုရင် ကျုပ်က ဆယ်ရာခိုင်နှုန်း လိုချင်တယ်"

ယဲ့ချန်က သူ၏ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်သည်။

"နောက်ထပ် ဘာမှမလိုချင်တော့ဘူးလား"

"မလိုဘူး။ ဒါက ပထမဆုံးပူးပေါင်းတာဖြစ်ပြီး နောက်ထပ်အလုပ်တွေရှိရင် ကျုပ် ဆက်သွယ်လိုက်မယ်"

"စာချုပ်ချုပ်ဖို့ လိုအပ်သေးလား"

"မလိုဘူး။ ကျုပ်က ခင်ဗျားမိုင်းတွင်းကို ဘယ်စျေးနဲ့ရောင်းမယ်ဆိုတာ သေချာပေါက် သိနိုင်တယ်နော်။ မလိမ့်တပတ်လုပ်မယ်ဆိုရင်တော့ ယဥ်ကျေးနေမှာ မဟုတ်ဘူး။ ကျုပ်လက်ထဲမှာ မုမျိုးနွယ်ကို ဖျက်ဆီးနိုင်တဲ့ နည်းလမ်းအများကြီး ပိုင်ဆိုင်ထားတယ်"

ယဲ့ချန်က စာရွက်စာတမ်းများကို စားပွဲပေါ် ပစ်တင်ပြီးနောက် မိုရန်နှင့်အတူ ချာခနဲ လှည့်ထွက်သွားခဲ့လေသည်။

All Chapters